News @ M-Media

Blog

  • ဖုန်းမှတစ်ဆင့် ရထားလက်မှတ်ဝယ်နိုင်မည့် ဆော့ဖ်ဝဲတစ်ခု မကြာမီလာမည်

    ဖုန်းမှတစ်ဆင့် ရထားလက်မှတ်ဝယ်နိုင်မည့် ဆော့ဖ်ဝဲတစ်ခု မကြာမီလာမည်

    ဇွန် ၂၉၊ ၂၀၁၆
    M-Media

    train

    – မြန်မာနိုင်ငံရှိ ရထားများခရီးစဉ်များအတွက် လက်မှတ်များကို ဖုန်းမှတစ်ဆင့် ၀ယ်ယူနိုင်မည့် ဖုန်းဆော့ဖ်ဝဲတစ်ခု မကြာခင် ပေါ်ထွက်လာတော့မည်ဟု သိရသည်။

    အဆိုပါ ဆော့ဖ်ဝဲကို မြန်မာ့ရထားပို့ဆောင်ရေးနှင့် ငွေကြေးပေးချေမှုအတွက် ၀န်ဆောင်မှုများ ပေးအပ်နေသော OK dollar ကုမ္ပဏီတို့က ပူးပေါင်း ဖန်တီးခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် စမ်းသပ်ဆဲအဆင့်သို့ ရောက်ရှိနေပြီဟု ဆိုသည်။

    “ရထားဘူတာတွေဆီသွားပြီး လက်မှတ်ဝယ်စရာမလိုဘဲ စမတ်ဖုန်းတွေကနေတစ်ဆင့် ရထားလက်မှတ်တွေ ၀ယ်လို့ရတာဟာ ကောင်းမွန်တဲ့ အခွင့်အလမ်းတစ်ခုပါ။ လွယ်ကူသလို အချိန်ကုန်လည်း သက်သာပါတယ်။ အခုအချိန်မှာ ကျွန်တော်တို့ဟာ ကုမ္ပဏီနဲ့ ဆွေးနွေးမှုတွေ ပြလုပ်နေပြီး မကြာခင်မှာ ဖြန့်ချီသွားပါမယ်” ဟု မြန်မာ့မီးရထားမှ မန်နေဂျာတစ်ဦးဖြစ်သူ ဦးကျော်စိုးလင်းက ပြောကြားခဲ့သည်။

    အဆိုပါ ဆော့ဖ်ဝဲမှာ ဖုန်းငွေဖြည့်သကဲ့သို့ဖြစ်ပြီး ဆော့ဖ်ဝဲအား ထည့်သွင်းပြီးနောက် ဆိုင်တစ်ခုမှ ငွေဖြည့်ကဒ်ဝယ်ယူဖြည့်သွင်းကာ ထိုဆော့ဖ်ဝဲမှတစ်ဆင့် ရထားလက်မှတ်များကို ၀ယ်ယူနိုင်မည်ဖြစ်သည်။ ထို့နောက် လက်မှတ်စစ်ထံသို့ ၀ယ်ယူထားကြောင်း ပြန်စာကို ပြသရမည်ဟု ဆိုသည်။

    “တကယ်လို့ မိုဘိုင်းငွေပေးချေစနစ် အောင်မြင်ပြီဆိုရင် ရထားစီးသူတွေနဲ့ ၀န်ထမ်းတွေအတွက် တော်တော်လေး အဆင်ပြေမှာပါ။ မိုဘိုင်းငွေပေးချေသူတွေအနေနဲ့ ရထားထွက်ကာနီးရောက်လာလည်း ပြဿနာမရှိတော့ပါဘူး။ ထိုခုံမှာထိုင်လိုက်ပြီး လက်မှတ်စစ်ကို ပြန်စာမက်ဆေ့ခ်ျလေး ပြလိုက်ယုံပါပဲ” ဟု ဦးကျော်စိုးလင်းက ထပ်လောင်း ပြောကြားခဲ့သည်။

    Ref: Yangon.coconut

  • နိုင်ဂျီးရီးယား မွတ်စလင်ဆရာဝန်အသင်းက ဆေးရုံနှင့် စာသင်ကျောင်းများ ဆောက်လုပ်လှူဒါန်းမည်

    နိုင်ဂျီးရီးယား မွတ်စလင်ဆရာဝန်အသင်းက ဆေးရုံနှင့် စာသင်ကျောင်းများ ဆောက်လုပ်လှူဒါန်းမည်

