News @ M-Media

Blog

  • မိမိတို့နှင့် ရင်ဆိုင်ရမည့်အသင်းမှာ လွယ်မည်မဟုတ်ဟု မြောက်အိုင်ယာလန် တိုက်စစ်မှူး ပြော

    မိမိတို့နှင့် ရင်ဆိုင်ရမည့်အသင်းမှာ လွယ်မည်မဟုတ်ဟု မြောက်အိုင်ယာလန် တိုက်စစ်မှူး ပြော

    ဇွန် ၂၂၊ ၂၀၁၆
    M-Media

    ni

    – ၁၆ သင်းအဆင့် ရှုံးထွက်ပွဲစဉ်တွင် မိမိတို့နှင့်တွေ့သည့် မည်သည့်အသင်းမဆို လွယ်ကူမည်မဟုတ်ဟု မြောက်အိုင်ယာ လန်အသင်းတိုက်စစ်မှူး ကီလီ ဂျက်ဖာတီက ပြောကြားလိုက်သည်။

    အင်္ဂါနေ့ကကစားခဲ့သည့် ဂျာမနီနှင့် အုပ်စုနောက်ဆုံးပွဲစဉ်တွင် ၁ ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့သည့် မြောက်အိုင်ယာလန်အသင်းမှာ ၃ ပွဲကစား ၁ ပွဲနိုင် ၂ ပွဲရှုံးဖြင့် ၃ မှတ်ရထားပြီး ရဂိုး၊ ပေးဂိုးအနေအထားအရ အကောင်းဆုံး တတိယဖြင့် နောက်တစ်ဆင့်တက်ရန် အခွင့်သာနေသည်။

    မြောက်အိုင်ယာလန်အသင်း၏ ဂိုးသွင်းစက် ဂျက်ဖာတီကမူ မိမိတို့မှာ မည်သည့်အသင်းကိုမဆို ရင်ဆိုင်နိုင်စွမ်းရှိသည်ဟု ပြောကြားခဲ့သည်။

    “ပထမဆုံးပွဲမှာ ကျွန်တော်တို့ ရလဒ်အတွက် စိတ်ပျက်ခဲ့ရပါတယ်။ အဲဒီပွဲဟာ ကျွန်တော်တို့အသင်းရဲ့ စွမ်းဆောင်ရည်အစစ်အမှန် မဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့ နောက်တန်းဟာ ပြိုင်ပွဲမှာ အကောင်းဆုံးနောက်တန်းတွေထဲက တစ်ခု ဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့ဟာ ကမ္ဘာအဆင့်ကစားသမားတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး သူတို့တွေ ထင်တိုင်းကြဲလို့မရအောင် ဆောင်ရွက်နိုင်ခဲ့ပါတယ်။ နောက်တစ်ဆင့်မှာ ကျွန်တော်တို့ ဘယ်သူနဲ့ပဲတွေ့တွေ့ အခွင့်အရေးကို အမိအရ ယူသွားမှာပါ။ ရှုံးထွက်ပွဲဖြစ်တဲ့ အဲဒီပွဲမှာ နိုင်ရမယ်ဆိုတဲ့စိတ်မွေးပြီး ကစားသွားမှာပါ” ဟု ဂျက်ဖာတီက ပြောကြားခဲ့သည်။

    Ref: Goal

  • ပါလက်စတိုင်းပိုင်နက်တွင် အစ္စရေး၏ပစ်ခတ်မှုကြောင့် လူငယ် ၁ ဦး သေဆုံး

    ပါလက်စတိုင်းပိုင်နက်တွင် အစ္စရေး၏ပစ်ခတ်မှုကြောင့် လူငယ် ၁ ဦး သေဆုံး

    ဇွန် ၂၂၊ ၂၀၁၆
    M-Media

    isreal

    – ပါလက်စတိုင်းပိုင် အနောက်ဘက်ကမ်းကို ကျူးကျော်ဝင်ရောက်လာတဲ့ အစ္စရေးမော်တော်ယာဉ်တွေကို ကျောက်တုံးတွေနဲ့ပစ်ပေါက်တဲ့အပေါ် သေနတ်နဲ့ပြန်လည်ပစ်ခတ်ရာမှာ ပါလက်စတိုင်း ဆယ်ကျော်သက်လူငယ်တစ်ဦး မတော်တဆ သေဆုံးသွားတယ်လို့ အစ္စရေးစစ်တပ်က ပြောကြားခဲ့ပါတယ်။

    အဲဒီ သေဆုံးသူဟာ ကျောက်တုံးနဲ့ပစ်ပေါက်မှုမှာ ပါဝင်သူလို့ စောစောပိုင်းက စစ်တပ်ကနေထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြခဲ့ပါတယ်။ ကျေးရွာအုပ်ချုပ်ရေးမှူးကတော့ ထိုလူငယ်လေးဟာ အသက် ၁၅ နှစ်ရှိပြီး မာမွတ် ဘာဒရန်လို့ အမည်ရတယ်လို့ ဆိုပါတယ်။

    ပါလက်စတိုင်းကျေးရွာ ဘီအစ် အိုရီ တဟ်တာရဲ့ ဒေသကောင်စီဥက္ကဌဖြစ်သူ အဘ်ဒူလ် ကရင်မ် ကာဆင်က လူငယ်လေးဟာ ရွာအနီးရေကန်တစ်ခုကနေ ပြန်လာတဲ့အခါ အစ္စရေးစစ်တပ်က သေနတ်တွေနဲ့ ပစ်ခတ်နေတာကြောင့် အခြားသော ခရီးသည်တွေနဲ့အတူ ဘတ်စ်ကားတစ်ခုအတွင်းမှာ ရှိနေချိန် ပစ်ခတ်သတ်ဖြတ်ခံလိုက်ရတာလို့ ပြောကြားခဲ့ပါတယ်။

    နောက်ထပ် ပါလက်စတိုင်းပြည်သူတစ်ဦးလည်း အစ္စရေးစစ်တပ်ရဲ့ပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိခဲ့ပြီး အနောက်ဘက်ကမ်း ရာမာလာရှိ ဆေးရုံတစ်ခုကို ပို့ဆောင်ပေးခဲ့ရပါတယ်။

    အစ္စရေးစစ်တပ်ကတော့ ပါလက်စတိုင်းတွေဟာ သူတို့ရဲ့ မော်တော်ယာဉ်တွေကို ကျောက်တုံးတွေ၊ ဓာတ်ဆီဗုံးတွေနဲ့ ပစ်ပေါက်ခဲ့တယ်လို့ ကြေငြာချက်မှာ ထည့်သွင်းဖော်ပြခဲ့ပါတယ်။

    Ref: Aljazeera

  • အာဏာရှိစဉ် ရမ်းကားခဲ့သော ကွန်ဂိုဒုသမ္မတဟောင်းကို ICC က ထောင် ၁၈ နှစ်ချ

    အာဏာရှိစဉ် ရမ်းကားခဲ့သော ကွန်ဂိုဒုသမ္မတဟောင်းကို ICC က ထောင် ၁၈ နှစ်ချ

    ဇွန် ၂၂၊ ၂၀၁၆
    M-Media

    congo

    – လွန်ခဲ့တဲ့ ၁၀ စုနှစ်တစ်ခုကျော်အရင်က ဗဟိုအာဖရိကနိုင်ငံမှာ ကျူးလွန်ခဲ့တဲ့ ကွန်ဂိုတပ်ဖွဲ့တွေရဲ့ လူသတ်မှု၊ မုဒိမ်းမှုနဲ့ လုယက်မှုတွေအတွက် ကွန်ဂိုဒုတိယသမ္မတဟောင်း ဂျီယန် ပီယာရီ ဘမ်ဘာကို နိုင်ငံတကာ ရာဇ၀တ်ခုံရုံးက ထောင်ဒဏ် ၁၈ နှစ် ချမှတ်လိုက်ပါတယ်။

    ယမန်နေ့က ချမှတ်လိုက်တာဖြစ်ပြီး ဘမ်ဘာဟာ စစ်သား ၁၅၀၀ ပါဝင်တဲ့ သူ့ရဲ့ကိုယ်ပိုင်စစ်တပ်ကို အိမ်နီးချင်း ဗဟိုအာဖရိကသမ္မတနိုင်ငံ ပြည်တွင်းစစ်ဖြစ်နေချိန်မှာ ကျူးကျော်ဝင်ရောက်ရန် ခိုင်းစေခဲ့ပြီး ၎င်းစစ်သားများရဲ့ လုပ်ရပ်တွေအပေါ် အရေးယူခဲ့ခြင်းဖြစ်တယ်လို့ တရားသူကြီးတွေက ဆိုပါတယ်။

    “ရုံးတော်ကနေ မစ္စတာ ဂျီယန် ပီယာရီ ဘမ္ဘာ ကြမ္ဘုိကို စုစုပေါင်းထောင်ဒဏ် ၁၈ နှစ်ထိ ပြစ်ဒဏ်ချမှတ်လိုက်ပါတယ်” လို့ တရားသူကြီး ဆေလ်ဗီးယာ စတိုင်နာက ပြောကြားခဲ့ပါတယ်။ စစ်အာဏာရှင်ဟောင်း ဘမ်ဘာဟာ ၂၀၀၂ အောက်တိုဘာလက သူ့ရဲ့ခါးပိုက်ဆောင်တပ်ဖွဲ့ကို CAR သို့စေလွှတ်ပြီး အဲဒီတပ်ဖွဲ့တွေရဲ့ မုဒိန်းမှု၊ လူသတ်မှုတွေနဲ့ ပစ္စည်းလုဓားပြတိုက်မှုတွေအပေါ် အရေးယူဖို့ပျက်ကွက်ခဲ့တယ်လို့လည်း တရားသူကြီးက ထပ်လောင်း ပြောကြားခဲ့ပါတယ်။

