News @ M-Media

Blog

  • အီရန်အပေါ် အနောက်နိုင်ငံများ၏ ရန်လိုမှု အဆုံးမသတ်သေးဟု နိုင်ငံခြားရေးဝန်ကြီး ပြော

    အီရန်အပေါ် အနောက်နိုင်ငံများ၏ ရန်လိုမှု အဆုံးမသတ်သေးဟု နိုင်ငံခြားရေးဝန်ကြီး ပြော

    ဇွန် ၁၄၊ ၂၀၁၆
    M-Media

    zarif 2

    – ပြီးခဲ့တဲ့နှစ်က ကမ္ဘာ့အင်အားကြီး ၆ နိုင်ငံနဲ့ နျူသဘောတူညီချက် ရယူပြီးဖြစ်ပေမယ့် အဲဒီသဘောတူညီချက်က မိမိတို့နိုင်ငံအပေါ် ရန်လိုမှုတွေ အဆုံးသတ်ဖို့ အာမ မခံနိုင်ဘူးလို့ အီရန်နိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဂျာဗဒ်ဇာရစ်ဖ်က တနင်္ဂနွေနေ့မှာ ပြောကြားလိုက်ပါတယ်။

    အဲဒီသဘောတူညီချက် ရလဒ်တွေနဲ့ပတ်သက်လို့ အီရန် လွှတ်တော်အမတ်တွေကို အကျဉ်းချုံးတင်ပြတဲ့ ပါလီမန်အစည်းဝေးကို တက်ရောက်စဉ် ၀န်ကြီးက ဒီလိုပြောကြားလိုက်တာပါ။

    “ဒီသဘောတူညီချက်ဟာ တစ်ဖက်က ရန်လိုမှုတွေ အဆုံးသတ်သွားမယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး၊ ဘာလို့လဲဆိုတော့ သူတို့ဟာ အီရန်ကို ခလုတ်ကန်သင်းလို့ အမြဲတမ်း ရှုမြင်နေလို့ပါပဲ။ ပြီးတော့ ဒါဟာ သူတို့ရဲ့အဖျက်အမှောင့်လုပ်ရပ်တွေကို စွန့်လွှတ်လိုက်မယ်လို့ ဆိုလိုတာမျိုးလည်း မဟုတ်ပါဘူး”

    နျူသဘောတူညီချက် ရယူချိန်ကစပြီး အမေရိကန်နဲ့ သူ့ရဲ့အပေါင်းအပါတွေဟာ အီရန်ရဲ့ ဒုံးကျည်စီမံကိန်းတွေအပေါ် ပစ်မှတ်ထားလျက်ရှိနေပြီး၊ အီရန်အစိုးရ တာဝန်ရှိသူတွေကတော့ အနောက်နိုင်ငံတွေဟာ ဖျက်လိုဖျက်ဆီးလုပ်ဖို့ အမြဲလိုလို ကြိုစားနေတယ်လို့ ပြောကြားထားပါတယ်။

    ဇာရစ်ဖ်ကတော့ အီရန်ရဲ့ဒုံးကျည်အစီအစဉ်တွေဟာ နျူကလီးယားသဘောတူညီချက်နဲ့ မသက်ဆိုင်ဘူးလို့ အဲဒီပါလီမန်အစည်းအဝေးမှာ ထပ်လောင်းပြောကြားခဲ့ပါတယ်။

    Ref : Presstv

  • ကမ္ဘာ့ဖလားဒဏ်ရာကို ကုသရန် ကွန်တီက အီတလီအသင်းအား တိုက်တွန်း

    ကမ္ဘာ့ဖလားဒဏ်ရာကို ကုသရန် ကွန်တီက အီတလီအသင်းအား တိုက်တွန်း

    ဇွန် ၁၄၊ ၂၀၁၆
    M-Media

    conte

    – ၂၀၁၄ ကမ္ဘာ့ဖလားတွင် စောစီးစွာ ထွက်ခွာခဲ့ရသည့် ဒဏ်ရာအား ကုသရေး ရည်ရွယ်ထားရာတွင် မိမိတို့၏အာရုံစိုက်မှုလမ်းကြောင်းလွဲ၍မရဟု အီတလီနည်းပြ အန်တိုနီယို ကွန်တီက ပြောကြားလိုက်သည်။

    ယူရို ၂၀၁၆ အုပ်စု G အဖွင့်ပွဲစဉ်အဖြစ် ယနေ့မနက်က ကစားခဲ့သည့် ဘယ်လ်ဂျီယံနှင့်ပွဲစဉ်တွင် အီတလီမှာ ဗိုလ်စွဲရန်ရေပန်းစားနေသည့် အသင်းများစာရင်းတွင် ပါဝင်သော ဘယ်လ်ဂျီယံအသင်းကို ၂ ဂိုးပြတ်ဖြင့် အနိုင်ရရှိအောင် ကစားနိုင်ခဲ့သည်။

