By Artist Lagoon
Blog
-
IS မှာ မူးယစ်ဆေးထက် ကြောက်စရာကောင်းသည်ဟု ဆော်ဒီ ပညာရှင်များပြော
ဇွန် ၂၈၊ ၂၀၁၆
M-Media– လူငယ်များအား IS အကြမ်းဖက်အဖွဲ့မှ သွေးဆောင်ဖျားယောင်းနေမှုအပေါ် အသိပညာပေးရေး လှုပ်ရှားမှုများကို တိုးမြှင့်ဆောင်ရွက်ရန် ဆော်ဒီ ပညာရေးကျွမ်းကျင်သူများက ယမန်နေ့တွင် တိုက်တွန်းဆော်သြလိုက်ပြီး IS ၏ လူငယ်များအပေါ် ငြိမ်းခြောက်မှုမှာ မူးယစ်ဆေးဝါးထက် ပိုဆိုးသည်ဟု ပြောကြားလိုက်သည်။
ဆော်ဒီအာရေဗျတွင် ပြီးခဲ့သည့်သီတင်းပတ်အတွင်း IS ၏ သွေးဆောင်မှုကို ခံရသော အမြွှာညီအစ်ကို ၂ ဦးက ၎င်းတို့၏ မိသားစုအား ဓားဖြင့် တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီးနောက် IS အကြမ်းဖက်အဖွဲ့၏ ခြိမ်းခြောက်မှုကို တန်ပြန်တိုက်ဖျက်ရာတွင် ပိုမိုအားထုတ်ကြိုးပမ်းရန် တိုက်တွန်းမှုများ ကျယ်ကျယ်လောင်လောင် ပေါ်ထွက်လာခဲ့သည်။
ထိုတိုက်ခိုက်မှုအတွင်း မိခင်ဖြစ်သူမှာ သေဆုံးခဲ့ကာ ဖခင်နှင့် ညီအစ်ကိုတစ်ဦးမှာ ဒဏ်ရာရရှိခဲ့သည်။ ဆော်ဒီပညာရေးကျွမ်းကျင်သူများကမူ စာသင်ကျောင်းများတွင် စိတ်ပိုင်းဆိုင်ရာနှင့် လူမှုဗေဒဆိုင်ရာ ဆရာများ ပိုမိုခန့်ထားရန် တိုက်တွန်းခဲ့သည်။
“အကြမ်းဖက်ဝါဒနဲ့ လူသတ်မှုတွေကြောင့် လုံခြုံမှုနဲ့ ငြိမ်းချမ်းမှုတို့ကို ပျက်သုဉ်းစေတဲ့ လမ်းမှားတဲ့ အပြုအမူတွေကို ကျွန်တော်တို့ မဖြစ်မနေ ဖြေရှင်းရပါတော့မယ်” ဟု စိတ်ပိုင်းဆိုင်ရာ ဆရာဝန်ဖြစ်သူ ဆအဒ် ဖာလာယန် အလ်မီဒစ်သ်က ပြောကြားခဲ့သည်။
ပညာရေးကဏ္ဍတွင် စိတ်ပညာ၊ လူမှုဗေဒနှင့် လူမှုဝန်ဆောင်မှုဆိုင်ရာ ကျွမ်းကျင်သူများ နည်းပါးနေခြင်းက လူငယ်များ လမ်းမှားရောက်နေသည့် အဓိကအကြောင်းအရင်းဖြစ်သည်ဟု ပညာရေး ကျွမ်းကျင်သူများက ဆိုသည်။
ကျောင်းသားများအား အသိပညာပေးရေး တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်သည့် အကွီလ် အလ်-ဘာကွာဝီက
“IS အဖွဲ့ရဲ့ ရာဇ၀တ်မှုတွေကို ကျွန်တော်တို့ ကြားနေရပြီး အဲဒါတွေကလည်း ကျွန်တော်တို့ရဲ့ ကလေးတွေအပေါ် သက်ရောက်မှုတွေ ရှိနေပါတယ်။ ကျွန်တော်တို့ စုစုစည်စည်းနဲ့ တုန့်ပြန်ရမှာပါ” ဟု ပြောကြားခဲ့သည်။
ထို့ပြင် အမြွှာညီအစ်ကို ၂ ဦး ကျူးလွန်ခဲ့သည့် ရာဇ၀တ်မှုက ကလေးငယ်များ၏ စိတ်ဓာတ်ကို အဆိပ်ခတ်နေသော IS အဖွဲ့အား ထိထိရောက်ရောက်တုန့်ပြန်ရန် ဆော်သြမှုတစ်ခုဖြစ်သည်ဟုလည်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
