News @ M-Media

Blog

  • အမျိုးသားရေးအစွန်းရောက်များအား ပြုပြင်ပေးမည့်အစီအစဥ်ကို ဘင်္ဂလားဒေ့ရှ် စတင်မည်

    အမျိုးသားရေးအစွန်းရောက်များအား ပြုပြင်ပေးမည့်အစီအစဥ်ကို ဘင်္ဂလားဒေ့ရှ် စတင်မည်

    ဇူလိုင် ၂၊ ၂၀၂၂
    M-Media

    -အစ္စလာမ့်မစ် အမျိုးသားရေး အစွန်းရောက်တွေ လမ်းကြောင်းမှန်ပေါ် ပြန်ရောက်လာရေး စိတ်ပိုင်းဆိုင်ရာ ပြုပြင်တည့်မတ်ပေးမယ့် အစီအစဥ်သစ်တစ်ခုကို ဘင်္ဂလားဒေ့ရှ်က မကြာခင် စတင်ပါတော့မယ်။

    ထောင်ကျနေတဲ့ အစွန်းရောက်တွေ၊ စစ်သွေးကြွတွေမှာ ဒီအစီအစဥ်ကို စတင်အကောင်အထည်ဖော်မှာဖြစ်ပါတယ်။

    ၂၀၁၆ ခုနှစ် မြို့တော်ဒါကာက စားသောက်ဆိုင်တစ်ခုကို အစ္စလာမ့်မစ် စစ်သွေးကြွတွေ ၀င်ရောက်တိုက်ခိုက်ခဲ့ပြီးတဲ့နောက် ဘင်္ဂလားဒေ့ရှ်အစိုးရဟာ အမျိုးသားရေးအစွန်းရောက်တွေ၊ IS လို အကြမ်းဖက်အဖွဲ့အစည်းတွေကို အဓိကထား ကိုင်တွယ် နှိမ်နှင်းခဲ့ပါတယ်။

    စစ်သွေးကြွတွေကို ဖမ်းဆီးနိုင်ရေး ဘင်္ဂလားဒေ့ရှ် အထူးတပ်ဖွဲ့ဟာ စစ်ဆင်ရေးမြောက်များစွာ လုပ်ဆောင်ခဲ့ပါတယ်။

    အစွန်းရောက်တွေကို အသိပညာပေးမယ့် အစီအစဥ်ဟာ ဒီလူတွေ စစ်သွေးကြွ လမ်းကြောင်းပေါ် ပြန်မရောက်ရေး ရည်ရွယ်တာဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့ရဲ့ အကြမ်းဖက်တိုက်ဖျက်ရေးအဖွဲ့ CTTC ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

    အသိပညာပေးအစီအစဥ်မှာ နိုင်ငံက ထိပ်တန်း စိတ်ပညာဆရာ၀န်တွေ၊ ဘာသာရေးခေါင်းဆောင်တွေ၊ အကြမ်းဖက်၀ါဒ တိုက်ဖျက်ရေး ကျွမ်းကျင်သူတွေ ပါ၀င်ကူညီပေးမှာပါ။

    ဖမ်းဆီးထားတဲ့ အစွန်းရောက်တွေထဲက အယောက် ၂၀ ကို လာမယ့် တစ်နှစ်အတွင်း စိတ်ပိုင်းဆိုင်ရာ ပြုပြင်ပေးသွားမှာဖြစ်ပြီး ထောင်ဒဏ်ပြည့်သွားတဲ့အချိန် လူ့အသိုင်းအ၀ိုင်းထဲ ပြန်လည်၀င်ဆံ့နိုင်ရေး၊ အသက်မွေး၀မ်းကြောင်းအတွက် မိမိခြေထောက်ပေါ် ရပ်တည်နိုင်ရေးတွေပါ အစိုးရက ကူညီပေးသွားမှာဖြစ်ပါတယ်။

