News @ M-Media

Blog

  • ရော်နယ်ဒင်ဟိုမှာ လက်ရှိ ဘောလုံးဘုရင်များထက် ပိုကောင်းသည်ဟု ဒေကိုပြော

    ရော်နယ်ဒင်ဟိုမှာ လက်ရှိ ဘောလုံးဘုရင်များထက် ပိုကောင်းသည်ဟု ဒေကိုပြော

    ဇွန် ၁၈၊ ၂၀၁၆
    M-Media

    rndh

    – လက်ရှိကမ္ဘာ့ဘောလုံးစင်မြင့်တွင် ပြိုင်ဘက်ကင်းကစားသမားများဖြစ်သော လီယွန်နယ်မက်ဆီနှင့် ခရစ္စတီယာနိုရော်နယ်ဒိုတို့ထက် ရော်နယ်ဒင်ဟိုက ပို၍ ပါရမီရှင်ကစားသမားဖြစ်သည်ဟု ဘာစီလိုနာကစားသမားဟောင်း ဒေကိုက ပြောကြားလိုက်သည်။

    ပေါ်တူဂီကစားသမားဖြစ်သူ ဒေကိုမှာ ၂၀၀၈ ခုနှစ် ဘာစီလိုနာမှာ မထွက်ခွာခင် ရော်နယ်ဒင်ဟိုနှင့်အတူ ကစားခဲ့ပြီး လာလီဂါဖလား ၂ ကြိမ်နှင့် ချန်ပီယံလိဂ်တစ်ကြိမ် ရရှိခဲ့သည်။

    မက်ဆီနှင့် ရော်နယ်ဒိုတို့မှာ လက်ရှိဘောလုံးလောကတွင် ပြိုင်ဘက်ကင်းကစားသမားအဖြစ် သတ်မှတ်ခြင်းခံထားရသော်လည်း ဒေကိုကမူ ၎င်းတို့နှစ်ဦးမှာ ကမ္ဘာ့အကောင်းဆုံးနေရာ ရရှိရန်အတွက် ၎င်းတို့၏ အခြားသော စွမ်းအားများကို အသုံးပြုခဲ့ပြီး ရော်ယန်ဒင်ဟိုကမူ ထိုကဲ့သို့မဟုတ်ဟု ဆိုသည်။

    “ခရစ္စတီယာနိုဟာ ငယ်ရွယ်ပြီး၊ အားကစားရည်ပြည့်ဝတဲ့သူဖြစ်သလို အင်မတန်လည်း ယှဉ်ပြိုင်နိုင်စွမ်းရှိပါတယ်။ မက်ဆီကတော့ လက်ရှိ ဘာစီလိုနာမှာ ဘောလုံးနဲ့ပတ်သက်ပြီး သူလုပ်နိုင်တာကိုလုပ်ဖို့ ပြင်းပြင်းထန်ထန် ကြိုးပမ်းနေသူပါ။ ရော်နယ်ဒင်ဟိုက ဒီလိုမဟုတ်ဘဲ မွေးရာပါ ထူးခြားတဲ့အရည်အသွေးရှိသူ ဖြစ်ပါတယ်။ ကျွန်တော်တို့ သူ့ဆီကို ဘောလုံးပေးလိုက်တိုင်း သူ့ရဲ့လှုပ်ရှားမှုနဲ့ ဂိုးသွင်းမှုတွေဟာ တစ်ခြားကမ္ဘာက လာသလိုပါပဲ။ သူဟာ လီယိုနဲ့ ခရစ္စတီယာနိုရော်နယ်ဒိုတို့ထက်ပိုပြီး ပါရမီရှိပါတယ်။ ကျွန်တော်တို့ ဘာလုပ်ရမလဲဆိုတာ မသိတဲ့အခြေအနေမျိုးတွေမှာတောင် သူဟာ ခင်ဗျားအတွက် အခွင့်အရေးတွေ ဖန်တီးပေးမှာပါ” ဟု ဒေကိုက ပြောကြားခဲ့သည်။

