News @ M-Media

Blog

  • ရွေးလက်ယာ အင်စတီကျုမှ ကျင်းပသော သဟဇာတကမ်ပိန်း (ရမသွာန်ဝါဖြေပွဲ)

    ရွေးလက်ယာ အင်စတီကျုမှ ကျင်းပသော သဟဇာတကမ်ပိန်း (ရမသွာန်ဝါဖြေပွဲ)

    ဇွန် ၂၅ ၊ ၂၀၁၆
    1
    ရွေးလက်ယာ အင်စတီကျုမှ ကျင်းပသော သဟဇာတကမ်ပိန်း (ရမသွာန် ဝါဖြေပွဲ) ကို Bars, MIT မှ ကျောင်းသူ ကျောင်းသားက ရန်ကုန်မြို့ ဇဗဲရှားရ် ဂူဗိမာန်ဒါဂါရ် ဝတ်ကျောင်းတော်တွင် တက်ရောက်ခဲ့ကြသည်။
    .
    Bars, MIT မှ ကျောင်းသူ ကျောင်းသားများ ဝတ်ပြုကျောင်းဆောင်အတွင်း လှည့်လည်လေ့လာခဲ့ကြပြီး ဆရာဘီးလားလ် ရန်နိုင်နှင့် ဆရာဦးကျော်ဝင်းတို့က ကျောင်းသား/ကျောင်းသူများ အစ္စလာမ်ဘာသာနှင့် ပတ်သတ်ပြီး သိလိုသမျှ မေးမြန်းသော မေးခွန်းများကို ပြန်လည်ဖြေဆိုရင်း ဆွေးနွေးခဲ့ကြပြီး ရမာဇာန်လ ဝါဖြေပွဲကို Bars, MIT မှ ကျောင်းသူ ကျောင်းသားနှင့် အတူတကွ ဆင်နွဲခဲ့ကြသည်။

    အဆိုပါ သဟဇာကမ်ပိန်းကို အစ္စလာမ်ဘာသာဝင်တွေရဲ့ သာသနိက အဆောက်အအုံကို  လေ့လာလို့ရအောင်  နှင့် ရမသွာန် ဥပုသ်လအကြောင်းကို ကျောင်းသားတွေ အနီးကပ်သိရှိလေ့လာဖို ၊ဘာသာတစ်ခုနဲ့ပတ်သတ်ပြီး သိဖို့ ငြိမ်းချမ်းစွာ အတူယဥိတွဲနေထိုင်ဖို့ အထောက်အကူဖြစ်အောင် ရည်ရွယ်၍ ကျင်းပပြုလုပ်ကြောင်းသိရှိရပါတယ်။
    ဓာတ်ပုံ – မိုးစက် (M-Media)

    ဓါတ်ပုံအားလုံး ကြည့်ရန်==>

  • သူရဲသူမိန်အကြမ်းဖက်မှုကို မြန်မြန်ဆန်ဆန်နှင့် ပွင်းလင်းမြင်သာစွာ စုံစမ်းစစ်ဆေးရန် နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့က တိုက်တွန်း

    သူရဲသူမိန်အကြမ်းဖက်မှုကို မြန်မြန်ဆန်ဆန်နှင့် ပွင်းလင်းမြင်သာစွာ စုံစမ်းစစ်ဆေးရန် နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့က တိုက်တွန်း

    ဇွန် ၂၅၊ ၂၀၁၆
    M-Media

    bago

    – ကြာသာပေတးနေ့က ပဲခူးတိုင်းဒေသကြီးတွင် ဖြစ်ပွားခဲ့သည့် မွတ်စလင်များအပေါ် အကြမ်းဖက်တိုက်ခိုက်မှုအတွက် မြန်မာအာဏာပိုင်များအနေဖြင့် လွတ်လပ်ပြည့်ဝပြီး ပွင့်လင်းမြင်သာကာ ဘက်လိုက်မှုကင်းသည့် စုံစမ်းစစ်ဆေးမှု ပြုလုပ်ရမည်ဟု နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တစ်ခုဖြစ်သော Amnesty International က ပြောကြားလိုက်သည်။