    ထိုနိုင်ပွဲကြောင့် အီတလီမှာ ယူရိုတွင် အောင်မြင်မှုရမည်ဟု တစ်ပေးခြင်းခံထားရသည့်စာရင်းတွင် ပါဝင်လာနိုင်သည်ဆိုသည့် ပြောကြားချက်များကို ကွန်တီက ငြင်းဆိုခဲ့သည်။

    “တစ်ပွဲလောက်နဲ့ လူတွေရဲ့ သုံးသပ်မှုကို ပြောင်းလဲနိုင်မယ်လို့ ကျွန်တော် မထင်ပါဘူး။ ကျွန်တော်တို့ အခု ဗိုလ်စွဲနိုင်တော့မယ်လို့ ပြောတဲ့သူဟာ ဘောလုံးအကြောင်း ဘာမှ နားမလည်တဲ့သူပဲ ဖြစ်ပါလိမ့်မယ်။ ကမ္ဘာ့ဖလားကနေ ရရှိခဲ့တဲ့ဒဏ်ရာက အခုအချိန်အထိ မကျက်သေးပါဘူး။ အဖွင့်ပွဲစဉ်မှာ ကျွန်တော်တို့ ကစားပုံကောင်းခဲ့ပြီးတဲ့နောက် အုပ်စုအဆင့်ကနေ လှည့်ပြန်ခဲ့ရတဲ့ လွန်ခဲ့ ၂ နှစ်က ဒီအတွေ့အကြုံဟာ အခုအချိန်အထိ ရိုက်ခတ်နေတုန်းပါပဲ။ ယူရိုမှာ ကျွန်တော်တို့ ၁၆ သင်းအဆင့်ကို ရောက်ချင်ပြီး ထိုက်တန်တဲ့နေရာ ရရှိတဲ့အထိ ရှေ့ဆက်သွားချင်ပါတယ်” ဟု ကွန်တီက ပြောကြားခဲ့သည်။

    Ref: Goal

  • အိမ်နီးချင်းခရစ်ယာန်များ ဘုရားကျောင်းဆောက်လုပ်နိုင်ရန် ပါကစ္စတန်မွတ်စလင်များက ရန်ပုံငွေရှာဖွေပေး

    အိမ်နီးချင်းခရစ်ယာန်များ ဘုရားကျောင်းဆောက်လုပ်နိုင်ရန် ပါကစ္စတန်မွတ်စလင်များက ရန်ပုံငွေရှာဖွေပေး

    ဇွန် ၁၄၊ ၂၀၁၆
    M-Media

    paki church

    – ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်း ပန်ဂျပ်ဘ်ပြည်နယ်က မွတ်စလင်ရွာသားတွေဟာ ငွေကြေးချို့တဲ့တဲ့ အိမ်နီးချင်းခရစ်ယာန်မိတ်ဆွေတွေအတွက် ခရစ်ယာန်ဘုရားကျောင်းတစ်ခု တည်ဆောက်ဖို့ ရန်ပုံငွေရှာဖွေပေးမှု၊ လုပ်အားစိုက်ထုတ်မှုတွေ ပြုလုပ်ပေးနေတယ်လို့ သိရပါတယ်။

    ပါကစ္စတန်နိုင်ငံရဲ့ အထည်လိပ်စက်ရုံများတည်ရှိရာ ဖိုင်ဆာလာဘဒ်ဆိုတဲ့ရွာလေးမှာ ပေါ်ထွက်လာခဲ့တဲ့ အဲဒီလှုပ်ရှားမှုကို မွတ်စလင်ရွာသားတွေက အီစတာပွဲတော်မတိုင်ခင်မှာ စတင် ဆောင်ရွက်ပေးခဲ့တာ ဖြစ်ပါတယ်။

    “ရွာထဲမှာ ခရစ်ယာန်လူဦးရေဟာ အလွန်နည်းပါးပြီး မိသားစု ၂၀ လောက်သာ ရှိပါတယ်၊ သူတို့မှာ ၀တ်ပြုဆုတောင်းဖို့အတွက် နေရာမရှိကြပါဘူး” လို့ ဒေသခံဘုန်းတော်ကြီး ဖာသာ အဖ်တဘ် ဂျိမ်းစ်က ပြောကြားခဲ့ပါတယ်။

    နောက်ပြီး ရွာထဲက ခရစ်ယာန်တွေအနေနဲ့ နေ့ထူးနေ့မြတ်တွေမှာ ၀တ်ပြုဆုတောင်းဖို့ တစ်ယောက်ယောက်ရဲ့ နေအိမ် ဒါမှမဟုတ် အခြားနေရာတစ်ခုခုကို အသုံးပြုရတယ်လို့လည်း ဖာသာက ထပ်လောင်း ပြောကြားခဲ့ပါတယ်။

