News @ M-Media

Blog

  • အိန္ဒိယတွင် မိုးကြိုးပစ်မှုကြောင့် လူ ၆၀ ကျော်သေဆုံး

    အိန္ဒိယတွင် မိုးကြိုးပစ်မှုကြောင့် လူ ၆၀ ကျော်သေဆုံး

    ဇွန် ၂၃၊ ၂၀၁၆
    M-Media

    lighting

    – မိုးရာသီဝင်ရောက်လာသည့် အိန္ဒိယနိုင်ငံတစ်ဝှမ်းတွင် မိုးကြိုးပစ်ခတ်မှုများကြောင့် အနည်းဆုံး လူ ၆၇ ဦး အသက်ဆုံးရှုံးခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောကြားလိုက်ပါတယ်။

    အမျိုးသား သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးအာဏာပိုင်အဖွဲ့ (NDMA) ရဲ့ မှတ်တမ်းတွေအရ ယမန်နေ့က ဖြစ်ပွားခဲ့တဲ့ မုန်တိုင်းတိုက်ခတ်မှုအတွင်း နိုင်ငံအရှေ့ပိုင်း ဘီဟာရ်ပြည်နယ်တစ်ခုတည်းမှာတင် လူ ၄၇ ဦး မိုးကြိုးပစ်ခံရကာ သေဆုံးခဲ့ပြီး ၂၂ ဦး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီထဲက အများစုဟာ ကျေးလက်ဒေသတွေမှာ ဖြစ်ပါတယ်။

    “၄၇ ယောက်သေတယ်လို့တော့ အတည်ပြုနိုင်ပါပြီ။ တခြားဒေသတွေကလည်း သတင်းတွေ ထပ်တက်လာနေတုန်းပါပဲ” လို့ ဘီဟာရ်ပြည်နယ် သဘာဝဘေး စီမံခန့်ခွဲရေးဌာန အကြီးတန်းတာဝန်ရှိသူ အနီးရုဒ် ကူးမားရ်က ဗုဒ္ဓဟူးနေ့မှာ ပြောဆိုခဲ့ပါတယ်။

    ဇွန်လ ဒုတိယပတ်ကနေ အောက်တိုဘာလအထိ ကြာမြင့်တဲ့ အိန္ဒိယရဲ့ မုတ်သုံရာသီအတွင်း ဘီဟားရ်ပြည်နယ်မှာ မိုးကြိုးပစ်ခတ်မှုများ မကြာခဏဖြစ်ပေါ်လေ့ ရှိပါတယ်။ မုတ်သုံရာသီအ၀င်ဖြစ်တဲ့ အခုရက်သတ္တပတ် အစောပိုင်းကစတင်ပြီး အိန္ဒိယနိုင်ငံမှာ မိုးသည်းထန်စွာ ရွာသွန်းနေပါတယ်။

    နိုင်ငံမြောက်ပိုင်းက အူတာပရာဒက်ရှ်ပြည်နယ်မှာလည်း ပြီးခဲ့တဲ့ ၂ ရက်အတွင်း မိုးကြိုးပစ်မှုကြောင့် လူပေါင်း ၂၀ ကျော် အသက်ဆုံးရှုံးခဲ့ရပါတယ်။

    Ref : Presstv

  • ” ဒီမိုကရေစီ အစိုးရလက်ထက် ပထမဆုံး ဖျက်ခံရတော့မည့် ဖားကန့်က ဘာသာရေးဝတ်ပြုဆောင်”

    ” ဒီမိုကရေစီ အစိုးရလက်ထက် ပထမဆုံး ဖျက်ခံရတော့မည့် ဖားကန့်က ဘာသာရေးဝတ်ပြုဆောင်”

    ဇွန် ၂၂၊ ၂၀၁၆
    M-Media
    ဖြူလေး
    Lone Khin Masjid
    ဖားကန့်။    ။ ကချင်ပြည်နယ် ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာ အုပ်စု၊ လယ်ပြင်ကျေးရွာရှိ အစ္စလာမ်ဘာသာရေးဝတ်ပြုကျောင်းကို ဇွန်လ ၃၀ ရက်နေ့ နောက်ဆုံးထား ဖျက်သိမ်းပေးရမယ်လို့ သက်ဆိုင်ရာဒေသ အာဏာပိုင်များက ဆိုခဲ့ပါတယ်။

