News @ M-Media
Blog
  • တရုတ်နိုင်ငံ၏ လေတပ်အင်အား တိုးမြှင့်မည်
    တရုတ်နိုင်ငံ၏ လေတပ်အင်အား တိုးမြှင့်မည်
    ဇွန် ၉၊ ၂၀၁၆
    M-Media
    china plane
    – အမေရိကန်နဲ့ ရုရှားတို့ပြီးတဲ့နောက် လေတပ်အင်အားမှာ ထိပ်တန်းဖြစ်လာဖို့ ဆောက်ရွက်မှုအဖြစ် တရုတ်နိုင်ငံဟာ စစ်တပ် လေကြောင်းပို့ဆောင်ရေးတပ်ဖွဲ့အတွက် မဟာဗျူဟာမြောက် လေယာဉ် ၁၀၀၀ အထိ ထပ်မံဖြည့်တင်းသွားမယ်လို့ သိရပါတယ်။
    အဲဒီ ထပ်မံဖြည့်တင်းမယ့် လေယာဉ်တွေဟာ Y-20 လေယာဉ်တွေဖြစ်ပြီး တရုတ်ရဲ့ Xi’an လေယာဉ်ထုတ်လုပ်ရေး ကော်ပိုရေးရှင်းက ဆောက်လုပ်နေတာပါ။
    အဆိုပါလေယာဉ်ကို Chubby Girl လို့လည်း ခေါ်ဝေါ်ပြီး ၆၆ တန် ၀န်တင်နိုင်စွမ်းနဲ့အတူ မိုင် ၂၇၀၀ အထိ ပျံသန်းနိုင်အောင် ဒီဇိုင်းဆွဲထားတာ ဖြစ်ပါတယ်။ အတောင်ပံတွေက တစ်ဖက်ကို ၅၀ မီတာအထိ ရှည်လျားပြီး အရွယ်အစားကတော့ တရုတ်က ရှိရှိသမျှ လေယာဉ်ပျံတွေထက် ပိုမိုကြီးမားပါတယ်။
    တရုတ်ပြည်သူ့နေ့စဉ်သတင်းစာကတော့ အဆိုပါလေယာဉ်ဟာ မြောက်အာဖရိက၊ သြစတေးလျ၊ အမေရိကန်ပြည်ထောင်စုရဲ့ အလာစကာပြည်နယ်၊ ဥရောပနဲ့ အာရှ မည်သည့်နေရာကိုမဆို ပျံသန်းနိုင်တယ်လို့ ဆိုပါတယ်။ တရုတ်နိုင်ငံဟာ တန် ၃၀၀၊ ၄၀၀ နဲ့ ၆၀၀ ၀န်တင်နိုင်စွမ်းရှိတဲ့ လေယာဉ်တွေကို ထုတ်လုပ်ဖို့ အစီအစဉ်ရှိနေပါတယ်။
    တရုတ်လေတပ်ကလည်း ပဉ္စမမျိုးဆက် ကိုယ်ပျောက်တိုက်လေယာဉ် J-20 တွေကို ထုတ်လုပ်နေပြီလို့ ကြေငြာထားပါတယ်။ အမေရိကန်စစ်တပ်က အမည်မဖော်လိုသူ အရာရှိတစ်ဦးကတော့ တရုတ်ရဲ့ အဲဒီတိုက်လေယာဉ်တစ်စဉ်းဟာ တောင်တရုတ်ပင်လယ်အတွင်းမှာ အမေရိကန်လေယာဉ်တစ်စင်းကို အန္တရာယ်ရှိတဲ့အနေအထားနဲ့ ကြားဖြတ်တားဆီးခဲ့တယ်လို့ ယမန်နေ့မှာ ပြောကြားခဲ့ပါတယ်။
    Ref: Presstv
  • “တက္ကသိုလ် ဝင်တန်း အောင်စာရင်း ဒီနှစ် ဘာကြောင့် နောက်ကျရတာလဲ”
    “တက္ကသိုလ် ဝင်တန်း အောင်စာရင်း ဒီနှစ် ဘာကြောင့် နောက်ကျရတာလဲ”
    ဇွန် ၉ ၊ ၂၀၁၆
    M-Media
    ဆောင်းပါးရှင်-ဂျက်ဖရီတင်အုန်း (ရန်ကုန်စက်မှု တက္ကသိုလ် R.I.T)
    10 exam
    .
    မြန်မာနိုင်ငံတွင် တက္ကသိုလ်ဝင်တန်း(၁၀)တန်း စာမေးပွဲသည် ကျောင်းသား၊ မိဘ၊ ဆရာသမားများ စိတ်အဝင်စားဆုံး စာမေးပွဲ တခုဖြစ်သလို ၊ ထွက်ပေါ်လာသော အောင်စာရင်း ရလဒ်သည်လည်း ရင်ခုံဖွယ်ရာ ကောင်းလှသည်။ “ကံ၊ ဥာဏ်၊ ဝိရိယ” ၃ ခု
    တို့၏ အောင်ပွဲရလာဒ်ဖြစ်၍ ၅ ဘာသာဂုဏ်ထူးရခဲ့သော စာရေးသူကိုယ်တိုင် အထင်နှင့် အမြင် လွှဲခဲ့ဖူးသော အတွေ့အကြုံလေးကို ကိုယ်တိုင် ခံစားခဲ့ဖူးပါသည်။
    .