    Ref: Goal

  • မိုးခေါင်ရေရှားနေသည့် နိုင်ဂျာနိုင်ငံတွင် တူရကီက ရေတွင်းများ တူးပေးမည်

    မိုးခေါင်ရေရှားနေသည့် နိုင်ဂျာနိုင်ငံတွင် တူရကီက ရေတွင်းများ တူးပေးမည်

    ဇွန် ၁၈၊ ၂၀၁၆
    M-Media

    turkey 6

    – အာဖရိက က မိုးခေါင်ရေရှားမှုဒဏ်ကို ဆိုးရွားစွာ ရင်ဆိုင်နေရတဲ့ နိုင်ဂျာနိုင်ငံမှာ ရေတွင်းတွေ တူဖော်ပေးမယ်လို့ တူရကီနိုင်ငံအခြေစိုက် Cansuyu ပရဟိတနှင့် ညီညွတ်ရေးအသင်းက ယခုတစ်ပတ်အတွင်းမှာ ပြောကြားလိုက်ပါတယ်။

    “နိုင်ဂျာမှာ ရေတွင်းတွေတူးဖော်ဖို့ စည်းရုံးလှုပ်ရှားမှုတွေ စတော့မှာပါ” လို့ ယင်းပရဟိတအဖွဲ့ရဲ့ အာဖရိကကိုယ်စားလှယ်ဖြစ်သူ မီဆု ဆေလန်က ပြောကြားခဲ့ပါတယ်။

    မိုးခေါင်ရေရှားမှုကြောင့် နိုင်ဂျာပြည်သူတွေဟာ သောက်သုံးရေးပြတ်လတ်မှုဒဏ်ကို အလွန်အမင်း ခံစားနေရပြီး ရေရှိဖို့အတွက် တန်းစီးစောင့်ဆိုင်းနေရတာမျိုးတွေလည်း ရှိနေပါတယ်။

    “ဒီကိစ္စကို ချက်ချင်းဖြေရှင်းပေးဖို့ လိုပါတယ်။ ဥပမာ၊ သူတို့ကို ကိုယ့်ဘာသာကိုယ် ဖြေရှင်းနိုင်စွမ်းရှိဖို့၊ အသက်မွေးဝမ်းကျောင်းသင်တန်းတွေ ဦးစားပေး ဆောင်ရွက်ရပါမယ်။ ဒီကိစ္စနဲ့ပတ်သက်တဲ့ ဌာနဆိုင်ရာအသင်းအပင်း၊ အဖွဲ့အစည်းတွေနဲ့အတူ လိုအပ်တဲ့စီမံကိန်းတွေလည်း ချမှတ်ဆောင်ရွက်ရပါမယ်” လို့ ဆေလန်က ထပ်လောင်းပြောကြားခဲ့ပါတယ်။

    Cansuyu ပရဟိတအသင်းဟာ အခုနှစ် ရမ်ဇာန်ဥပုသ်လအတွင်းမှာ နိုင်ဂျာပြည်သူတွေအတွက် အစားအသောက် အကူအညီတွေကိုလည်း ထောက်ပံ့ပေးအပ်ထားပါတယ်။ ပြီးခဲ့တဲ့နှစ်တွေအတွင်း တူရကီနိုင်ငံက အကူအညီပေးရေး အဖွဲ့တွေဟာ နိုင်ငံဂျာနိုင်ငံမှာ ရေတွင်းအမြောက်အများ တူးပေးတာ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပေးအပ်တာ စတဲ့ ထောက်ပံ့ကူညီမှုတွေကို ပြုလုပ်ပေးခဲ့ပါတယ်။

    ကမ္ဘာ့အဆင်းရဲဆုံးစာရင်းဝင် နိုင်ငံတွေထဲက တစ်ခုဖြစ်တဲ့ နိုင်ဂျာဟာ ကုလသမဂ္ဂရဲ့ ၂၀၁၅ ခုနှစ်က ထုတ်ပြန်တဲ့ အစီရင်ခံ
    စာအရ လူသားဖွံ့ဖြိုးမှုညွှန်းကိန်းစာရင်းမှာ အဆင့် ၁၈၈ သာရရှိခဲ့ပါတယ်။

