ဇူလိုင် ၁၊ ၂၀၁၆
M-Media
သီဟ- စုစည်းတင်ပြပါသည်။
.
၁၉၉၀ ခုနှစ်
——————-
ကချင်ပြည်နယ်-ဖားကန့် မြို့နယ် ၊ လုံးခင်းကျေးရွာအုပ်စု ၊ လယ်ပြင်ကျေးရွာတွင် ဒေသခံဖြစ်သူဦးရဲမောင် လှူဒါန်းသည့် မြေနေရာတွင်၊ အစ္စလာမ်ဘာသာရေး ဝတ်ပြုဆောင် တထပ်အဆောက်အဦး အားဆောက်လုပ်၍ နေ့စဉ် (၅) ကြိမ် ဝတ်ပြုခဲ့၊
.
၁၉၉၁ ခုနှစ်
—————–
၁၂.၉.၁၉၉၁ တွင် ဝတ်ပြုဆောင်တည်ရှိရာ မြေပုံနှင့် မြေကွက်လှူဒါန်းသည့် စာချူပ်ဖြင့် မြိုနယ် အထွေထွေ အုပ်ချူပ်ရေးဦးစီးဌာနသို့ အခွန်လွတ် အစ္စလာမ် ဝတ်ကျောင်းမြေအဖြစ် လျောက်ထားခဲ့
.
၂၀၁၃ ခုနှစ်ထိ
—————
တံတား မဆောက်ခင် ထိ ဒေသခံများနှင့် မည့်သည့် ပြသနာ မှ ဖြစ်ပွားခြင်း မရှိဘဲ အစဉ်အဆက် အေးချမ်းစွာ ရှိခဲ့
.
၂၀၁၄ ခုနှစ်
————–
ဥရုချောင်း တံတား တည်ဆောက်ရန် ကုန်ကြမ်းပစ္စည်းများထားဖို့ ဝတ်ပြုဆောင် ခြံစည်းရိုး ဖျက်ပေးခဲ့၊ ဂိုဒေါင်နှင့် ဝန်ထမ်းများနေထိုင်ဖို့ အဆောက်အဦးများကို ဝတ်ပြုဆောင် ဧရိယာအတွင်း ဆောက်လုပ်ခွင့်ပေးခဲ့၊
တံတားဆောက်လုပ်ရေးဘက်မှ တံတားဆောက်လုပ်ပြီးစီးသည့်အခါ အဆိုပါ အဆောက်အအုံများကို ဝတ်ပြုဆောင် သုံးရန် ပေးအပ်ခဲ့၊
.
၂၀၁၆ ခုနှစ်
————
မတ်လ။ ။ တံတားဖွင့်ပွဲလုပ်၊ မြေနေရာဈေးများ အဆမတန် ထိုးတက်ခဲ့၊
လုံခင်းဘက်မှ ရပ်မိရပ်ဖများမှ မွတ်စလင်မ်များ လှူထားသည် ဝတ်ပြုဆောင်ပိုင် ဝန်းကျင်ရှိ မြေများကို ၄င်းတို့အားပေးရန်ပြော၊ မွတ်စလင်မ်များဘက်မှ လက်မခံခဲ့
.
ဇွန် ၁၇။ ။ အပိုဆောင် ၃ ခုဖျက်ဖို့ ရပ်/ကျေးမှ စာထွက်
.
ဇွန် ၁၈ ။ ။အပိုဆောင် ၃ ခု ( ဗလီဆရာ အိမ်အပါအ၀င်) ဖျက်ပေးခဲ့၊
.
ဇွန် ၂၀။ ။ လူအင်အာ ၅၀၀ ခန့် ၀တ်ပြုဆောင်ကိုဖျက်ရန်လာ၊ ရဲ နှင့်ရွာသား ၅၀ တားဆီးထိမ်းသိမ်းပေး
.
ဇွန် ၂၁။ ။ မြို့နယ်ထွေအုပ် မှ ၀တ်ပြုဆောင်ကို ဖျက်ရန် လက်မှတ်ထိုးခိုင်း၊
.
