News @ M-Media

Blog

  • မြန်မာဒုက္ခသည်အရေအတွက် ကမ္ဘာ့ အဌမအများဆုံး ဖြစ်နေ

    မြန်မာဒုက္ခသည်အရေအတွက် ကမ္ဘာ့ အဌမအများဆုံး ဖြစ်နေ

    ဇွန် ၂၁၊ ၂၀၁၆
    M-Media

    ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းတစ်ခုမှ ကရင်ဒုက္ခသည်အချို့

    – မြန်မာနိုင်ငံသားများထဲမှ အိုးအိမ်စွန့်ခွာထွက်ပြေးနေရသူ အရေအတွက်မှာ ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် နှစ်ကုန်အထိ ၁ သန်းနီးပါး ရှိနေကာ ကမ္ဘာ့အဌမအများဆုံး ဒုက္ခသည်အုပ်စုဖြစ်သည်ဟု ယမန်နေ့က ထုတ်ပြန်ခဲ့သည့် ကုလ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

    Global Trends Forced Displacement in 2015 အစီရင်ခံစာဖြစ်ပြီး မြန်မာနိုင်ငံအား စွန့်ခွာထွက်ပြေးခဲ့ရသည့် လူပေါင်း ၄၅၁၀၀၀ မှာ အိုးအိမ်အတည်တကျမရှိဘဲ နောက်ထပ် ၄၅၁၀၀၀ မှာ နိုင်ငံအတွင်း ရွှေ့ပြောင်းနေထိုင်နေရသည်ဟု ဆိုသည်။ ယခုနှစ်အစပိုင်းက ထုတ်ပြန်သော ကုလ၏ အစီရင်ခံစာတွင်မူ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားသည့် တိုက်ခိုက်မှုများကြောင့် လူထောင်ပေါင်းများစွာ ထွက်ပြေးခဲ့ရသည်ဟု ဖော်ပြထားသည်။

    သို့သော်လည်း မြန်မာနိုင်ငံမှ ဒုက္ခသည်များမှာ ၂၀၁၅ ခုနှစ်အတွင်း ကမ္ဘာ့အခြားသောဒေသများမှာ ဒုက္ခသည်များထက် ပို၍ တတိယနိုင်ငံများတွင် အခြေချနိုင်ခဲ့သည်ဟုလည်း ကုလ၏ ယမန်နေ့အစီရင်ခံစာအရ သိရသည်။

    ပြီးခဲသည့်နှစ်အတွင်း ကမ္ဘာတစ်ဝှမ်း အခြေချနိုင်ခဲ့သည့် မြန်မာဒုက္ခသည်အရေအတွက်မှာ ၁၉၅၀၀ ရှိခဲ့ပြီး မလေးရှားနိုင်ငံက အများစုကို လက်ခံခဲ့ကာ တောင်ကိုရီးယား၊ အမေရိကန်၊ သြစတေးလျနှင့် အခြားနိုင်ငံများကလည်း အသီးသီး လက်ခံခဲ့ကြသည်။

    မြန်မာဒုက္ခသည်အများမှာ အိမ်နီးချင်းနိုင်ငံများဖြစ်သည့် ထိုင်း၊ အိန္ဒိယ၊ မလေးရှားနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံများတွင် ခိုလှုံနေရသည်။

    အာရှပစိဖိတ်ဒေသအတွင်း အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူများတွင် ပြီးခဲ့သည့်နှစ်အထိ အရေအတွက် အများဆုံးမှာ အာဖဂန်နစ္စတန်ဖြစ်ပြီး ၂.၇ သန်းရှိသည်။

    Ref: mmtimes

  • တရုတ်မှ အမေရိကန်အပေါ် ဆိုက်ဘာတိုက်ခိုက်မှု သိသိသာသာလျော့ကျ

    တရုတ်မှ အမေရိကန်အပေါ် ဆိုက်ဘာတိုက်ခိုက်မှု သိသိသာသာလျော့ကျ

    ဇွန် ၂၁၊ ၂၀၁၆
    M-Media

    china 3

    – တရုတ်ကုမ္ပဏီများ ကမ္ဘာ့ဈေးကွက်တွင် ယှဉ်ပြိုင်နိုင်ရေးအတွက် အမေရိကန်ကုန်သွယ်ရေး လျှို့ဝှက်ချက်များကို ဖောက်ထွင်းရယူမှုတွင် အကူအညီပေးနေခြင်းကို ရပ်တန့်ရန် စက်တင်ဘာတွင် ပေးခဲ့သည့် ကတိက၀တ်ကို တရုတ်အစိုးရက လိုက်နာသည့်ပုံရှိနေသည်ဟု အမေရိကန်အစိုးရ တာဝန်ရှိသူများက ယမန်နေ့တွင် ပြောကြားလိုက်သည်။