    ဘမ်ဘာကို တရားစွဲဆိုခဲ့တဲ့ အဖြစ်အပျက်ဟာ ၂၀၀၂ ခုနှစ် ICC အဖွဲ့စည်းပြီးနောက်ပိုင်း မုဒိမ်းမှုကို စစ်ပွဲရဲ့လက်နက်တစ်ခုအဖြစ် အသုံးပြုမှုနဲ့ပတ်သက်လို့ ပထမဆုံး အဓိကထား စစ်ဆေးတဲ့အမှုဖြစ်ပြီး အမြင့်ဆုံးပြစ်ဒဏ်ဖြစ်တဲ့ ထောင်ဒဏ် ၂၅ နှစ်ချမှတ်ဖို့ ရှေ့နေတွေက တောင်းဆိုခဲ့ပါတယ်။

    ဘမ်ဘာကို မတ်လက လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ရာဇ၀တ်မှု နှစ်မှု၊ စစ်ရာဇ၀တ်မှုသုံးမှုတို့အတွက် အပြစ်ရှိကြောင်း ဆုံးဖြတ်ခဲ့ပါတယ်။

    Ref : Aljazeera

  • သွေးနှော !

    သွေးနှော !

    ဇွန် ၂၂ ၊ ၂၀၁၆
    ရေးသူ- ဘရန်ဆိုင်း
    100 Days
    လူသားဖြစ်တည်မှုအစဟာ ဗြဟ္မာကြီး လေးဦးက စတယ်ပဲ ဆိုဆို … အာဒမ်နဲ့ ဧ၀က စတယ်ပဲ ဆိုဆို …
    .
    ဒါဝင်ရဲ့ evolution သီအိုရီအရ မျောက်ကဆင်းသက်လာတယ်ပဲ ဆိုဆို … စဦး လူသားကမ္ဘာဖြစ်တည်မှုအရ လူသားအားလုံးဟာ အစဉ်အဆက် မိဘဘိုးဘွားတွေကနေ အဆင့်ဆင့် သွေးနှောရင်း ဒီနေ့ ကမ္ဘာ့လူသားတွေ ဖြစ်လာခဲ့ကြတယ်လို့ ဆိုနိုင်ပါတယ် …
    .
    အာရိယန် လူဖြူ ၊ ဘာဗေဒီယန် လူညို ၊ မွန်ဂိုလီယန် လူဝါ ၊ နီဂရိုတို လူမည်း ဆိုပြီး အသားအရောင် ပုံပန်းအရ လူသားမျိုးနွယ်စုကြီး လေးခု အဖြစ် ပညာရှင်တွေ ယေဘုယျ ခွဲခြားသတ်မှတ်ထားတာလည်း ရှိပါတယ် …။
    .
    ဒါက ကမ္ဘာတ၀ှမ်းလုံးနဲ့ ပတ်သက်လို့ပါ … အခု ပြောချင်တာက မြန်မာပြည်အတွက် ဖြစ်တယ် …
    .
    မြန်မာအစ တကောင်းကပဲ ဆိုဆို မြန်မာအစ မြန်မာကပဲ ဆိုဆို … နိုင်ငံတကာ အသိအမှတ်ပြုမှုအရ မြန်မာလူမျိုး ဗမာလူမျိုးဆိုတာ တိဘက်နွယ်တွေဆိုတာ ဘယ်သူမှ မငြင်းနိုင်ပါဘူး … သမိုင်းပညာရှင်တွေ တညီတညွတ်တည်း လက်ခံထားကြပါတယ် … တိဘက်တိုဘားမင်း ၊ အင်ဒိုတိဘက်တင်း အစရှိသဖြင့် သွေးနှောတွေ ဖြစ်ကြောင်း သက်သေခံခဲ့ကြပြီး ဖြစ်တယ် …။
    .
    တိဘက်တောင်ပေါ်က ဆင်းလာသူတွေရယ် မွန်ခမာလူမျိုးတွေရယ် ပျူလူမျိုးတွေရယ် တိုင်းလိုင်ရှမ်းတွေရယ် အိန်ဒီးယန်း အနွယ်ဝင် ရခိုင်လူမျိုးတွေရယ် အကုန် သွေးနှောကုန်ကြပါတယ် … တရုတ် မွန်ဂိုလည်း သွေးနှောပါသေးတယ် … ဒီနေ့ ဗမာလူမျိုးလို့ ဖြစ်လာမယ့် လူမျိုးတခုအကြောင်းကို အကြမ်းအားဖြင့် သုံးသပ်ကြည့်တာပါ …။
    .
    ဆိုလိုချင်တာက မြန်မာ ဗမာ ကြိုက်သလို ခေါ်ပါ …
    .
    တကောင်း အဘိရာဇာက စတယ် ဆိုရင် တကောင်းမှာ မြို့ပြတည်ထောင်ခဲ့တဲ့ ကံရာဇာငယ် ရဲ့ မျိုးဆက်အဖြစ် အင်ဒီးယန်း သွေးနှောတွေ ဖြစ်ပါတယ် … တခါ ကလေးလွင်ပြင်ကနေ ရခိုင်ထိ ရောက်သွားတဲ့ ကံရာဇာကြီးရဲ့ မျိုးဆက်ဆိုရင်လည်း မရမာကြီး အပါအ၀င် ရခိုင် မျိုးနွယ်စုတွေဟာ အင်ဒီးယန်း သွေးနှောတယ် ဆိုတာ အထင်အရှားကြီးပါ … ခုနောက်ပိုင်း မြန်မာ့သမိုင်း လေ့လာသူတွေဟာ တကောင်း အဘိရာဇာက စတင်တဲ့ မြန်မာအစ တကောင်းက ဆိုတာကို မှေးမှိန်အောင် လုပ်ပြီး မြန်မာအစ ပုဂံက ဆိုတဲ့ အနေအထားရောက်အောင် ပြောဆို ရေးသားနေကြတာ တွေ့ရပါတယ် …
    .
    ပထမ မြန်မာနိုင်ငံတော်ကြီးကို အနော်ရထာက စတင် တည်ထောင်တယ် ဆိုတဲ့ စကားနဲ့ ဖြစ်တယ် …
    .
    လက်နက်လူသူအင်အားတောင့်တင်းလာတဲ့ အနော်ရထာဘုရင်ဟာ အင်ပါယာနိုင်ငံကို ထူထောင်ခဲ့ပါတယ် …
    .
    ပုဂံအနီးတ၀ိုက် မြေပြန့်လွင်ပြင်မှာ နေထိုင်ကြသူများ ဖြစ်လို့ အခြားတိုင်းရင်းသားတို့က ဂံသား ဆိုပြီး ခေါ်ဝေါ်သုံးစွဲခဲ့ကြတယ်လို့ လေ့လာသိရှိရပါတယ် … အနော်ရထာရဲ့ လက်နက်နိုင်ငံတော်ဟာ အရှေ့မြောက်ဘက် ကောင်းတုံ တရုတ်နယ်စပ် … အနောက်ဘက် စစ်တကောင်း တောင်ဘက် လင်းဇင်း ဇင်းမယ် အထိ ကျယ်ပြန့်ခဲ့ပါတယ် … မြန်မာနိုင်ငံတော်ကြီးလို့ အမည်တပ်ပေမယ့် တိုင်းရင်းသားပေါင်းစုံ နယ်ချဲ့ထားတဲ့ နယ်မြေဒေသမှာ ရှိတဲ့ သစ္စာခံ နိုင်ငံခြားသား အားလုံး ပါဝင်တယ် ဆိုတာ သဘောပေါက်ဖို့ လိုပါတယ် …။
    .
    နောက် ဘာသာရေးနဲ့ ပတ်သက်လို့ ဆိုရင် အနော်ရထာ မတိုင်ခင်က ဂံသားများဟာ နတ် နဂါး ကိုးကွယ်သူတွေ အရည်းကြီး သာသနာ ကိုးကွယ်သူတွေ ဖြစ်ပါတယ် … သထုံက ရှင်အရဟံ ကြွချီလာမှသာ ဗုဒ္ဓ ဒေသနာနဲ့ ရင်းနှီးခဲ့ရတာပါ … ဒီကနေမှ တဆင့် အနော်ရထာ ဘုရင်ရဲ့ ကောင်းမှုကြောင့် ပုဂံပြည်မှာ ဗုဒ္ဓသာသနာ ထွန်းကားခဲ့တယ်လို့ သမိုင်းက ဖော်ပြပါတယ် …။ ဒါက လူမျိုး ဗမာ မြန်မာ ဆိုတာဟာ ဘယ်ပုံဘယ်နည်း ဆင်းသက်သလဲ ဆိုတာကို အနည်းငယ် အကျဉ်းချုံး တင်ပြခြင်းသာ ဖြစ်ပါတယ်။
    .
    မြန်မာပြည်ဟာ လက်နက်နိုင်ငံ အင်ပါယာ နိုင်ငံအဖြစ် သုံးကြိမ် ကြီးကျယ်ခမ်းနားခဲ့ဖူးပါတယ် …
    .
    အနော်ရထာ ရဲ့ ပထမ နိုင်ငံတော် ၊ ဘုရင့်နောင်ရဲ့ ဒုတိယနိုင်ငံတော်၊ အလောင်းမင်းတရားရဲ့ တတိယ နိုင်ငံတော် အဖြစ်ပါ … ဆိုတော့ ဒီကာလအတွင်း နယ်ပယ်ချဲ့ထွင် သိမ်းပိုက်ခဲ့တဲ့ နယ်မြေဒေသတွေ အများကြီး ရှိခဲ့တာကို သတိပြုရပါမယ် …။ ရသမျှနယ်တွေက လူမျိုးစုတွေကို သစ္စာရေတိုက် နိုင်ငံသား ပြုခဲ့တာတွေကိုသတိပြုရပါမယ် …။ ဖမ်းဆီးရမိတဲ့ သုံ့ပန်းတွေထဲက စစ်သားတွေ၊ အနုပညာရှင်တွေ၊ လက်မှုပညာရှင်တွေကိုသစ္စာရေတိုက်ပြီး ကံကျွေးချပေး နေရာပေး လုပ်စားခွင့်ပြုခဲ့တာတွေ အထင်အရှား ရှိပါတယ် …။