    ဇွန် ၂၉၊ ၂၀၁၆
    M-Media

    nigeria 2

    – နိုက်ဂျီးရီးယားပြည်သူတွေ အထူးသဖြင့် ဆင်းရဲနွမ်းပါးသူတွေကို ၀န်ဆောင်မှုတွေပေးနိုင်ဖို့ ဆေးရုံတစ်ခုနဲ့ စာသင်ကျောင်းတစ်ခု ဆောက်လုပ်လှူဒါန်းသွားမယ်လို့ နိုက်ဂျီးရီးယား အစ္စလာမ့်ဆေးဘက်ဆိုင်ရာအသင်း IMAN ရဲ့ ဘောက်ချီပြည်နယ် အဖွဲ့ခွဲက ကြေငြာလိုက်ပါတယ်။

    ဒီအစီအစဉ်နဲ့ပတ်သက်ပြီး တနင်္ဂနွေနေ့က ပြုလုပ်ခဲ့တဲ့ IMAN ရဲ့ ဘောက်ချီပြည်နယ်လုံးဆိုင်ရာ ညီလာခံမှာ အဖွဲ့ရဲ့ ပြည်နယ်ဥက္ကဌ ဒေါက်တာ မိုဟာမက် အလ်ကာလီက အခုလိုပြောကြားလိုက်တာဖြစ်ပြီး ဆေးရုံဆောက်လုပ်ပြီးသွားရင်လည်း မိမိတို့အသင်းက တာဝန်ယူကာ ဆေးကုသမှုတွေ ပြုလုပ်ပေးသွားမယ်လို့ ဆိုပါတယ်။

    အလ်ကာလီဟာ Abubakar Tafawa Balewa တက္ကသိုလ်ရဲ့ သင်ကြားရေးဆေးရုံက ဆေးဘက်ဆိုင်ရာ ဒါရိုက်တာချုပ်လည်းဖြစ်ပြီး၊ ပြည်နယ်အတွင်း ဆောက်လုပ်သွားမယ့်ဆေးရုံမှာ သဘာဘေးအန္တရာယ်နဲ့ ကပ်ရောဂါ ကျရောက်တဲ့အချိန် တုန့်ပြန်ဆောင်ရွက်နိုင်မယ့် စနစ်တစ်ခုကိုလည်း ထားရှိသွားမှာဖြစ်ကာ ကျွမ်းကျင်တဲ့ ဆရာဝန်တွေကနေ လူမျိုးဘာသာမရွေး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ၀န်ဆောင်မှုတွေကို ပေးအပ်သွားမှာဖြစ်တယ်လို့လည်း ထပ်လောင်းပြောကြားခဲ့ပါတယ်။

    လက်ရှိအချိန်မှာ IMAN ရဲ့ ပြည်နယ်အဖွဲ့ခွဲဟာ ဆေးရုံတည်ဆောက်ရေးအတွက် ကော်မတီတစ်ရပ်ကို ဖွဲ့စည်းထားပြီး နေရာရှာဖွေမှုတွေ ပြုလုပ်နေပါတယ်။

    အလ်ကာလီကတော့ ဒီလုပ်ငန်းမှာ မိမိတို့ဟာ အရည်အသွေးပြည့်မီတဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေပေးဖို့နဲ့ ဆေးဘက်ဆိုင်ရာ နယ်ပယ်အသီးသီးမှာ ကူညီထောက်ပံ့ဖို့အတွက် ဒေသတွင်း၊ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့လည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

    ဘောက်ချီပြည်နယ်အဖွဲ့ခွဲရဲ့ ဒီကြိုးပမ်းမှုကို IMAN ရဲ့ နိုင်ငံလုံးဆိုင်ရာ ဥက္ကဌ ဒေါက်တာ ဆာလီဆူ အစ္စမာအီလ်ကလည်း ချီးကျူးခဲ့ပါတယ်။

    Ref: IINA

  • ယူကေရှိ မြင့်တက်လာသည့် လူမျိုးရေးခွဲခြားမှုအတွက် စိုးရိမ်မိသည်ဟု ကုလပြော

    ယူကေရှိ မြင့်တက်လာသည့် လူမျိုးရေးခွဲခြားမှုအတွက် စိုးရိမ်မိသည်ဟု ကုလပြော

    ဇွန် ၂၉၊ ၂၀၁၆
    M-Media

    uk

    – ဥရောပသမဂ္ဂမှ ထွက်မည်ဟု ဆုံးဖြတ်ခဲ့ပြီးနောက်ပိုင်း ယူကေတွင် လူနည်းစုများနှင့် နိုင်ငံခြားသားများအပေါ် လူမျိုးရေးခွဲခြားစော်ကားမှုများ မြင့်တက်လာသည့်အတွက် စိုးရိမ်မိသည်ဟု ကုလသမဂ္ဂက လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဇီအစ် ရာအဒ် အလ်-ဟူစိန်က ပြောကြားလိုက်သည်။