    လုံးခင်း-လယ်ပြင် တံတားတည်ဆောက်ရာတွင် လုံခင်းအစ္စလာမ်ဘာသာရေး ဝတ်ပြုဆောင်မှ ပိုင်ဆိုင်သော မြေနေရာ အနည်းငယ် ပါဝင်ခဲ့ပါတယ်။ တံတားဆောက်ဖို့ ပေးခဲ့တဲ့ မြေနေရာအတွက်လည်း သက်ဆိုင်ရမှာ လျော်ကြေးငွေ ယူခဲ့ခြင်းမရှိကြောင်း သိရှိရပါတယ်။   ထို့အပြင် ဒေသခံရွာပိုင်မြေများလည်း ပါဝင်ခဲ့ကြောင်း သိရပါတယ်။ တံတားဆောက်လုပ်ချိန်တွင် ပစ္စည်းများသိမ်းဆည်းရန် လုံးခင်းဗလီတွင်း ဂိုထောင်ဆောက်လုပ်ခဲ့ပြီး အနီးနားမှာရှိတဲ့ ဘုန်းတော်ကြီးကျောင်းတစ်ခုမှာလည်း ဂိုထောင်တစ်ခု ဆောက်လုပ်ခဲ့တယ်လို့ သိရပါတယ်။ တံတားဆောက်ပြီးစီးသွားတဲ့အခါမှာ ထိုအဆောက်အအုံများကို ဒီတိုင်းထားပေးခဲ့ကြောင်း ဒေသခံတစ်ဦးက ဆိုပါတယ်။

    “ကျွန်တော်တို့ ဗလီနေရာက တံတားနဲ့လည်း နီးသွားတော့ နေရာကောင်းလည်း ဖြစ်သွားတယ်။ ဗလီထဲက အဆောက်အဦးတွေကို ခိုးဆောက်ထားတယ်ပြောတယ်။ အဲ့ဒီတံတာားဆောက်တုန်းက အဆောက်အအုံကို ဒီတိုင်းထားပေးခဲ့တာ၊  တစ်ခုက ဘိလပ်မြေတွေထားဖို့၊ နောက်တစ်ခုက အလုပ်သမား မိသားစုတွေ ခဏနေဖို့ဆိုပြီး အဆောက်ဦး နှစ်ခု ဆောက်ပြီး ထားသွားတာ အုပ်ချုပ်ရေးမှူးတွေလည်း သိတယ်။ သူတို့က ဖျက်ပေးဆိုတော့ ကျွန်တော်တို့ ပြသာနာ မတက်ချင်လို့ ဖျက်ပေးလိုက်တယ်။ နောက် ထပ်တောင်းဆိုလာတယ်။ ဗလီဆရာနေတဲ့အိမ်ပါ ဖျက်ပေးရမယ်ပြောတယ်။ ဗလီဆရာ အိမ်ရှိလာတာက နှစ်ပေါင်း (၂၀) ကျော်ပြီ။ ဒါလည်း ကျွန်တော်တို့ ပြသာနာမတက်ချင်လို့ ဖျက်ပေးလိုက်တယ်။ ခုဟာက ပိုဆိုးလာပြီ။ ဝတ်ပြုဆောင်ကိုပါ ထပ်ဖျက်ခိုင်းနေတယ်။ အဲ့ဒါတော့ အရမ်းလွန်သွားပြီ။ ကျွန်တော်တို့ကတော့ ဝတ်ပြုဆောင်ကို ဘယ်တော့မှ ကိုယ်တိုင်ဖျက်မှာ မဟုတ်ဘူး ။ မဖြစ်မနေ ဖျက်ရမယ်ဆိုရင်လည်း ဖျက်ချင်တဲ့သူတွေပဲ လာဖျက်ပါစေတော့” လို့ ဒေသခံတစ်ဦးက အဖြစ်အပျက်များကို ပြောဆိုခဲ့ပါတယ်။