    “မွတ်စလင်တွေနဲ့ အခြား ဘာသာရေးလူနည်းစုတွေအပေါ်မှာ ဖြစ်ပွားတဲ့ ဒီလိုအဖြစ်အပျက်တွေကို ထိထိရောက်ရောက် ကိုင်တွယ်ဆောင်ရွက်တယ်ဆိုတာကို ပြသဖို့အတွက် အာဏာပိုင်တွေအနေနဲ့ မြန်မြန်ဆန်ဆန် အရေးယူဖို့ လိုပါတယ်။ ပြီးတော့ ဒီဖြစ်ရပ်ကို လွတ်လွတ်လပ်လပ်နဲ့ မဆိုင်းမတွ စုံစမ်းစစ်ဆေးရမှာဖြစ်ပြီး ဒီတိုက်ခိုက်မှုမှာ ပါဝင်တယ်လို့ သံသယရှိသူတွေကို တရားဥပဒေအတိုင်း စီရင်ရပါမယ်။ ထိခိုက်ခံစားရသူတွေကိုလည်း နစ်နာကြေးပေးတာမျိုး အပါအ၀င် ပြန်လည်ကုစားမှုတွေ ပြုလုပ်ပေးရပါလိမ့်မယ်” ဟု Amnesty International အဖွဲ့၏ အရှေ့တောင်အရှနှင့် အာရှ ပစိဖိတ်ရေးရာ ဒါရိုက်တာဖြစ်သူ ရာဖန်ဒီ ယာမင်က ပြောကြားခဲ့သည်။

    သူရဲသမိန်ကျေးရွာတွင် ဇွန်လ ၂၃ ရက်နေ့က ဖြစ်ပွားခဲ့သည့် အဆိုပါတိုက်ခိုက်မှုမှာ အိမ်နီးနားချင်း စကားများရာမှ စတင်ခဲ့ခြင်းဖြစ်ပြီး လူအုပ်ကြီးမှာ ဗလီဝတ်ကျောင်းတော်တစ်ခုနှင့် အခြားအဆောက်အဦးများကို ဖျက်ဆီးခဲ့သည်။ မွတ်စလင်ဦးမှာလည်း တိုက်ခိုက်မှုအတွင်း ဒဏ်ရာရရှိခဲ့ပြီး ဦးခေါင်းဒဏ်ရာဖြင့် ဆေးရုံ၌ ဆေးကုသမှု ခံယူနေရသည်။

    အခင်းဖြစ်ပွားပြီးနောက်ပိုင်း အာဏာပိုင်များမှာ ထိုရွာအားစောင့်ကြပ်လျက်ရှိနေသော်လည်း မွတ်စလင်ရွာသာများကမူ ကြောက်လန့်မှုကြောင့် ထွက်ပြေးနေရပြီး ၎င်းတို့၏ နေအိမ်များသို့ မပြန်ရဲ ဖြစ်နေသည်။

    “စုံစမ်စစ်ဆေးမှုမလုပ်ဘူး၊ ပါဝင်သူတွေကို တာဝန်ယူစေတာမျိုး မလုပ်ဘူးဆိုရင် လူနည်းစုတွေအပေါ် တိုက်ခိုက်မှုတွေဟာ အပြစ်ပေးခံရခြင်းမရှိဘဲ ဆက်လက်ဖြစ်ပွားနိုင်တယ်ဆိုတဲ့ စိုးရိမ်စရာ သတင်းစကား ပါးလိုက်သလို ဖြစ်ပါလိမ့်မယ်” ဟု ယာမင်က ထပ်လောင်းပြောကြားခဲ့သည်။