    .
    ဥပမာ အနေနဲ့ တင်ပြရရင် စစ်တကောင်းနယ်က ရလာတဲ့ ကမန်လေးသည်တော် တပ် ဆိုတာမျိုး … ကသည်းနဲ့ စစ်တကောင်းက ရလာတဲ့ သုံ့ပန်းတွေကို မြေထူး၊ ရမည်းသင်း၊ ယင်းတော် အစရှိတဲ့ နေရာတွေမှာ
    နေရာချထားပေးပြီး မင်းမှုထမ်းစေခဲ့ပါတယ် … ၃၇၀၀ ဆက်တွေလို့ သုံးနှုံးကြပါတယ် … သုံ့ပန်း ၃၇၀၀ ကို နေရာချထားပေးခဲ့လို့ပါ … သူတို့ရဲ့ ကိုးကွယ်ရင်း ဖြစ်တဲ့ အစ္စလာမ်ဘာသာကိုလည်း ဘုရင်က အသိအမှတ်ပြု ဆက်လက် ကိုးကွယ်စေခဲ့ပါတယ် … စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် မြေထူးနယ်တ၀ိုက်က … ဘုရင်ကိုယ်တိုင် ဆောက်လုပ်လှူဒါန်းခဲ့တဲ့ ဗလီကြီးလေးလုံး ဟာ ထင်ရှားပါတယ် … မင်္ဂလာဗလီ၊ ကျောက်ဗလီ၊ မိုးထိဗလီ၊ သင်္ဘောဗလီ ဆိုတာတွေကို လက်ရှိ မြေထူးနယ်မှာ လေ့လာနိုင်ပါတယ် …
    .
    ဆိုလိုချင်တာက မြန်မာဘုရင်တွေဟာ တိုင်းတပါးသား သုံ့ပန်းတွေကို သစ္စာရေတိုက် မြန်မာနိုင်ငံသားအဖြစ်ခံယူစေခဲ့ပြီး အမှုထမ်းစေခဲ့တယ် ဘာသာတရား လွတ်လပ်ခွင့် ပေးခဲ့တယ် ဆိုတာကို သက်သေပြလိုရင်း ဖြစ်ပါတယ်…။ ဆိုတော့ ဒီ သစ္စာရှိ မင်းမှုထမ်း အစ္စလာမ် ဘာသာဝင်တွေဟာ နေရင်း အရပ်က ဗမာလူမျိုး အပါအ၀င် တိုင်းရင်းသား အားလုံးနဲ့ သွေးနှောပြီး မျိုးဆက် အဆင့်ဆင့်ကျော်ဖြတ်ပြီးနောက် ကိုယ့်ကိုကိုယ် ဗမာလူမျိုး အဖြစ်သာ ယုံကြည်လက်ခံကြသူများ ဖြစ်နေကြပါပြီ …။ ဗမာစကားကလွဲပြီး မတတ်သလို ဗမာစာကိုသာ ရေးတတ်ပြောတတ်သူများ ဖြစ်ကြပါတယ် …။
    .
    နောက်တချက် လွတ်လပ်ရေး ရခါနီးခေတ်မှာ … ဗိုလ်ချုပ် အလုပ်ကြံမခံရခင်ကလေးမှာ လွတ်လပ်ရေး ရမှာတော့ သေချာပြီ … ဒီတော့ ဦးရာဇာတ် ခများတို့ အစ္စလာမ် ဘာသာဝင်တွေ အတွက် ဘာတောင်းဆို လိုပါသလဲ … တိုင်းရင်းသား လူမျိုးတခု အဖြစ် ယူမလား … ဗမာထဲပဲ ပေါင်းမလား ဆိုပြီး ဗိုလ်ချုပ်က လမ်းဖွင့်ပေးခဲ့ပါတယ် … ဒါပေမယ့် မြန်မာပြည် နဲ့ ဗမာလူမျိုး ဦးအောင်ဆန်းကို အင်မတန် ချစ်ခင်ယုံကြည်ခဲ့တဲ့ ဦးရာဇာတ်က ဗမာလူမျိုး လူနည်းစုကိုးကွယ်သည့်ဘာသာ ဆိုတဲ့ အသုံးအနှုံးနဲ့ … လူမျိုး – ဗမာ / ကိုးကွယ်သည့် ဘာသာ – အစ္စလာမ် လို့ ခံယူခဲ့ပါတယ် … ဗိုလ်ချုပ်ကလည်း သဘောတူ လက်ခံခဲ့ပါတယ် …။
    .
    နိုင်ငံတခု လွတ်လပ်ရေး ရယူတယ် ဆိုတာ နိုင်ငံတခု တည်ထောင်ခြင်း ဆိုတာနဲ့ သိပ်ပြီး မကွာခြားလှပါဘူး …
    .
    လူမျိုးပေါင်းစုံ ကိုးကွယ်သည့် ဘာသာပေါင်းစုံ ညီညွတ်ခဲ့လို့သာ ဒီတိုင်း ဒီနိုင်ငံကြီး တခုလုံး အပြည့်အ၀ လွတ်လပ်ရေးကို ရယူနိုင်ခဲ့တာ မဟုတ်ပါလား … ဒီနေ့ လွတ်လပ်သော နိုင်ငံတော် အတွင်း မှီတင်းနေထိုင်သူ အားလုံးကို နိုင်ငံသား အဖြစ် အသိအမှတ် ပြုခဲ့တာဟာ လျော်ကန်သင့်မြတ်တယ်လို့ ယူဆရမှာပဲ ဖြစ်ပါတယ်။
    .
    ဒါကြောင့် ၁၉၄၇ နိုင်ငံသား ဥပဒေမှာ တိုင်းရင်းသား လူမျိုးစုပေါင်းများစွာ ရှိခဲ့တာ တွေ့နိုင်ပါတယ် …။
    .
    ဒီကနေ … ၁၉၇၃ ခုနှစ် နိုင်ငံသား ဥပဒေမှာ တခါ အနည်းငယ် ထပ်မံပြင်ဆင်ခဲ့တယ် …။ မြေထူးလူမျိုး၊ ရခိုင် မွတ်စလင် ၊ ရခိုင် စစ်တကောင်း လူမျိုး အစရှိသဖြင့် အစ္စလာမ် ဘာသာဝင် တိုင်းရင်းသား ၉ မျိုးလောက်အထိ ရှိခဲ့တာကို တွေ့ရပါတယ် …။
    .
    ဦးနေ၀င်းလက်ထက်မှာတော့ ကိုယ်တိုင် ပေါင်းတည် တရုတ်သွေးနှော ဖြစ်တဲ့ ရှုမောင်ခေါ် ဦးနေ၀င်းဟာ အစ္စလာမ် ဘာသာဝင်တွေ အပေါ် အပြင်းအထန် ကန့်သတ်တဲ့ ၁၉၈၂ နိုင်ငံသား ဥပဒေကို သူတဦးတည်း သဘောနဲ့ အတည်ပြု ရေးဆွဲ ပြဌာန်းခဲ့ပါတယ် …။ ၁၉၈၂ နိုင်ငံသား ဥပဒေမှာ ၁၉၇၃ နိုင်မှာ ရှိနေပြီးသား ဖြစ်တဲ့ အစ္စလာမ် ဘာသာဝင် တိုင်းရင်းသား လူမျိုးစု ၈ ခု ကို သူ့သဘောနဲ့သူ ပယ်ဖျက်ခဲ့ပါတော့တယ်။ ကမန် လူမျိုးစု သာ ကျန်ခဲ့တာကို တွေ့ရပါတယ် …
    .
    အဲဒီလို အာဏာနဲ့ အတင်းအဓမ္မ ပယ်ဖျက်ခဲ့တာမို့ မြေထူးလူမျိုး၊ ဗမာမွတ်စလင် အစရှိတဲ့ ၁၉၇၃ နိုင် ပါ တိုင်းရင်းသား လူမျိုးစုတွေကို ဗမာ/ အစ္စလာမ် အဖြစ် မှတ်ပုံတင်ခွင့် ကြည်ကြည်ဖြူဖြူ ပေးခဲ့ပါတယ် … ရခိုင်စစ်တကောင်းတွေကိုလည်း ရခိုင်/အစ္စလာမ် အဖြစ် မှတ်ပုံတင်ခွင့် ပေးခဲ့ပါသေးတယ်။
    .
    ၁၉၈၂ နိုင်ငံသား ဥပဒေ ဆိုတာ ဦးနေ၀င်း တဦးတည်း သဘောနဲ့ အာဏာသုံး ပြဌာန်းခဲ့တယ် ဆိုတာ တင်ပြခဲ့ပြီးပါပြီ … နိုင်ငံတကာကတော့ ၁၉၈၂ နိုင် ဥပဒေဟာ ကမ္ဘာပေါ်မှာ အဆိုးဝါးဆုံး လူ့အခွင့်အရေး ချိုးဖောက်ထားတဲ့ ဥပဒေလို့ သုံးသပ်ကြပါတယ် …။ တချက်လောက် ဥပမာ ပေးရရင် နိုင်ငံတော် ကောင်စီ ဆိုတာကြီးက ဘယ်သူ့ကိုတော့ နိုင်ငံသားပေး ဘယ်သူ့ကိုတော့ နိုင်ငံသား မပေးရလို့ ဆုံးဖြတ်နိုင်သလို တိုင်းရင်းသားပေးခွင့် ပယ်ဖျက်ခွင့်ပါ ပေးထားတာဟာ အင်မတန်မှ အရုပ်ဆိုးတယ်လို့ မြင်ပါတယ် …