    ဇွန်လ ၂၀ ရက်နေ့ နေ့လည်ပိုင်းကလည်း လုံးခင်းဝတ်ပြုကျောင်းကို ဖျက်ရန်အတွက် လာရောက်သူများကို ဒေသခံများက တားဆီးခဲ့ကြကြောင်း သိရပါတယ်။ ဝတ်ပြုကျောင်းကို ဖျက်ဆီးရန်အတွက် လာရောက်ကြသူများမှာလည်း ဒေသခံမဟုတ်သူများနှင့် သံဃာတော်များ ပါဝင်ခဲ့ကြောင်း မျက်မြင် ဒေသခံတစ်ဦးက ပြောပါတယ်။

    ဇွန်လ ၃၀ ရက်နေ့ နောက်ဆုံးထား ဖျက်သိမ်းပေးရမည့် လုံးခင်းအစ္စလာမ်ဘာသာရေးဝတ်ပြုကျောင်း ကိစ္စတွင် ဗလီဝတ်ကျောင်းတော်မှ ဂေါပကလူကြီးများ သက်ဆိုင်ရာဒေသ အုပ်ချုပ်သူများနှင့် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့သော်လည်း ဝတ်ပြုဆောင်ကိုသာ အမြန်ဆုံး ဖျက်ပေးရန် ဖိအားပေးခဲ့ကြောင်း သိရပါတယ်။

    အဆိုပါ ၀တ်ပြုဆောင်မြေနေရာမှာ ဒေသခံဖြစ်သူဦးရဲမောင်မှ ၁၉၉၀ခုနှစ် မတိုင်ခင်ကတည်း လှူဒါန်းခဲ့ခြင်းဖြစ်ပြီး ဝတ်ပြုဆောင်မှာလည်း တရားဝင် ဆောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါတယ်။

    ၂၀၁၅ နိုဝင်ဘာရွေးကောက်ပွဲ အပြီး ပြည်သူ့ဆန္ဒဖြင့် ဒီမိုကရေစီ နည်းကျရွေးချယ်၍ အစိုးရဖြစ်လာသော ဒေါ်အောဆန်းစုကြည် ဦးဆောင်သည့် NLD အစိုးရလက်ထက်တွင် ကရင်ပြည်နယ် အတွင်း ခရစ်ယာန်ဘာသာဝင်များ၏ ဘုရားရှစ်ခိုးကျောင်းဝင်းအတွင်း နှင့် အစ္စလာမ်ဘာသာဝင်တို့၏ ဗလီဝတ်ကျောင်းဘေး လမ်းအလယ်၌ မြိုင်ကြီးငူဆရာတော်မှ စေတီများ တည်ခြင်းများဖြစ်ပွားခဲ့သော်လည်း သက်ဆိုင်ရာ သာသနာရေးဝန်ကြီးဌာနနှင့် သံဃာနာယက အဖွဲ့တို့မှ တားဆီးကာကွယ်ပေးနိုင်ခဲ့ခြင်းမရှိပေ။

    ယခု လုံးခင်းကျေးရွာမှ နှစ်ပေါင်း ၂၀ ကျော် တရားဝင် တည်ရှိပြီးခဲ့ပြီးဖြစ်တဲ့ အစ္စလာမ်ဘာသာရေး ဝတ်ပြုဆောင်ငယ်အား ဖျက်သိမ်းဖို့ လုပ်ဆောင်နေမှု အား သက်ဆိုင်ရာ ပြည်နယ်အစိုးရနှင့် သာသနာရေး ဝန်ကြိးဌာနတို့မှ တစုံတရာ ဝင်ရောက်ဖြေရှင်းပေးခြင်း မရှိသေးကြောင်း သိရှိရပါတယ်။