    မြန်မာနိုင်ငံတွင် တက္ကသိုလ်ဝင်တန်း ဖြေဆိုပြီးသူတိုင်း ရင်တမမနဲ့ မျှော်လင့် စောင့်စားရသည့် အချိန်ကာလ (၃) ခုရှိပါသည်။ ” ပထမဆုံး အချိန်” သည် အောင်စာရင်းထွက်သည့် နေ့ဖြစ်ပြီး ၊ “ဒုတိယ အချိန်” သည် အမှတ်စာရင်း ထုတ်သည့် နေ့ဖြစ်သည်။ ထိုအမှတ်စာရင်းကို ကြည့်၍ ယခင်နှစ်များက သက်ဆိုင်ရာ တက္ကသိုလ်အသီးသီးသို့ ဝင်ခွင့်ပြုခဲ့သည့် အမှတ်စာရင်းကို မူတည်ကာ မိမိတက်နိုင်မည့် တက္ကသိုလ်ဝင်ခွင့်ကို အကြမ်းဖျင်း၊ မှန်းဆ နိုင်ပေသည်။  “တတိယအချိန်” သည် တက္ကသိုလ် ဝင်ခွင့်လျောက်ထားသူများ၏ တက္ကသိုလ်ဝင်ခွင့်များကို ကြေညာသောနေ့ဖြစ်ပါသည်။
    .
    ၂၀၁၅-၂၀၁၆ ပညာသင်နှစ် က မြန်မာနိုင်ငံတဝှမ်းတွင် အခြေခံပညာကျောင်းပေါင်း ၄၅၀၀၀ ကျော် ရှိခဲ့သည်။ ကျောင်းသား/ကျောင်းသူ ၈ သန်းခန့် ပညာသင်ယူခဲ့သည်။ ထိုကျောင်းသား/ကျောင်းသူများကို ဆရာ/ဆရာမ ပေါင်း ၄ သိန်းခန့်က
    တာဝန်ယူသင်ကြားပေးခဲ့သော်လည်း ၊ ပြည်နယ်နှင့်တိုင်းဒေသမျးတွင် ဆရာ/ဆရာမ အင်အားများ မလုံမလောက် ဖြစ်ခဲ့သည်။ သို့သော ၂၀၁၅-၂၀၁၆ တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုသူပေါင်းမှာ ၅ သိန်း ကျော်ရှိခဲ့သည်မှာ နှစ်စဉ် လိုလိုပင်ဖြစ်သည်။
    .
    စာရေးသူသည် စာသင်ကြားရေး လောကထကို ၁၉၈၈ ခုနှစ်တွင် ခြေစုံ ပစ်ဝင်ခဲ့ပါသည်။ ထိအချိန်က တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်စာရင်းကို နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (န.၀.တ) ၊ နိုင်ငံတော်အေးချမ်းသာယာရေး နှင့် တည်ဆောက်ရေးအဖွဲ့ (န.အ.ဖ) များလက်ထက် ထုတ်ပြန်ရာတွင် ဇူလိုင်(၁၉) ရက် အာဇာနည်နေ့ နောက်ပိုင်း အစိုးရ ရုံးပိတ်ရက် စနေ(သို့) တနင်္ဂနွေနေ့များတွင် ထုတ်ပြန်လေ့ရှိခဲ့သည်။ ၁၉၉၆-၁၉၉၇ ပညာသင်နှစ်တွင်မူ သြဂုတ်လ ကုန်လောက်မှ ထုတ်ပြန်ကြေညာခဲ့ဖူးသည်။ သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်တွင် ဇွန်လ ပထမပတ်တိုင်းအစိုးရ ရုံးပိတ်ရက်တွေင် ထုတ်ပြန်ခဲ့သည်။ သို့သော ၂၀၁၅-၂၀၁၆ ပညာသင်နှစ်တွင် ဖြေဆိုခဲ့သော တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်စာရင်းကို နိုင်ငံတော်သမ္မတကြီး ဦးထင်ကျော်လက်ထက် ဇွန်လ ပထမအပတ်တွင် မထုတ်ပြန်နိုင်ခဲ့ခြင်းမှာ အကြောင်းအရင်း အနည်းငယ်ရှိခဲ့ပါသည်။
    .
    မြန်မာနိုင်ငံတွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲများကို စာစစ်ဆရာ/ဆရာမ များက စစ်ဆေးပြီးသောအခါ မောဒီရေးရှင်း ဘုတ်အဖွဲ့က တနိုင်ငံလုံး အတိုင်းအတာဖြင့် စာမေးပွဲ ကျရှုံးနေသော ဘာသာရပ်နှင့် ရမှတ်ကို ချင့်ချိန်ကာ စာမေးပွဲအောင်ပေးရသည့် အစဉ်အလာသည့် ၁၉၈၇ မှ စ၍ ၂၀၁၆ ယခုတိုင် ရှိနေသည်ကို သတိထားမိသည် ။ ဥပမာပြောရလျှင် ၂၀၁၅-၂၀၁၆ တက္ကသိုလ်ဝင်တန်း အဖြေလွှားများကို သင်္ကြန်မတိုင်မီ ဧပြီလ ၁၀ ရက်နေ့ အထိ နားရက်မရှိ ဆက်တိုက် စစ်ဆေးခဲ့သောကြောင့် စစ်ဆေးပြီးစီးပြိးဖြစ်သည်။ သို့သော် သင်္ချာဘာသာရပ်၌ နှစ်စဉ် ပုံမှန် မေးနေကျ ပုံစံထက် တစ်ဆင့်တက်၍ ဥာဏ်စမ်းမေးခွန်းပုံစံမျိုး လှည့်မေးလိုက်သောအခါ ကျောင်းသားအများစု စာမေးပွဲကျတော့သည်။ ထိုအခါ မော်ဒီရေးရှင်း(Moderation) လုပ်ရတော့သည်။ ရမှတ် ၃၆ မှတ်ရသူကို အောင်ပေးရတော့သည်။ တနိုင်ငံလုံး အတိုင်းအတာဖြင့် ထို မော်ဒီရေးရှင်းကို  လုပ်ရသောအခါ အချိန်တွေပိုယူရတော့သည်။ အထက်အဆင့်ဆင့်ကို တင်ပြရေတော့သည်။ နောက်ဆုံး ပြည်ထောင်စုအဆင့်၊ ဝန်ကြီးရဲ့ အတည်ပြုချက်ကို စောင့်စားရတော့သည်။
    .