    Ref; IINA

  • ဆော်ဒီ၏ ကမ္ဘာ့အကူအညီ ကုလ၏ သတ်မှတ်ချက်ထက် ပိုမိုများပြား

    ဆော်ဒီ၏ ကမ္ဘာ့အကူအညီ ကုလ၏ သတ်မှတ်ချက်ထက် ပိုမိုများပြား

    ဇွန် ၁၈၊ ၂၀၁၆
    M-Media

    saudi 3

    – နှစ်ပေါင်း ၃၆ နှစ်အတွင်းမှာ ကမ္ဘာတစ်ဝှမ်း လိုအပ်နေတဲ့ နိုင်ငံတွေအတွက် ဆော်ဒီအာရေဗျရဲ့ ကူညီထောက်ပံ့မှုဟာ ကန်ဒေါ်လာ ၉၉.၇၅ ဘီလီယံရှိခဲ့ပြီး ဒါဟာ အလှူရှင်နိုင်ငံတွေအနေနဲ့ သူတို့ရဲ့ လှူဒါန်းမှုဟာ နိုင်ငံ ဂျီဒီပီရဲ့ ၀.၇ ရာခိုင်နှုန်း ရှိရမယ်ဆိုတဲ့ ကုလရဲ့ သတ်မှတ်ချက်ကို ကျော်လွန်သွားခဲ့တာလည်း ဖြစ်ပါတယ်။

    လူ့အခွင့်အရေးကောင်စီက ကုလသမဂ္ဂ ဆင်းရဲမွဲတေမှုနဲ့ လူ့အခွင့်အရေးဆိုင်ရာ အထူကိုယ်စားလှယ် ဖီလစ် အလ်တ်ဆန်နဲ့ ပြုလုပ်တဲ့ ဆွေးနွေးပွဲတစ်ခုမှာ ကုလသမဂ္ဂဆိုင်ရာ ဆော်ဒီသံအမတ်ကြီး ဖိုင်ဆယ် ဘင် ထရဒ်က မိမိတို့တိုင်းပြည်ဟာ ဆင်းရဲမွဲတွေမှု တိုက်ဖျက်ရေး၊ ပြည်တွင်းနဲ့ နိုင်ငံတကာအဆင့်မှာ လူနေမှုအဆင့်အတန်း တိုးတက်ရေးတို့ကို အာရုံစိုက် လုပ်ဆောင်နေတယ်လို့ ပြောကြားခဲ့ပါတယ်။

    ဆော်ဒီဟာ ကုလရဲ့ နိုင်ငံတကာဖွံ့ဖြိုးရေးအစီအစဉ်များထဲမှာ အဓိကမိတ်ဖက်တစ်ဦးဖြစ်ပြီး၊ ပြင်ပအကူအညီနဲ့အလှူအတန်းကိစ္စတွေအတွက် နိုင်ငံခြားရေးမူဝါဒမှာ သိသိသာသာ ထည့်သွင်းဖော်ပြထားပါတယ်။ ပြီးတော့ ဆော်ဒီဟာ ကမ္ဘာ့ထိပ်တန်း အလှူရှင်နိုင်ငံတွေက တစ်နိုင်ငံလည်း ဖြစ်ပါတယ်။

    ထရဒ်ကတော့ မိမိတို့နိုင်ငံဟာ အစ္စလာမ့်မစ်နိုင်ငံတွေရော၊ အခြားနိုင်ငံတွေကိုပါ အကူအညီပေးရေးဆိုတဲ့ ပေါ်လစီကို စိတ်အားထက်သန်စွာ လုပ်ဆောင်နေတယ်လို့ ထပ်လောင်း ပြောကြားခဲ့ပါတယ်။

    ၁၉၇၃ ခုနှစ်ကနေ ၂၀၀၉ ခုနှစ်အတွင်း ဖွံ့ဖြိုးဆဲနိုင်ငံတွေအတွက် ကူညီပေးနေတဲ့ ဆော်ဒီအာရေဗျရဲ့ စုစုပေါင်းကူညီမှုဟာ ကန်ဒေါ်လာ ၉၉.၇၅ ဘီလီယံအထိရှိခဲ့ပြီး ဒါဟာ ကုလက သတ်မှတ်ထားတဲ့ အလှူရှင်နိုင်ငံတစ်ခုရဲ့ ထည့်ဝင်လှူဒါန်းငွေ သတ်မှတ်ချက်ပမာဏထက် ကျော်လွန်ခဲ့တာ ဖြစ်ပါတယ်။