  • နိုင်ငံအသင်း ကိုယ်စားပြုခွင့်ရသည့်အတွက် ဂုဏ်ယူမိသည်ဟု အီဗရာဟီမိုဗစ်ပြော

    နိုင်ငံအသင်း ကိုယ်စားပြုခွင့်ရသည့်အတွက် ဂုဏ်ယူမိသည်ဟု အီဗရာဟီမိုဗစ်ပြော

    ဇွန် ၂၃၊ ၂၀၁၆
    M-Media

    sweden

    – နိုင်ငံအသင်းအတွက် ကစားပေးခဲ့သည့် ကာလများအတွက် မိမိအနေဖြင့် ဂုဏ်ယူမိပြီး လှပကောင်းမွန်သည့် အမှတ်တရများစွာလည်း ရှိခဲ့သည်ဟု ဆွီဒင်တိုက်စစ်မှူး ဇလာတန် အီဗရာဟီမိုဗစ်က ပြောကြားလိုက်သည်။

    ယမန်နေ့က ဘယ်လ်ဂျီယံအသင်းအား ၁ ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့သော ယူရို ၂၀၁၆ အုပ်စုနောက်ဆုံးပွဲမှာ အီဗရာဟီမိုဗစ်၏ နိုင်ငံတကာ ကစားသမားဘ၀ နောက်ဆုံးပွဲ ဖြစ်ခဲ့သည်။ ဆွီဒင်အသင်းအတွက် ၁၁၆ ပွဲကစားပေးခဲ့ပြီး စံချိန်တင် ၆၂ ဂိုး သွင်းယူပေးခဲ့သည့် အီဗရာဟီမိုဗစ်ကမူ ထိုမှတ်တမ်းအတွက် ဂုဏ်ယူမိသည်ဟု ဆိုသည်။

    “နိုင်ငံအသင်း ကစားသမားဘ၀အတွက် ကျွန်တော် အရမ်းဂုဏ်ယူမိပါတယ်။ တစ်ချိန်က မာလ်မိုအသင်းရဲ့ မထင်မရှားက စားသမားလေးတစ်ဦးဖြစ်တဲ့ ကျွန်တော်ဟာ နိုင်ငံအသင်းကို ကိုယ်စားပြုခွင့် ရခဲ့ပြီး၊ အသင်းခေါင်းဆောင်တောင် ဖြစ်ခဲ့ပါတယ်။ ကျွန်တော်ရရှိခဲ့တဲ့ အောင်မြင်မှုတွေအတွက် ဂုဏ်ယူမိပြီး ကျွန်တော့်ရဲ့ နိုင်ငံတကာ ကစားသမားဘ၀မှာ လှပတဲ့ အမှတ်တရတွေ တော်တော်များများလည်း ရှိခဲ့ပါတယ်” ဟု အီဗရာဟီမိုဗစ်က ဘယ်လ်ဂျီယံနှင့်ပွဲအပြီးတွင် ပြောကြားခဲ့သည်။

    ပီအက်စ်ဂျီအသင်းမှ ထွက်ခွာခဲ့သည့် အီဗရာဟီမိုဗစ်မှာ မန်ယူသို့ ရောက်ရှိမည်ဟု သတင်းများထွက်ပေါ်နေသော်လည်း ၎င်း၏ အနာဂတ်နှင့်ပတ်သက်၍ မရေရာသေးပေ။

    Ref: Goal

  • အီးယူမှခွဲထွက်ရေး၊ မထွက်ရေး ဗြိတိန်ပြည်သူများ ယနေ့တွင် မဲပေးမည်

    အီးယူမှခွဲထွက်ရေး၊ မထွက်ရေး ဗြိတိန်ပြည်သူများ ယနေ့တွင် မဲပေးမည်

    ဇွန် ၂၃၊ ၂၀၁၆
    M-Media

    britain

    – ဥရောပသမဂ္ဂနေ ခွဲထွက်ရေး ဗြိတိန်ရဲ့ လူထုဆန္ဒခံယူပွဲပြုလုပ်ဖို့ နာရီပိုင်းသာလိုတော့တဲ့အချိန်မှာ ထွက်ရေး၊ မထွက်ရေး နှစ်ဖက်စလုံးက ပြိုင်ဘက်နိုင်ငံရေးသမားတွေက နောက်ဆုံး မဲဆွယ်မှုတွေကို ပြုလုပ်နေကြပါတယ်။