    ၂၀၁၄-၂၀၁၅ ခု ပညာသင်နှစ်တွင် ထုတ်ပြန်ခဲ့သော တက္ကသိုလ်ဝင်တန်းအောင်စာရင်းနှင့် ပတ်သက်၍ စာရေးသူ သတိထားမိသော အချက် တစ်ချက်ရှိသည်။ ၄င်းမှာ နိုင်ငံပိုင်သတင်းစာများတွင် တိုင်းနှင့် ပြည်နယ်အလိုက် ဝင်ရောက်ဖြေဆိုသူ အရေအတွက်များ၊ ဂုဏ်ထူးရ စာရင်းများ၊ အောင်ချက်ရာခိုင်နှုန်းများကို စနစ်တကျ ဖော်ပြခဲ့ခြင်းပင်ဖြစ်သည်။
    .
    ယခု ၂၀၁၆ ခု ဇွန်လ (၁၁) ရက် နေ့တွင် ကျောင်းသား၊ မိဘ၊ ဆရာသမားများ မျှော်လင့်ထားသလို ပြည်သူချစ်သည့် အရပ်သားအစိုးရ လက်ထက်တွင် တက္ကသိုလ်ဝင်စာမေးပွဲကြီးကို  မည်သို့ မည်ပုံ ထုတ်ပြန်မည်ကို ရင်တမမနှင့် မျှော်လင့်စောင့်စားရင်း စာဖြေသူအပေါင်းရဲ့ မျှော်လင့်ချက် အိပ်မက်လေးတွေ ပြည့်ဝကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
    .
    Photo-Internet
    ဆရာ ဂျက်ဖရီတင်အုန်း (ရန်ကုန်စက်မှု တက္ကသိုလ် R.I.T)
  • Jumping Spider ပင့်ကူတို့၏ စွမ်းရည် နှင့် ပရိယာယ်
    Jumping Spider ပင့်ကူတို့၏ စွမ်းရည် နှင့် ပရိယာယ်
    ဇွန် ၉ ၊ ၂၀၁၆
    အေးထွန်း ရှာဖွေတင်ဆက်သည်။
    . female_cardinal
    အပင်အမြင့်တွေပေါ်မှာ နေထိုင်လေ့ရှိတဲ့ Jumping Spider ပင့်ကူတွေဟာ အခြားပင့်ကူတွေလို ပင့်ကူမျှင်အိမ် ဆောက်ပြီး လာရောက်ကပ်တွယ်တဲ့ သားကောင်ကို ဖမ်းစားတာ မဟုတ်ပါဘူး။
    .
    သူတို့က သားကောင်ကို ခုန်အုပ်ပြီးဖမ်းစားတာပါ။
    .
    ဒီပင့်ကူတွေရဲ့ ခုန်နိုင်စွမ်းအား ဘယ်လောက်ရှိလဲဆိုရင် သူတို့ရဲ့ခန္ဓာကိုယ်အလျှားထက် အဆ ၄၀ ပိုဝေးတဲ့ နေရာထိရောက်အောင် တစ်ချက်တည်းနဲ့ ခုန်နိုင်တာပါ။ အမြင့်ကနေ လှမ်းခုန်ဖမ်းတာ ဖြစ်တဲ့အတွက် မြေပြင်ကို မတော်တဆကျသေသွားမှာ စိုးရိမ်စရာပါ။ ဒါပေမဲ့ သူတို့က ကျွန်တော်တို့ထင်ထားတာထက် ပိုလည်ပါတယ်။ မခုန်ခင်ကတည်းက အသက်ကယ် ပိုးကြိုးမျှင်ကို ခန္ဓာကိုယ်မှာ ပတ်ပြီးမှ ခုန်တာပါ။
    (The Jumping Spider By Alice B. McGinty , Pg . 4)
    .
    သူတို့ရဲ့ Jumping Skill ကို မြင်သာအောင် လူတစ်ယောက် အနေနဲ့ နှိုင်းယှဉ်ပြောမယ်ဆို ဒါဟာ အရပ်၆ပေရှိတဲ့ လူက တစ်ချက်တည်းနဲ့ ပေ ၂၄၀ အဝေးကို ရောက်သွားအောင် ခုန်လိုက်တဲ့ သဘောပါပဲ။
    .
    တစ်ချို့ မျိုးစိတ်တွေဆို ခုန်နိုင်စွမ်းအားက သူတို့ ခန္ဓာကိုယ်အလျှားထက် အဆ ၁၀၀ ကျော်ရှိပါသတဲ့ ။
    (101 Amazing Facts about Spiders and other arachnids By Jack Goldstein : Record Breakers , No. 5)
    .
    ဒါ့အပြင်သူတို့ရဲ့ မျက်စိဟာ ၃၆၀ ဒီဂရီကို ထောက်လှမ်းနိုင်ပါတယ်။ ဆိုလိုတာက တစ်ချိန်ထဲမှာ ရှေ့ကော၊ဘေးကော၊ နောက်ကော ထောက်လှမ်းနိုင်ပါတယ်။
    (The Eye in History By Frank Joseph Goes , Pg. 65)
    . The Jumping Spider
    ပုံအောက်ဆုံးမှာ ပုရွက်ဆိတ်ဘယ်နှစ်ကောင် မြင်ပါသလဲ။
    .
    တကယ်တော့ သစ်ရွက်အောက်က အကောင်ဟာ ပုရွက်ဆိတ်မဟုတ်ပါဘူး။
    .
    Ant-Mimic Jumping Spider မျိုးစိတ်တစ်မျိုးဖြစ်ပါတယ်။
    .
    သူဟာ ပုရွက်ဆိတ်တွေကို စားဖို့ ပုရွက်ဆိတ်တွေ သူ့ကိုပင့်ကူလို့ သတိမထားမိအောင် ပုရွက်ဆိတ် ဟန်ဆောင်နေတာဖြစ်ပါတယ်။
    .
