News @ M-Media

Blog

  • ချီကာဂိုမြို့တော်ဝန်က မွတ်စလင်များအတွက် ၀ါဖြေပွဲပြုလုပ်ပေး

    ချီကာဂိုမြို့တော်ဝန်က မွတ်စလင်များအတွက် ၀ါဖြေပွဲပြုလုပ်ပေး

    ဇူလိုင် ၁၊ ၂၀၁၆
    M-Media

    chicago

    – အမေရိကန်ပြည်ထောင်စု ချီကာဂို မြို့တော်ဝန် ရဟမ် အီမန်နျူယဲလ်က ဥပုသ်သီလဆောက်တည်ကြတဲ့ မွတ်စလင်တွေအတွက် အစ်စ်သာရ် ၀ါဖြေပွဲတစ်ခုကို တည်းခင်းဧည့်ခံခဲ့ပြီး စုစုပေါင်း လူ ၃၀၀ နီးပါးလောက် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

    ချီကာဂိုယဉ်ကျေးမှုဌာနမှာ အင်္ဂါနေ့ညက ပြုလုပ်ခဲ့တာဖြစ်ပြီး လူ့အဖွဲ့အစည်းအကျိုးဆောင်ရွက်ရာမှာ ဘာသာစုံ၊ လူမျိုးစုံပါဝင်နိုင်ဖို့ ဆောင်ရွက်သွားမယ်လို့ မြို့တော်ဝန်က ပြောကြားခဲ့ပါတယ်။

    အဲဒီဝါဖြေပွဲကို အမေရိကန်ဖွား အာရပ်လူမျိုးတော်တော်များများ တက်ရောက်ခဲ့ကြပြီး မြို့တော်ဝန်ရဲ့ အမုန်းတရားနဲ့အကြမ်းဖက်မှုကို ဆန်ကျင်ဖို့ ပြောကြားမှုကို ချီးကျူးခဲ့ကြပါတယ်။

    “ကျွန်တော်ဟာ ဒီမြို့ကို ဂျူးမြို့တော်ဝန်အုပ်ချုပ်ပြီး တက်ကြွတဲ့ မွတ်စလင်လူ့အဖွဲ့အစည်းရှိတဲ့ မြို့တစ်မြို့ဖြစ်ချင်ပါတယ်။ ပြီးတော့ ကျွန်တော်တို့မြို့ဟာ ဒီလိုညီညွတ်တဲ့မြို့ ဖြစ်တယ်ဆိုတာကိုလည်း ကမ္ဘာကြီးကို ပြသချင်ပါတယ်။ ခင်ဗျားက အမုန်းတရားဖြန့်ရင် ကျွန်တော်က မေတ္တာကိုဖြန့်မယ်။ ခင်ဗျားက ကြောက်ရွံ့အောင်လုပ်ရင် ကျွန်တော်တို့က မျှော်လင့်ချက်တွေ ရှိလာအောင်လုပ်မယ်။ ခင်ဗျားက သည်းမခံဖို့ပြောရင် ကျွန်တော်တို့က ပူးပေါင်းပါဝင်ဖို့ ပြောပါတယ်။ ဒါဟာ နွေးထွေးတဲ့ နေအိမ်လေးလို့ ကျွန်တော်တို့ ခေါ်တဲ့ ချီကာဂိုက ပေးချင်တဲ့ သတင်းစကားပါပဲ” လို့ အီမန်နျူယဲလ်က ပြောကြားခဲ့ပါတယ်။

    ထို့ပြင် မိမိအနေဖြင့် နိုင်ငံ၏ အခြားဒေသများတွင်လည်း ယခုကဲ့သို့ မြင်ချင်၊ ကြားချင်ကြောင်း၊ မိမိတို့၏မေတ္တာတရား၊ မျှော်လင့်ချက်နှင့် ပူးပေါင်းပါဝင်မှုတို့က အမုန်းနှင့် စိတ်ဝမ်းကွဲမှုများကို ချေမှုန်းနိုင်မည်ဖြစ်ကြောင်း ၎င်းက ထည့်သွင်းပြောကြားခဲ့ပါတယ်။