    မထွက်ရေးကိုအားသန်တဲ့ ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းကတော့ ဒီနေ့ပြုလုပ်မယ့် ဆန္ဒမဲပေးပွဲမှာ ထွက်ရေးဘက်က အသာရသွားမယ်ဆိုရင် နိုင်ငံရဲ့ဦးတည်ရာဟာ လွဲသွားလိမ့်မယ်လို့ သတိပေးခဲ့ပါတယ်။

    “ကျွန်တော်တို့ဟာ အရေမရ အဖတ်မရတွေကို လုပ်နေတာမဟုတ်ပါဘူး။ ဥရောပစီးပွားရေး ပြန်လည် ဦးမော့လာတာကို ခင်ဗျားတို့ တွေ့မှာပါ။ ဥရောပဈေးကွက်ဟာ ကမ္ဘာ့အကြီးဆုံး ဈေးကွက်ကြီးတစ်ခုပါပဲ” လို့ ကင်မရွန်းက ပြောကြားခဲ့ပါတယ်။

    ဥရောပသမဂ္ဂကနေ ခွဲထွက်ရေးအတွက် ဦးဆောင်လှုပ်ရှားသူ လန်ဒန်မြို့တော်ဝန်ဟောင်း ဘောရစ်ဂျွန်ဆင်ကတော့ ခွဲထွက်မှုဟာ ဗြိတိန်ရဲ့ ဂုဏ်သိက္ခာ၊ လွတ်လပ်ရေးနဲ့ ကိုယ်ပိုင်ပြဌာန်းပိုင်ခွင့်တို့အတွက် ဖြစ်တယ်လို့ ဆိုပါတယ်။

    “အလုပ်မဖြစ်တဲ့ အီးယူစနစ်ကနေ ခွဲထွက်ဖို့ အချိန်တန်နေပါပြီ။ ပြီးတော့ ဥရောပတစ်ဝှမ်းက ကျွန်တော်တို့ရဲ့မိတ်ဖက်တွေ၊ သူငယ်ချင်းတွေနဲ့ ဆက်ဆံရေးအသစ်တစ်ခုကို ထူထောင်ဖို့လည်း အချိန်ရောက်နေပြီဖြစ်ပါတယ်”

    ဗုဒ္ဓဟူးနေ့ညနေပိုင်းကလည်း လန်ဒန်မြို့က ၀င်ဘလေကွင်းမှာပြုလုပ်တဲ့ ထွက်ရေး၊ မထွက်ရေး မဲဆွယ်သူတွေရဲ့ နောက်ဆုံး စကားရည်လုပွဲမှာ မထွက်ရေးဘက်ကမဲဆွယ်နေတဲ့ လန်ဒန်မြို့တော်ဝင် ဆီဒစ်ခန်းက ဂျွန်ဆင်ကို မျက်နှာချင်းဆိုင် ပြန်လည်တုန့်ပြန်ခဲ့ပါတယ်။

    “ခင်ဗျားဟာ မုသားတွေပြောနေတာဖြစ်ပြီး လူတွေကို ကြောက်အောင်လုပ်နေတာပါ” လို့ ခန်းဆိုပြီး ထွက်ရေးဘက်ကထောက်ပြတဲ့ တူရကီဟာ အီယူအဖွဲ့ဝင်ဖြစ်နိုင်တယ်ဆိုတဲ့အချက်ဟာ ၀ါးလုံးသိမ်းရမ်းတာလို့လည်း ထောက်ပြခဲ့ပါတယ်။

    ဂျွန်ဆင်ကတော့ ဥရောပသမဂ္ဂမှာ ဆက်နေချင်တဲ့သူတွေဟာ ဗြိတိန်စီးပွားရေး ပြိုလဲသွားနိုင်တယ်ဆိုတာကို သတိပေးပြီး “အကြောက်တရား” သွတ်သွင်းပေးနေတယ်လို့ဆိုကာ၊ ဒီနေ့ပြုလုပ်မယ့် မဲခွဲမှုမှာ ဗြိတိန်ခွဲထွက်နိုင်ခဲ့ရင် ဒါဟာ နိုင်ငံရဲ့လွတ်လပ်ရေးနေ့လို့တောင် ခေါ်ဆိုထိုက်တယ်လို့ ပြောကြားခဲ့ပါတယ်။