    .
    ဒီနေရာမှာ ၁၉၈၂ နိုင် ဥပဒေကို ထောက်ပြနေရင် စာသိပ်ရှည်သွားမှာ စိုးတဲ့ အတွက် ဥပဒေသမားများ အတွက် ချန်လှပ် ခဲ့ပါ့မယ်…။
    .
    လက်ရှိ ဖြစ်ပျက်နေတဲ့ ပြဿနာကို ပြန်လည် ချည်းကပ်ပါရစေ … အခုဖြစ်နေတဲ့ ပြဿနာက ဘာသာရေးကို အခြေခံပြီး လူမျိုးကို ခွဲခြားသတ်မှတ်နေတဲ့ ကိစ္စပါပဲ …။
    .
    အလောင်းဘုရား၊ ဆင်ဖြူရှင်၊ မင်းတုန်း၊ သီပေါ အစရှိတဲ့ ကုန်းဘောင်ဆက်လောက်ကိုပဲ ပြောပါမယ် …
    .
    အထက်မှာ ဖော်ပြခဲ့သလို … မြန်မာဘုရင့် သစ္စာတော်ခံ အစ္စလာမ် ဘာသာဝင်တွေဟာ ရှေးအစဉ်အဆက် ကတည်းက ကိုယ့်ကိုကိုယ် ဗမာလူမျိုး အဖြစ် ခံယူခဲ့ကြသူများ ဖြစ်ပါတယ် … ကိုးကွယ်တဲ့ ဘာသာ တခုသာ မတူတာ ဖြစ်ပြီး အားလုံးဟာ ဗမာ့ယဉ်ကျေးမှု ဓလေ့ထုံးတမ်းတွေနဲ့ အသားကျနေသူတွေ ဖြစ်ကြပါတယ်။
    .
    နောက်တချက်က ဗိုလ်ချုပ်နဲ့ ဦးရာဇတ်တို့ရဲ့ သဘောတူညီချက်အရ ဗမာ/အစ္စလာမ် လို့ ခံယူထားကြသူများ ဖြစ်ပါတယ် …။
    .
    ဒီနေ့မှာတော့ ကိုးကွယ်ယုံကြည်တဲ့ ဘာသာအပေါ် အခြေခံပြီး လူမျိုးကို သတ်မှတ်နေတာ တွေ့ရပါတယ်။
    .
    ဥပမာ ဆိုရရင် … ဗုဒ္ဓဘာသာကို ကူးပြောင်းလက်ခံသွားသူက ဗမာ/ဗုဒ္ဓ ဖြစ်လာပြီး … အစ္စလာမ်ဘာသာကိုသာ ဆက်လက်ကိုးကွယ်သူက သွေးနှော/အစ္စလာမ် ဖြစ်လာတာမျိုးပါ …။ ညီအကို အရင်းတွေမှာတောင် ဖြစ်နေတာမျိုးပါ …။
    .
    လူမျိုးတမျိုးဟာ မိမိရဲ့ လူမျိုးကို မိမိဖာသာ သတ်မှတ်ပိုင်ခွင့် ဆိုတဲ့ လူ့အခွင့်အရေးကို အတိအကျ ချိုးဖောက်နေတာလည်း ဖြစ်ပါတယ် …။
    .
    ဘာသာတရား ကိုးကွယ်ယုံကြည်မှုအရ လူမျိုးကို သတ်မှတ်တယ် ဆိုတာဟာလည်း အင်မတန်မှ သေးသိမ် ဥာဏ်နည်းရာ ရောက်ပါတယ် …။
    .
    ကမ္ဘာမှာ ထင်ရှားတဲ့ ဘာသာကြီး လေးခု ရှိပါတယ်။ ခရစ်ယာန်၊ အစ္စလာမ်၊ ဗုဒ္ဓ နဲ့ ဟိန္ဒူ ဘာသာတို့ ပါပဲ …။
    .
    လူတယောက်ရဲ့ နှလုံးသား ဦးနှောက်နဲ့ ဆုံးဖြတ်တဲ့ ကိုးကွယ်ယုံကြည်မှု ဆိုတာ လူမျိုးနဲ့ လားလားမှ မဆိုင်ပါဘူး … အင်ဂလို ဆက်ဆုံ တယောက်က အစ္စလာမ် ဘာသာကို ယုံကြည် ကိုးကွယ်လိုက်တာနဲ့ အိန္ဒိယ သွေးနှော အာရဗ် သွေးနှော ဖြစ်မသွားနိုင်ပါဘူး …။ ဂျာမန်လူမျိုးတယောက်က ဟိန္ဒူဘာသာကို ယုံကြည် ကိုးကွယ်လိုက်တာနဲ့ အိန္ဒိယ လူမျိုး ဖြစ်မသွားပါဘူး … ဒီလိုပဲ ဘင်္ဂလားလူမျိုးတယောက်က ဗုဒ္ဓဘာသာကို ကိုးကွယ်လိုက်တာနဲ့ ဗမာ ဖြစ်မလာနိုင်ပါဘူး … ဘာသာက ကိုးကွယ်ယုံကြည်မှု ပါ … လူမျိုးဆိုတာက ခံယူမှုပါ။
    .
    ဒီကနေ့မှာတော့ အစ္စလာမ်ဘာသာကနေ ဗုဒ္ဓဘာသာကို ဒီနေ့ ကူးပြောင်းလိုက်တာနဲ့ နောက်နေ့ ဗမာလူမျိုး ဖြစ်လာပါတယ် …။ အင်မတန် အံ့သြဖို့ ကောင်းတဲ့ သတ်မှတ်မှုပါပဲ …။ ဗမာ ဆိုတဲ့ လူမျိုးနဲ့ ဗုဒ္ဓအယူဝါဒ ဘာသာ ဆိုတာကို ရောထွေး သတ်မှတ် နေပုံကတော့ဖြင့် ဥာဏ်နည်းလွန်းရာ ကျတယ် လို့ ဆိုချင်ပါတယ်။
    .
    အထက်ဖော်ပြခဲ့တဲ့အတိုင်း လက်ရှိ မြန်မာနိုင်ငံ မှာ ဖြစ်နေပါတယ် ။ လူဝင်မှုကြီးကြပ်ရေးကလည်း အကောင်အထည် ဖော်နေပါတယ်။
    .
    ရှေးအတီတေ အထက် ၇ ဆက်က ဗမာ/အစ္စလာမ် နိုင်ငံသားကဒ် ကိုင်ဆောင်သူ မိဘနှစ်ပါးက မွေးဖွားလာသူ အစ္စလာမ် မျိုးဆက် ကလေးငယ်တို့ဟာ အတင်းအဓမ္မ သွေးနှောရမယ်လို့ ခိုင်းစေခြင်း ခံနေရပါတယ်။
    .
    အစိုးရကျောင်းတွေမှာ နိုင်ငံသားစိစစ်ရေးကဒ် လာဆင်းလုပ်ပေးတဲ့အခါ … သွေးနှောများ ရိုက်မပေးပါ ဆိုတာမျိုး ဆိုင်းဘုတ်တင်ထားခြင်းဟာ အင်မတန် အရုပ်ဆိုးပါတယ် … သွေးနှောဆိုတာလည်း ကြိုတင်သတ်မှတ် လိုက်ခြင်း ဖြစ်ပါတယ်… ဘာမှ မစစ်ဆေးရခင် အစ္စလာမ်မှန်ရင် သွေးနှောရမယ် လို့ဆိုပါတယ် …။ ဥပဒေ ရှိပါသလား ဆိုတော့ ရှိပါသတဲ့ … လ၀က ဥပဒေ ၆၊ ၇ လို့သာ သိထားပေးပါလို့ ဆိုပါတယ် …။ အဲဒီ ဥပဒေရဲ့ ဆိုလိုရင်း အကြမ်းဖျဉ်းက ရုပ်ရည်သံသယ နဲ့ နာမည်သံသယ လို့ ဆိုပါတယ်။
    လူတယောက်ရဲ့ မျိုးရိုး သို့မဟုတ် လူမျိုးကို ရုပ်ရည်ကြည့် ဆုံးဖြတ်ပါသတဲ့ … နာမည်ကို ကြည့် ဆုံးဖြတ်ပါသတဲ့ … ဒီလိုဆိုရင် ရှုမောင် နဲ့ ရှုမောင် မြေးတွေ ရုပ်ရည်အရ အကုန်သွေးနှော ဖြစ်ပါတယ်။
    .
    နာမည်အရ ဆိုရင် ဦးပလာတာ၊ ဦးဂျော်လီဆွေ ၊ ဦးအေဘယ်လ် ၊ ဦးဟင်နရီ ၊ ဒေါ်မာလာ၊ ဒေါ်သီရိ ၊ ဒေါ်ဂျိုက်စ်၊ အကုန် သွေးနှောတွေပဲ ခမျ …
    .
    အစဦးကတည်း ဗမာဆိုတာကိုက သွေးနှော ဗျ … သွေးနှောတွေရဲ့ ရုပ်ရည်တွေကို လေ့လာကြည့်ပါ … မျိုးစုံ ရုပ်ရည်တွေ ရှိပါလိမ့်မယ် … ( ပြောရရင် အဲဒီ မြို့နယ် လ၀က ဦးစီးမှူးနဲ့ ကျနော် ဆိုရင် ကျနော်ကတောင် ပိုပြီး ဗမာဆန်တဲ့ ရုပ်ရည် ရှိတယ်။ စကားချပ် )
    .
    ဆိုတော့ဗျာ … Albinos ရောင်ခြည်ပစ္စည်း မဲ့တဲ့ ရောဂါရှင်တွေကို အကုန် သွေးနှောလို့ သတ်မှတ်ရမလို ဖြစ်နေပါတယ် … ဥပမာ အဆိုတော်ဘိုဖြူကို ဥရောပသားနဲ့ နှောတယ် လုပ်ရမလို ဖြစ်နေပါတယ် …။
    အင်မတန် ရယ်ရွှင်ဖွယ်ကောင်းတယ်လို့ ဆိုချင်ပါတယ်။