    တရုတ်နိုင်ငံ၏ ဆိုက်ဘာတိုက်ခိုက်မှုများကို တိုက်ဖျက်ရာတွင် လူသိများသည့် အမေရိကန် Network လုံခြုံရေးကုမ္ပဏီဖြစ်သော FireEye Inc က ယမန်နေ့တွင် ထုတ်ပြန်သော အစီရင်ခံစာ၌ တရုတ်နိုင်ငံရှိ အဖွဲ့များ၏ ဆိုက်ဘာတိုက်ခိုက်မှုမှာ လွန်ခဲ့သည့် ၂ နှစ်အတွင်း ၉၀ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ပြီး ပြီးခဲ့သည့်နှစ် ၂ နှစ်နိုင်ငံ အပြန်အလှန် သဘောတူညီချက် ရယူပြီးနောက်ပိုင်း သိသိသာသာ လျော့ကျခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။

    အမေရိကန်၏ စီးပွားရေး လျှို့ဝှက်ချက်များကို ဖောက်ထွင်းရယူမှုတွင် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်မှ အထူးအဖွဲ့တစ်ခု ပါဝင်သည်ဟု FireEye Inc ကုမ္ပဏီ၏ Mandiant အဖွဲ့က ၂၀၁၃ ခုနှစ်က ပြစ်တင်ပြောဆိုခဲ့သည်။

    ထိုအဖွဲ့ကို ဦးဆောင်ဖွဲ့စည်းခဲ့ပြီး ကုမ္ပဏီ အမှုဆောင်အကြီးအကဲရာထူးကို ပြီးခဲ့သည့် သီတင်းပတ်က ရယူခဲ့သည့် ကီဗင် မန်ဒီယာကမူ တရုတ်နိုင်ငံ၏ ဆိုက်ဘာတိုက်ခိုက်မှု ထိုကဲ့သို့ လျော့ကျရာတွင် ၂၀၁၃ ခုနှစ်က ၎င်းတို့ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာကြောင့် တရုတ်နိုင်ငံမှာ အရှက်ရသွားခြင်း၊ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်မှ အရာရှိ ၃ ဦးအား တရားစွဲဆိုခြင်းတို့အပါအ၀င် အခြားသော အကြောင်းအရင်း အများအပြားကြောင့် ဖြစ်နိုင်သည်ဟု ပြောကြားခဲ့သည်။

    တရုတ်နိုင်ငံ၏ ဆိုက်ဘာတိုက်ခိုက်မှုဒဏ်ကို ခံစားခဲ့ရသည့် အမေရိကန်ကုမ္ပဏီများတွင် U.S. Steel၊ Alcoa Inc နှင့် Westinghouse Electric တို့ ပါဝင်သည်။

    တရုတ်နိုင်ငံမှ ပြုလုပ်သည့် ဆိုက်ဘာတိုက်ခိုက်မှုများကို တားမြစ်ရေး အမေရိကန်နှင့် တရုတ်တို့ စက်တင်ဘာ သဘောတူညီမှု မတိုင်ခင် အမေရိကန်က မိမိတို့မှာ တရုတ်အာဏာပိုင်များနှင့် ကုမ္ပဏီများကို ပိတ်ဆို့မှုများ ပြုလုပ်မည်ဟု ခြိမ်းခြောက်ခဲ့သည်။

    Ref: Channlenewsasia

  • အနောက်ဖက်ကမ်းရှိ ပါလက်စတိုင်းနေအိမ်များကို အစ္စရေးက ကျူးကျော် ဖျက်ဆီးပြန်

    အနောက်ဖက်ကမ်းရှိ ပါလက်စတိုင်းနေအိမ်များကို အစ္စရေးက ကျူးကျော် ဖျက်ဆီးပြန်

    ဇွန် ၂၁၊ ၂၀၁၆
    M-Media

    west bank

    – ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်း တောင်ဘက်မှာရှိတဲ့ လူနေအဆောက်အအုံတွေကို အစ္စရေးစစ်တပ်က ထပ်မံ ကျူးကျော်ဖျက်ဆီး သိမ်းပိုက်ခဲ့ပြီး၊ ထိုအဖြစ်အပျက်တွင်း အနည်းဆုံး ပါလက်စတိုင်းပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရခဲ့ကာ ၂၆ ဦး အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတယ်လို့ သိရပါတယ်။

    တနင်္ဂနွေနေ့က အစ္စရေးစစ်သားတွေဟာ အနောက်ဖက်ကမ်း ခီရ်ဘတ် ဆူဆယာကျေးရွာက အိမ်နှစ်လုံးကို လုံးဝ ဖြိုချဖျက်ဆီးခဲ့တာဖြစ်ပြီး စပါးကျီတစ်ခုနဲ့ ချက်ပြုတ်ရေးခန်းမတစ်ခု အပါအ၀င် အဆောက်အဦး တော်တော်များများကိုလည်း ဖျက်ဆီးခဲ့ပါတယ်။