    Ref : IINA

  • ဝေးလ်နိုင်ပွဲက မိမိတို့အသင်း ကြောက်စရာကောင်းကြောင်း ပြသလိုက်ခြင်းဟု အင်္ဂလန်ကွင်းလယ်လူပြော

    ဝေးလ်နိုင်ပွဲက မိမိတို့အသင်း ကြောက်စရာကောင်းကြောင်း ပြသလိုက်ခြင်းဟု အင်္ဂလန်ကွင်းလယ်လူပြော

    ဇွန် ၁၈၊ ၂၀၁၆
    M-Media

    eng

    – ဝေးလ်နှင့်ပွဲတွင် တိုက်စစ်မှူးစတားရစ်ခ်ျ၏ ပွဲအပေါ် ရိုက်ခတ်မှုက မိမိတို့အသင်းတွင် ကြောက်စရာကောင်းသော စွမ်းဆောင်ရည်မျိုး ရှိကြောင်း သက်သေပြလိုက်ခြင်းဖြစ်သည်ဟု အင်္ဂလန်ကွင်းလယ်လူ အဒမ် လာလနာက ပြောကြားလိုက်သည်။

    ကြာသာပတေးနေ့က ကစားခဲ့သည့် အုပ်စု B ဒုတိုမြောက်ပွဲစဉ်တွင် ဝေးလ်မှာ ဂါရက်ဘေးလ်၏ ဖရီးကစ်ဂိုးဖြင့် ဦးဆောင်နိုင်ခဲ့သော်လည်း ဒုတိယပိုင်းမှ ၀င်ရောက်လာသည့် ဗာဒီက ချေပဂိုး ပြန်သွင်းခဲ့ကာ စတားရစ်ခ်ျက နာကျင်အချိန်ပိုတွင် အနိုင်ဂိုး သွင်းယူနိုင်ခဲ့သည်။ စတားရစ်ခ်ျမှာလည်း ဒုတိယပိုင်းမှ ၀င်ရောက်စားခဲ့ခြင်းဖြစ်သည်။

    အသင်းဖော် လာလနာကမူ စတားရစ်ခ်ျ၏ ထိုစွမ်းဆောင်ရည်က မိမိတို့တစ်သင်းလုံးတွင် ရှိနေသည့် အရည်အသွေးကို မီးမောင်းထိုးပြလိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။

    “နည်းပြက လူစားသွင်းလိုက်တဲ့ ကစားသမား ၂ ယောက်စလုံးဟာ အသင်းပေါ် ရိုတ်ခတ်မှုရှိတာကို ချီးကျူးရမှာပါ။ ဒါက ကျွန်တော်တို့အသင်းရဲ့ ကစားသမား ၂၃ ယောက်စလုံး ဘယ်လောက်ကောင်းတယ်ဆိုတာကို ပြသလိုက်တာလည်း ဖြစ်ပါတယ်။ မတူညီတဲ့အခြေအနေတွေမှာ သုံးလို့ရနိုင်တဲ့ ၀ီလ်ရှိုင်းယား၊ ဟန်ဒါဆန်၊ မီလ်နာတို့လို့ ကစားသမားတွေ အရန်ခုံမှာရှိနေပြီး နောက်ခံအလယ်လူ ၂ ယောက်လည်း ရှိနေပါတယ်။ ဒါကာ ကျွန်တော်တို့လူစာရင်း ဘယ်လောက်တောင့်တင်းလဲဆိုတာကို ပြသနေပါတယ်။ စတားရစ်ခ်ျနဲ့ ဗာဒီတို့ဟာ ဒုတိပိုင်းမှဝင်လာပြီး ပြိုင်ဘက်အသင်းက ‘သွားပါပြီကွာ’ လို့ ပြောရလောက်တဲ့ အထိပါပဲ” ဟု လာလနာက ပြောကြားခဲ့သည်။