    .
    နောက်တချက် နာမည်ဆိုတာ သတ်မှတ်ချက်ပဲဗျ … တဦးနဲ့ တဦး ခွဲခြားလို့ ရအောင် ဆက်သွယ်လို့ ရအောင် သတ်မှတ်ထားတာပဲ ဖြစ်တယ် … နာမည်ဆိုတာကို ကြိုက်သလို ပေးလို့ရတာပါပဲ … ဒါဟာ ကိုယ်ပိုင် လွတ်လပ်ခွင့်သာ ဖြစ်တယ် …။ ပြီးတော့ ဘယ်လူမျိုး ဖြစ်ပါစေ အစ္စလာမ် ဘာသာကို သက်ဝင်ယုံကြည်လာတာနဲ့ အစ္စလာမ် နာမည် မပေးမနေရ ပေးရပါတယ် … ။ ဥပမာ … မိုဟာမက် အလီ ဆိုပါစို့ … ကပ်စီးရပ်ကလေးလို့ အမည်တွင်တဲ့ အမေရိကန် နိုင်ငံသားဟာ အစ္စလာမ်ကို ကူးပြောင်းခံယူ လာတာနဲ့ မိုဟာမက်အလီ လို့ ဖြစ်လာပါတယ် … ဒါဟာ ဘာ ပြဿနာ ရှိလို့ပါပဲ … မိုဟာမက်အလီ လို့ နာမည်ခံယူလိုက်တာနဲ့ သူဟာ အာရဗ်ကြီး ဖြစ်မသွားပါဘူး … အိန္ဒိယ၊ ပါကစ္စတန် ၊ ဘင်္ဂလီ ဖြစ်မသွား ပါဘူး … ခု မြန်မာနိုင်ငံမှာလည်း အစ္စလာမ် ဘာသာဝင်တွေဟာ ဘာလူမျိုးပဲ ခံယူထားပါစေ … ကြိုက်တဲ့ နာမည် ပေးပိုင်ခွင့် ရှိပါတယ် …။ ရှမ်း မွတ်စလင်လေးက စိုင်းဆမ်ထွန်း မဟုတ်ဘဲ … အိုစမာ ဘင်လာဒင် လို့ အမည်ပေးလို့ ရပါတယ် … ပြောင်းပိုင်ခွင့်လည်း ရှိရပါမယ် … ကချင် မွတ်စလင်လေးကလည်း နော်ဆိုင်း မဟုတ်ဘဲ … ဆက်ဒမ်ဟူစိန် လို့ ခံယူခွင့် ရှိပါတယ် …။ အမည် ဆိုတာ သတ်မှတ်ချက်တခု အပြင် လူတိုင်း မိမိ အမည်ကို လွတ်လပ်စွာ မှည့်ခေါ်ပိုင်ခွင့် ရှိကြောင်း ထောက်ပြလိုရင်း သက်သက်သာ ဖြစ်ပါတယ် ….။
    .
    မြို့နယ် လ၀က ကတော့ အစ္စလာမ် ဘာသာဝင် ဆိုတာနဲ့ မြို့နယ်ကနေ နိုင်ကဒ် ထုတ်ပေးခွင့် မရှိကြောင်း တရားဝင် ငြင်းပယ်လိုက်ပါပြီ …။  တိုင်းအဆင့်ကို တင်ပြပြီး ထုတ်ပေးခွင့် ပြုမှသာ ထုတ်ပေးနိုင်မယ် လို့ ပြောပါတယ် … ဒီနေရာမှာလည်း ဗမာ/အစ္စလာမ် နဲ့ တင်ရင် ထုတ်ပေးခွင့် မကျဘူး … သွေးနှောအဖြစ် တင်မှသာ ထုတ်ပေးခွင့် ကျလာလိမ့်မယ် ဆိုတာကို အမှုတွဲဟောင်းတွေ ပြသရင်း ထပ်မံ အတည်ပြု ပြောကြားခဲ့တာကို တွေ့မြင်သိရှိခဲ့ရပါတယ် …။
    .
    ဒီတော့ မေးချင်တာက ရှေးမြန်မာဘုရင် လက်ထက်ကတည်းက သစ္စာရှိ မင်းမှုထမ်းတွေ ကိုယ်ရံတော်တွေ အစရှိတဲ့ အစ္စလာမ် ဘာသာဝင်တွေ … တခါ ဗိုလ်ချုပ်နဲ့ ဦးရာဇတ်ရဲ့ သဘောတူညီမှုအရ ဗမာလူမျိုး အဖြစ် ခံယူခဲ့ကြတဲ့ အစ္စလာမ် ဘာသာဝင်တွေကို အခု ဒီမိုကရေစီခေတ်ကျမှ မတရားသဖြင့် သွေးနှောကို နှောရမယ် ဆိုပြီး ဘယ်ကမှန်း မသိတဲ့ နိုင်ငံ အမည်တွေနဲ့ သွေးနှောနေခြင်းဟာ သင့်လျှော်ပါရဲ့လား … ပြန်လည် စဉ်းစား သုံးသပ်ကြစေလိုပါတယ် …။ ရုပ်ရည်အရ ၊ နာမည်အရ သွေးနှောရမယ် ဆိုတဲ့ လ၀က ဥပဒေကကော တရားသဖြင့် ဟုတ်ပါရဲ့လား ၊ သုံးသပ်ကြစေလိုပါတယ်။
    .
    အာဏာရှင် လက်အောက်မှာ တောင်မှ ဗမာ/အစ္စလာမ် အဖြစ် နိုင်ကဒ် ထုတ်ယူခွင့် ရခဲ့သူတွေဟာ ဒီကနေ့ ဒီမိုကရေစီ အစိုးရလက်ထက်မှာ ထုတ်ယူခွင့် မရ … လူမျိုးကို အတင်းအကျပ် သတ်မှတ်ခံရမယ် ဆိုတော့ အရင်ကထက် ပိုပြီး ရင်နာရပါတယ် …။ ဒါဟာ ဒီမိုကရေစီ နည်းကျပါရဲ့လား ။။ လူ့အခွင့်အရေး နဲ့ ညီညွတ်ကြပါရဲ့လား … မေးခွန်း ထုတ်လိုက်ချင်ပါတယ်…။
    .
    မတရား သွေးနှော အဖြစ် တိုင်းရင်းသား အဖြစ်မှ လျှောချပြီး အဆင့်နိမ့် နိုင်ငံသား အဖြစ် သတ်မှတ်နေပုံတွေကို ဖော်ပြခဲ့ပြီးပါပြီ … ဆက်ပြီး သွေးနှောတာကနေ ဆက်ဖြစ်လာနိုင်တဲ့ အခြေအနေတွေကို အနည်းငယ် သုံးသပ်ကြည့်ချင်ပါသေးတယ် …။
    .
    အခု သွေးနှော အဖြစ် မှတ်ပုံတင်လိုက်တယ် ဆိုပါစို့ … နောက်တချိန် သွေးနှော ချင်း သွေးနှောကနေ ဧည့်နိုင်ငံသား အဆင့်အထိ ပုံဖော်သွားလို့ ရနိုင်ပါတယ်။ ရခိုင်ပြည်နယ်က ကိစ္စတချို့ကို နမူနာ ယူပါ …။
    .
    ရခိုင်မွတ်စလင် တချို့ ကမန် မွတ်စလင် တချို့ဟာ သူတို့ရဲ့ ပန်းရောင် နိုင်ကဒ်တွေရယ် အိမ်ထောင်စု ဇယားတွေရယ်ကို အတင်း အဓမ္မ ပြန်သိမ်းခြင်း ခံခဲ့ရပါတယ် … ပြီးတော့ ၀ှိုက်ကဒ်ဆိုတာတွေ ထုတ်ပေးပြီး ဒီကနေ့ ခိုးဝင် အဖြစ် စွတ်စွဲခံနေရတာတွေ ရှိပါတယ် …။ ဒီလောက်ဆိုရင် သွေးနှောကနေ ဆက်ဖြစ်လာမယ့် ပြဿနာကို အနည်းငယ် မှန်းဆလို့ ရနိုင်လောက်ပါပြီ …။
    .
    ဘွဲ့လက်မှတ် ထုတ်မရလို့ အလုပ်အကိုင် အခွင့်အလမ်း လုပ်စားမရတာတွေ ရှိလာပါပြီ … နောက်တချိန်မှာ နိုင်ငံရေး ပါဝင်ခွင့် ပညာရေး နဲ့ လူမှုရေးတွေမှာ ပါဝင်ခွင့်တွေကို သွေးနှောအဖြစ် ထပ်မံ ကန့်သတ်ခံရဖို့ အလားအလာတွေ ရှိနေပါတယ် …။
    .
    ဒီတော့ ဒီလို မတရားဖိနှိပ် ဘာသာရေးအရ လူမျိုးခွဲခြား နိမ့်ချနေတာကို လက်ခံနေလို့ မရတော့ပါဘူး …။
    .
    ကျနော်တို့ တပြည်လုံးသိအောင် လုပ်မှ ဖြစ်ပါတော့မယ် …။ အထောက်အထားများနဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ရုံး၊ သမ္မတရုံး၊ လွှတ်တော်၊ ပြည်ထောင်စု လ၀က ၀န်ကြီး … အစရှိသဖြင့် စာတင်ပါ့မယ် … မီဒီယာကတဆင့် သတင်းစာ ရှင်းလင်းပွဲ လုပ်ပါမယ် … လိုအပ်ရင် ဆန္ဒဖော်ထုတ် တောင်းဆို သွားပါမယ် လို့ တင်ပြလိုက်ရပါတယ် …။
    .