ဇွန် ၂၂ ။ ။ ၂၂ ၇က်နေမှ စ၍ နေ့စဉ် ဗလီမှတာဝန်ရှိသူများကို ဖိအားပေးဖျက်ခိုင်း၊
.
ဇွန် ၂၃/၂၄။ ။ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်ထံ အသနားခံစာ လက်ရောက်ပေး
.
ဇွန် ၂၅/၂၆။ ။ သမ္မတ၊ နိုင်ငံတော်၏အကြံပေး၊ သာ/ယဉ်၊ ပြည်ထဲရေးကို မိတ္တူပို့
.
ဇွန် ၂၇။ ။ အဖွဲ့ကြီး ၅ ဖွဲ့မှ ပြည်နယ်ဝန်ကြီးချုပ် ထံသို့ မေတ္တာရပ်ခံလွှာပေးပို့
.
ဇွန် ၂၉။ ။ မြို့နယ်ထွေအုပ်မှ အတတ်နိုင်ဆုံး တားပေးမည်ဟုပြောကြား၊ ညနေပိုင်းမှစတင်ပြီး လုံခြုံရေးပေး၊
.
ဇူလိုင် ၁(မနက်)။ ။ ညနေ ၆ နာရီထားပြီး ဝတ်ပြုဆောင်အား ချိတ်ပိတ်ပေးရန်၊ သော့အား အာဏာပိုင်များပေးရန် ထပ်ပြော ၊မွတ်စလင်မ်များဘက်မှ ရပ်ရွာတည်ငြိမ်ရေးကို ရှေးရှုပြီး လက်မှတ်ထိုးပေး လိုက်လျောခဲ့၊
.
ဇူလိုင် ၁ (ညနေ ၄ နာရီခွဲ)။ ။ ဗုဒ်ဓဘာသာ သာသနာ့အလံများ လွှင်ထူထားသော ၊သံဃာတော် များအပါဝင် ၊ လူအင်အားအများအပြားဖြင့် ဝတ်ပြုဆောင်အားဖျက်ဆီးခဲ့၊ ရဲအင်အား ၁၀၀ ကျော်ရှိသော်လည်း မတားဆီး၊
.
ဇူလိုင် ၁ (ညနေ ၆ နာရီ)။ ။ ဝတ်ပြုဆောင် တခုလုံးအားမီးရှို့၊ သတင်းထောက်များ ဓါတ်ပုံ၊ ဗီဒီယို မှတ်တမ်းယူခွင့်မရ
Blog
-
ယနေ့ အကြမ်းဖက် မီးရှို့ဖျက်ဆီးခံလိုက်ရသည့် လုံးခင်းမှ အစ္စလာမ်ဘာသာရေး ဝတ်ပြုဆောင်၏ မှတ်တမ်းနေ့စွဲများ
-
ချိတ်ပိတ်သိမ်းဖို့အတွက် သဘောတူထားသော်လည်း လုံးခင်းမှ ဘာသာရေး ဝတ်ပြုဆောင် မီးရှို့ ဖျက်ဆီးခံရ
ဇူလိုင် ၁ ၊ ၂၀၁၆
M-Media
သတင်း- ဖြူလေး
ကချင်ပြည်နယ် ဖားကန့် လုံးခင်းကျေးရွာရှိ အစ္စလာမ်ဘာသာရေးဝတ်ပြုကျောင်းအား ယနေ့ ဇူလိုင်လ (၁) ရက်နေ့ ညနေ လေးနာရီခွဲ အချိန်တွင် လူအင်အား အများအပြား နှင့် ဘုန်းကြီးများ စတင်ဖျက်ဆီးနေကြောင်း သိရပါတယ်။ လုံခြုံရေး (၁၀၀) ကျော် ချထားသော်လည်း ထိန်းမရသည့် အခြေအနေသို့ ရောက်ရှိနေကြောင်း သိရပါတယ်။ရဲများမှာလည်း ဖျက်ဆီးနေသည့် သူများကို ဝင်ရောက်တားဆီးခြင်းများလည်း မရှိကြောင်း ဒေသခံမျက်မြင် သက်သေတစ်ဦးက ပြောပါတယ်။