“ဒီကောင်တွေဟာ မူးယစ်ဆေးဝါးထက်ကို ပိုပြီးကြောက်ဖို့ကောင်းပါတယ်”
စာသင်ကျောင်းများတွင် စိတ်ပညာဆိုင်ရာနှင့် လူမှုဗေဒဆိုင်ရာ ကျွမ်းကျင်သူများ ပိုမိုခန့်ထားရေးနှင့် ကျောင်းသားများ၏ တစ်ကိုယ်ရေ တိုးတက်မှုကို လေ့လာစောင့်ကြည့်ရေး ကိစ္စများကို ဆောင်ရွက်ရန်လည်း ၎င်းက ထည့်သွင်းတိုက်တွန်းခဲ့သည်။
စိတ်ပိုင်းဆိုင်ရာ ဆရာဝန်တစ်ဦးဖြစ်သူ ဆအဒ် ဖာလာယန် အလ်မီဒစ်သ်က
“အခုအချိန်မှာ ကျွန်တော်တို့ကလေးတွေဟာ အမှောင်ထုထဲကို ရောက်နေပါပြီး။ ဒါဟာ ကျွန်တော်တို့ အစ္စလာမ်သာသနာရဲ့ သင်ကြားမှု၊ တန်ဖိုးတွေနဲ့ လုံးဝ ဆန့်ကျင်နေပါတယ်။ ကျွန်တော်တို့သာသာနာဟာ ဂုဏ်သိက္ခာ၊ သနားကြင်နာမှု၊ လူထု စည်းလုံးညီညွတ်မှုနဲ့ တည်ဆောက်ထားတာပါ။။ ဒီလို လမ်းမှားနေတဲ့အပြုအမူတွေကို ကျွန်တော်တို့ တိုက်ထုတ်ရမှာဖြစ်ပြီး သည်းခံမှု၊ သနားကြင်နာမှုကို အခြေခံတဲ့ ကျွန်တော်တို့ရဲ့ တုန့်ပြန်မှုတွေကို တိုးမြှင့်လုပ်ဆောင်ဖို့လည်း စဉ်းစားရပါမယ်။ ပြီးတော့ ကလေးတွေရဲ့စိတ်ထဲမှာ တိုင်းချစ်ပြည်ချစ်စိတ်နဲ့ သစ္စာစောင့်သိမှုကိုလည်း သွတ်သွင်းပေးရပါလိမ့်မယ်” ဟု ထပ်လောင်းပြောကြားခဲ့သည်။
Ref: IINA
-
ပြည်ခရိုင်တွင် အဓိကရုဏ်းများ ဆန့်ကျင်ရေးနှင့် တားဆီးရေး ကွန်ရက် ပြန်လည်ဖွဲ့စည်း
ဇွန်၂၇၊ ၂၀၁၆
M-Media
မိုးစက်
ပြည်။ ။ ဘာသာရေး အဓိကရုဏ်း များကို ကာကွယ်နိုင်ပြီး ၂၁ ပင်လုံညီလာခံကို နှောင့်ယှက်ဖျက်ဆီးခြင်းမှ ကင်းဝေးရန်အတွက် ဘာသာရေး အဓိကရုဏ်းများ ဆန့်ကျင်ရေးနှင့် တားဆီးရေး ကွန်ရက် (ပြည်ခရိုင်) ကို ဇွန်လ ၂၆ ရက်နေ့က ပြန်လည်ဖွဲ့စည်း ခဲ့ပါတယ်။ယခုအချိန်သည် ၂၁ ရာစုညီလာခံအတွက် တိုင်းရင်းသားတွေ လက်နက်ကိုင်အဖွဲ့အစည်းတွေက စည်းလုံးမှုရရန်အတွက် ကြိုးစားနေချိန်ဖြစ်ပြီး အဆိုပါ ကြိုးစားမှုများကို မလိုလားသူများက ဘာသာရေးမှိုင်းတိုက်ပြီး ဆူပှုမှုများဖြစ်အောင် ကြိုးပမ်းနေကြတဲ့အတွက် ယခုလို အဖွဲ့ကို ပြန်လည်ဖွဲ့စည်းလိုက်ခြင်းလည်း ဖြစ်ပါတယ်။
“ကျွန်တော်တို့အဖွဲ့က ပြည်ခရိုင်မှာ တစ်ခုခု ပြစ်မှုကျူးလွန်တာနဲ့ အဲ့လူကို ချက်ချင်းဖမ်းဆီးဖို့ အရေးယူဖို့ ရဲတွေနဲ့ သက်ဆိုင်ရာတွေကို တောင်းဆိုမယ်၊ မလိုလားအပ်တဲ့ ပြသာနာတွေမရှိလာအောင် ပြည်ခရိုင်မှာ တာဝန်ရှိ အစိုးရအဖွဲ့နဲ့ ပူးပေါင်းလုပ်ဆောင်သွားဖို့တွေ ရှိပါတယ်” လို့ အဓိကရုဏ်းများ ဆန့်ကျင်ရေးနှင့် တားဆီးရေး ကွန်ရက်က တာဝန်ရှိသူတစ်ဦးက ကွန်ယက်ပြန်လည်ဖွဲ့စည်းရခြင်းနှင့် ပတ်သတ်ပြီး ပြောဆိုပါတယ်။
