ဇွန် ၉ ၊ ၂၀၁၆
M-Media
.
၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို တစ်နိုင်ငံလုံးရှိ သက်ဆိုင်ရာ စာစစ်ဌာနများနှင့် မြို့နယ်ပညာရေးမှူးရုံးများ၌ ၁၁-၆-၂၀၁၆ ရက်နေ့ နံနက်(၆:၀၀)နာရီ အချိန်တွင် တစ်ပြိုင်တည်း ကပ်ထားကြေညာပေးသွားကြောင်း ပညာရေးဝန်ကြီးဌာန မှ သတင်းထုတ်ပြန်ထားပါတယ်။
.
ဒါအပြင် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းများကို အများပြည်သူ အလွယ်တကူ ကြည့်ရှုနိုင်စေရန် အတွက် ပညာရေးဝန်ကြီးဌာန၏ Facebook စာမျက်နှာ၌ ပြည်နယ်/တိုင်းဒေသကြီး အလိုက် မြို့နယ်များအလိုက် အောင်စာရင်းများကို ၁၁-၆-၂၀၁၆ ရက်နေ့တွင် ထုတ်ပြန်ကြေညာပေးသွားမည် ဖြစ်ကြောင်း ကြေညာထားပါတယ်။
.
ပညာရေးဝန်ကြီးဌာန၏ Facebook Page လိပ်စာမှာ www.facebook.com/moe.gov.mm ဖြစ်ပါတယ်။
.
သတင်း-သီဟ
Blog
-
၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲအောင်စာရင်းများ Facebook တွင်ကြည့်ရှုနိုင်မည်
-
ရမ်ဇာန်ဥပုသ်လတွင်း တူရကီက နိုင်ငံရပ်ခြားသို့ အစားအသောက်အကူအညီ ပေးပို့မည်
ဇွန် ၉၊ ၂၀၁၆
M-Media– တူရကီလခြမ်းနီအဖွဲ့ဟာ ရမ်ဇာန်ဥပုသ်လအတွင်းမှာ ကန်ဒေါ်လာ ၈၆၀,၀၀၀ တန်ဖိုးရှိတဲ့ အစားအသောက်ပစ္စည်းတွေကို နိုင်ငံရပ်ခြားသို့ ပေးပို့သွားမှာ ဖြစ်တယ်လို့ Anadolu သတင်းဌာနက အင်္ဂါနေ့မှာ ဖော်ပြခဲ့ပါတယ်။
အဲဒီအစီအစဉ်မှာ လူပေါင်း ၅ သိန်းလောက် အကျိုးဖြစ်ထွန်းမှာဖြစ်ပြီး ၂၀၁၅ ခုနှစ် ရမ်ဇာန်ဥပုသ်လမှာလည်း တူရကီနိုင်ငံဟာ ပြည်တွင်းနဲ့ ပြည်ပက လူ ၁၀၀,၀၀၀ ထံ စားသောက်ကုန်ပါကင်ထုပ် ၂၀၀၀၀ ပေးပို့ခဲ့ပါတယ်။
“ဒီနှစ်မှာတော့ တူရကီလခြမ်းနီအဖွဲ့က ရမ်ဇာန်လအတွင်း အစားအစာပါကင်ထုပ် တစ်သိန်းကို နိုင်ငံအတွင်းနဲ့ နိုင်ငံပြင်ပက လူ ၅ သိန်းဆီ အရောက်ပို့ပေးသွားမှာ ဖြစ်ပါတယ်။ တူရကီလခြမ်းနီအဖွဲ့အနေနဲ့ ပါကစ္စတန်ကို ပါကင်ထုပ် ၁၀၀၀၊ ဂါဇာကို ၁၅၀၀၀၊ ဘင်္ဂလားဒေ့ရှ်ကို ၂၂၀၀၊ အီရတ်ကို ၁၇၀၀၊ ကာဇက်စတန်ကို ၁၀၀၊ ဘော့စ်နီးယားဟာဇီဂိုးဗီးနားကို ၁၅၀၀၊ ဆားဘီးယားကို ၁၅၀၀၊ အာဖဂန်ကို ၂၀၀၀ စသဖြင့် ပေးပို့သွားမှာပါ” လို့ တူရကီ လခြမ်းနီအဖွဲ့ ဥက္ကဌ ကရင်မ် ကီနစ်က ပြောကြားခဲ့ပါတယ်။