    ဒီ ပင့်ကူမှာ ခြေ ၈ချောင်းပါတယ်။ ဒါပေမဲ့ ပုရွက်ဆိတ်မှာကခြေ ၆ချောင်းပဲ ပါပါတယ်။ ဒီတော့ ပင့်ကူက သူ့ခြေ၂ချောင်းကို ဦးခေါင်းရှေ့ကို ဆန့်ထုတ်လိုက်ပြီး ပုရွက်ဆိတ်တွေရဲ့ ဦးမျှင်၂ခုဟန် ဟန်ဆောင် ဖန်တီးထားတာပါ။
    (Jumping Spiders: Gold-Medal Stalkers By Sandra Markle , Pg. 16)
  • အစ္စလာမ့်သင်ကြားမှုအစစ်အမှန်ကို ရှာဖွေလာကြသည့် ဂျပန်ကျောင်းသားများ
    အစ္စလာမ့်သင်ကြားမှုအစစ်အမှန်ကို ရှာဖွေလာကြသည့် ဂျပန်ကျောင်းသားများ
    ဇွန် ၉၊ ၂၀၁၆
    M-Media
    japan student
    ဗလီဝတ်ကျောင်းတော်သို့ သွားရောက် လေ့လာကြသည့် ကျောင်းသားလူငယ် အုပ်စုတစ်ခု
    – ကမ္ဘာတစ်ဝှမ်း မကြာသေးမီက ဖြစ်ပွားခဲ့သည့် အကြမ်းဖက်တိုက်ခိုက်မှုလှိုင်းလုံးက မွတ်စလင်ဆန့်ကျင်ရေး ရန်လိုမှုများကို မီးထိုးပေးခဲ့ပြီး အစ္စလာမ်အပေါ် အထင်မှားအမြင်မှားဖြစ်မှုကို အားပေးရာ ရောက်ခဲ့လေသည်။ ဂျပန်နိုင်ငံတွင်တော့ ပြည်သူများက အစ္စလာမ်နှင့် မရင်းနှီးသေး။
    သို့သော်လည်း ဂျပန်လူငယ်များမှာ အစ္စလာမ်၏ သင်ကြားမှုအစစ်အမှန်က ဘာလဲဆိုသည်နှင့် အကြမ်းဖက်မှုများအတွက် အစ္စလာမ်က ဘာ့ကြောင့်အပြစ်တင်ခံရသလဲ ဆိုသည်တို့ အပါအ၀င် အစ္စလာမ်နှင့်ပတ်သက်သည့် မေးခွန်းများအတွက် အဖြေများကို ရှာဖွေလျက်ရှိနေလေသည်။
    ယဉ်ကျေးမှုဆိုင်ရာ နီးစပ်မှုက အစ္စလာမ်နှင့်ပတ်သက်၍ စစ်မှန်ပြီး ဘက်လိုက်မှုကင်းသည့် ထိတွေ့မှု ရရှိလိမ့်မည်ဆိုသည့် ယုံကြည်ချက်နှင့်အတူ ဂျပန်နိုင်ငံရှိ စာသင်ကျောင်းများက တိုကျိုမြို့ရှိ အကြီးဆုံးဗလီဝတ်ကျောင်းသို့ ကျောင်းသားများ သွားရောက်လည်ပတ်လေ့လာသည့် အစီအစဉ်များကို ဆောင်ရွက်လာကြသည်။ ထိုလေ့လာမှုများက ထိရောက်မှုရှိသည်ကိုလည်း တွေ့ရှိခဲ့ရလေသည်။
    အသက် ၁၇ နှစ်အရွယ် ကျောင်းသား ရှန်ယာ ဆီနာဂါက ထိုအစီအစဉ်ကြောင့် မွတ်စလင်များ၏ ၀တ်ပြုမှုကို ‘နဖူးတွေ့ဒူးတွေ့’ တွေ့ခဲ့ရပြီး မွတ်စလင်တို့၏ ယုံကြည်မှုတွင် အလ္လာဟ်အရှင်မြတ်က မည်မျှ အရေးပါကြောင်းကို နားလည်ခဲ့သည်ဟု ပြောကြားခဲ့သည်။
    ဆီနာဂါသိကျွမ်းသည့် မွတ်စလင်မှာ တစ်ဦးတည်းသာရှိပြီး ထိုသိကျွမ်းမှုမှာလည်း နှုတ်ဆက်သည့်အဆင့်သာ ရှိလေသည်။
    “အဲဒီလူက ဂျပန်ယဉ်ကျေးမှုကို တော်တော်လေးကြေညက်တာကြောင့် ကျွန်တော်တို့နှစ်ယောက်မှာ ခြားနားချက် ဘာမှ မတွေ့ရပါဘူး” ဟု ဆီနာဂါက ပြာကြားခဲ့သည်။
    ၎င်း၏ စာသင်ကျောင်းသင်ရိုးညွှန်းတမ်းတွင် အစ္စလာမ်အကြောင်း အခြေခံသင်ကြားမှု ပါဝင်သော်လည်း IS အကြမ်းဖက်အဖွဲ့၏ စိုးရိမ်စရာကောင်းသည့် သတင်းများနှင့် ၎င်းတို့၏ ရိုက်ခတ်မှုက မိမိတို့အနေဖြင့် ‘အစ္စလာမ့်ယဉ်ကျေးမှုအပေါ် အဆိုးမြင်မှု ဖြစ်စေသည်” ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
    ဆီနာဂါမှာ ဆိုက်တာမာ ပြည်နယ် အိုမီယာမြို့ရှိ Omiya Kita အထက်တန်းကျောင်းမှ လွန်ခဲ့သည့် ဧပြီလနှောင်းပိုင်းတွင် ဂျပန်နိုင်ငံမှ အကြီးဆုံး ဗလီဝတ်ကျောင်းတော်ဖြစ်သော Tokyo Camii နှင့် Turkish Culture Center သို့ သွားရောက်လည်ပတ်ခဲ့သည့် ကျောင်းသူကျောင်းသား ၃၆၀ တွင် တစ်ဦးအပါအ၀င်ဖြစ်သည်။