  • အန္တရာယ်စက်ကွင်းထဲမှ အမေ့ခံ အလုပ်သမား

    အန္တရာယ်စက်ကွင်းထဲမှ အမေ့ခံ အလုပ်သမား

    ရွှေ့ ပြောင်းအလုပ်သမားများထဲတွင် အိမ်အကူတို့သည် အလုပ်ချိန် အများဆုံး၊ အနိုင်ကျင့် အမြတ်ထုတ် အခံရဆုံးဖြစ်နေသည်။

    1937189_1018177331538217_2968197821610980873_n
    ၂ဝ၁၅ နှစ်ကုန်ပိုင်းက ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်းသစ်ရှိ နေအိမ်တစ်ခုတွင် ၈ နှစ်အရွယ် မိန်းကလေး နှိပ်စက်ခံရပုံကို ရိုက်ကူးထားသည့် ဓာတ်ပုံသည် အင်တာနက် လူမှုကွန်ရက်စာမျက်နှာတွင် ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့ခဲ့သည် (ဓာတ်ပုံ – Facebook)

    အိချယ်ရီအောင်

    ရန်ကုန် (Myanmar Now) – ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့နယ် ကျေးလက်ဒေသမှ မခင်ထားကြူသည် သူ၏ ညီမ၊ သူငယ်ချင်း နှစ်ဦးတို့နှင့်အတူ ရန်ကုန်မြို့သို့ ရောက်လာပြီး လွယ်လင့်တကူ ရရှိသည့် အိမ်အကူအလုပ် လုပ်ကိုင်နေကြသည်မှာ ၄ နှစ်ရှိပြီဖြစ်သည်။

    အလုပ်လုပ်သည့်အိမ်တွင် နေထိုင်သည့် မခင်ထားကြူသည် ညဥ့်နက်မှ အိပ်ရာဝင်၊ အိမ်ရှင်များထက် ဦးစွာ အိပ်ရာထကာ အလုပ်တစ်ခုပြီးတစ်ခု ဇယ်ဆက်သလို လုပ်ကိုင်ရသည်မှာ တစ်ပတ်လျှင် ခုနစ်ရက် ဖြစ်သည်။
    “တစ်ရက်တလေတော့လည်း နားချင်တယ်” ဟု ၂၃ နှစ်အရွယ် မခင်ထားကြူက သက်ပြင်းရှည်တစ်ခု ချရင်း ပြောပြသည်။

    သူ့သူငယ်ချင်း အသက် ၂ဝ အရွယ် မမြင့်မြင့်မော်သည် အခြားအလုပ်ရှင်တစ်ဦးထံတွင် ပန်းကန်ဆေး၊ အဝတ်လျှော်၊ ကြမ်းတိုက် စသည့် ရေနှင့် ထိတွေ့ရသည့် အလုပ်များကို ခြေလက်များ ရေဝဲစားသည်အထိ အဆက်မပြတ်လုပ်ခဲ့ရသည်။ ရေဝဲပျောက်အောင် နှစ်လနီးပါးကုသမှုခံယူရပြီး နောက်တစ်အိမ်သို့ ပြောင်းရွှေ့ လုပ်ကိုင်ခဲ့သည်ဟု သိရသည်။

    မခင်ထားကြူတို့၏ လုပ်ငန်းခွင်အခြေအနေမျိုးကို မြန်မာပြည်အနှံ့ အိမ်အကူလုပ်သားများ နေ့စဉ် တွေ့ကြုံနေကြရသည်။ အိမ်ဖော် ဟု လူသိများသည့် အိမ်အကူတို့သည် အလုပ်ရှင်နှင့်အတူ နေထိုင် လုပ်ကိုင်ရသောကြောင့် ၎င်းတို့၏ အလုပ်ချိန်မှာ တစ်ရက်လျှင် ၈ နာရီထက် ပိုနေတတ်သည်။

    ပြင်ပလောက နှင့် အဆက်အသွယ်ဖြတ်ထားခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း၊ အဓမ္မစေခိုင်းခြင်း တို့နှင့် ရင်ဆိုင်နေကြရသော အိမ်အကူအလုပ်သမားများမှာ နိုင်ငံတွင်း ရွှေ့ ပြောင်းအလုပ်သမားများထဲတွင် အနိုင်ကျင့် အမြတ်ထုတ် အခံရဆုံးဖြစ်နေသည်။
    အသက်မပြည့်သေးသော အိမ်အကူ

    ကလေးမွေးစားမည်ဟုပြောဆို ခေါ်ဆောင်သွားပြီးနောက် အိမ်အကူသဘောမျိုး ခိုင်းစေ ဆက်ဆံပြီး ညှင်းပန်းနှိပ်စက်သည့် ဖြစ်ရပ်များ ရှိနေကြောင်း လူ့အခွင့်အရေးပညာပေးအဖွဲ့အစည်း ညီမျှခြင်းမြန်မာမှ ဒါရိုက်တာ ဦးအောင်မျိုးမင်းက ပြောသည်။
    “တစ်ခါတစ်ခါ အိမ်အကူအလုပ်သမားလို့တောင် ပြောလို့မရပါဘူး။ ထမင်းစားကျွန်ခံသဘောမျိုး ဖြစ်နေတယ်” ဟု သူက မှတ်ချက်ချသည်။

    အလုပ်ရှင်တချို့၏ လိင်ပိုင်းဆိုင်ရာ ထိကပါး ရိကပါးပြုခြင်း၊ အနိုင်ကျင့်ခြင်းနှင့် ရင်ဆိုင်ရသည့် အိမ်အကူများလည်း ရှိနေပြီး အနည်းငယ်သော ဖြစ်ရပ်တချို့သာ မီဒီယာတွင် ဖော်ပြခံရသည်ဟု သူက ထောက်ပြသည်။

    ၂ဝ၁၅ ခုနှစ် သြဂုတ်လက ရန်ကုန်၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ သာယာကုန်းရပ်ကွက် အိမ်တစ်အိမ်ရှိ ၁၄ နှစ်အရွယ် အိမ်အကူကို အိမ်ရှင်၏ မောင်ဖြစ်သူ ဦးထွန်းဇော်မြင့်က အဓမ္မပြုကျင့်ခဲ့သည်ဟူသော စွပ်စွဲ တိုင်ကြားချက်ကို မြို့နယ်တရားရုံးက အရေးယူ စစ်ဆေးနေကြောင်း သိရသည်။