    အခန်းနှစ်ခန်းပါ တိုက်ခံအိမ်တစ်လုံးကို ဖြိုချဖျက်စီးမှုအတွင်းမှာ လူ ခုနှစ်ယောက်ပါဝင်တဲ့ မိသားစုကို အိမ်ယာမဲ့ဖြစ်စေခဲ့ပြီး တစ်ညလုံး ကွင်းပြင်ထဲမှာ နေခဲ့ရတယ်လို့ ဆူဆယာကျေးရွာကောင်စီ အကြီးအကဲ ဂျီဟတ် နာဝါဂျာဟ်က ပြောကြားခဲ့ပါတယ်။

    ဒါ့အပြင် ဆူဆယာ ဒေသခံတွေဟာ အစ္စရေးအာဏာပိုင်တွေရဲ့ စနစ်တကျ နယ်မြေသိမ်းပိုက်မှုဒဏ်ကို ခံစားနေရတယ်လို့လည်း ၎င်းက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    ပါလက်စတိုင်းပြည်သူ ၃၀၀ လောက်နေထိုင်တဲ့ ဆူဆယာဒေသမှာ အစ္စရေးက တရားမ၀င်အခြေချအိမ်ယာတွေကိုလည်း ဆောက်လုပ်ထားပြီး၊ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ လောက်ကတည်းက အစ္စရေးဟာ ဒီဒေသကို တစ်ဖြည်းဖြည်း ကျူးကျော် သိမ်းယူလာခဲ့တာ ဖြစ်ပါတယ်။ အဲဒီဒေသက ပါလက်စတိုင်းပြည်သူတွေဟာ အများအားဖြင့် လယ်ကွင်းတွေမှာ နေကြရပြီး သောက်သုံးရေနဲ့ လျှပ်စစ်ဓာတ်အားကိုလည်း အစ္စရေးအာဏာပိုင်တွေက ဖြတ်တောက်ထားခဲ့ပါတယ်။

    Ref : Presstv

  • ယာဇီဒီအမျိုးသမီး ၃၀၀ ကျော်ကို IS လက်မှ အီရတ် ကယ်တင်နိုင်ခဲ့

    ယာဇီဒီအမျိုးသမီး ၃၀၀ ကျော်ကို IS လက်မှ အီရတ် ကယ်တင်နိုင်ခဲ့

    ဇွန် ၂၁၊ ၂၀၁၆
    M-Media

    yazidi 2

    – ပြီးခဲ့တရက်ပိုင်းက ပြန်လည်သိမ်းပိုက်ရရှိခဲ့တဲ့ ဖာလူဂျာမြို့မှာ IS အကြမ်းဖက်သမားတွေ လက်ကနေ ယာဇီဒီလူမျိုး အမျိုးသမီး ၃၅၄ ယောက်ကို အီရတ်တပ်ဖွဲ့တွေက ကယ်ဆယ်နိုင်ခဲ့တယ်လို့ ကာ့ဒ်ဒေသအစိုးရရဲ့ ယာဇီဒီတိုင်းရင်းသားရေးရာ တာဝန်ရှိသူ ဟာဒီ ဒူဘာနီက ပြောကြားလိုက်ပါတယ်။

    “၂၀၁၄ ခုနှစ် သြဂုတ်လမှာ ယာဇီဒီလူမျိုးတွေ အဓိကနေထိုင်တဲ့ ဆင်ဂျာဒေသကို IS က ထိန်းချုပ်စဉ်အတွင်း ပြန်ပေးဆွဲခံထားရတဲ့ ယာဇီဒီအမျိုးသမီး ၃၅၄ ဦးကို ဖာလူဂျာမြို့ လွတ်မြောက်ရေးတိုက်ပွဲမှာ ပါဝင်ခဲ့တဲ့ အီရတ်တပ်ဖွဲ့တွေက လွတ်မြောက်စေခဲ့ပါတယ်” လို့ ဒူဘာနီက ဆိုပါတယ်။

    အဲဒီ အမျိုးသမီးတွေဟာ လက်ရှိအချိန်မှာ ဖာလူဂျာတောင်ပိုင်း အလ်အမီရီယာနယ်မြေကို ရောက်ရှိနေပြီး၊ အီရတ်တပ်ဖွဲ့တွေရဲ့ အကာအကွယ် ရရှိနေပြီဖြစ်ကာ သူတို့ မူလနေထိုင်ရာ ကာ့ဒ်ဒေသကို ပြန်လည်ပို့ဆောင်ပေးသွားဖို့ စီစဉ်နေတယ်လို့လည်း ၎င်းက ထည့်သွင်း ပြောကြားခဲ့ပါတယ်။