    “IS နဲ့ ပတ်သက်တဲ့ သတင်းတွေအားလုံးက ခင်ဗျားရဲ့ အတွင်းစိတ်ကို လွှမ်းမိုးနေမှာပါ။ ဒါပေမယ့် တကယ်တော့ မွတ်စလင်တွေဟာ လူကောင်းတွေဗျ။ တစ်ချို့တွေသာ သူတို့မှာရှိရမယ့် တန်ဖိုးတွေနဲ့ သွေဖည်ပြီး လုပ်ဆောင်နေကြတာဖြစ်ပါတယ်” ဟု ဆီနာဂါ၏ အသက် ၁၆ နှစ်အရွယ် အတန်းဖော် နာအိုတို တာကာကူက ပြောကြားခဲ့သည်။
    Omiya Kita အထက်တန်းကျောင်းမှ ကျောင်းသားများမှာ တိုကျိုရှိ ဗလီဝတ်ကျောင်းတော်သို့ သွားရောက်လည်ပတ်ပြီးနောက် စင်ကာပူနှင့် မလေးရှားသို့ သွားရောက်ကာ မလေးရှား ကျေးလက်တောရွာရှိ မွတ်စလင်မိသားစုများအကြား တစ်နေ့တာကို ကုန်ဆုံးရန် အစီအစဉ်လည်း ရှိနေကြသည်။
    “ဒီလိုနေရာမျိုးမှာ သူတို့ဟာ အစ္စလာမ်ကမ္ဘာကို နဖူးတွေ့ဒူးတွေ့ ကြုံရမှာဖြစ်ပြီး အစ္စလာမ်ဆိုတာ ဘယ်လိုမျိုးလဲဆိုတာကို တွေ့မြင်ရမှာဖြစ်ပါတယ်” ဟု အဆိုပါ နိုင်ငံခြားခရီးစဉ်တွင် ကြီးကြပ်တာဝန်ယူရမည့် ကျောင်းဆရာ အာကီကို ကိုဘာယာရှီက ပြောကြားခဲ့သည်။
    “အစ္စလာမ်လူ့အဖွဲ့စည်းတွေက လူတွေဟာ ဘယ်လို အတူယှဉ်တွဲနေထိုင်ကြတယ်။ ဘယ်လို တစ်ဦးနဲ့တစ်ဦး ထောက်ပံ့ကူညီကြတယ်ဆိုတာ ကျောင်းသားတွေကို ကျွန်တော် မြင်စေချင်ပြီး၊ အဲဒီလူ့အဖွဲ့အစည်းက လူတွေရဲ့ နေ့စဉ်ဘ၀က သူတို့ရဲ့ သာသနာဟာ ငြိမ်းချမ်းရေးကို သွန်သင်ကြောင်း ပြသနေတယ်ဆိုတာကိုလည်း သူတို့ကို သိစေချင်ပါတယ်။ သူတို့စိတ်ထဲမှာရှိနေတဲ့ မမျှတမှုတွေကို ဖယ်ထုတ်ပစ်လိုက်ချင်ပါပြီ”
    အဆိုပါ လေ့လာရေးခရီးသွားသည့် ကျောင်းသားများမှ အားလုံးနီးပါးမှာ အစ္စလာမ်ကို ပထမဆုံး အနီးကပ်တွေ့ဆုံခြင်းဖြစ်သည်။
    ဗလီဝတ်ကျောင်းတော်ထဲသို့ မ၀င်ရောက်မီ တစ်ချို့က ၎င်းတို့၏ ဖိနပ်ကို စိတ်အားထက်သန်စွာဖြင့် ချွတ်ကြပြီး၊ ကျောင်းသူများ၏ မျက်နှာများတွင်တော့ စိတ်လှုပ်ရှားမှုများ ပေါ်လွင်နေကာ ခေါင်းဆောင်းပုဝါများဖြင့် ဓာတ်ပုံများလည်း အလုအယက် ရိုက်ကြလေသည်။
    “ဂျပန်ပြည်သူတွေ အစ္စလာမ်နဲ့ ရင်းနှီးဖို့ ကျောင်းပညာရေးဟာ အကောင်းဆုံးသော နည်းလမ်းတွေထဲက တစ်ခုလို့ ကျွန်တော် ယုံကြည်ပါတယ်။ ပြီးတော့ ကလေးတွေကို ဒီခေါ်လာတဲ့ ဆရာ၊ ဆရာမတွေကိုလည်း တကယ့်ကို ကြိုဆိုပါတယ်လို့ ပြောချင်ပါတယ်” ဟု ဗလီဝတ်ကျောင်းတော်၏ ပြောရေးဆိုခွင့်ရှိသူ ရှီဂီရူ ရှီမိုယာမာက ပြောကြားခဲ့သည်။
    ရှီမိုယာမာမှာ အစ္စလာမ်ဘာသာသို့ ပြောင်းလဲသက်ဝင်ထားသည့် ဂျပန်လူမျိုးတစ်ဦးဖြစ်ပြီး Tokyo Camii ဗလီဝတ်ကျောင်းတော်သို့ လာရောက်ခဲ့သည့် အဆိုပါလေ့လာရေးအဖွဲ့ကို ဧည့်လမ်းညွှန် လုပ်ပေးခဲ့လေသည်။ သူက လူငယ်များအနေဖြင့် ငယ်ရွယ်စဉ်အကခါကပင် ဘာသာတရားများနှင့် ပိုမိုထိတွေ့ရန် လိုအပ်ပြီး သို့မှသာ ဘာသာရေးဆိုင်ရာ အချက်အလက်များအား ၎င်းတို့ အလေးအနက် နားလည်နိုင်မည် ပြောကြားခဲ့သည်။