    ၂၀၁၆ ခုနှစ် အကြမ်းဖက်တိုက်ခိုက်မှုပြီးကတည်းက အစွန်းရောက် သံသယရှိသူ လူ ၇ ထောင်လောက်ကို ဖမ်းဆီးထားတယ်လို့ CTTC အကြီးအကဲ ပြည်ထဲရေး၀န်ကြီး အဆာဒူဇာမန်ခန်းက ပြောပါတယ်။

    Ref: Business-standard

  • မြွေကျွန်းကို ရုရှားလက်ထဲကနေ ယူကရိန်းက ဘယ်လိုပြန်သိမ်းခဲ့သလဲ

    မြွေကျွန်းကို ရုရှားလက်ထဲကနေ ယူကရိန်းက ဘယ်လိုပြန်သိမ်းခဲ့သလဲ

    ဇူလိုင် ၁၊ ၂၀၂၂
    M-Media

    -ရုရှားကျူးကျော်မှု စတင်ကတည်းက ဆုံးရှုံးသွားတဲ့ မဟာဗျူဟာမြောက်ကျွန်းတစ်ကျွန်းကို ယူကရိန်းက ကြာသာပတေးနေ့မှာ ပြန်သိမ်းနိုင်ခဲ့ပါတယ်။

    ပင်လယ်နက် အနောက်မြောက်ဖက်က ‘မြွေကျွန်း’ (Snake Island) ဖြစ်ပါတယ်။

    ကျူးကျော်မှုစတဲ့ ဖေဖော်၀ါရီ ၂၄ ရက်နေ့မှာကတည်းက ရုရှားတပ်တွေဟာ မြွေကျွန်းကို သိမ်းပိုက်ခဲ့တာကြောင့် အဓိကဆိပ်ကမ်း အိုဒက်ဆာလည်း ပိတ်မိသွားပြီး ယူကရိန်းရဲ့ ဂျုံတင်ပို့မှု လုံး၀ ရပ်ဆိုင်းသွားပါတယ်။

    ယူကရိန်းဖက်ကလည်း ဒီကျွန်းကို ပြန်သိမ်းနိုင်ဖို့ ၄ လလုံးလုံး တောက်လျှောက် တိုက်ခိုက်ခဲ့ပါတယ်။ ဇွန်လ ၃၀ ရက်နေ့မှာတော့ ရုရှားတပ်တွေဟာ မော်တော်ဘုတ် ၂ စီးနဲ့ ကျွန်းကို စွန့်ခွာသွားခဲ့ပါတယ်။

    ရုရှားက ယူကရိန်းရဲ့ ဂျုံတင်ပို့မှုကို မနှောက်ယှက်ချင်တဲ့အတွက် ကျွန်းကို လက်လွှတ်လိုက်တာလို့ ပြောပါတယ်။ တပ်တွေဟာ သူတို့လုပ်ဆောင်ရမယ့်တာ၀န် ပြီးဆုံးသွားတဲ့အတွက် ကျွန်းက ခွာလာတာလို့ ရုရှားဖက်က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

    မြွေကျွန်းဟာ ယူကရိန်းကုန်းမကြီးကနေ လက်နက်ကြီးပေါင်းစုံ၊ ကြည်းရေလေ လမ်းကြောင်းပေါင်စုံနဲ့ တိုက်ခိုက်နိုင်တဲ့ အကွာအ၀ေးမှာ ရှိနေပြီး ရုရှားတပ်တွေ ဒီကျွန်းမှာ အထိုင်ချမှုကို ရုရှားဗိုလ်ချုပ်တွေကိုယ်တိုင်က ၀ေဖန်ပြောဆိုတာမျိုး ရှိခဲ့ပါတယ်။

    ယူကရိန်းကလည်း ဒုံးကျည်တွေ၊ အမြောက်တွေ၊ ဒရုန်းတွေ၊ စစ်သင်္ဘောတွေနဲ့ တောက်လျှောက် ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။

    ရုရှားရဲ့ ပင်လယ်နက်ရေတပ်က ထိပ်တန်း တိုက်သင်္ဘော Moskva ဟာ မြွေကျွန်းမှာ ရပ်နားရင်း ယူကရိန်းရဲ့ နှစ်မြှုပ်မှုကို ခံခဲ့ရပါတယ်။