    ရွှေပြည်သာမြို့နယ် (၁၉/၄၇)ရပ်ကွက်၊ ချယ်ရီလမ်းမှ ထင်ရှားသည့် ရဲဘက်ပြေး ဦးကျော်ဝင်းစိန်သည် မကြာသေးမီက ၁၄ နှစ်အရွယ် အိမ်အကူ အမျိုးသမီးနှစ်ဦးကို အကြိမ်ကြိမ် သားမယား ပြုကျင့်သူအဖြစ် စွပ်စွဲခံထားရပြီး ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးတွင် တရားရင်ဆိုင်နေရသည်။

    ဒဂုံမြို့နယ်၊ ပြည်ထောင်စုရိပ်သာလမ်းနေအိမ်တစ်အိမ်တွင် အိမ်ရှင်၏ သားနှစ်ဦး အဓမ္မပြုကျင့်ခဲ့သည်ဆိုသည့် အိမ်အကူမိန်းကလေးမှာ ၁၂ နှစ်အရွယ်သာ ရှိသေးသည်။

    အဓမ္မကျင့်ခံရပြီးနောက်ပိုင်း အိမ်အကူနှင့်အလုပ်ရှင်ကြား ကိုယ့်နည်းကိုယ်ဟန်ဖြင့် ဖြေရှင်းမှုလည်း အများ အပြားရှိနိုင်ကြောင်း အရပ်ဖက်အဖွဲ့အစည်းများက ပြောသည်။

    စာနယ်ဇင်းများတွင် ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြခဲ့ကြသည့် ရန်ကုန်၊ ဗဟန်းမြို့နယ်တွင် ဖြစ်ပွားခဲ့သော အမှုနှစ်ခု ရှိသည်။ ကိုယ့်မင်းကိုယ့်ချင်းရပ်ကွက်ရှိ ကိုကြည်လှမြင့်၊ မော်ဒယ်လ် သီရိကိုကိုနိုင်တို့က ၁၄ နှစ်အရွယ် အိမ်အကူမိန်းကလေး၏လက်ကို ဆီပူအိုးထဲနှစ်ခြင်း၊ ရိုက်နှက်ခြင်း၊ အစာမကျွေးဘဲ အခန်းတွင်း ပိတ်လှောင်ထားခြင်း တို့ကို ကျူးလွန်ခဲ့သည်ဆိုသည့်အမှု မြို့နယ်တရားရုံးသို့ ရောက်လာသည်။ တိမ်းရှောင်နေသော မော်ဒယ်လ်အမျိုးသမီးကို ဖမ်းဝရမ်း ထုတ်ခဲ့ပြီး သူ၏ခင်ပွန်းသည်ကို ၂ဝ၁၄ တွင် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၃ နှစ်ချမှတ်လိုက်ကြောင်း တရားရုံးမှတ်တမ်းများတွင် ဖော်ပြထားသည်။

    တက္ကသိုလ်ရိပ်သာလမ်းသစ်ရှိ အိမ်တစ်လုံးတွင် လုပ်ကိုင်နေသူ ၈ နှစ်အရွယ် မစုဝေထွန်း ကြိုးတုပ်ခံရပြီး နေပူထဲ ဒူးထောက်ထိုင်ရသည့်နည်းဖြင့် နှိပ်စက်ခံရပုံသည် Facebook တွင် ပျံ့နှံ့ခဲ့ရာမှာ ထင်ရှားသည့်အမှု ဖြစ်လာသည်။ အမှုဖြစ်ပွားစဉ် ခရီးလွန်နေသည့် အိမ်ရှင်အမျိုးသားသည် တပ်မတော်အရာရှိတစ်ဦး ဖြစ်နေသည် ဆိုသော အချက်ကြောင့်လည်း ထိုအမှုကို အများက အာရုံစိုက်ခဲ့ကြသည်။ မြို့နယ်တရားရုံးက အိမ်ရှင်အမျိုးသမီးနှင့် အခြားအိမ်အကူများကို စစ်ဆေးလျက်ရှိသည်။

    ရန်ကုန်၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ ၄၁ ရပ်ကွက်ရှိ နေအိမ်တစ်အိမ်တွင် လုပ်ကိုင်နေသော ၁၄ နှစ်အရွယ် မသန်းသန်းအိ၏ ဦးခေါင်း၊ ကျော၊ လက်၊ ရင်ဘတ်တို့ကို တုတ်၊ စတီးယောက်မဖြင့် ရိုက်နှက်ခဲ့သည်ဟု စွပ်စွဲခံထားရသည့် အိမ်ရှင်အမျိုးသမီး၊ သမီးနှင့် သားမက်ဖြစ်သူတို့၏ အမှုကို မြို့နယ်တရားရုံးတွင် စစ်ဆေးနေသည်။

    မသန်းသန်းအိသည် အိမ်အကူအဖြစ် ဆက်လက်လုပ်ကိုင်လိုခြင်း မရှိတော့သဖြင့် အရောင်းဈေးသည်အဖြစ် လုပ်ကိုင်နေကြောင်း သူ၏ ဦးလေးဖြစ်သူ ဦးမျိုးဦးက ပြောသည်။

    အိမ်အကူဥပဒေပြဋ္ဌာန်းရေး
    —————————
    အိမ်အကူကို အိပ်စက် အနားယူချိန် အနည်းငယ်သာ ပေးခြင်း၊ ကြမ်းပြင်ပေါ်တွင် အိပ်ခိုင်းခြင်း၊ အဆက်မပြတ် စေခိုင်းခြင်း စသည့် အလုပ်ရှင်တချို့၏ အပြုအမူများမှာ တရားရုံးတွင် သက်သေပြရန် ခက်ခဲလှသည်။

    ညှင်းပန်းနှိပ်စက်ခံရပါကလည်း ရဲစခန်းသို့သွားရောက်တိုင်ကြားသူ နည်းပါးကြောင်း၊ ဒဏ်ရာ၊ မျက်မြင် သက်သေတို့ မရှိလျှင် တရားရုံးတွင်လည်း အခက် တွေ့နိုင်ကြောင်း ရန်ကုန်မှ ရှေ့နေတစ်ဦးဖြစ်သည့် ဦးမောင်မောင်စိုးက ပြောသည်။

    “အိမ်အကူက ပစ္စည်းခိုးပြီးထွက်ပြေးရင် ခိုးမှုနဲ့ တရားစွဲလို့ရတယ်။ အိမ်အကူက အိမ်ရှင်နဲ့ ပြဿနာဖြစ်ရင် အိမ်အကူကို ကာကွယ်ပေးဥပဒေမရှိတဲ့ အခါကျတော့ သူတို့အနေနဲ့ နစ်နာတာပေါ့ဟု” ဦးမောင်မောင်စိုးက ပြောသည်။

    ရဲတပ်ဖွဲ့ မှတ်တမ်းများတွင်မူ အိမ်အကူ နှိပ်စက်ခံရမှုနှင့် ပတ်သက်ပြီး ၅ နှစ်အတွင်း လာရောက်တိုင်ကြားသည့် အမှုအရေ အတွက်မှာ ၈ မှုသာ ရှိကြောင်း တွေ့ရသည်။

    ညီမျှခြင်းမြန်မာမှ ဦးအောင်မျိုးမင်းက မြန်မာနိုင်ငံတွင် အိမ်အကူလုပ်သားဆိုင်ရာဥပဒေ မရှိသေးသော်လည်း ပြဋ္ဌာန်းထားသော ဥပဒေများထဲမှာ ရပိုင်ခွင့်များအကြောင်း အများသိရှိစေရေးအတွက် ပညာပေးအစီအစဉ် အများအပြား လိုအပ်သည်ဟု ဆိုသည်။

    “အိမ်အကူများအနေနဲ့ ဘာဖြစ်ရင် ဘယ်ကိုတိုင်ရမယ်ဆိုတာကို ရှင်းရှင်းလင်းလင်း သိထားဖို့လိုတယ်” ဟု သူက ပြောသည်။

    အမျိုးသမီးများကို နိုင်ငံရေးတွင် ပိုမိုပါဝင်လာစေရန် သင်တန်းပေးနေသည့် အဖွဲ့ဖြစ်သည့် မေ့စွမ်းရည်မှ အစီအစဉ်မန်နေဂျာ နော်အေးအေးလှိုင်က အိမ်အကူအများစုသည် ၎င်းတို့ကိုယ်တိုင် အခွင့်အရေး တောင်းဆိုရကောင်းမှန်း မသိကြကြောင်း ပြောသည်။
    အိမ်အကူများကို သီးသန့် အကူအညီပေးနေသည့် အဖွဲ့အစည်း မရှိသေးကြောင်း၊ အိမ်အကူများအရေး အလေးထားရန် အားနည်းနေကြကြောင်း၊ အလုပ်ရှင်များကလည်း အိမ်အကူ အလုပ်သမားကို လူသားဆန်ဆန် ဆက်ဆံသင့်ကြောင်း နော်အေးအေးလှိုင်က ရှင်းပြသည်။