    အလ္လာဟ်ရှင်အမြတ်၏ ရှေ့တော်မှောက်တွက် လူသားအားလုံးမှာ တန်းတူဖြစ်သည်ဆိုသည့် အချက်ပါအ၀င် အစ္စလာမ်သာသနာ၏ တန်ဖိုးများအကြောင်းနှင့် အစ္စလာမ့်မစ်အသိုင်းအ၀ိုင်းမှ ပေါ်ထွက်လာသော အစွန်းရောက်များ၏ အကြမ်းဖက်လုပ်ရပ်များနှင့် ပတ်သက်၍ မီဒီယာများတွင် ဖော်ပြမှုများမှုများက ဖုံးလွှမ်းထားသည့် အစ္စလာမ့်လူ့အဖွဲ့အစည်းများ၏ အောင်မြင်မှုများ၊ ထိုအောင်မြင်မှု၏ ယနေ့တိုင်ရှင်သန်နေမှုများ စသည်တို့ကို သင်ယူလေ့လာရန်အတွက် ရှီမိုယာမာက ကျောင်းသားများကို ဖိတ်ကြားခဲ့သည်။
    tokyo camii
    ဂျပန်နိုင်ငံ၏ အကြီးဆုံး Tokyo Kamii ဗလီဝတ်ကျောင်းတော်
    Tokyo Camii ဗလီဝတ်ကျောင်းတော်မှာ ယခင်က သက်ကြီးရွယ်အိုများ၊ ဗလီဝတ်ကျောင်းတော်၏ ဗိသုကာလက်ရာကို လေ့လာရန် ပုံဆွဲစာအုပ်ဖြင့် လာရောက်ကြသည့် အနုပညာကျောင်းသားများ၏ စိတ်ဝင်စားမှုကိုသာ ခံခဲ့ရသော်လည်း ပြီးခဲ့သည့်နှစ်အနည်းငယ်အတွင်း အလယ်တန်းကျောင်းနှင့် အထက်ကျောင်းမှ ကျောင်းသားများ လာရောက်လေ့လာမှုမှာ သိသိသာသာ မြင့်တက်ခဲ့သည်ဟုလည်း ရှီမိုယာမာက ထည့်သွင်းပြောကြားခဲ့သည်။
    Omiya အထက်တန်းကျောင်းမှ ကျောင်းသားများမှာ ယနေ့အချိန်အထိ ဗလီဝတ်ကျောင်းတော်ကို လာရောက်လေ့လာသည့် မွတ်စလင်မဟုတ်သူများတွင် အကြီးဆုံး လူငယ်အုပ်စုလည်း ဖြစ်ခဲ့သည်။
    “မသိသေးတဲ့အကြောင်းအရာတွေ၊ ကျောင်းစာအုပ်တွေမှာ ရှာမတွေ့နိုင်တာတွေကို လူငယ်တွေက ဒီမှာ သင်ယူလေ့လာကြတာကို တွေ့ရတဲ့အတွက် ကျွန်တော် ပျော်ရွှင်မိပါတယ်” ဟု ရှီမိုယာမာက ဖွင့်ဟခဲ့သည်။
    ကျောင်းသားများအား ရှင်းလင်းတင်ပြမှုအတွင်း ရှီမိုယာမာက ဂျပန်နိုင်ငံရှိအစ္စလာမ့်လူ့အဖွဲ့အစည်းမှာ Tokyo Camii ဗလီဝတ်ကျောင်းတော် တည်ဆောက်ပြီးနောက်ပိုင်း မည်ကဲ့သို့ ကျယ်ပြန့်လာသည်နှင့်ပတ်သက်၍ ရှင်းပြခဲ့သည်။
    အဆိုပါဗလီဝတ်ကျောင်းတော်မှာ ၁၉၁၇ ရုရှားတော်လှန်ရေးကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးလာရသည့် တာတာ ပြောင်းရွှေ့အခြေချသူများအတွက် ပညာရေးနှင့် လူမှုရေးစင်တာတစ်ခုအဖြစ် အသုံးပြုခဲ့သော အဆောက်အအုံဖြစ်ပြီး ၁၉၃၀ ပြည့်နှစ်များက တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ နောက်ပိုင်းတွင် ထိုအဆောက်အဦးအား ဖြိုချကာ အသစ်ပြန်လည်တည်ဆောက်ခဲ့ပြီး လက်ရှိဗလီဝတ်ကျောင်းတော်ပုံစံ အဆောက်အဦးမှာ ၂၀၀၀ ခုနှစ်တွင် ပြီးစီးခဲ့သည်။
    ဂျပန်နိုင်ငံတွင်ရှိနေသည့် အစ္စလာမ်ဘာသာဝင်အရေအတွက်မှာ ၁၀၀,၀၀၀ ခန့်ရှိပြီး ထိုအထဲမှ ၁၀၀၀ ခန့်မှာ ဂျပန်လူမျိုး အစ္စလာမ်ဘာသာဝင်များဖြစ်ကြသည့်ဟု ရှီမိုယာမာက ထည့်သွင်းရှင်းပြခဲ့သည်။
    ဗလီဝတ်ကျောင်းတော်သို့ ၀တ်ပြုသူများ ရောက်ရှိလာပြီး ၀တ်ပြုသည့်အခါတွင်တော့ ကျောင်းသားများမှာ စိတ်ဝင်တစား ကြည့်ရှုကြပြီး ရှီမိုယာမာက မွတ်စလင်တို့၏ ထိုဝတ်ပြုဆုတောင်းမှုကို အနီးကပ်လေ့လာနိုင်ရန် စီစဉ်ပေးခဲ့လေသည်။
    ကျောင်းသားများနှင့်အတူ လိုက်ပါလာသည့် အင်္ဂလိပ်စာဆရာ တိုမိုကို တာဂါက အရှေ့တောင်အာရှသို့ သွားရောက်မည့်ခရီးစဉ်မှာ အခြားနိုင်ငံများတွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့်ပတ်သက်၍ ကျောင်းသားများ လေ့လာစရာ အခွင့်အလမ်းတစ်ခုဖြစ်မည်ဖြစ်ပြီး၊ ၎င်းတို့၏ အသက်မွေးဝမ်းကြောင်းလုပ်ငန်းတွင် အထောက်အကူဖြစ်စေမည့် သင်ခန်းစာတစ်ခုလည်း ဖြစ်လိမ့်မည်ဟု မျှော်လင့်နေသည်။