    Ref : IINA

  • အီတလီအား လျှော့မတွက်ရန် ဂျာမနီကို ကလိုဆေး သတိပေး

    အီတလီအား လျှော့မတွက်ရန် ဂျာမနီကို ကလိုဆေး သတိပေး

    ဇူလိုင် ၁၊ ၂၀၁၆
    M-Media

    klose

    – လက်ရှိအီတလီအသင်းမှာ ပြီးခဲ့သည့် ယူရိုပြိုင်ပွဲတွင် မိမိတို့ကို ဖြုတ်ချခဲ့သည့်အသင်းထက် ပို၍ တောင့်တင်းပြီး သတိထားရလိမ့်မည်ဟု ဂျာမနီတိုက်စစ်မှူးဟောင်း ကလိုဆေးက ပြောကြားလိုက်သည်။

    ယူရို ၂၀၁၂ ပြိုင်ပွဲ ဆီမီးဖိုင်နယ်တွင် အီတလီမှာ ဂျာမနီအား ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့သည်။ ဂျာမနီနှင့် အီတလီတို့မှာ ယူရို ကွာတားဖိုင်နယ်ပွဲစဉ်အဖြစ် မနက်ဖြန်ညတွင် ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး လွန်ခဲ့သည့် ၄ နှစ် အီတလီနှင့်ပွဲတွင် လူစားဝင်ကစားခွင့်ရခဲ့သည့် ကလိုဆေးကမူ လျှော့မတွက်ရန် သတိပေးခဲ့သည်။

    “အီတလီဟာ ၂၀၁၂ ခုနှစ်ကထက် ပိုပြီး တောင့်တင်းပါတယ်။ ပြီးတော့ သူတို့အသင်းရဲ့ စိတ်ဓာတ်က မယုံကြည်နိုင်လောက်စရာပါပဲ။ သူတို့ရဲ့ တစ်ဖြည်းဖြည်းတင်ကစားမှုဟာ တော်တော်လေး ကောင်းမွန်ပါတယ်။ လက်ရှိမှာ အီတလီအသင်း ဘယ်လိုအနေအထားရှိနေလဲ၊ နောက်ထပ် ဘာတွေလုပ်ပြအုံးမလဲဆိုတာ လူတိုင်းက သိနေကြပါတယ်။ အရာအားလုံးက ကြိုတင် အစီအစဉ်ချထားပြီးသားပါ” ဟု ကလိုဆေးက ပြောကြားခဲ့ပြီး အီတလီအား အလွတ်မပေးရန်လည်း တိုက်တွန်းခဲ့သည်။

    Ref : Goal

  • IS မှာ မွတ်စလင်ကမ္ဘာ၏ ငြိမ်းချမ်းရေးကို ခြိမ်းခြောက်နေသည်ဟု အီရန်ပြော

    IS မှာ မွတ်စလင်ကမ္ဘာ၏ ငြိမ်းချမ်းရေးကို ခြိမ်းခြောက်နေသည်ဟု အီရန်ပြော

    ဇူလိုင် ၁၊ ၂၀၁၆
    M-Media

    larijani

    – တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့ Ataturk လေဆိပ်မှာ ဖြစ်ပွားခဲ့တဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုကို အီရန်လွှတ်တော် ဥက္ကဌ အလီ လာရီဂျာနီက ပြင်းပြင်းထန်ထန် ရှုတ်ချလိုက်ပြီး ကမ္ဘာတစ်ဝှမ်း အသိပညာမဲ့မှုက IS အကြမ်းဖက်ဝါဒကို ကူညီပေးနေကာ မွတ်စလင်ကမ္ဘာရဲ့ ငြိမ်းချမ်းရေး ခြိမ်းခြောက်နေတယ်လို့ ပြောကြားလိုက်ပါတယ်။

    ယမန်နေ့ လွှတ်တော်အစည်းအဝေးကို ပေးပို့တဲ့သ၀ဏ်လွှာမှာ အခုလိုပြောကြားလိုက်တာဖြစ်ပြီး တူရကီအစိုးရ၊ တူရကီနိုင်ငံ၊ အကြမ်းဖက်တိုက်ခိုက်ခံရတဲ့ မိသားစုဝင်တွေအတွက် ၀မ်းနည်းကြေကွဲမိတယ်လို့လည်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    “IS အကြမ်းဖက်ဝါဒဟာ မွတ်စလင်နိုင်ငံတွေရဲ့ လုံခြုံရေးကို ခြိမ်းခြောက်နေပါတယ်” လို့ လာရီဂျာနီက ဆိုပြီး ဒီလိုအဖြစ်ဆိုးမျိုးတွေမဖြစ်အောင် ထိထိရောက်ရောက်တိုက်ဖျက်ရေး ဒေသတွင်းနဲ့ နိုင်ငံတကာအဆင့်တွေမှာ ပြည့်ဝတဲ့ လုပ်ငန်းစဉ်တွေကို ဖော်ဆောင်ဖို့လည်း ၎င်းက တိုက်တွန်းခဲ့ပါတယ်။