ဆိုမာလီယာကိုလည်း ရမ်ဇာန်လအတွင်း အကူအညီတွေ ဆက်လက် ပေးပို့သွားမယ်လို့ ကီနစ်က ထပ်လောင်းပြောကြားခဲ့ပါတယ်။
“တူရကီက ဆီးရီးယားပြည်သူတွေရဲ့လိုအပ်ချက်ကိုလည်း ဖြည့်ဆည်းပေးသွားမှာဖြစ်ပြီး ဆီးရီးယားနိုင်ငံကို အကူအညီတွေ ပို့ပေးမှာ ဖြစ်ပါတယ်”
Ref: IINA
-
အီရစ်ထရီယာအစိုးရ၏ ပြည်သူများအပေါ်ကျူးလွန်မှု ရာဇ၀တ်မှုမြောက်ကြောင်း ကုလ ကြေငြာ
ဇွန် ၉၊ ၂၀၁၆
M-Media– အာဖရိက အရှေ့ပိုင်းနိုင်ငံဖြစ်သော အီရစ်ထရီယာနိုင်ငံ၏ အစိုးရမှာ လွန်ခဲ့သည့် ၂၅ နှစ် လွတ်လပ်ရေးရပြီးကတည်းက ပြည်သူများအပေါ် ကျူးလွန်ခဲ့မှုများမှာ လူသားထုအပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုမြောက်ပြီး အပြစ်ရှိကြောင်း တွေ့ရှိခဲ့ရသည်ဟု ကုသမဂ္ဂက ယမန်နေ့တွင် ကြေငြာလိုက်သည်။
၁၉၉၁ ခုနှစ်က စတင်ကျူးလွန်ခဲ့သည့် အဆိုပါ ရာဇ၀တ်မှုများတွင် ထောင်းသွင်းအကျဉ်းချမှု၊ နေထိုင်ရာဒေသများမှ အတင်းအဓမ္မ ဖယ်ရှားမှု၊ တရားလက်လွတ်သတ်ဖြတ်မှု၊ အဓမ္မပြုကျင့် သတ်ဖြတ်မှုတို့ ပါဝင်သည်ဟု ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ စုံစမ်းစစ်ဆေးရေးကော်မရှင် COI က ဆိုသည်။
စစ်မှူမထမ်းမနေရအမိန့်ဖြင့် ဆင့်ခေါ်ကာ အဓမ္မ လုပ်အားခိုင်းစေမှုမှာလည်း အဓိက ပြဿနာဖြစ်ခဲ့သည်ဟု ကုလက ထပ်လောင်းပြောကြားခဲ့သည်။
“ကျွန်ပြုခိုင်းစေခံရတဲ့ ပြည်သူ ၃ သိန်းကနေ ၄ သိန်းအထိ ရှိတယ်လို့ ကျွန်တော်တို့ ထင်ပါတယ်” ဟု ကုလစုံစမ်းရေးမှူး မိုက် စမစ်က ဂျာနယ်လစ်များကို ပြောကြားခဲ့သည်။
အီရစ်ထရီယာအစိုးရမှာ တိုင်းပြည်မှထွက်ပြေးသူများကို ပစ်ခတ်သတ်ဖြတ်သည့် ပေါ်လစီကို ကျင့်သုံးခဲ့သည်ဟုလည်း ကုလ၏ စုံစမ်းစစ်ဆေးမှုများအရ တွေ့ရှိခဲ့ရသည်။ ပြည်သူများမှာ အသက်အန္တရာယ်ကို မမှုဘဲ ထွက်ပြေးမှုများလည်း ရှိပြီး ထိုထွက်ပြေးသူ အရေအတွက်မှာ တစ်လလျှင် ၅၀၀၀ ခန့် ရှိသည်။
ကုလ၏ ယခုကဲ့သို့ ထုတ်ပြန်မှုကို အီရစ်ထရီယာ ပြန်ကြားရေးဝန်ကြီး ယီမာနီ မက်စ်ကဲလ်က Twitter စာမျက်နှာမှတစ်ဆင့် ရှုတ်ချခဲ့သည်။
Ref: Aljazeera
-