    “ပတ်ဝန်းကျင်အသိုင်းအ၀ိုင်းကိုလိုက်ပြီး ယဉ်ကျေးမှုပိုင်းဆိုင်ရာမှာ ဘယ်လို ကွဲပြားခြားနားလဲဆိုတာ သူတို့လေးတွေကို ကျွန်တော် မြင်စေချင်ပါတယ်။ ယဉ်ကျေးမှုဆိုင်ရာ ပွတ်တိုက်မှုကို သူတို့ ကြုံတွေ့ခံစားရမယ်ဆိုတာကိုလည်း ကျွန်တော် သိပါတယ်။ ဒါပေမယ့် ဒီအတွေ့အကြုံကနေ အနာဂတ်မှာ သူတို့လေးတွေ အကျိုးဖြစ်ထွန်းနိုင်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်”
    မွတ်စလင်အရေအတွက်မှာ ထပ်တိုးလာကာ နောက်ဆုံးတွင် ခရစ်ယာန်လူဦးရေကိုပါ ကျော်တက်သွားရန် ရှိနေသောကြောင့် ထိုကဲ့သို့ အစ္စလာမ့်အကြောင်း လေ့လာမှုမှာ မရှိမဖြစ်သည့် နည်းလမ်းတစ်ခုဖြစ်သည်ဟု ရှိုမိုယာမာက ယုံကြည်နေပြီး ဂျပန်နိုင်ငံမှာပင် အစ္စလာမ်သာသနာပြန့်ပွားမှုမှာ သိသာသည့်အခြအနေ ရှိနေသည်ဟု မှတ်ချက်ပြုခဲ့သည်။
    “ကမ္ဘာတစ်လွှား လိုက်နာကျင့်သုံးကြတဲ့ ဘာသာတရားတွေထဲမှာ ခရစ်ယာန်နဲ့ အစ္စလာမ်ဘာသာတွေဟာ ကမ္ဘာ့အကြီးဆုံး ဖြစ်လာပါတယ်။ ဒါပေမယ့် သက်ဝင်သူ ၁.၆ ဘီလီယံရှိနေပြီး ကမ္ဘာ့ ဒုတိယအကြီးဆုံး ဘာသာတရားဖြစ်တဲ့ အစ္စလာမ်သာသနာကို ဂျပန်နိုင်ငံမှာတော့ သိပ်မသိကြပါဘူး”
    ဂျပန်လုပ်ငန်းတော်တော်များများမှာ အစ္စလာမ်ဘာသာဝင် ၉၀ ရာခိုင်နှုန်းရှိသည့် အင်ဒိုနီးရှားကဲ့သို့ နိုင်ငံများရှိ ဈေးကွက်များကို ထိုးဖောက်နေကြပြီး၊ ဂျပန်နိုင်ငံသို့ လာရောက်လည်ပတ်ကြသူများနှင့် လာရောက်နေထိုင်ကြသူသည့် မွတ်စလင်များတွင် အင်ဒိုနီးရှားနိုင်ငံသားများမှာ အရေအတွက်အများဆုံးဖြစ်သည်ဟုလည်း ရှီမိုယာမာက ထည့်သွင်းပြောဆိုခဲ့သည်။
    ဂျပန်အလွတ်တန်းဂျာနယ်လစ် ကင်ဂျီ ဂိုတိုအား ဆီးရီးယာတွင် IS အဖွဲ့က သတ်ဖြတ်မှု၊ ပဲရစ်တွင်ဖြစ်ပွားခဲ့သည့် အကြမ်းဖက်တိုက်ခိုက်မှုများ အပါအ၀င် ပြီးခဲ့သည့်နှစ်အတွင်း ဖြစ်ပွားခဲ့သည့် စက်ဆုပ်စရာ အဖြစ်အပျက်များပြီးနောက် အစ္စလာမ်ကြောက်ရောဂါအခြေခံ၍ ဂျပန်နိုင်ငံရှိ မွတ်စလင်လူ့အဖွဲ့အစည်းအား တိုက်ခိုက်မှုတွင် Tokyo Camii ဗလီဝတ်ကျောင်းတော်လည်း မလွတ်ခဲ့။
    “မွတ်စလင်တွေ ဒီကထွက်သွားစမ်းကွာ” ဟု လူတစ်ဦးက ဗလီဝတ်ကျောင်းတော်သို့ ဖုန်းခေါ်ခဲ့သည်ဟု ရှီမိုယာမာက ပြောကြားခဲ့ပြီး မိမိအနေဖြင့် ၎င်း၏ ပြောကြားမှုများအား နားထောင်ကာ တုန့်ပြန်ရန် ကြိုးစားခဲ့သည်ဟု ဆိုသည်။
    အထူးသဖြင့် အစ္စလာမ်နှင့် မရင်းနှီးသေးသည့် လူ့အဖွဲ့အစည်းအကြားတွင် မီဒီယာများက အစ္စလာမ်အကြောင်း အပျက်သဘောဆောင်သည့် ဖော်ပြမှုများကို ရှီမိုယာမာက အပြစ်တင်ခဲ့သည်။
    ရှီမိုယာမာ အစ္စလာမ့်အေးရိပ်ဆာယာအောက်သို့ ရောက်ရှိခဲ့သည့် အကြောင်းအရင်းက ၎င်း ခရီးသွားစဉ်ကာလအတွင်း ကြုံတွေ့ခဲ့ရသသည့် မွတ်စလင်တို့၏ ဖော်ရွေကူညီမှုဖြစ်သည်။
