News @ M-Media

Blog

  • ဆိုရှယ်မီဒီယာတွင် သတင်းများ အခမဲ့ရနေမှုက သတင်းဌာနများအတွက် စိန်ခေါ်မှုဖြစ်လာ

    ဆိုရှယ်မီဒီယာတွင် သတင်းများ အခမဲ့ရနေမှုက သတင်းဌာနများအတွက် စိန်ခေါ်မှုဖြစ်လာ

    ဇွန် ၁၅၊ ၂၀၁၆
    M-Media

    social

    – အွန်လိုင်းအသုံးပြုသူများအကြား သတင်းရယူသည့် ရင်းမြစ်များတွင် ဆိုရှယ်မီဒီယာများက ထိပ်တန်း၌ ရှိလာခဲ့ပြီး ထိုကဲ့သို့ သတင်းများကို အခမဲ့ ရရှိလာမှုများက အရည်အသွေးပြည့်မီသည့် သတင်းဌာနများအတွက် စိန်ခေါ်မှု ဖြစ်လာခဲ့သည်ဟု Reuters သတင်းဌာနမှ ဂျာနယ်လစ်ပညာရပ်ဆိုင်ရာ လေ့လာမှုအသင်း (RISJ) ၏ လေ့လာမှုတစ်ခုအရ သိရသည်။

    Facebook နှင့် အခြားသော ဆိုရှယ်မီဒီယာများမှ သတင်းရယူကြသူ အရေအတွက်မှာ အွန်လိုင်းသုံးစွဲသူပမာဏ၏ ထက်ဝက်ကျော်ရှိနေပြီး ၎င်းတို့မှာ သတင်းများအတွက် ငွေကြေးမသုံးစွဲလိုကြခြင်း၊ ကြော်ငြာများကို ပိတ်ထားသည့် နည်းလမ်းကို အသုံးပြုခြင်း စသည်တို့က သတင်းဌာနများ၏ အကျိုးအမြတ်ကို ထိခိုက်စေသည်ဟု RISJ မှ ထုတ်ပြန်ခဲ့သည့် စာတမ်းတွင် ဖော်ပြထားသည်။

    ဆိုရှယ်မီဒီယာများတွင် သတင်းများကို အခမဲ့ဖြန့်ဝေခြင်းက သုံးစွဲသူအများအပြားထံသို့ ရောက်ရှိသော်လည်း သတင်းဌာနများအနေဖြင့် ပရိတ်သတ်များ၏ အသိအမှတ်ပြုမှု၊ ပရိတ်သတ်များနှင့် ဆက်သွယ်မှုတို့တွင် အခက်အခဲများလည်း ရှိလာခဲ့သည်။

    Facebook မှာ အွန်လိုင်းသတင်းများ စီးဆင်းရာ အဓိက ဆိုရှယ်မီဒီယာတစ်ခု ဖြစ်နေပြီး အွန်လိုင်းအသုံးပြုသူ ၄၄ ရာခိုင်နှုန်းက Facebook ကို သတင်းရင်းမြစ်အဖြစ် အသုံးပြုနေကြသည်။ You Tube က ၁၉ ရာခိုင်နှုန်းဖြင့် ဒုတိယလိုက်နေပြီး Twitter ကမူ ၁၀ ရာခိုင်နှုန်းဖြင့် တတိယ လိုက်နေသည်။

    Ref: Channelnewsaisa

  • မိမိတို့အသင်း နောက်တစ်ဆင့်တက်နိုင်မည်ဟု ဆွစ်ဇာလန်နောက်ခံလူ ပြော

    မိမိတို့အသင်း နောက်တစ်ဆင့်တက်နိုင်မည်ဟု ဆွစ်ဇာလန်နောက်ခံလူ ပြော

    ဇွန် ၁၅၊ ၂၀၁၆
    M-Media

    swis

    – မိမိတို့ အသင်းအနေဖြင့် ယူရိုပြိုင်ပွဲ ရှုံးထွက်အဆင့်သို့ တက်ရောက်ရန်အတွက် အရည်အသွေးရှိနေပြီဟု ဆွစ်ဇာလန်နောက်ခံလူ ယိုဟန် ဂျိုရူးက ပြောကြားလိုက်သည်။