    အီရတ်တပ်ဖွဲ့တွေဟာ IS လက်ထဲမှာ ၂ နှစ်ခွဲလောက်ရှိခဲ့တဲ့ ဖာလူဂျာမြို့ကို ပြီးခဲ့တဲ့ ဇွန်လ ၁၇ ရက်နေ့က ပြန်လည်သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

    ကြသပတေးနေ့က ကုလရဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့တစ်ခုကနေ ထုတ်ပြန်တဲ့အစီရင်ခံစာမှာ IS တွေဟာ ယာဇီဒီလူမျိုး အမျိုးသမီးနဲ့ ကလေးတွေ ၃၂၀၀ လောက်ကို ဖမ်းဆီးထားပြီး အထူးသဖြင့် စစ်ပွဲတွေဖြစ်နေတဲ့ ဆီးရီးယားနိုင်ငံမှာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

    Ref: Presstv

  • အင်္ဂလန်၏ ဂိုးမြူးသည့်အချိန် မကြာမီလာမည်ဟု နည်းပြပြော

    အင်္ဂလန်၏ ဂိုးမြူးသည့်အချိန် မကြာမီလာမည်ဟု နည်းပြပြော

    ဇွန် ၂၁၊ ၂၀၁၆
    M-Media

    eng 3

    – ယူရို ၂၀၁၆ အုပ်စုပွဲစဉ် ၃ ပွဲစလုံးတွင် ဘောလုံးပိုင်ဆိုင်မှုအသာဖြင့် ကစားနိုင်ခဲ့သည့် မိမိတို့အသင်း၏ ဂိုးမြူးမှုမှာ မကြာခင်လာတော့မည်ဟု အင်္ဂလန်နည်းပြ ရွိုင်ဟဒ်ဆန်က ပြောကြားလိုက်သည်။

    ပြီးခဲ့သည့် တစ်ပတ် ဝေးလ်အသင်းအား နောက်မှလိုက်စားကာ ၂ ဂိုး ၁ ဂိုးဖြင့်အနိုင်ရခဲ့သည့် အင်္ဂလန်အသင်းကို ဟဒ်ဆန်က ၆ နေရာအပြောင်းအလဲလုပ်ခဲ့ပြီး ယနေ့မနက် ဆလိုဗက်ကီးယားနှင့် အုပ်စုပွဲတွင် ရင်ဆိုင်စေခဲ့ကာ ဂိုးမရှိသရေဖြင့် အဆုံးသတ်ခဲ့သည်။

    ထို့ကြောင့် အင်္ဂလန်မှာ ရမှတ် ၅ မှတ်ဖြင့် ဝေးလ်၏အောက် အုပ်စု ဒုတိယဖြင့်သာ နောက်ဆင့် တက်ရာက်နိုင်ခဲ့သည်။ ဟဒ်ဆန်ကမူ မိမိတို့အသင်း၏ ဂိုးမြူးမှုမှာ မကြာမီလာမည်ဟု ဆိုသည်။

    “ဒီလိုပြိုင်ပွဲမှာ အုပ်စု ၃ ပွဲစလုံး ကျွန်တော်တို့လောက် ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ လွှမ်းမိုးနိုင်ခဲ့တဲ့ အင်္ဂလန်အသင်းမျိုး တစ်သက်နဲ့တစ်ကိုယ် တစ်ခါမှ ကျွန်တော် မမြင်ဖူးပါဘူး။ ဒါ့ကြောင့် တစ်မျိုးကျေနပ်မိပြီး ဒီလိုသာ ပွဲကိုလွှမ်းမိုးပြီး အခွင့်အရေးတွေ ဖန်တီးနိုင်မယ်ဆိုရင် ဂိုးတွေ တစ်ဒိုင်းဒိုင်းသွင်းတဲ့အချိန် မကြာခင်လာတော့မှာပါ” ဟု ပွဲအပြီးတွင် ဟဒ်ဆန်က ပြောကြားခဲ့သည်။

    ထို့ပြင် ထိုပွဲတွင် ၀ိန်းရူနီနှင့် ဟယ်ရီကိန်းတို့အပါအ၀င် အဓိကကစားသမားအချို့အား ချန်လှပ်ထားမှုအတွက် ဝေဖန်မှုများကိုလည်း ၎င်းက တုန့်ပြန်ခဲ့ပြီး အသင်းအနိုင်ရပါက ထိုဝေဖန်မှုမျိုး ပေါ်ထွက်လာမည်မဟုတ်ဟု ထပ်လောင်းပြောကြားခဲ့သည်။

    Ref : Goal