ဘာသာရေးအဓိကရုဏ်း တွေဖြစ်မှ ပင်လုံညီလာခံပျက်သွားမယ်ဆိုတဲ့ အကြံအစည်နဲ့ လုပ်နေကြတာကြောင့် အမျိုးသားရင်ကြားစေ့ရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးတို့ကို ထိခိုက်အောင် လုပ်နေသူများကို ဖွဲ့စည်းပုံ အခြေခံဥပဒေများအတိုင်း အရေးယူနိုင်အောင် လွှတ်တော် ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံရဲ့တပ်ဖွဲ့တို့နှင့် ပူးပေါင်းဖော်ထုတ်သွားမယ်လို့ ဇွန်လ (၂၆) ရက်နေ့က အဓိကရုန်းများ ဆန့်ကျင်ရေးနှင့် တားဆီးရေးကွန်ရက်က ထုတ်ပြန်သော ကြေငြာချက်မှာ ပါရှိပါတယ်။
လွန်ခဲ့သော ရက်ပိုင်းများအတွင်းက အစ္စလာမ်ဘာသာဝင်တစ်ဦး၏ အိမ်ရှေ့တွင် မီးလောင်မှု တခု ဖြစ်ပွားခဲ့ပါသေးတယ်။ အဆိုပါည ညဥ့်နက်အချိန်တွင် ဆိုက်ကယ်များစီးပြီး လူတစ်စုက ရှို့မီးဖြင့် မီးရှို့ခဲ့တာလို့ သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။။ တရားခံများကို ရဲမှ အမှုဖွင့်ထားပြီး ယနေ့တိုင် တရားခံတစ်စုံတစ်ယောက်မှ မိခြင်း မရှိသေးကြောင်းပါ။
-
အီးယူမှထွက်ရန် ဆုံးဖြတ်ပြီးနောက် ယူကေတွင် နိုင်ငံခြားသားများအပေါ် ခွဲခြားစော်ကားမှု မြင့်တက်လာ
ဇွန် ၂၈၊ ၂၀၁၆
M-Media– ဥရောပသမဂ္ဂမှ ခွဲထွက်ရန် ယူကေက ဆုံးဖြတ်ပြီးနောက်ပိုင်း နိုင်ငံအတွင်းရှိ ပိုလန်လူ့အဖွဲ့အစည်းအပေါ် တိုက်ရိုက်ပစ်မှတ်ထားသည့် လူမျိုးရေးခွဲခြား စော်ကားမှု အဖြစ်အပျက်များနှင့်ပတ်သက်၍ မိမိအနေဖြင့် တုန်လှုပ်စိုးရိမ်မိသည်ဟု ယူကေဆိုင်ရာ ပိုလန်သံအမတ်ကြီး ၀ီးလ်တော့ဒ် ဆော့ဘ်ကိုက ပြောကြားလိုက်သည်။
ပြီးခဲ့သည့်သီတင်းပတ်အတွင်း ပိုလန်နိုင်ငံသားများနှင့် အရှေ့ဥရောပသားများအပေါ် ကျူးလွန်သည့် ကိစ္စများအပါအ၀င် အင်္ဂလန်တစ်ဝှမ်း လူမျိုးရေးခွဲခြားစော်ကားသည့် ဖြစ်ရပ်အများအပြား ဖြစ်ပွားခဲ့သည်ဟု ရဲတပ်ဖွဲ့ထံ တိုင်ကြားမှုများ ရှိခဲ့သည်။
ကမ်းဘရစ်ဂျရှိုင်းယားခရိုင် ဟူတင်ဒန်မြို့တွင် အီးယူမှ ခွဲထွက်ရေး ပြည်သူ့ဆန္ဒခံယူပွဲအပြီး နာရီပိုင်းအကြာတွင်”ပိုလန်တိရစ္ဆာန်များ အလိုမရှိ” ဆိုသည့် ဆိုင်းဘုတ်ကို စာသင်ကျောင်းများအနီး အပါအ၀င် ဒသတွင်း စိုက်ထူမှုများအတွက် ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည်ဟု ဒေသတွင်း မီဒီယာတစ်ခုက ဖော်ပြခဲ့သည်။
အနောက်လန်ဒန် ဟမ်းမားစမစ်မြို့ရှိ ပိုလန်ယဉ်ကျေးမှုစင်တာ မျက်နှာစာတွင်လည်း လူမျိုးရေးစော်ကားသည့် ဂရပ်ဖစ်တီများ ရေးဆွဲမှုလည်း ဖြစ်ပွားခဲ့သည်။