    ပြီးခဲ့သည့်နှစ်များအတွင်း မြန်မာနိုင်ငံတွင် မွတ်စလင်များကို တိုက်ရိုက်ရည်ရွယ်သည့် ဘာသာရေးအရ သည်းမခံနိုင်မှုများ ကြောက်စရာကောင်းအောင် မြင့်တက်လာခဲ့ပြီး သဘောထားတင်းမာသည့် ဗုဒ္ဓဘာသာ အမျိုးသားရေးအဖွဲ့များကလည်း ထိုအခြေအနေကို မီးထိုးပေးနေသည်။

    ယခင်ဖြစ်ပွားခဲ့သည့် အလားတူ အကြမ်းဖက်တိုက်ခိုက်မှုများကို အစိုးရကဟောင်းက ထိထိရောက်ရောက်စုံစမ်းစစ်ဆေးမှုများ မပြုလုပ်ခြင်းကြောင့် ထိုတိုက်ခိုက်မှုများကို ဖန်တီးသူများမှာ အတင့်ရဲလာခဲ့သည်။

    “အစိုးရသစ်ဟာ ဒီတိုက်ခိုက်မှုနဲ့ ဘာသာရေးလူနည်းစုတွေအပေါ် ပြုလုပ်တဲ့ တိုက်ခိုက်မှုတွေကို ရှုတ်ကိုရှုတ်ချရမှာပါ။ ပြီးတော့ ဒီလို အကြမ်းဖက်တိုက်ခိုက်မှုဟာ ရာဇ၀တ်မှုဖြစ်ပြီး သည်းခံမှာမဟုတ်ဘူးဆိုတဲ့ အကြောင်းကိုလည်း ရှင်းရှင်းလင်းလင်း ဆောင်ရွက်ရပါမယ်။ အမုန်းတရားဖြန့်ဖြူးနေတာ၊ အကြမ်းဖက်ဖို့၊ ခွဲခြားဆက်ဆံဖို့ လှုံ့ဆော်နေတာတွေကိုလည်း ပြတ်ပြတ်သာသား ရှုတ်ချဆန့်ကျင်ရမှာဖြစ်ပြီး ဘာသာရေးမခွဲခြားဘဲ မြန်မာပြည်သူအားလုံးရဲ့ အခွင့်အရေးကို ကာကွယ်ဖို့ ခိုင်မာတဲ့ ဆောင်ရွက်မှုတွေကိုလည်း ပြုလုပ်ရပါမယ်” ဟု ယာမင်က ထည့်သွင်း ပြောဆိုခဲ့သည်။

    Ref: amensty.org

  • သူရဲသမိန်ကျေးရွာ ဖြစ်စဉ်အတွက် ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဝင်းသိန်းကို မေးမြန်းချက်

    သူရဲသမိန်ကျေးရွာ ဖြစ်စဉ်အတွက် ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဝင်းသိန်းကို မေးမြန်းချက်

    ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ် သူရဲသမိန်ကျေးရွာ မှာ မနေ့က ရွာသားအချင်းချင်း စကားများရာကနေ အစ္စလာမ်ဘာသာဝင်တွေရဲ့ ဘာသာရေးအဆောက် အဦတစ်လုံးနဲ့ နေအိမ်တစ်လုံး ဖျက်ဆီးခံလိုက်ရပါတယ်။ အခုချိန်မှာ ရဲတပ်ဖွဲ့တွေနဲ့ လုံခြုံရေး တင်းကြပ်ထားတယ်လို့ ပဲခူးတိုင်းဒေသကြီး ၀န်ကြီးချုပ်က ပြောပါတယ်။

    ပဲခူးတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဝင်းသိန်း ကို RFA သတင်းထောက် မဇာဏီထွဏ်းက ဆက်သွယ်မေးမြန်းထားပါတယ်။

    Credit- ဓါတ်ပုံများကို ဆိုရှယ်မီဒီယာနှင့် မီဒီယာများမှ လည်းကောင်း၊
    ရုပ်သံကို ဧရာဝတီသတင်းဌာနမှ လည်းကောင်း
    ရယူ အသုံးပြုထားပါသည်။