    ယမန်နေ့က ပြောကြားလိုက်ခြင်းဖြစ်ပြီး လူမျိုးရေးခွဲခြားမှုနှင့် နိုင်ငံခြားသားကြောက်ရောဂါတို့ကို မည်သည့်အခြေအနေမျိုးတွင်မှ လက်မခံဟု ဆိုသည်။

    “ဒီလိုနိုင်ငံခြားသားကြောက် တိုက်ခိုက်မှုတွေ ရပ်တန့်ရေး၊ လူမျိုးရေးခွဲခြားမှုနဲ့ နိုင်ငံခြားသား တိုက်ခိုက်မှုတွေအတွက် သံသယရှိသူတွေကို တရားစွဲဆိုရေး ဆောင်ရွက်ဖို့ ယူကေအာဏာပိုင်တွေကို ကျွန်တော် တိုက်တွန်းလိုက်ပါတယ်။ ခွဲခြားဆက်ဆံမှုတွေ မရှိတဲ့ နေ့ရက်တွေဖြစ်စေဖို့အတွက် ကျွန်တော်တို့ရဲ့နေ့စဉ်ဘ၀က ခွဲခြားဆက်ဆံမှုလုပ်ရပ်တွေကို ကျွန်တော်တို့က ငြိမ်ခံနေလို့ မရပါဘူး” ဟု အလ်ဟူစိန်က ပြောကြားခဲ့သည်။

    ပြီးခဲ့သည့်တစ်ပတ် သောကြာနေ့က ပြုလုပ်ခဲ့သည့် ပြည်သူ့ဆန္ဒခံယူပွဲနောက်ပိုင်းတွင် အင်္ဂလန်ရှိ ဥရောပသားများမှ လူဖြူ မဟုတ်သည့် ဗြိတိန်နိုင်ငံသားများအထိ လူနည်းစုများကို တိုက်ရိုက်ပစ်မှတ်ထားသော တိုက်ခိုက်မှု၊ ခြိမ်းခြောက်မှုနှင့် နှင်ထုတ်မှုများမှာ မြင့်တက်လာခဲ့သည်။

    Ref: Aljazeera

  • မြန်မာရွှေ့ပြောင်းလုပ်သားများဆိုင်ရာ သုတေသနတစ်ခုကို ILO ဆောင်ရွက်မည်

    မြန်မာရွှေ့ပြောင်းလုပ်သားများဆိုင်ရာ သုတေသနတစ်ခုကို ILO ဆောင်ရွက်မည်

    ဇွန် ၂၉၊ ၂၀၁၆
    M-Media

    – နိုင်ငံရပ်ခြားရှိ မြန်မာရွှေ့ပြောင်းလုပ်သားများ ရင်ဆိုင်နေရသည့် အခြေအနေများနှင့် ၎င်းတို့ မြန်မာနိုင်ငံသို့ ပြန်လာပါက နိုင်ငံအတွက် မည်သည့်အကျိုးကျေးဇူးများ ဖြစ်ထွန်းမည်ကို လေ့လာဖော်ထုတ်မည့် သုတေသနတစ်ခုကို နိုင်ငံတကာ အလုပ်သမားသမဂ္ဂ ILO က ပြုလုပ်သွားမည်ဟု သိရသည်။

    အဆိုပါသုတေသနကို လာမည့်လတွင် စတင်မည်ဖြစ်ပြီး နိုင်ငံရပ်ခြားသို့ အလုပ်အများဆုံး သွားလုပ်ကိုင်ရာ ဒေသများဖြစ်သော မိတ္ထီလာနှင့် မြင်းခြံမြို့များ၊ ကရင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ အလုပ်သမားရေးရာဌာနခွဲနှင့် ပူးပေါင်းကာ ပြုလုပ်သွားမည်ဟု ILO ၏ နည်းစနစ်ပိုင်းဆိုင်ရာ အကြံပေး အကြီးအကဲ ဂျက်ကွီလင် ပိုလော့က ဇွန်လ ၂၇ ရက်နေ့တွင် မီဒီယာသို့ ပြောကြားခဲ့သည်။ အဆိုပါ သုတေသနမှာ တစ်လခန့် ကြာမြင့်မည်ဟု ခန့်မှန်းထားသည်။