    မြွေကျွန်းကို ပြန်သိမ်းနိုင်ခဲ့ပေမယ့် အဲဒီမှာ စစ်တပ်တွေ အထိုင်ချမှာ မဟုတ်ဘူးလို့ ယူကရိန်းက ပြောပါတယ်။ ဒါပေမယ့် ကျွန်းနားကပ်လာရင် တိုက်ခိုက်ဖို့ ယူကရိန်းက အဆင်သင့်ပြင်ထားပါတယ်။

    ဒီကျွန်းကို ပြန်ရလိုက်တဲ့အတွက် ပင်လယ်နက်မှာ အရေးပါတဲ့ ယူကရိန်းရဲ့ အိုဒက်ဆာဆိပ်ကမ်း ပိုမိုလုံခြုံသွားပါတယ်။ ဒါဟာ မဟာဗျူဟာအရရော၊ ဂုဏ်သိက္ခာအရပါ ယူကရိန်းရဲ့ အဓိကအောင်ပွဲ ဖြစ်ပါတယ်။

    ယူကရိန်းကို ရုရှားက ကျူးကျော်တိုက်ခိုက်မှုဟာ ၄ လကျော်လာခဲ့ပြီး အဓိကအားဖြင့် ယူကရိန်းအရှေ့ခြမ်းက ရုရှားစကားပြောသူတွေ နေထိုင်ရာနေရာကို သိမ်းပိုက်ဖို့ ကြိုးစားနေပါတယ်။

    Ref: BBC

  • စစ်ကောင်စီ တိုက်လေယာဥ် ကျူးကျော်မှု ထိုင်းဘာပြောသလဲ

    စစ်ကောင်စီ တိုက်လေယာဥ် ကျူးကျော်မှု ထိုင်းဘာပြောသလဲ

    ဇူလိုင် ၁၊ ၂၀၂၂
    M-Media

    -မနေ့က စစ်ကောင်စီတိုက်လေယာဥ် လေပိုင်နက် ကျူးကျော်၀င်ရောက်လာမှုအတွက် စစ်သံမှူးကနေတစ်ဆင့် သတိထောက်လွှာ ပေးအပ်သွားမယ်လို့ ထိုင်းဖက်က ထုတ်ပြန်ပါတယ်။

    မြ၀တီမြို့နယ် ၀ေါလေဒသက စစ်ကောင်စီရဲ့ ဥကရစ်ထ အထိုင်စခန်းကို ကရင်အမျိုးသားအစည်းအရုံး KNU ဦးဆောင်တဲ့တပ်တွေက တိုက်ခိုက်ရာမှာ တိုက်ပွဲတွေ ပြင်းထန်နေတာပါ။

    စစ်ကောင်စီတပ်က လေကြောင်းကနေ တိုက်ခိုက်တာမျိုး ရှိခဲ့ပြီး မနေ့ကတော့ တိုက်လေယာဥ်တစ်စင်း တက်ပြည်နယ် ဖော့ဖရာခရိုင်ထဲ ရောက်သွားပါတယ်။

    ထိုင်းလေတပ်ရဲ့ ထုတ်ပြန်မှုမှာ မြန်မာဘက်က MiG-29 တိုက်လေယာဥ်ဟာ ထိုင်းလေပိုင်နက်ထဲ ၅ ကီလိုမီတာလောက် ကျူးကျော်၀င်ရောက်လာတဲ့အတွက် F16 တိုက်လေယာဥ် ၂ စီး အရေးပေါ် ပျံတက် စောင့်ကြည့်ခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။

    ဒါ့အပြင် ဒီကိစ္စအတွက် မြန်မာဖက်ကို သတိထောက်လွှာပေးအပ်ဖို့ စစ်သံမှူးကို ညွှန်ကြားထားတယ်လို့ ဆိုပါတယ်။