    အုပ်စု A အဖွင့်ပွဲစဉ်တွင် ဆွစ်ဇာလန်မှာ အလ်ဘေးနီယားအသင်းအား ၁ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ပြီး အိမ်ရှင်ပြင်သစ်နှင့်အတူ ၃ မှတ်ရရှိထားသည်။ ယနေ့ညတွင် ရိုမေးနီးယားအသင်းနှင့် ကစားရမည်ဖြစ်ပြီး နောက်ခံလူ ဂျိုရူးကမူ ဆွစ်ဇာလန်မှာ လက်ရှိအဆင့်ထက်ပို၍ ရောက်ရှိနိုင်သည်ဟု ယုံကြည်နေသည်။

    “ကျွန်တော်တို့မှာ အရည်အသွေးရှိတယ်ဆိုတာ ကျွန်တော်တို့ သိပါတယ်။ ပြိုင်ပွဲတစ်ခုမှာ အစကောင်းဖို့ အရေးကြီးပြီး၊ ပြီးရင်တော့ ရှေ့ဆက် ချီတက်ရတာပါပဲ။ (ရိုမေးနီးယားနဲ့ပွဲမှာ) ၃ မှတ်ယူဖို့ ကျွန်တော်တို့ အဆင်သင့် ဖြစ်နေရပါမယ်။ ဒါပြီးရင် နောက်ထပ် ဘယ်လောက်ဝေးဝေးသွားနိုင်မလဲဆိုတာ ဘယ်သူသိနိုင်မှာလဲ။ ပထမအဆင့် စမ်းသပ်မှုကတော့ ပြီးသွားပါပြီ။ ကျွန်တော်တို့ ကိုယ်ကိုကိုယ် ပြန်ဆန်းစစ်ရမှာဖြစ်ပြီး၊ တတ်နိုင်သလောက် အမြင့်ပျံနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်” ဟု ဂျို ရူးက ပြောကြားခဲ့သည်။

    Ref: Goal

  • ဆီးရီးယားအရေး သံတမန်နည်းလမ်းဖြင့်သာ ဖြေရှင်းနိုင်မည်ဟု အီရန်ပြော

    ဆီးရီးယားအရေး သံတမန်နည်းလမ်းဖြင့်သာ ဖြေရှင်းနိုင်မည်ဟု အီရန်ပြော

    ဇွန် ၁၅၊ ၂၀၁၆
    M-Media

    syria

    – ဆီးရီးယားက ငါးနှစ်ကြာပဋိပက္ခတွေ အဆုံးသတ်နိုင်ဖို့ဟာ စစ်ရေးနဲ့ ဖြေရှင်းရမှာမဟုတ်ပဲ သံခင်းတမံခင်းနည်းလမ်းနဲ့သာ ချဉ်းကပ်ဖြေရှင်းနိုင်မယ်လို့ အီရန်နိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဂျာဗဒ် ဇာရစ်ဖ်က ပြောကြားလိုက်ပါတယ်။

    နော်ဝေနိုင်ငံ အော်စလိုကို ရောက်ရှိနေတဲ့ ဇာရစ်ဖ်က နော်ဝေနိုင်ငံခြားရေးဝန်ကြီး ဘိုအာဂျီ ဘရန်ဒီနဲ့ တနင်္လာနေ့မှာပြုလုပ်တဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ ဒီလို ပြောကြားလိုက်တာဖြစ်ပြီး အီရန်အနေနဲ့ ဆီးရီးယားအရေးကို သံတမန်ရေးရာ စေ့စပ်ညှိနှိုင်းတဲ့ နည်းလမ်းနဲ့သာ ဖြေရှင်းနိုင်မယ်လို့ ယုံကြည်ထားပါတယ်လို့ ၎င်းက ထပ်လောင်းပြောကြားခဲ့ပါတယ်။