    Ref : Goal

  • အမေရိကန်ဆန့်ကျင်ရေး ဆန္ဒပြမှု ဂျပန်တွင် မြင့်တက်လာ

    အမေရိကန်ဆန့်ကျင်ရေး ဆန္ဒပြမှု ဂျပန်တွင် မြင့်တက်လာ

    ဇွန် ၁၈၊ ၂၀၁၆
    M-Media

    japan 2

    – အိုကီနာဝါကျွန်းမှာ အမေရိကန်စစ်အခြေစိုက်စခန်း ထားရှိမယ့်ကိစ္စကို မကျေနပ်ကြောင်း ဂျပန်ပြည်သူတွေက ယမန်နေ့မှာ ဆန္ဒပြမှုတွေ ထပ်မံပြုလုပ်ခဲ့ပြီး အဲဒီ ဆန္ဒပြမှုအတွင်း ရဲတပ်ဖွဲ့ဝင်တွေနဲ့ ရုန်းရင်းဆန်ခတ်မှုတွေ ဖြစ်ခဲ့ပါတယ်။

    အိုကီနာဝါပြည်နယ်က Camp Schwab လို့ခေါ်တဲ့ အမေရိကန်ရေတပ်စခန်းအပြင်ဘက်မှာ ဆန္ဒပြခဲ့ကြတာဖြစ်ပြီး အမေရိကန်တပ်ဖွဲ့တွေ တိုင်းပြည်အတွင်းမှာ ရှိနေတာကိုလည်း ဂျပန်ပြည်သူတွေက ရှုတ်ချခဲ့ပါတယ်။ ဂျပန်အစိုးရဟာ အဲဒီ ရေတပ်စခန်းကို အိုကီနာဝါကျွန်းမှာ ပြန်လည်နေရာချထားပေးဖို့ စီစဉ်နေတာဖြစ်ပြီး ဂျပန်ပြည်သူတွေကတော့ လက်မခံဘဲ မကြာခဏ ဆန္ဒပြနေကြတာ ဖြစ်ပါတယ်။

    ဒေါသထွက်နေတဲ့ ဆန္ဒပြသူတွေက စခန်းရဲ့ အဓိက၀င်ပေါက်ကို ပိတ်ဆို့ပြီး ပြန်လည်နေရာချထားမယ့် အစိုးရရဲ့အစီအစဉ်ကို မကျေနပ်ကြောင်း “မရိန်းတပ်သားများ အခုထွက်သွား” ဆိုတဲ့ ဆိုင်းဘုတ်များကိုင်ဆောင်ကာ ကြွေးကြော် အော်ဟစ်ခဲ့ကြပါတယ်။

    ရဲများက လူစုလူဝေးကို အင်အားသုံးဖြိုခွဲဖို့ ကြိုးစားခဲ့တဲ့အတွက် ရုန်းရင်းဆန်ခတ်မှုအချို့လည်း ဖြစ်ပွားခဲ့ပါတယ်။ အမေရိကန်စစ်အခြေစိုက်စခန်းကို ဆန့်ကျင်တဲ့အနေနဲ့ အကြီးစား ထိုင်သပိတ်ကြီးတစ်ခုကို အိုကီနာဝါကျွန်းပေါ်မှာ ပြုလုပ်ဖို့အတွက် ဂျပန်ပြည်သူတွေက စီစဉ်ထားကြပါတယ်။

    မကြာသေးခင်က ဂျပန်အမျိုးသမီးတစ်ဦး အဓမ္မပြုကျင့် အသတ်ခံရမှုအတွက် အမေရိကန်စစ်စခန်းက အလုပ်သမားတစ်ဦးကို သံသယရှိသူအဖြစ် ဖမ်းဆီးထားပြီးနောက်မှာ အမေရိကန်ဆန့်ကျင်ရေး ဆန္ဒပြမှုတွေဟာ ဂျပန်နိုင်ငံတစ်ဝှမ်းမှာ မြင့်တက်လာခဲ့ပါတယ်။

    Ref: Presstv