ဖျက်ဆီးပြီးနောက် ညနေ ၆ နာရီလောက်မှာ ဝတ်ကျောင်းတော်ကို မီးရို့ဖျက်ဆီး ခဲ့ကြပါတယ်။ ညနေ ခြောက်နာရီခွဲလောက်မှာတော့ ဝတ်ကျောင်းတော် တစ်ခုလုံး ပျက်ဆီးသွားပြီဖြစ်ပြီး ဒေသခံများရဲ လုံခြုံရေးကိုလည်း စိုးရိမ်နေရတယ်လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။
အဆိုပါ ဝတ်ပြုကျောင်းကို ယနေ့ ညနေ ခြောက်နာရီတွင် နောက်ဆုံးထားပြီး ချိတ်ပေးပေးရမည်ဖြစ်ကြောင်း သက်ဆိုင်ရာ အာဏပိုင်များက ပြောဆိုထားသော်လည်း ညနေ လေးနာရီခွဲအချိန်တွင် ဝတ်ကျောင်းတော်အား ဖျက်ဆီးခံနေရခြင်း ဖြစ်ပါတယ်။
-
ဂါဇာနှင့် ကပ်နေသည့် ရာဖာနယ်ခြားကို အီဂျစ်က ၅ ရက်ကြာ ဖွင့်ပေး
ဇူလိုင် ၁၊ ၂၀၁၆
M-Media– အစ္စရေးက ပိတ်ဆို့ထားတဲ့ ပါလက်စတိုင်းပိုင် ဂါဇာကမ်းမြှောင်နဲ့ထိစပ်နေတဲ့ ရာဖာနယ်ခြားကို ငါးရက်ကြာ ပြန်လည်ဖွင့်လှစ်ပေးလိုက်တယ်လို့ အီဂျစ်အာဏာပိုင်တွေက ဗုဒ္ဓဟူးနေ့မှာ ကြေငြာလိုက်ပါတယ်။
“နယ်စပ်ဝင်ပေါက်ကို နှစ်ဖက်စလုံးသွားလာနိုင်အောင် ငါးရက်ကြာ အီဂျစ်အာဏာပိုင်တွေက ပြန်လည်ဖွင့်လှစ်လိုက်ပါတယ်” လို့ ဂါဇာနယ်စပ်အာဏာပိုင်အဖွဲ့က ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။
ကျောင်းသားတွေ၊ လူနာတွေနဲ့ ပြည်ပနေထိုင်ခွင့် ကိုင်ဆောင်ထားသူတွေဟာ အဲဒီနယ်စပ်ကနေ အီဂျစ်နိုင်ငံထဲ ၀င်ရောက်ခွင့် ပြုမှာဖြစ်ပါတယ်။ ဇွန်လ အစောပိုင်းတုန်းကလည်း အီဂျစ်အာဏာပိုင်တွေက ယင်းနယ်စပ်ကို လေးရက်ဆက်တိုက် ဖွင့်လှစ်ခဲ့ပြီး နေမကောင်းသူတွေနဲ့ ကျောင်းသားအများစုအပါအ၀င် ပါလက်စတိုင်းပြည်သူ ၃၀၀၀ လောက် အီဂျစ်ပိုက်နက်ထဲ ၀င်ရောက်ခွင့်ရခဲ့ပါတယ်။
ဟားမက်စ်ရဲ့ ပြည်ထဲရေးဝန်ကြီးဌာနကတော့ ပါလက်စတိုင်းပြည်သူ ၂၄၀၀၀ လောက်ဟာ ရာဖာနယ်ခြားကို ဖြတ်ကာ အကူအညီတွေရယူဖို့ စောင့်ဆိုင်းနေတယ်လို့ ပြောကြားခဲ့ပါတယ်။