    နောက်ပြီး အီရန်ရဲ့ အဓိကအချက်လေးချက်စီမံကိန်းက ဆီးရီးယားပြဿနာကို အဖြေရှာဖို့ ကူညီပေးနိုင်မယ်လို့လည်း သူက ဆိုပါတယ်။ အီရန်က ဆီးရီးယားအရေးအတွက် အဓိကအချက်လေးချက် ငြိမ်းချမ်းရေးစီမံကိန်းတစ်ခုကို ရေးဆွဲထားပြီး အဲဒါတွေကတော့ အမျိုးသားညီညွှတ်ရေးအစိုးရ ဖွဲ့စည်းရေး၊ အပစ်ခတ်ရပ်စဲရေး၊ အကြမ်းဖက်မှုကို တိုက်ဖျက်ရေးနဲ့
    အခြေခံဥပဒေပြောင်းလဲပြင်ဆင်ရေးတို့ ဖြစ်ပါတယ်။

    ၂၀၁၁ ခုနှစ်မတ်လကတည်းက စတင်ခဲ့တဲ့ ဆီးရီးယားပြည်တွင်းစစ်ကြောင့် သေဆုံးသူအရေအတွက် ၄ သိန်းကျော် ရှိလာခဲ့
    ပြီလို့ ကုလရဲ့ ထုတ်ပြန်မှုအရ သိရပါတယ်။

    Ref : Presstv

  • ပြိုင်ဘက်အိုက်စလန်အသင်းအား ရော်နယ်ဒို ဝေဖန်

    ပြိုင်ဘက်အိုက်စလန်အသင်းအား ရော်နယ်ဒို ဝေဖန်

    ဇွန် ၁၅၊ ၂၀၁၆
    M-Media

    portugul

    – ယူရို ၂၀၁၆ အုပ်စု H အဖွင့်ပွဲစဉ်တွင် သရေတစ်မှတ်ရယူနိုင်ခဲ့သည့် အိုက်စလန်အသင်းမှာ အားကစားစိတ်ဓာတ် အနည်းငယ်သာရှိသည်ဟု ပေါ်တူဂီတိုက်စစ်မှူး ရော်နယ်ဒိုက ဝေဖန်ပြောကြားလိုက်သည်။

    ယနေ့မနက်က ပေါ်တူဂီနှင့်ကစားခဲ့သည့် ထိုပွဲတွင် နာနီ၏ ဦးဆောင်ဂိုးကို အိုက်စလန်က ပြန်လည်ချေပနိုင်ခဲ့ပြီး သမိုင်းတစ်လျှောက် ပထမဆုံး ၀င်ရောက်ယှဉ်ပြိုင်ခွင့်ရသည့် အဓိကပြိုင်ပွဲကြီးတစ်ခုတွင် မဖြစ်နိုင်ဆုံး သရေတစ်မှတ်ကို ရယူနိုင်ခဲ့ခြင်းဖြစ်သည်။

    ထိုပွဲတွင် ဂိုးသွင်းခွင့်အများအပြား ရရှိခဲ့သော်လည်း ဂိုးမသွင်းနိုင်ခဲ့သည့် ရော်နယ်ဒိုကမူ အိုက်စလန်အသင်းအား ဝေဖန်ခဲ့သည်။

    “နည်းနည်းတော့ စိတ်ပျက်ဖို့ကောင်းပါတယ်။ ဒီပွဲကိုနိုင်ဖို့ ကျွန်တော်တို့ ပြင်းပြင်းထန်ထန် ကြိုးစားခဲ့ပါတယ်။ အိုက်စလန်ကတော့ ဘာမှကို မကြိုးစားခဲ့ပါဘူး။ သူတို့ ၁ ဂိုးရသွားတယ်။ မိနစ် ၉၀ လုံးမှာမှ သူတို့ ၂ ကြိမ်လောက်သာ အခွင့်အရေးရတာပါ။ ကျန်တဲ့အချိန်တွေမှာ သူတို့ ကစားသမားတွေဟာ ဘောလုံးကို မထိပါဘူး။ ဂိုးနားမှာ ဘတ်စ်ကားကြီးလို ပိတ်နေပြီး၊ အသင်းတစ်သင်းက ဒီလို ကြိုးစားအားထုတ်မှုမရှိဘူးဆိုရင် ကစားရတာ ခက်ပါတယ်။ ဒါပေမယ့် ပေါ်တူဂီကတော့ ဘောလုံးကို ဘောလုံးနဲ့တူအောင် ကစားခဲ့ပြီး အနိုင်ရဖို့ ကြိုးစားခဲ့ပါတယ်” ဟု ရော်နယ်ဒိုက ပွဲအပြီးတွင် ပြောကြားခဲ့သည်။