လူသတ်မှုသံသယဖြင့် ဖမ်းဆီးခံထားရသည့် မြန်မာနိုင်ငံသားများအား ကာကွယ်ပေးရန် ထိုင်းနိုင်ငံအား မြန်မာ တောင်းဆို
ဇွန် ၉၊ ၂၀၁၆
M-Mediaသံသယဖြင့် ဖမ်းဆီးခံထားရသည့် မြန်မာနိုင်ငံသား ၄ ဦးမှ တစ်ဦးဖြစ်သူ ကိုကျော်စိုးဝင်း – ထိုင်းနိုင်ငံတောင်ပိုင်းတွင် ပြီးခဲ့သည့် စက်တင်ဘာက ဖြစ်ပွားခဲ့သည့် လူသတ်မှုတစ်ခုအတွက် စွပ်စွဲဖမ်းဆီးခံထားရသည့် မြန်မာရွှေ့ပြောင်းလုပ်သား ၄ ဦးအား ကူညီရန်နှင့် ထိုင်းရဲများ၏ နှိပ်စက်မှုမှ ကာကွယ်ပေးရန်အတွက် ထိုင်းလူ့အခွင့်အရေး ကော်မရှင်ကို မြန်မာ အမျိုးသား လူ့အခွင့်အရေးကော်မရှင်က တိုက်တွန်းထားသည်ဟု သိရသည်။
ယနောင်းမြို့တွင် စက်တင်ဘာ ၁၈ ရက်နေ့က ဖြစ်ပွားခဲ့သည့် ထိုအဖြစ်အပျက်မှာ အသက် ၁၈ နှစ်အရွယ် ထိုင်းကျောင်းသူတစ်ဦး အသတ်ခံခဲ့ရခြင်းဖြစ်သည်။
မြန်မာအမျိုးသားလူ့အခွင့်အရေး ကော်မရှင်၏ ဒုတိယဥက္ကဌဖြစ်သူ ဦးစစ်မြိုင်က ထိုအမှုအတွက် မြင်မျက်သက်သေများကို ထိုင်းရဲတပ်ဖွဲ့က ကိုင်တွယ်ဆောင်ရွက်မှုမှာ သံသယဖြစ်စရာကောင်းနေပြီး၊ CCTV မှတ်တမ်းများအရလည်း လူသတ်မှုဖြစ်ပွားချိန်တွင် ဖမ်ဆီးခံထားရသည့် မြန်မာလုပ်သားများမှာ အလုပ်၌ ရှိနေသည်ဟု သတင်းများ ထွက်ပေါ်လာပြီးနောက်ပိုင်း ထိုကိစ္စအတွက် ကူညီဆောင်ရွက်ပေးရန် ထိုင်း လူ့အခွင့်အရး ကော်မရှင်ထံ မိမိတို့က တောင်းဆိုထားသည်ဟု ပြောကြားခဲ့သည်။
“ဒီကိစ္စကို စုံစမ်းစစ်ဆေးရာမှာ မျှမျှတတရှိဖို့နဲ့ ထိုင်းဥပဒေအရ ဆောင်ရွက်ဖို့အတွက် ရဲတပ်ဖွဲ့ကို မေတ္တာရပ်ခံပေးဖို့ ထိုင်းကော်မရှင်ကို ကျွန်တော်တို့ တောင်းဆိုထားပါတယ်။ သူတို့ရဲ့အခွင့်အရေးတွေကို ရရှိခံစားရလားဆိုတာကို သိရဖို့ စွပ်စွဲခံရသူတွေကို သူတို့ရဲ့ မိဘတွေ၊ မြန်မာတာဝန်ရှိသူတွေနဲ့ တွေ့ခွင့်ပေးဖို့လည်း ကျွန်တော်တို့ တောင်းဆိုထားပါတယ်။ ထိုင်းလူ့အခွင့်အရေး ကော်မရှင်ကတစ်ဆင့် ရဲတပ်ဖွဲ့နဲ့ တရားရုံးကို ဒီလိုတောင်းဆိုမှုဟာ ထိရောက်မှုအချို့ ရှိလိမ့်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်” ဟု ဦးစစ်မြိုင်က ဆိုသည်။