    သုတေသနပညာရှင်များမှာ အမျိုးသားနှင့် အမျိုးသမီးရွှေ့ပြောင်းလုပ်သားများအားလုံး၏ အတွေ့အကြံများကို ဆန်းစစ်သွားမည်ဖြစ်ပြီး၊ ပြီးခဲ့သည့်နှစ်အထိ မြန်မာနိုင်ငံမှ နိုင်ငံရပ်ခြားတွင် အလုပ်သွားလုပ်သည့် ပမာဏမှာ နိုင်ငံလူဦးရေ၏ ၄ ရာခိုင်နှုန်းခန့်ရှိမည်ဟု ခန့်မှန်းရကြောင်း ပိုလော့က ထည့်သွင်းပြောကြားခဲ့သည်။

    ILO မှာ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် ပူးပေါင်းကာ မန္တလေးတိုင်းဒေသကြီးတွင် ရွှေ့ပြောင်းလုပ်သားများ စီမံခန့်ခွဲရေးဆိုင်ရာ သင်တန်းများကိုလည်း ပေးအပ်နေသည်။ ယခုဆောင်ရွက်မည့် သုတေသနမှာ ရွှေ့ပြောင်းလုပ်သားများအတွက် ပိုမိုကောင်းမွန်သော ပေါ်လစီများ ချမှတ်နိုင်ရေးနှင့် ပိုမိုကောင်းမွန်သော ၀န်ဆောင်မှုများပေးအပ်နိုင်ရေး ရည်ရွယ်ခြင်းဖြစ်သည်။

    Ref: mmtimes

  • CT စကန်ဖတ်စက်ကြောင့် ကင်ဆာဖြစ်နိုင်ခြေရှိ

    CT စကန်ဖတ်စက်ကြောင့် ကင်ဆာဖြစ်နိုင်ခြေရှိ

    ဇွန် ၂၉၊ ၂၀၁၆
    M-Media

    ct

    – လူနာတွေရဲ့ ရောဂါအခြေအနေကို ပိုမို တိတိကျကျ သိရဖို့အတွက် အသုံးပြုနေတဲ့ CT စကန်ဖတ်စက်တွေဟာ ကင်ဆာရောဂါ ဖြစ်ပွားစေနိုင်တဲ့အန္တရာယ်ကို မြင့်တက်လာစေနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေ ဆေးဘက်ဆိုင်ရာလောကမှာ မြင့်တက်လာခဲ့တယ်လို့ သိရပါတယ်။

    CT စကန်ဖတ်စက်တွေဟာ သာမန်ဓာတ်မှန်ရိုက်စက်တွေထက် ခန္ဓာကိုယ်တွင်း ဖြစ်ပျက်နေတဲ့အရာတွေကို ပိုမိုရှင်းလင်းပြတ်သားတဲ့ ပုံရိပ်တွေ ဖမ်းယူပေးနိုင်ပေမယ့် ဒီစက်ကိရိယာတွဟာ အိုင်းယွန်းပါဝင်တဲ့ ဓာတ်ရောက်ခြည်တွေကို ထွက်ရှိစေနိုင်ပါတယ်။

    ဒီဓာတ်ရောင်ခြည်တွေကြောင့် တစ်ရှူးတွေ ပျက်ဆီးတာမျိုး ဖြစ်ရုံသာမက ကင်ဆာရောဂါ ဖြစ်ပွားနိုင်တဲ့အန္တရာယ်လည်း မြင့်တက်လာစေနိုင်ပြီး ကင်ဆာအန္တရာယ်ဖြစ်ပေါ်နိုင်ချေဟာ မိမိလက်ခံရရှိတဲ့ ဓာတ်ရောင်ခြည်ပမာဏနဲ့တောင် တိုက်ရိုက်အချိုးကျနေတယ်လို့ ဆိုပါတယ်။

    အားလုံးခြုံကြည့်မယ်ဆိုရင် CT စကန်ဖတ်စက်ကြောင့် ကင်ဆာဖြစ်နိုင်ခြေနဲ့ပက်သက်လို့ မရေရာမှုတွေတော့ ရှိနေပါတယ်။ ယူကေကထုတ်ပြန်တဲ့ အချက်အလက်တွေအရ အမေရိကန်သုတေသီတွေဟာ အမေရိကန်မှာဖြစ်ပွားတဲ့ ကင်ဆာရောဂါတွေရဲ့ ၂ ရာခိုင်နှုန်းဟာ CT စကန်ဖတ်စက်ကလာတဲ့ ဓာတ်ရောင်ခြည်တွေကြောင့် ဖြစ်ပွားတာဖြစ်တယ်လို့ ကောက်ချက်ချထားပါတယ်။

    Ref; IINA