    Ref: Goal

  • လက်နက်များ လွပ်လပ်စွာ ပြန့်နှံမှုအတွက် ပုပ်ရဟန်းမင်းကြီး ရှုတ်ချ

    လက်နက်များ လွပ်လပ်စွာ ပြန့်နှံမှုအတွက် ပုပ်ရဟန်းမင်းကြီး ရှုတ်ချ

    ဇွန် ၁၅၊ ၂၀၁၆
    M-Media

    pope 2

    – ကမ္ဘာတစ်ဝှမ်းလုံး လက်နက်တွေ ပူပျံနေစေတဲ့ မျက်နှာပြောင်တိုက်လွတ်လပ်မှု၊ ဖြေလျော့ပေးထားမှုတွေကို ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ရှုတ်ချလိုက်ပြီး ဒါဟာ လူ ၅၀ ကျော် သေဆုံးစေခဲ့တဲ့ အော်လန်ဒိုပစ်ခတ်မှုအပြီး နောက်တစ်ရက်မှာ ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။

    တနင်္လာနေ့က အီတလီနိုင်ငံ ရောမမြို့က ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ရဲ့ ရုံးချုပ်မှာ ပြောကြားတဲ့မိန့်ခွန်းမှာ ဒီလို ရှုတ်ချလိုက်တာဖြစ်ပြီး လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရင် အနှောက်အယှက်အတားအဆီးတွေ ရှိနေတဲ့အချိန်မှာ လူသတ်လက်နက်တွေကိုတော့ ဖောဖောသီသီ ရရှိနေတယ်လို့လည်း ဝေဖန်ခဲ့ပါတယ်။

    “အကူအညီတွေ၊ ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းတွေက အရေးမပါတဲ့ နိုင်ငံရေးဆိုင်ရာဆုံးဖြတ်ချက်တွေ၊ အတွေးအခေါ်ချွတ်ချော်တိမ်းစောင်းမှုတွေ၊ ထိုးဖောက်လို့မရတဲ့ ဓလေ့ထုံးတမ်း အဆီးအတားတွေနဲ့ ပိတ်ဆို့ခံထားရနေပေမယ့် လက်နက်တွေကတော့ ဒီလိုမဟုတ်ပါဘူး။ လက်နက်တွေ ဘယ်ကရောက်လာလဲဆိုတဲ့ကိစ္စက သိပ်ထူးထူးခြားခြားကိစ္စတော့ မဟုတ်ပါဘူး။ အဲဒီလက်နက်တွေဟာ ကမ္ဘာ့နေရာတော်တော်များများမှာ မျက်နှာပြောင်တိုက်ပြီး၊ လွတ်လွတ်လပ်လပ်နဲ့ ပြန့်နှံ့နေတာပဲလေ။ ရလဒ်အနေနဲ့ကတော့ ကျွန်တော်တို့ အသက်တွေ စတေးရတာပါပဲ” လို့ ပုပ်ရဟန်းမင်းကြီးက ပြောကြားခဲ့ပါတယ်။

    တနင်္ဂနွေနေ့ကလည်း ပုပ်ရဟန်းမင်းကြီးက အော်လန်ဒိုပစ်ခတ်တိုက်ခိုက်မှုဟာ မိုက်မဲတဲ့လူသတ်မှုဖြစ်ပြီး အဓိပ္ပါယ်မရှိတဲ့ မုန်းတီးမှုတစ်ခုသာဖြစ်တယ်လို့ ရှုတ်ချပြောဆိုခဲ့ပါတယ်။ နောက်ပြီး ကမ္ဘာတစ်ဝှမ်းမှာ ငတ်မွတ်ခေါင်းပါးမှု၊ အချို့သောနေရာဒေသတွေမှာ အစားအသောက်တွေ အလွန်အမင်း ဖြန်းတီးမှုနဲ့ပတ်သက်ပြီးတော့လည်း ဖရန်စစ်က တနင်္လာနေ့မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    Ref: Presstv