ဇွန်လ ၂ ရက်နေ့က ထိုင်းကော်မရှင်ထံ ပေးပို့ခဲ့သော အဆိုပါမေတ္တာရပ်ခံစာတွင် သံသယရှိသူ မြန်မာနိုင်ငံသားများကို နှိပ်စက်ခြင်းမပြုရန်နှင့် ကျန်းမာရေးစောင့်ရှောက်မှုကိုခွင့်ပြုပေးရန် ထိုင်းရဲတပ်ဖွဲ့အား တောင်းဆိုထားသည်။
“ထိုင်းအစိုးရအနေနဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေအတွက် ဘေးအန္တရာယ်ကင်းရှင်းရေး၊ တရားမျှတရေး လုပ်ဆောင်ပေးဖို့နဲ့ သူတို့ကို တရားဥပဒေဘောင်အတွင်းက ဆက်ဆံဆောင်ရွက်ပေးဖို့ တောင်းဆိုချင်ပါတယ်” ဟု ဦးစစ်မြိုင်က ထပ်လောင်းပြောကြားခဲ့သည်။
ထိုင်းအခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း၏ ဒါရိုက်တာဖြစ်သူ ဦးထူးချစ်ကမူ ဖမ်းဆီးခံထားရသည့် မြန်မာနိုင်ငံသား ၄ ဦးမှာ လူသတ်မှုနှင့် မည်သို့မှ ဆက်စပ်ခြင်းမရှိဘဲ ၎င်းတို့၏ အလုပ်ရှင်နှင့် မျက်မြင်သက်သေ ၄၅ ဦးမှာ ဖမ်းဆီးခံထားရသူများဘက်မှ ခုခံထွက်ဆိုပေးမည်ဟု ပြောကြားခဲ့သည်။
Ref : mmtimes
-
အီရန်၊ ရုရှား၊ ဆီးရီးယားမှ ကာကွယ်ရေးဝန်ကြီးများ တီဟီရန်တွင် တွေ့ဆုံမည်
ဇွန် ၉၊ ၂၀၁၆
M-Media– အရှေ့အလယ်ပိုင်းမှာ မကြာသေးခင်က တွေ့ခဲ့ရတဲ့ အဖြစ်အပျက်တွေနဲ့ အကြမ်းဖက်ဝါဒတိုက်ဖျက်ရေး အကြောင်းတွေကို ဆွေးနွေးဖို့အတွက် အီရန်၊ ရုရှားနဲ့ ဆီးရီးယားတို့က ကာကွယ်ရေးဝန်ကြီးတွေဟာ ကြာသာပတေးနေ့မှာ တွေ့ဆုံဖို့ ရှိနေတယ်လို့ သိရပါတယ်။
တီဟီရန်မှာပြုလုပ်မယ့် အဲဒီဆွေးနွေးပွဲအတွက် အီရန်ကာကွယ်ရေးဝန်ကြီး ဟူစိန်ဒေကန်က တရားဝင် ဖိတ်ကြားခဲ့တာဖြစ်ပြီး ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂျီ ရွှိုင်ဂူနဲ့ ဆီးရီးယားကာကွယ်ရေးဝန်ကြီး ဖာဟက် ဂျက်ဆင် အလ်-ဖရီဂျီတို့ တက်ရောက်မှာဖြစ်ပါတယ်။
အဲဒီ သုံးပွင့်ဆိုင်တွေ့ဆုံမှုမှာ ဒေသအတွင်း နောက်ဆုံးဖြစ်နေတဲ့ အဖြစ်အပျက်တွေနဲ့ ပတ်သက်ပြီး အမြင်တွေ ဖလှယ်ကြမှာဖြစ်ကာ အကြမ်းဖက်ဝါဒအပေါ် အရှိန်အဟုန်နဲ့ တိုက်ခိုက်နှိမ်နင်းရေး နည်းလမ်းတွေကိုလည်း ဆွေးနွေးကြမှာ ဖြစ်ပါတယ်။
အသစ်ဖွဲ့စည်းထားတဲ့ ပါလီမန်မှာ အင်္ဂါနေ့က မိန့်ခွန်းပြောကြားစဉ်အတွင်း ဆီးရီးယားသမ္မတက မိမိတို့အစိုးရကို ပေးအပ်ခဲ့တဲ့ ထောက်ပံ့ကူညီမှုတွေအတွက် ရုရှား၊ တရုတ်နဲ့ အီရန်တို့ကို ကျေးဇူးတင်တယ်လို့ ပြောကြားခဲ့ပါတယ်။
Ref: Presstv