    “ဒါပေမယ့် ဒီက ရွာခံမွတ်စလင်တွေဟာ သူတို့ရဲ့ ခရစ်ယာန်အိမ်နီးချင်းတွေအတွက် လက်ဆောင်အဖြစ် ဘုရားဝတ်ပြုဆောင်လေးတစ်ခု ဆောက်ပေးဖို့ ကမ်းလှမ်းလာကြပါတယ်။ ဒီလိုအပြုအမူမျိုးအတွက် ကျွန်တော်တို့ရဲ့ မွတ်စလင်ညီအကိုတွေကို အထူးကျေးဇူးတင်ရှိပါတယ်။ ပြီးတော့ ကျွန်တော်တို့ ဂုဏ်လည်းယူပါတယ်”

    အဲဒီ ခရစ်ယာန်ဘုရားကျောင်းဆောက်လုပ်ဖို့အတွက် ပါကစ္စတန် ရူပီး ၇ သိန်းလောက်ကုန်ကျမယ်လို့ ခန့်မှန်းထားပြီး လက်ရှိအချိန်မှာတော့ မွတ်စလင်တွေက ၁ သိန်းခွဲလောက်အထိ ရရှိအောင် ဆောင်ရွက်ထားနိုင်ပြီဖြစ်ပါတယ်။

    ရန်ပုံငွေရရှိရေးလှုပ်ရှားမှုမှာ ပါဝင်နေတဲ့ မွတ်စလင်တစ်ဦးဖြစ်သူ မီအန် အီဂျက်ဇ်က အလယ်အလတ် ၀တ်ပြုဟောခန်းတစ်ခုနဲ့ နောက်ထပ် အခန်းတစ်ခုပါဝင်မယ့် အဲဒီ ဘုရားကျောင်းလေး တည်ဆောက်ဖို့အတွက် ရန်ပုံငွေအားလုံးကို မိမိတို့ကသာ ရှာဖွေစုဆောင်းပေးသွားမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    “ရွာထဲမှာ ဗလီ ၄ လုံးရှိနေပြီး ခရစ်ယာန်တွေကတော့ ၀တ်ပြုဖို့ နေရာမရှိပါဘူး။ သူတို့အများစုဟာ ဆင်းရဲကြတယ်။ ပြီးတော့ သူတို့ကိုယ်ပိုင် ဘုရားကျောင်းဆောက်လုပ်ဖို့အတွက်လည်း ရန်ပုံငွေ မရှိရှာပါဘူး။ ပါကစ္စတန်ဟာ အစွန်းရောက်တွေရဲ့ နိုင်ငံမဟုတ်ဘဲ ဘာသာရေးသည်းခံမှုနဲ့ သဟဇာတဖြစ်မှုကို မြတ်နိုးခုံမင်ကြသူတွေရှိတဲ့ တိုင်းပြည်ဖြစ်တယ်ဆိုတာ ကျွန်တော်တို့ ကမ္ဘာကြီးကို ချပြချင်ပါတယ်။ အစွန်းရောက်တွေဟာ လူတစ်စုသာ ဖြစ်ပါတယ်”

    Ref : IINA

  • ဘာသာပေါင်းစုံ ချစ်ကြည်ရေး စုပေါင်း ဝါဖြေပွဲ မင်္ဂလာတောင်ညွန့်၊ ရေတွင်းကုန်းမှာ ကျင်းပမည်

    ဘာသာပေါင်းစုံ ချစ်ကြည်ရေး စုပေါင်း ဝါဖြေပွဲ မင်္ဂလာတောင်ညွန့်၊ ရေတွင်းကုန်းမှာ ကျင်းပမည်

    သတင်း- သူရိန်
    M-Media
    ၁၄.၆.၂၀၁၆
    .13442251_1708349142716084_3409481689483485475_n
    မြန်မာနိုင်ငံတွင်းရှိ တစ်ဘာသာနဲ့ တစ်ဘာသာ ရင်းနှီးချစ်ကြည် ၍ အပြန်အလှန် နားလည်ကြစေရန် ရည်ရွယ်ပြီး အစ္စလာမ် ဘာသာဝင်များ၏ ဥပုသ်လ ဝါဖြေပွဲ တစ်ရပ်ကို ဘာသာပေါင်းစုံနှင့် အတူ မင်္ဂလာတောင်ညွန့် မြို့နယ်မှာ ကျင်းပမည် ဖြစ်ကြောင်းသိရသည်။