“ပိုလန်လူ့အဖွဲ့အစည်းနဲ့ ပြောင်းရွှေ့အခြေချသူတွေကနေ ပေါက်ဖွားလာတဲ့ ယူကေနိုင်ငံသားတွေကို တိုက်ရိုက်ပစ်မှတ်ထားပြီး ပြီးခဲ့တဲ့ရက်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ နိုင်ငံခြားသားကြောက် စော်ကားမှုတွေအတွက် ကျွန်တော်တို့ဟာ တုန်လှုပ်မိပြီး တော်တော်လေးလည်း စိုးရိမ်မိပါတယ်” ဟု သံအမတ်ကြီး ဆော့ဘ်ကိုက ပြောကြားခဲ့သည်။
ထို့ပြင် မိမိတို့သံရုံးအနေဖြင့် ထိုအဖြစ်အပျက်များအတွက် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ဆက်သွယ်ဆောင်ရွက်နေပြီး ရဲတပ်ဖွဲ့ကလည်း ဟမ်းမားစမစ်နှင့် ဟန်တင်ဒန်တို့မှ ကိစ္စများအား စုံစမ်းစစ်ဆေးနေသည်ဟု ဆိုသည်။
“နိုင်ငံခြားသားကြောက် စော်ကားမှုတွေရဲ့ သားကောင်ဖြစ်ခဲ့ရတဲ့ ပိုလန်နိုင်ငံသားတွေ၊ မျက်မြင်သက်သေတွေအနေနဲ့ ဒီအဖြစ်အပျက်ကို ရဲတပ်ဖွဲ့ထံ သွားရောက်တိုင်ကြားဖို့ တိုက်တွန်းပါတယ်” ဟု သံအမတ်က ထပ်လောင်းပြောကြားခဲ့သည်။
ယူကေတွင် နေထိုင်နေသည့် ပိုလန်နိုင်ငံသား အရေအတွက်မှာ ၈ သိန်းနီးပါးရှိနေပြီး နိုင်ငံအတွင်း အကြီးဆုံး လူနည်းစု ၃ ခုတွင် တစ်ခုပါအ၀င်အဖြစ်သည်။
Ref: Aljazeera
-
ဥရောပသမဂ္ဂမှ အခြားနိုင်ငံများ မထွက်ရေး လုပ်ဆောင်ရန် လိုအပ်ဟု ဂျာမနီအဓိပတိပြော
ဇွန် ၂၈၊ ၂၀၁၆
M-Media– ဗြိတိန်လိုမျိုး အခြား ဥရောပနိုင်ငံတွေ ဥရောပသမဂ္ဂ (EU) ကနေ ထွက်မသွားရေးအတွက် ထိထိရောက်ရောက်ဆောင်ရွက်ဖို့ လိုအပ်နေပြီလို့ ဂျာမနီအဓိပတိ အိန်ဂျလာမာကဲလ်က ပြောကြားလိုက်ပါတယ်။
ယမန်နေ့မှာ ပြလုပ်ခဲ့တဲ့ကွန်ဆာဗေးတစ်ပါတီရဲ့ ဘုတ်အဖွဲ့အစည်းအဝေးမှာ ပါတီဝင်တစ်ဦးဖြစ်တဲ့ မာကဲလ်က ဒီလိုပြောကြားလိုက်တာပါ။
အီးယူကနေ ဗြိတိန်ထွက်ခွာသွားတာကြောင့် ဈေးကွက်မတည်မငြိမ်ဖြစ်မှုကိုလည်း မာကဲလ်က ထောက်ပြခဲ့ပြီး ဒီလိုထွက်ခွာသွားမှုက ဥရောပသမဂ္ဂဟာ အုပ်ချုပ်စီမံနိုင်စွမ်းမရှိတဲ့ အဖွဲ့တစ်ခုဖြစ်သွားလားဆိုတဲ့ စိုးရိမ်မှုတွေ နိုင်ငံတကာ ဘဏ္ဍာရေးဈေးကွက်အတွင်း ဖြစ်လာတယ်လို့လည်း ပြောဆိုခဲ့ပါတယ်။
နောက်ပြီး အခုအချိန်ဟာ အဖွဲ့ဝင်နိုင်ငံတွေအချင်းချင်း ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရမယ့်အချိန် မဟုတ်ဘဲ နယ်စပ်လုံခြုံရေး၊ နိုင်ငံတကာလုံခြုံရေးနဲ့ အလုပ်အကိုင်ဖန်တီးပေးနိုင်မှုအပါအ၀င် ဥရောသမဂ္ဂက ရင်ဆိုင်နေရတဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ အချိန်သာဖြစ်တယ်လို့လည်း အဓိပတိက ထပ်လောင်း ပြောကြားခဲ့ပါတယ်။
Ref : RT