  • ဆိုမာလီပြည်သူများအတွက် ကာတာနှင့် တူရကီတို့က အကူအညီများ ပေးအပ်မည်

    ဆိုမာလီပြည်သူများအတွက် ကာတာနှင့် တူရကီတို့က အကူအညီများ ပေးအပ်မည်

    ဇွန် ၂၅၊ ၂၀၁၆
    M-Media

    somalia

    – ရေလွှမ်းမိုးမှုနဲ့ စစ်ပွဲဒဏ် အကြီးအကျယ်ခံစားနေရတဲ့ ဆိုမာလီယာနိုင်ငံ ဟီရန်ပြည်နယ်က ပြည်သူတွေအတွက် တူရကီနဲ့ကာတာတို့ ပူးပေါင်းကာ ကူညီကယ်ဆယ်ရေးအစီအစဉ်တွေ ပြုလုပ်သွားမယ်လို့ သိရပါတယ်။

    ဆိုမာလီနိုင်ငံဆိုင်ရာ တူရကီသံအမတ်ကြီး အိုလ်ဂန်ဘီကာက အခုဆောင်ရွက်ပေးမယ့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီဟာ ဟီရန်ပြည်နယ် တောင်ပိုင်းက ဘီလီဒွိုင်းမြို့မှာ ရေလွှမ်းမိုးမှုဒဏ်နဲ့ မျိုးနွယ်စုတိုက်ပွဲဒဏ်တွေ ခံစားနေရတဲ့သူတွေရဲ့ နာကျင်မှုတွေ လျော့ပါးစေဖို့ရည်ရွယ်တာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    ကာတာသံအမတ်ကြီး ဟာဆန် ဘင် ဟမ်ဇာ အာဆက် မိုဟာမက်ကတော့ ဘီလီဒွိုင်းမြို့ခံ လူထုတွေအတွက် တစ်နှစ်ကြာမယ့်စီမံကိန်းနဲ့ ကူညီနိုင်ဖို့ ဒေါ်လာ ၂.၇၅ သန်း ရန်ပုံငွေ ကောက်ခံရရှိထားတယ်လို့ ဆိုပါတယ်။ တူရကီလခြမ်းနီအဖွဲ့နဲ့ ကာတာပရဟိတအသင်းတို့ကနေ ဒေသခံ ၃၀၀၀ အတွက် နွားနို့၊ သကြား၊ ဆန်နဲ့ သံလွင်ဆီစတဲ့ စားသောက်ကုန်တွေကို အဓိက ထောက်ပံ့ပေးသွားမှာ ဖြစ်ပါတယ်။

    ဆိုမာလီအစိုးရအာဏာပိုင်တွေကလည်း ဘီလီဒွိုင်းမြို့မှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ထောက်ပံ့ပေးအပ်ဖို့ နိုင်ငံတကာ ပရဟိတအဖွဲ့တွကို တောင်းဆိုထားပါတယ်။ ပြီးခဲ့တဲ့ လက တူရကီနိုင်ငံဟာ ဆိုမာလီနိုင်ငံကို အကူအညီ တန်ပေါင်း ၁၁၀၀၀ ပေးပို့ခဲ့ပါသေးတယ်။

    လက်ရှိမှာ ဆိုမာလီပြည်သူ ၈၅၇၀၀၀ ခန့်ဟာ အကြပ်အတည်းတွေ့နေပြီး အရေးပေါ်အခြေအနေ ရောက်နေတဲ့အပြင် လူ ၂ သန်းနီးပါးကတော့ အစားအစာ မလောက်ငှမှုတွေနဲ့ရင်ဆိုင်နေရပါတယ်။ အိမ်နီးချင်းနိုင်ငံတွေမှာလည်း ဆိုမာလီ ဒုက္ခသည်တစ်သောင်းလောက် ရှိနေတယ်လို့ ကုလရဲ့ စာရင်းတွေအရ သိရပါတယ်။