၂၀၁၃ ခုနှစ်မှာ အီဂျစ်သမ္မတ မိုဟာမက်မော်စီကို ဖြုတ်ချကာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ရာဖာနယ်ခြားကို အီဂျစ်ဖက်က အချိန်တော်တော်များများ ပိတ်ထားခဲ့တာပါ။ ၂၀၁၅ ခုနှစ်အတွင်းမှာတော့ အဲဒီနယ်ခြားကို ၂၁ ရက်သာ ဖွင့်ပေးခဲ့ပါတယ်။
အစ္စရေးက ပိတ်ဆို့ထားတဲ့ ဂါဇာကမ်းမြှောင်ရဲ့ တစ်ခုတည်းသော ထွက်ပေါဟာ အီဂျစ်နဲ့ကပ်နေတဲ့ အဲဒီ ရာဖာနယ်ခြားဖြစ်ပြီး အီဂျစ်ကလည်း နယ်ခြားကို ပိတ်ထားတာကြောင့် ဂါဇာပြည်သူ ၁.၉ သန်းလောက်ဟာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကြပ်အတည်းတွေနဲ့ တွေ့ကြုံနေရပါတယ်။
Ref : IINA
-
လေအိတ်နှင့် ကာဘွန်ထိန်းချုပ်မှုပိုင်းပြဿနာကြောင့် တိုယိုတာက ကား ၃ သန်းကျော် ပြန်သိမ်းမည်
ဇူလိုင် ၁၊ ၂၀၁၆
M-Media– လေအိတ်တွေနဲ့ ကာဘွန်ထုတ်လွှတ်မှု ထိန်းချုပ်ရေး အပိုင်းတွေမှာ ချို့ယွင်းမှုတွေရှိနိုင်တဲ့ ကားအစီးရေ ၃.၃၇ သန်းကို ပြန်လည်သိမ်းယူသွားမယ်လို့ ဂျပန် နာမည်ကြီး ကားထုတ်လုပ်ရေးလုပ်ငန်းဖြစ်တဲ့ တိုယိုတာက ဗုဒ္ဓဟူးနေ့မှာ ကြေငြာလိုက်ပါတယ်။
ပြန်သိမ်းမယ့်အထဲမှာ ၂၀၁၀ မှ ၂၀၁၂ ခုနှစ်ကြား ထုတ်လုပ်ခဲ့တဲ့ Prius မော်ဒယ်နဲ့ Lexus CT200h မော်ဒယ် တွေပါဝင်ပြီး လေအိတ်အခန်းများအဖြစ် ကန့်ထားတဲ့နေရာမှာ ဂဟေဆက်ကြောင်းတစ်ခုကနေ အက်ကွဲကြောင်း ဖြစ်ပေါ်နိုင်တာကြောင့် ဖြစ်ပါတယ်။
ဒါ့အပြင် ကာဗွန်ထုတ်လွှတ်မှုထိန်းချုပ်ရေးပိုင်းမှာ ချို့ယွင်းချက်ရှိနိုင်တဲ့ ကားစီးရေ ၂.၈၇ သန်း ကို ပြန်လည်အပ်နှံဖို့ ပြောကြားခဲ့ပါတယ်။ အင်္ဂါနေ့ကလည်း လေအိတ်နဲ့ပတ်သကတဲ့ ပြဿနာတစ်ခုတွက် ကားအစီးရေ ၁.၄၃ သန်းကို ပြင်ဆင်ဖို့ လိုအပ်နေတယ်လို့ ကုမ္ပဏီက ကြေငြာခဲ့ပါတယ်။
ဓာတ်ဆီ-လျှပ်စစ် နှစ်မျိုးစပ်သုံး Prius မော်ဒယ် ကားအချို့မှာ ဖော်ပြပါ ချို့ယွင်းချက်နှစ်ခုလုံး ဖြစ်ပေါ်နိုင်တဲ့အလားအလာတွေရှိပြီး ပြန်လည်အပ်နှံဖို့ တောင်းဆိုထားတဲ့ ကားစီးရေ စုစုပေါင်း ၃.၃၇ သန်းအထိ ရှိပါတယ်။ ဒီချို့ယွင်းမှုတွေနဲ့ပက်သက်ပြီး လက်ရှိအချိန်အထိ ထိခိုက်မှုသတင်းတွေတော့ မကြားရသေးပါဘူး။