    “စိတ်ချရတဲ့ ပတ်ဝန်းကျင်ကို ဖန်တီးပေးဖို့ အိမ်ရှင်တွေမှာ တာဝန်ရှိပါတယ်” ဟု နော်အေးအေးလှိုင်က ပြောသည်။

    အလုပ်ရုံနှင့် အလုပ်သမား ဥပဒေစစ်ဆေးရေးဦးစီးဌာန ဒုညွှန်ကြားရေးမှူးချုပ် ဦးညွှန့်ဝင်းက အိမ်အကူနှင့် ပတ်သက်သည့် ဥပဒေ ရေးဆွဲရန် အရပ်ဘက်အဖွဲ့အစည်းများနှင့် ဆွေးနွေးနေကြောင်း၊ အိမ်အကူသည်လည်း လူသားဖြစ်သည့်အတွက် လူ့ဂုဏ်သိက္ခာကို
    မထိခိုက်စေသည့် အခြေခံအကြောင်းအရာများ ထည့်သွင်း ရေးဆွဲရမည် ဖြစ်ကြောင်း ပြောသည်။

    “ငြင်းခုန်ရတာတွေကတော့ အများကြီးပဲ။ ခွင့်ရက်၊ အလုပ်ချိန်တွေက သတ်မှတ်ရ ခက်ခဲပါတယ်။ တစ်နေ့ ၈ နာရီပဲ အလုပ်ချိန်ပေးမယ် ဆိုရင်လည်း အလုပ်ရှင်ပြန်လာတဲ့အချိန် ထမင်းမချက် အဝတ်မလျှော်ဘူး ဆိုတာမျိုးကျတော့လည်း အဆင်မပြေဘူးပေါ့” ဟု ဦးညွန့်ဝင်းက ဆိုသည်။

    အိမ်အကူများ နစ်နာမှုရှိပါက အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနသို့ တိုင်ကြားရမည် ဖြစ်ပြီး၊ ညှဉ်းပန်းနှိပ်စက်ခံရပါက ရဲစခန်းကို တိုင်ကြားရမည် ဟု သူက ဆက်ပြောသည်။

    အိမ်အကူ ဆိုင်ရာ ဥပဒေ ရေးဆွဲရာတွင် အခြေခံလုပ်ခလစာ၊ အလုပ်ချိန်၊ ခွင့်ရက်၊ အနိမ့်ဆုံး အသက် ကန့်သတ်ချက်၊ လုပ်ငန်းအမျိုးအစား၊ ခံစားခွင့်တို့ကို ရှင်းရှင်းလင်းလင်း ထည့်သွင်းရန် လိုအပ်ကြောင်း အရပ်ဘက်အဖွဲ့အစည်းများက ပြောကြသည်။

    ပွဲစား
    ——-
    အိမ်အကူများက အနိုင်ကျင့်ခံရမည်ကို စိုးရိမ်သကဲ့သို့ အိမ်ရှင်အများစုကလည်း အိမ်အကူ ပစ္စည်းခိုးပြီး ထွက်ပြေးမည်ကို စိုးရိမ်ကြသည်။

    ရန်ကုန်၊ တောင်ဥက္ကလာပမြို့နယ်တွင် နေထိုင်သည့် ဒေါ်ခင်ဆွေဝင်းက ၎င်းတို့မိသားစု လိုအပ်သည့် အိမ်အကူ ရရှိရန် ပွဲစားများနှင့် ချိတ်ဆက်ခြင်း မပြုကြောင်း၊ အုပ်ထိန်းသူ တစ်ဦးဦးက လာရောက် ပို့ဆောင်မှသာ အလုပ်ခန့်ထားကြောင်း ပြောသည်။
    “ပွဲစားအများစုက ပြဿနာတစ်ခုခုဖြစ်ရင် ခေါင်းရှောင်ကြတာများတယ်။ မိဘနဲ့ ဆက်သွယ်ထားတဲ့ အခါကျတော့ တစ်ခုခုဖြစ်ရင် တိုက်ရိုက်ဆက်သွယ်လို့ရတယ်” ဟု ဒေါ်ခင်ဆွေဝင်းက ပြောသည်။

    ရန်ကုန်တွင် လုပ်ကိုင်နေသော အိမ်အကူ အများအပြားမှာ တရားဝင် မှတ်ပုံတင်မထားသည့် ပွဲစား၊ အကျိုးဆောင်များမှတစ်ဆင့် အလုပ်ရသွားကြခြင်းဖြစ်သည်။ Myanmar Now ၏ ဆက်သွယ်မေးမြန်းချက်ကို ပွဲစား၊ အကျိုးဆောင် အများစုက လက်ခံ ဖြေကြားခြင်း မရှိကြပေ။

    အိမ်အကူက ပစ္စည်းခိုးခြင်း၊ အိမ်ရှင်က အနိုင်ကျင့်ခြင်း စသည့် ပြဿနာမျိုး ပေါ်ပေါက်မလာစေရန် လူရွေးချယ်ပြီး လုပ်ကိုင်ရကြောင်း၊ အကျိုးဆောင်ပေးခဲ့သည့် ဦးရေမှာ ဆယ်ဂဏန်းများစွာရှိကြောင်း အိမ်အကူပွဲစားလုပ်သက် ၄ နှစ် ပြည့်တော့မည့် ဒေါ်မိုးမိုးက ဆိုသည်။

    “တစ်ခုခုဆို ကိုယ်ခေါင်းပေါ်ရောက်လာမှာလေ။ နှစ်ဘက်လုံးက ကိုယ်နဲ့သိတဲ့ အကြောင်းသိတွေဆိုတော့ ပြဿနာမရှိဘူးပေါ့” ဟု ဒေါ်မိုးမိုးက ပြောသည်။

    ရန်ကုန် ကရင်နှစ်ခြင်းခရစ်ယာန် အမျိုးသမီးအသင်း လက်အောက်ရှိ အိမ်တွင်းဝန်ဆောင်မှု အမျိုးသမီးများအား ကူညီစောင့်ရှောက်ရေးဌာန ဒါရိုက်တာ ဒေါ်နော်ဖေါဝါးက အသင်းဝင်များ အိမ်အကူလုပ်ငန်း လုပ်ဆောင်လိုပါက အလုပ်ရှင်များနှင့် ချိတ်ဆက်ပေးပြီး လုပ်ငန်းခွင်များသို့ အခါအားလျော်စွာ သွားရောက်စစ်ဆေးသည်ဟု ပြောသည်။

    “လူသားတစ်ဦးလို ထားရှိ ဆက်ဆံတာမျိုး မရှိဘူးဆိုရင်တော့ (အလုပ်ရှင်ကို) ပထမအကြိမ် သတိပေးတယ်၊ ဒါကိုမှ မလိုက်နာရင် အိမ်အကူကို အဲဒီလို အိမ်မျိုးမှာ ဆက်မထားတော့ပါဘူး” ဟု သူက ရှင်းပြာသည်။

    ၎င်းတို့အဖွဲ့က အမျိုးသမီး ၁ဝဝ နီးပါးကို ချိတ်ဆက် အကူအညီ ပေးနေကြောင်း၊ အိမ်ရှင်တချို့ ကျူးလွန်သည့် မတရားမှုများထဲတွင် အိမ်အကူကို လတ်ဆတ်မှုမရှိသည့် အစားအစာကျွေးခြင်း၊ အိမ်သာရှေ့၊ ဝရန်တာ၊ ကွန်ကရစ်ကြမ်းခင်း စသည့် နေရာများတွင် အိပ်စက်စေခြင်း၊ နားရက် မပေးခြင်း၊ လုံလောက်စွာ အနားယူ အိပ်စက်ခွင့် မပေးခြင်းတို့ ပါဝင်နေသည်ကို တွေ့ရကြောင်း သူက ရှင်းပြသည်။

    ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသမှ မခင်ထားကြူ ရန်ကုန်တွင် အိမ်အကူ ဖြစ်လာရခြင်းမှာ အလုပ်ချိန် သတ်မှတ်ချက်ရှိသည့် အထည်ချုပ်စက်ရုံအလုပ်ကို ရုတ်တရက် ရှာဖွေရ ခက်ခဲခြင်းကြောင့် ဖြစ်သည်။ ရန်ကုန်တွင် ၄ နှစ်ကြာပြီ ဖြစ်သော်လည်း တခြားအလုပ်ရှာဖွေရန် အခြေအနေ မပေးသည့် မခင်ထားကြူက မွေးရပ်မြေတွင် ပေါင်နှံထားသည့် မိသားစုပိုင်လယ်မြေ ပြန်ရွေးနိုင်ရေးအတွက် ငွေစုလိုသောကြောင့် အနိုင်ကျင့်မှုနှင့် အချိန်မရွေး ရင်ဆိုင်ရနိုင်သော အိမ်အကူအဖြစ် ဆက်လက်လုပ်ကိုင်လျက်ရှိသည်။
    ကျေးလက် လယ်ယာလုပ်ငန်းခွင် ပြန်ဝင်လိုသည့် မခင်ထားကြူက အိမ်အကူအဖြစ် လုပ်ကိုင်နေရသည်မှာ “ဘဝ လုံခြုံမှုမရှိ” ဟု ခံစားရသည်ဟု ပြောသည်။ ။

    Myanmar Now သတင်းဌာနမှ ကူုးယူဖော်ပြခြင်းဖြစ်ပါသည်။