    Ref : IINA

  • ပေါ်တူဂီမှာ လွယ်ကူမည့်အသင်းမဟုတ်ဟု ခရိုအေးရှားကို ဆန်းတို့စ်သတိပေး

    ပေါ်တူဂီမှာ လွယ်ကူမည့်အသင်းမဟုတ်ဟု ခရိုအေးရှားကို ဆန်းတို့စ်သတိပေး

    ဇွန် ၂၅၊ ၂၀၁၆
    M-Media

    santos

    – အုပ်စုအဆင့် စွမ်းဆောင်ရည်မှာ ချီးကျူးစရာမကောင်းခဲ့သော်လည်း မိမိတို့အသင်းမှာ စပိန်အသင်းထက်ပို၍ လွယ်ကူမည့် အသင်းမဟုတ်ဟု ပေါ်တူဂီနည်းပြ ဖာနန်ဒိုဆန်းတို့စ်က ခရိုအေးရှားအား သတိပေးပြောကြားလိုက်သည်။

    ပေါ်တူဂီမှာ အုပ်စု ၃ ပွဲစလုံး သရေကျခဲ့ပြီး အကောင်းဆုံး တတိယဖြင့်သာ နောက်တစ်ဆင့်တက်နိုင်ခဲ့ကာ ၁၆ သင်းအဆင့် ရှုံးထွက်တွင် ခရိုအေးရှားနှင့် တွေ့ဆုံနေသည်။ ဆန်းတို့စ်ကမူ မိမိတို့မှာ ထိုအခြေအနေကို မစဉ်းစားတော့ဟု ဆိုသည်။

    “အခုရှုံးထွက်ဆင့်ရောက်နေပါပြီ။ ဒီပွဲတွေနဲ့ အုပ်စုပွဲတွေကို သွားယှဉ်လို့မရပါဘူး။ ဒါဟာ တခြားစီပါပဲ။ ကျွန်တော်တို့ အုပ်စုဗိုလ် ဖြစ်ချင်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ နောက်တစ်ဆင့်တက်ဖို့သာ အခရာကျခဲ့တာပါ။ အခုတော့ ကျွန်တော်တို့ အနိုင်ကစားရပါတော့မယ်။ ကျွန်တော်တို့လည်း ဒီလိုပဲဖြစ်ချင်တာပါ။ ကျွန်တော်တို့ဟာ အင်မတန်တောင့်တင်းတဲ့အသင်းနဲ့ ရင်ဆိုင်နေရတယ်။ သူတို့လည်း ကျွန်တော်တို့လို့ ဖြစ်ချင်မှာပါပဲ” ဟု ဆန်းတို့စ်က ဆိုသည်။

    အုပ်စုနောက်ဆုံးပွဲတွင် ခရိုအေးရှားမှာ စပိန်ကို အနိုင်ကစားနိုင်ခဲ့သော်လည်း ပေါ်တူဂီမှာ စပိန်ထက် ပိုလွယ်မည့်အသင်းမဟုတ်ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

    “ခရိုအေးရှားနဲ့ပွဲက ပိုလွယ်မလားလို့မေးရင် – သူတို့ဟာ အံ့သြလောက်တဲ့အသင်းပါ။ စပိန်နဲ့ပွဲမှာ သူတို့ တော်တော်လေး ကောင်းခဲ့တယ်ဆိုတာ ကျွန်တော် သိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ကလည်း တောင့်တင်းတဲ့အသင်းတစ်သင်းပါပဲ။ နှစ်သင်းစလုံးဟာ ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိနေကြပါတယ်။ ကျွန်တော်ကလည်း ပေါ်တူဂီနိုင်မယ်လို့သလို ခရိုအေးရှားနည်းပြလည်း သူတို့နိုင်မယ်လို့ ထင်နေမှာပါပဲ”

    Ref : Goal