    စစ်ကောင်စီလေယာဥ် ကျူးကျော်၀င်ရောက်လာတာကို နယ်စပ်က ထိုင်းပြည်သူတွေလည်း တွေ့ခဲ့ရပြီး စာသင်ကျောင်းက ကလေးတွေနဲ့ အခြားပြည်သူတွေဟာ ဘေးလွတ်ရာမှာ ပုန်းရှောင်ခဲ့ရပါတယ်။

    Ref: Bangkok Post

  • နာမည်ကျော် ပြည်တွင်းဖြစ် ဒရုန်း ၃ စင်းကို တူရကီက ယူကရိန်းထံ လက်ဆောက်ပေး

    နာမည်ကျော် ပြည်တွင်းဖြစ် ဒရုန်း ၃ စင်းကို တူရကီက ယူကရိန်းထံ လက်ဆောက်ပေး

    ဇူလိုင် ၁၊ ၂၀၂၂
    M-Media

    -တူရကီ ဒရုန်းထုတ်လုပ်ရေးကုမ္ပဏီဖြစ်တဲ့ Baykar Defense က သူတို့ရဲ့ နာမည်ကျော် Bayraktar TB2 ဒရုန်း ၃ စင်းကို ယူကရိန်းထံ လက်ဆောင်ပေးသွားမယ်လို့ ထုတ်ပြန်ပါတယ်။

    Baykar Defense ဟာ တူရကီအစိုးရထံကနေ ကန်ထရိုက်ယူကာ ဒရုန်းနဲ့ စစ်လက်နက်ပစ္စည်းတွေ ထုတ်လုပ်နေတာပါ။ သူတို့ထုတ်တဲ့ Bayraktar TB2 ကတော့ လက်နက်တပ်ဆင်ထားတဲ့ တန်ဖိုးနည်း အဆင့်မြင့်ဒရုန်းတွေထဲမှာ နာမည်ကျော်ပါတယ်။

    ရုရှားရဲ့ ကျူးကျော်စစ်ကို ကာကွယ်ရေး ယူကရိန်းကို ကမ္ဘာတစ်၀ှမ်းက စစ်လက်နက်ပစ္စည်းတွေ ထောက်ပံ့ပေးတဲ့နေရာမှာ တူရကီလည်း ပါ၀င်ပါတယ်။

    ဥရောပနိုင်ငံငယ်လေးတစ်ခုဖြစ်တဲ့ လစ်သူယေးနီးယားက ပြည်သူတွေဟာ Bayraktar TB2 တစ်စီး ၀ယ်ယူကာ ယူကရိန်းကို လက်ဆောင်ပေးဖို့အတွက် ပြီးခဲ့တဲ့လမှာ ရန်ပုံငွေ ကောက်ခံခဲ့ပြီး ၃ ရက်အတွင်း လိုအပ်တဲ့ငွေကို ရရှိခဲ့တာပါ။

    အဲဒီနောက်ပိုင်း ယူကရိန်းကို Bayraktar TB2 ဒရုန်းထောက်ပံ့နိုင်ရေး ကမ္ဘာတစ်၀ှမ်းက ပြည်သူတွေ ရန်ပုံငွေကောက်ခံတဲ့လှုပ်ရှားမှုတွေ အများအပြား ပေါ်ပေါက်လာပါတယ်။

    Baykar Defense ဟာ လစ်သူယေးနီးယား ပြည်သူတွေရဲ့ ငွေပးချေမှုကို လက်မခံဘဲ TB2 ဒရုန်းလေယာဥ်တစ်စီး လက်ဆောင်ပးခဲ့သလို၊ နောက်ထပ် ၃ စီး ယူကရိန်းကို လက်ဆောင်ပေးသွားမယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းမှာ ထုတ်ပြန်ခဲ့ပါတယ်။

    ယူကရိန်းဟာ အရင်က TB2 ဒရုန်းတွေကို တူရကီထံကနေ ၀ယ်ယူဖူးပြီး နိုင်ငံအတွင်း ဖက်စပ်ထုတ်လုပ်ဖို့အတွက်လည်း သဘောတူထားတာဖြစ်ပါတယ်။