    “ကျွန်တော်တို့ရဲ့ ဒေသတွင်းမှာ IS အကြမ်းဖက်ဝါဒ ကြီးထွားလာရခြင်းဟာ ပါလက်စတိုင်းနယ်မြေတွေကို ကျူးကျော်သိမ်းပိုက်နေတဲ့ ဇီယွန်ဝါဒီတွေနဲ့ မွတ်စလင်ကမ္ဘာကို ချည့်နဲ့အောင်လုပ်ပြီး ကမ္ဘာ့အာဏာတည်ဆောက်ဖို့ကြံရွယ်နေတဲ့ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေကြောင့်ပဲ ဖြစ်ပါတယ်”

    ပြီးခဲ့တဲ့အင်္ဂါနေ့က အစ္စတန်ဘူလ်မြို့ရှိ Ataturk လေဆိပ်မှာ အသေခံဗုံးခွဲသမားတွေရဲ့ သေနတ်ပစ်ခတ်မှု၊ ဗုံးခွဲမှုတွေကြောင့် အီရန်နိုင်ငံသားတစ်ဦး အပါအ၀င် လူ ၄၂ ဦး သေဆုံးခဲ့ပြီး ၂၃၉ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

    Ref: Presstv

  • မက်ဆီ၏ ဆုံးဖြတ်ချက်ကို ပြန်ပြင်ရန် ရော်နယ်ဒို မျှော်လင့်နေ

    မက်ဆီ၏ ဆုံးဖြတ်ချက်ကို ပြန်ပြင်ရန် ရော်နယ်ဒို မျှော်လင့်နေ

    ဇူလိုင် ၁၊ ၂၀၁၆
    M-Media

    messi

    – နိုင်ငံတကာကစားသမားဘ၀မှ မက်ဆီအနားယူသွားခြင်းမှာ မိမိတို့အား စွန့်လွှတ်သွားခြင်းဖြစ်ပြီး ၎င်း၏ဆုံးဖြတ်ချက်ကိုပြန်ပြင်စေချင်သည်ဟု ဘရာဇီးလ်ဂန္တ၀င်တိုက်စစ်မှူး ရော်နယ်ဒိုက ပြောကြားလိုက်သည်။

    မက်ဆီမှာ ကိုပါအမေရိက ဗိုလ်လုပွဲတွင် ချီလီအသင်းအား ပင်နယ်တီဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက်ပိုင်း နိုင်ငံတကာကစားသမားဘ၀မှ အနားယူမည်ဟု ကြေငြာခဲ့ခြင်းဖြစ်သည်။ ထိုအရှုံးမှာ ၎င်း၏ နိုင်ငံတကာ အဓိကပြိုင်ပွဲ ဗိုလ်လုပွဲများတွင် ၃ ကြိမ်မြောက် ရှုံးနိမ့်ခြင်းလည်းဖြစ်သည်။

    အာဂျင်တီးနား ဂန္တ၀င်ကစားသမား မာရာဒိုနာ၊ အာဂျင်တီးနားသမ္မတို့အပါအ၀င် ထင်ရှားကျော်ကြားသူ အများအပြားမှာ မက်ဆီ၏ ထိုဆုံးဖြတ်ချက်ကို ပြင်ဆင်ရန် တိုက်တွန်းခဲ့ကြပြီး ရော်နယ်ဒိုကလည်း ထိုအထဲတွင် ပါဝင်လာခဲ့သည်။

    “ဒါဟာ မက်ဆီရဲ့ ကိုယ်ရေးကိုယ်တာ ဆုံးဖြတ်ချက်ဖြစ်ပြီး ကျွန်တော်တို့ လေးစားရမှာပါ။ ကျွန်တော်တို့အားလုံးကို စွန့်ပစ်သွားတယ်လို့ ခံစားရပြီး သူ့ဆုံးဖြတ်ချက် ပြောင်းလဲနိုင်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်” ဟု ရော်နယ်ဒိုက ပြောကြားခဲ့သည်။

    ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ခြေစစ်ပွဲများကစားနေသည့် ယခုအချိန်တွင် အာဂျင်တီးနားအသင်းမှာ ရလဒ်ဆိုးရွားနေပြီး၊ မက်ဆီက ထိုကဲ့သို့ နိုင်ငံတကာပြိုင်ပွဲမှ အနားယူခြင်းမှာ အာဂျင်တီးနားအတွက် ခြိမ်းခြောက်မှုတစ်ရပ် ဖြစ်လာခဲ့သည်။

    Ref: Goal

  • ဂျစ်ဒါတွင် သမိုင်းဝင်ဗလီ ၈ လုံကို ပြန်လည်မွမ်းမံ

    ဂျစ်ဒါတွင် သမိုင်းဝင်ဗလီ ၈ လုံကို ပြန်လည်မွမ်းမံ

    ဇူလိုင် ၁၊ ၂၀၁၆
    M-Media

    jeddah

    – ဂျစ်ဒါမြို့တစ်ဝှမ်းမှာရှိနေတဲ့ သမိုင်းဝင် ဗလီဝတ်ကျောင်းတော် ၈ လုံးကို ပြန်လည်မွမ်းမံပြင်ဆင်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေပြီလို့ မက္ကာဒေသ အုပ်ချုပ်ရေးမှူး မင်းသား ခါလစ် အလ်-ဖိုင်ဆယ်က ကြေငြာလိုက်ပါတယ်။

    ဆော်ဒီဟာ လက်ရှိအချိန်အထိ နိုင်ငံအတွင်းက ဗလီဝတ်ကျောင်းတော်ပေါင်း ၈၀၀ ကို စစ်တမ်းကောက်ထားပြီး သမိုင်းဝင် ဗလီဝတ်ကျောင်းတော် ၂၁ လုံးကို ပြင်ဆင်မွမ်းမံထားပြီး ဖြစ်ပါတယ်။ ဂျစ်ဒါမှာလည်း ပြီးခဲ့တဲ့နှစ်က ပြင်ဆင်မွမ်းမံထားတဲ့ သမိုင်းဝင် ဗလီဝတ်ကျောင်းတော် ၃ လုံးကို ဖွင့်လှစ်နိုင်ခဲ့ပါတယ်။

    သမိုင်းဝင်ဗလီများ ပြန်လည်ပြုပြင်မွမ်းမံရေးလုပ်ငန်းစဉ်များကို ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းနှင့် သမိုင်းဝင်အမွေအနှစ်များဆိုင်ရာကော်မရှင်အဖွဲ့က အစ္စလာမ့်ရေးရာဝန်ကြီးဌာနနဲ့အတူ ပူးပေါင်းဆောင်ရွက်တာ ဖြစ်ပါတယ်။

    ဒီလို ဗလီဝတ်ကျောင်းတော်တွေကို ပြုပြင်တာဟာ ဒီဗလီတွေရဲ့ သမိုင်းဆိုင်ရာနဲ့ ဘာသာရေးဆိုင်ရာ အရေးပါမှုတွေကို မီးမောင်းထိုးပြဖို့ဖြစ်တယ်လို့လည်း ဆိုပါတယ်။ ဒါပေမယ့် ပြန်လည်မွမ်းမံဖို့ တာဝန်ယူထားတဲ့ ဌာနတွေကို ယင်းဗလီဝတ်ကျောင်းတော်တွေဟာ ၀တ်ပြုဦးချရာ နေရာများသာဖြစ်ပြီး ကမ္ဘာလှည့်ခရီးသည်များကို ဆွဲဆောင်ဖို့မဟုတ်ကြောင်း အသိပေးထားပါတယ်။

    ဗလီများကို မွမ်းမံစဉ်အတွင်း ကမ္ဘာ့အမွေအနှစ်နေရာများဆိုင်ရာ နိုင်ငံတကာစံချိန်စံညွှန်းများနဲ့အညီ ဂရုတစိုက် လုပ်ကိုင်ဆောင်ရွက်သွားမယ်လို့လည်း ပါဝင်ဆောင်ရွက်သူတွေက ပြောကြားခဲ့ပါတယ်။

    Ref : IINA