    မင်္ဂလာတောင်ညွန့်မြို့နယ် ရေတွင်းကုန်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှာ ကျင်းပမည့် အဆိုပါ ဘာသာပေါင်းစုံ စုပေါင်း ဥပုတ်ထွက် ဝါဖြေပွဲကို Social Alliance အဖွဲ့နှင့် ပူးပေါင်း ကျင်းပခြင်းလည်း ဖြစ်သည်။

    မြန်မာနိုင်ငံတွင် ဇွန်လ ၇ ရက်နေ့မှ စတင်ကျရောက်သည့် အစ္စလာမ် ဘာသာဝင်များရဲ့ ရမဿွာန် ဥပုသ်လအတွင်း ကျင်းပမှာဖြစ်ပြီး ဗုဒ္ဓဘာသာမှ ဆရာတော် သံဃာများ ခရစ်ယာန် ဆရာတော်များ၊ ဟိန္ဒူဘာသာမှ ဆရာတော်များ  ပင့်ဖိတ်ကာ မြို့နယ်အုပ်ချုပ်ရေးမှူး အပါအဝင်  ဘာသာပေါင်းစုံအဖွဲ့နဲ့အတူ ရပ်ကွက်ထဲမှ မိတ်ဆွေများ စုံညီ စွာဖြင့် ပြုလုပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

  • ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံလာမည်

    ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံလာမည်

    ဇွန် ၁၃၊ ၂၀၁၆
    M-Media

    french

    – ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး ဂျင်း-မာ့ခ် အေရုလ်မှာ ယခုလအတွင်း မြန်မာနိုင်ငံသို့ တရားဝင် လာရောက်လည်ပတ်မည်ဟု ရန်ကုန်မြို့ရှိ ပြင်သစ်သံရုံးက ပြောကြားလိုက်သည်။

    အဆိုပါခရီးစဉ်မှာ ဇွန်လ ၁၆ ရက်နေ့မှ ၁၉ ရက်နေ့အထိ ကြာမြင့်မည်ဖြစ်ပြီး ဇွန်လ ၁၇ ရက်နေ့တွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးထင်ကျော်အပါအ၀င် ထိပ်တန်းတာဝန်ရှိသူများနှင့် တွေ့ဆုံရန် ရှိနေသည်ဟု သံရုံး၏ ပထမအတွင်းဝန် ဆိုနီယာ တဘ်ဘက်ခ်က ပြောကြားခဲ့သည်။

    ထို့ပြင် ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးမှာ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ စွမ်းအင်ဝန်ကြီး ဦးဖေဇင်ထွန်းတို့နှင့်လည်း တစ်နေ့တည်း တွေ့ဆုံသွားရန် ရှိနေသည်။

    “ရည်ရွယ်ချက်ကတော့ မြန်မာနိုင်ငံက ဒီမိုကရေစီအကူးအပြောင်းအတွက် ပြင်သစ်အစိုးရရဲ့ ထောက်ခံအားပေးမှုကို ပြန်လည်းဆန်းသစ်ဖို့နဲ့ ပြင်သစ်ဖွံ့ဖြိုးရေးအေဂျစီကနေတစ်ဆင့် ပေးနေတဲ့ ပြင်သစ်ရဲ့ ဖွံ့ဖြိုးတိုးတက်ရေး အကူအညီမှာ လာမည့်နှစ်တွေအတွက် ဘဏ္ဍာငွေထည့်ဝင်သွားမယ်ဆိုတာကို ကြေငြာဖို့ဖြစ်ပါတယ်” ဟု မစ် တဘ်ဘက်ခ်က ထပ်လောင်းပြောကြားခဲ့သည်။

    မစ္စတာအေရုလ်မှာ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်၊ ပြင်သစ် အန်ဂျီအိုအဖွဲ့များနှင့် စီးပွားရေး လုပ်ငန်းရှင်များ၊ မြန်မာနိုင်ငံရှိ အရပ်ဖက်အဖွဲ့အစည်းများနှင့်လည်း ဇွန်လ ၁၈ ရက်နေ့တွင် တွေ့ဆုံမည်ဖြစ်သည်။ ဇွန်လ ၁၉ ရက်နေ့တွင်မူ ရန်ကုန်မြို့ရှိ ၀န်ကြီးများရုံးဟောင်းနှင့် ကုလအတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်၏ နေအိမ်သို့ သွားရောက်လည်ပတ်မည်ဖြစ်သည်။

    ၎င်းလာရောက်လည်ပတ်မှုမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီက ဖေဖော်ဝါရီလတွင် အာဏာရပါတီအဖြစ် တာဝန်ယူခဲ့ပြီးနောက် ပြင်သစ်နိုင်ငံ၏ ကိုယ်စားလှယ်တစ်ဦး ပထမဆုံး လာရောက်လည်ပတ်ခြင်းဖြစ်သည်။

    Ref: mmtimes