    ရုရှားရဲ့ ကျူးကျော်စစ်မှာ TB2 က လက်စွမ်းပြနေပြီး တင့်ကားတွေ၊ ဒုံးခွင်းစနစ်တွေနဲ့ ရေတပ်သင်္ဘောတွေကိုပါ ဖျက်ဆီးထားနိုင်ပါတယ်။

    ဖေဖော်၀ါရီ ၂၄ ရက်နေ့ ရုရှားရဲ့ ကျူးကျော်မှုနောက်ပိုင်း Baykar Defense ကုမ္ပဏီကနေ TB2 ဒရုန်း အစင်း ၅၀ လောက် ရရှိထားတယ်လို့ ယူကရိန်းက ပြီးခဲ့တဲ့တစ်ပတ်မှာ ထုတ်ပြန်ခဲ့ပါတယ်။

    Ref: Nikkei Asia

  • ဗီယက်နမ်၏ ၃ လပတ် စီးပွားရေးတိုးတက်မှု ၁၁ နှစ်အတွင်း အမြင့်ဆုံးရောက်

    ဗီယက်နမ်၏ ၃ လပတ် စီးပွားရေးတိုးတက်မှု ၁၁ နှစ်အတွင်း အမြင့်ဆုံးရောက်

    ဇွန် ၂၉၊ ၂၀၂၂
    M-Media

    -ကိုဗစ်နောက်ပိုင်း ဗီယက်နမ်နိုင်ငံရဲ့ ၃ လပတ်စီးပွားရေး တိုးတက်မှုဟာ ၁၁ နှစ်အတွင်း အမြင့်ဆုံးကို ရောက်လာပါတယ်။

    အခုနှစ် ဧပြီလကနေ ဇွန်လအတွင်း ဗီယက်နမ်ရဲ့ GDP ဟာ ၇.၇၂ အထိ မြင့်တက်ခဲ့ပြီး၊ ပို့ကုန်ကနေ ရရှိတဲ့ ၀င်ငွေကလည်း ၂၁ ရာခိုင်နှုန်း မြင့်တက်ကာ ကန်ဒေါ်လာ ၉၆.၈ ဘီလီယံ ရှိလာပါတယ်။

    ဗီယက်နမ်ဟာ အာရှမှာ ကုန်ထုတ်လုပ်မှု အချက်အခြာနိုင်ငံတစ်ခု ဖြစ်လာပြီး ကိုဗစ်ဖြစ်တဲ့ ပြီးခဲ့တဲ့ ၂ နှစ်တာကာလအတွင်းမှာတောင် GDP ဟာ နှစ်စဥ် ၃ ရာခိုင်နှုန်း ပုံမှန် ရှိခဲ့ပါတယ်။

    အခုနှစ် နှစ်၀က် စီးပွားရေးတိုးတက်မှုဟာ ၆.၄၂ ရာခိုင်နှုန်းရှိခဲ့ပြီး ကိုဗစ်ကပ်ရောဂါမဖြစ်ခင် ၂၀၁၉ ခုနှစ်က ရှိခဲ့တဲ့ ၇ ရာခိုင်နှုန်းနဲ့ သိပ်မကွာတော့ဘူး။

    ဗီယက်နက် စာရင်းအင်း၀န်ကြီးဌာနက ငွေကြေးဖောင်းပွမှု၊ လောင်စာဆီစျေးတက်မှုနဲ့ သွင်းကုန်စျေးကြီးမြင့်မှုတို့ကို သတိထားဖို့ အစိုးရကို တိုက်တွန်းခဲ့ပါတယ်။

    ကိုဗစ်ကာလ ၂ နှစ်တာပိတ်ထားပြီးတဲ့နောက် မတ်လအလယ်ပိုင်းမှာ ဗီယက်နမ်က နိုင်ငံကို ပြန်ဖွင့်ခဲ့ပြီး အာဏာပိုင်တွေကလည်း ၄ နှစ်အတွင် ဂျီဒီပီ ၆.၅ ရာခိုင်နှုန်း တိုးတက်လာဖို့ ရည်ရွယ်လုပ်ဆောင်နေပါတယ်။

    Ref: CNA