Ref: IINA
-
ချီကာဂိုမြို့တော်ဝန်က မွတ်စလင်များအတွက် ၀ါဖြေပွဲပြုလုပ်ပေး
ဇူလိုင် ၁၊ ၂၀၁၆
M-Media– အမေရိကန်ပြည်ထောင်စု ချီကာဂို မြို့တော်ဝန် ရဟမ် အီမန်နျူယဲလ်က ဥပုသ်သီလဆောက်တည်ကြတဲ့ မွတ်စလင်တွေအတွက် အစ်စ်သာရ် ၀ါဖြေပွဲတစ်ခုကို တည်းခင်းဧည့်ခံခဲ့ပြီး စုစုပေါင်း လူ ၃၀၀ နီးပါးလောက် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
ချီကာဂိုယဉ်ကျေးမှုဌာနမှာ အင်္ဂါနေ့ညက ပြုလုပ်ခဲ့တာဖြစ်ပြီး လူ့အဖွဲ့အစည်းအကျိုးဆောင်ရွက်ရာမှာ ဘာသာစုံ၊ လူမျိုးစုံပါဝင်နိုင်ဖို့ ဆောင်ရွက်သွားမယ်လို့ မြို့တော်ဝန်က ပြောကြားခဲ့ပါတယ်။
အဲဒီဝါဖြေပွဲကို အမေရိကန်ဖွား အာရပ်လူမျိုးတော်တော်များများ တက်ရောက်ခဲ့ကြပြီး မြို့တော်ဝန်ရဲ့ အမုန်းတရားနဲ့အကြမ်းဖက်မှုကို ဆန်ကျင်ဖို့ ပြောကြားမှုကို ချီးကျူးခဲ့ကြပါတယ်။
“ကျွန်တော်ဟာ ဒီမြို့ကို ဂျူးမြို့တော်ဝန်အုပ်ချုပ်ပြီး တက်ကြွတဲ့ မွတ်စလင်လူ့အဖွဲ့အစည်းရှိတဲ့ မြို့တစ်မြို့ဖြစ်ချင်ပါတယ်။ ပြီးတော့ ကျွန်တော်တို့မြို့ဟာ ဒီလိုညီညွတ်တဲ့မြို့ ဖြစ်တယ်ဆိုတာကိုလည်း ကမ္ဘာကြီးကို ပြသချင်ပါတယ်။ ခင်ဗျားက အမုန်းတရားဖြန့်ရင် ကျွန်တော်က မေတ္တာကိုဖြန့်မယ်။ ခင်ဗျားက ကြောက်ရွံ့အောင်လုပ်ရင် ကျွန်တော်တို့က မျှော်လင့်ချက်တွေ ရှိလာအောင်လုပ်မယ်။ ခင်ဗျားက သည်းမခံဖို့ပြောရင် ကျွန်တော်တို့က ပူးပေါင်းပါဝင်ဖို့ ပြောပါတယ်။ ဒါဟာ နွေးထွေးတဲ့ နေအိမ်လေးလို့ ကျွန်တော်တို့ ခေါ်တဲ့ ချီကာဂိုက ပေးချင်တဲ့ သတင်းစကားပါပဲ” လို့ အီမန်နျူယဲလ်က ပြောကြားခဲ့ပါတယ်။
ထို့ပြင် မိမိအနေဖြင့် နိုင်ငံ၏ အခြားဒေသများတွင်လည်း ယခုကဲ့သို့ မြင်ချင်၊ ကြားချင်ကြောင်း၊ မိမိတို့၏မေတ္တာတရား၊ မျှော်လင့်ချက်နှင့် ပူးပေါင်းပါဝင်မှုတို့က အမုန်းနှင့် စိတ်ဝမ်းကွဲမှုများကို ချေမှုန်းနိုင်မည်ဖြစ်ကြောင်း ၎င်းက ထည့်သွင်းပြောကြားခဲ့ပါတယ်။
Ref : IINA