    မဲပေးမှုမှာ ထွက်ရေးက အနိုင်ရခဲ့ရင် ဥရောပသမဂ္ဂရဲ့ နှစ် ၆၀ သက်တမ်းမှာ ခွဲထွက်တဲ့ ပထမဆုံးနိုင်ငံ ဖြစ်လာမှာဖြစ်ပြီး နောက်ထပ် ဥရောပနိုင်ငံတွေ ခွဲထွက်မယ့် အခြေအနေမျိုး ဖြစ်လာနိုင်တယ်လို့ သတိပေးသူတွေလည်း ရှိနေပါတယ်။

    ပြည်သူ့ဆန္ဒခံယူပွဲမတိုင်ခင် နောက်ဆုံးပြုလုပ်ခဲ့တဲ့ စစ်တမ်းမှာတော့ ထွက်ရေးနဲ့ မထွက်ရေးဖက်က ဘယ်သူမှ အသာမရဘဲ မတိမ်းမယိမ်းရှိနေပါတယ်။

    Ref: Aljazeera

  • အိန္ဒိယအာကာသသမိုင်းတွင် စံချိန်သစ်တစ်ခု တင်နိုင်

    အိန္ဒိယအာကာသသမိုင်းတွင် စံချိန်သစ်တစ်ခု တင်နိုင်

    ဇွန် ၂၂၊ ၂၀၁၆
    M-Media

    india

    – အိန္ဒိယနိုင်ငံမှာ ဂြိုဟ်တု အလုံး ၂၀ တင်ဆောင်သွားသော ဒုံးပျံတစ်စင်းကို အာကာသထဲသို့ အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ပြီး နိုင်ငံ၏ အာကသသမိုင်းတွင် ဒုံးကျည်တစ်ခုတည်းဖြင့် ဂြိုဟ်တုအများဆုံးကို တစ်ချိန်တည်း လွှတ်တင်နိုင်သည့် စံချိန်ကို ရရှိခဲ့သည်။

    နိုင်ငံတောင်ပိုင်း ဆရီဟာရီကိုတာ အာကာသစခန်းမှ ယမန်နေ့တွင် လွှတ်တင်ခဲ့ခြင်းဖြစ်ပြီး ကမ္ဘာ့ အာကာသသမိုင်းတွင် တတိယမြောက် ဂြိုဟ်တုအများဆုံး လွှတ်တင်နိုင်ခြင်းဖြစ်သည်။

    ဒုံးပျံတွင် အမေရိကန်၊ ဂျာမနီ၊ ကနေဒါနှင့် အင်ဒိုနီးရှားတို့မှ ဂြိုဟ်တုများကို သယ်ဆောင်သွာခဲ့ပြီး ထိုအောင်မြင်မှုက ကြီးမားသည့် အာကာသဈေးကွက်တွင် ဈေးကွက်ဝေစု ပိုမိုရရှိစေရန် အိန္ဒိယ အာကာသအေဂျင်စီမှ ကြိုးပမ်းမှု၏ ရလဒ်လည်း ဖြစ်သည်။

    သယ်ဆောင်သွားသည့် ဂြိုဟ်တုအများစုမှာ ကမ္ဘာလေထုကို စောင့်ကြည့်လေ့လာရန်ဖြစ်ပြီး၊ ဂြိုဟ်တုတစ်ခုမှာ အပျော်တန်း ရေဒီယိုအော်ပရေတာများအတွက် ၀န်ဆောင်မှုပေးရန်ဖြစ်သည်။

    အာကာသ သုတေသနစီမံကိန်းနှင့်ပတ်သက်၍ ရည်မှန်းချက်ကြီးကြီးမားမားရှိနေသည့် ၀န်ကြီးချုပ် နာရန်ဒရာမိုဒီကမူ အဆိုပါ လွှတ်တင်မှု အောင်မြင်ခြင်းကို အစိုးရကျောထောက်နောက်ခံပြု အိန္ဒိယအာကာသ သုတေသနအသင်း ISRO အတွက် “သမိုင်းဝင်အောင်မြင်မှု” ဖြစ်သည်ဟု ပြောကြားခဲ့သည်။

    Ref: Aljazeera