    ဂျပန်နိုင်ငံတွင်မွေးဖွားသည့် ရှီမိုယာမာမှာ တက္ကသိုလ်တက်သည့်အချိန်တွင် အာဖရိကသို့ သွားရောက်ခဲ့ပြီး ထိုမတိုင်ခင်က အစ္စလာမ်အကြောင်း ကြားပင်မကြားဖူးခဲ့။ သို့သော်လည်း အာဖရိကရှိ မွတ်စလင်တို့၏ ဖော်ရွေကူညီမှုက အစ္စလာမ့်သွန်သင်မှုများအပေါ် လေ့လာလိုသည့် စိတ်ဆန္ဒကို ဖြစ်စေခဲ့ပြီး မွတ်စလင်များ၏ ကြင်နာတတ်မှုမှာ ထိုသွန်သင်မှုများမှ မြစ်ဖျားခံလာသည်ဟု ၎င်းက ယုံကြည်ခဲ့သည်။
    အာဖရိကမှ ပြန်ရောက်ပြီးကတည်းက ရှီမိုယာမာတစ်ယောက် ဂျပန်နိုင်ငံရှိ အစ္စလာမ့်လူ့အဖွဲ့အစည်းအတွက် အသိပညာပေး လုပ်ငန်းများကို လုပ်ဆောင်ခဲ့ပြီး၊ အစ္စလာမ်အကြောင်းသိရှိရေး၊ အစွန်းရောက်များ၏ လုပ်ရပ်များကြောင့် သာသနာအပေါ် အထင်မှားအမြင်မှားဖြစ်နေမှုများ ပပျောက်ရေး စသည့်လုပ်ငန်းများတွင် နှစ်မြှုပ်ဆောင်ရွက်ခဲ့လေသည်။
    နိုင်ငံရပ်ခြားတိုင်းပြည်များမှ ပြည်သူများမှာ မွတ်စလင်အရေအတွက် တိုးပွားမှုကို ခြိမ်းခြောက်မှုအဖြစ် မှတ်ယူနေကြသော်လည်း ဂျပန်ပြည်သူများကတော့ အစ္စလာမ်သာသနာအပေါ် ပိုမိုစိတ်ဝင်စားမှုကို ပြသနေပြီး မွတ်စလင်ဆန့်ကျင်ရေး သဘောထားများမရှိဟု ၎င်းက ပြောကြားခဲ့သည်။
    ရှီမိုယာမာမှာ တိုကျိုမြို့ ပတ်ဝန်းကျင်ရှိ စာသင်ကျောင်းများသို့ သွားရောက်လည်ပတ်ကာ အစ္စလာမ့်လူ့အဖွဲ့အစည်းကြောင်း ဟောပြောပို့ချမှုများကိုလည်း ပြုလုပ်နေသည်။
    ၎င်း၏ ဟောပြောပို့ချမှုကို တက်ရောက်နားထောင်ခဲ့သည့် ၆ တန်းကျောင်းသားတစ်ဦးက ရှီမိုယာမာသို့ ပေးပို့သော စာတွင် “လူပေါင်းများစွာရဲ့ အသက်တွေကို ဆုံးရှုံးစေတယ်ဆိုပြီး အစ္စလာမ်ကို ကြောက်စရာတစ်ခုအဖြစ် အရင်က ကျွန်တော် ထင်ခဲ့တယ်” ဟု ရေးသားထားသည်။
    ၎င်း၏ အတန်းဖော်များက ပေးပို့ခဲ့သည့် စာများတွင်လည်း မိမိတို့မှာ အစ္စလာမ်ကို အကြမ်းဖက်ဝါဒနှင့် ချိတ်ဆက်ရှုမြင်ခဲ့ကြသည်ဟု ၀န်ခံခဲ့ကြသော်လည်း အစ္စလာမ်အကြောင်း ပိုမိုနားလည်လာခြင်းက မွတ်စလင်အချို့ အဘယ့်ကြောင့် အကြမ်းဖက်သူများအဖြစ် ပြောင်းလဲသွားခဲ့သည်ကို စဉ်းစားလာနိုင်သည်ဟု ထည့်သွင်းရေးသားခဲ့သည်။
    ထို့ပြင် ပဋိပက္ခဖြစ်ပွားနေသည့် နိုင်ငံများမှာ ပြည်သူများအတွက်လည်း စာနာမိကြောင်း အဆိုပါကျောင်းသားများ၏ စာများတွင် တွေ့ရလေသည်။
    “ကြီးလာရင် သမီး ဆရာဝန်တစ်ယောက်ဖြစ်ချင်ပြီး ဆီးရီးယားလို စစ်ပွဲတွေဖြစ်နေတဲ့ဒေသက ထိခိုက်ခံစားရသူတွေကို ကူညီကယ်တင်ဖို့ နိုင်ငံရပ်ခြားကို သွားချင်ပါတယ်” ဟု ကျောင်းသူတစ်ဦးက ရေးသားခဲ့လေသည်။
    Ref: Japantimes
    (Japantimes တွင် ဖော်ပြထားသည့် Students visit Tokyo mosque to get unbiased glimpse of Islam ဆောင်းပါးကို လေးမောင်မှ ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)
  • ကနေဒါဝန်ကြီးချုပ် မွတ်စလင်များအတူ ၀ါဖြေ
    ကနေဒါဝန်ကြီးချုပ် မွတ်စလင်များအတူ ၀ါဖြေ
    ဇွန် ၈၊ ၂၀၁၆
    M-Media
    abd78902-56cc-4a87-821d-fe6e27506062_16x9_788x442
    – အစ္စလာမ်ဘာသာဝင်တို့ရဲ့ ရမ်ဇာန်ဥပုသ်လ ပထမဆုံးနေ့မှာပဲ ကနေဒါဝန်ကြီးချုပ် ဂျပ်စတင် ထရူဒူဟာ အစိုးရအဖွဲ့နဲ့ နိုင်ငံရေး အသိုင်းအ၀ိုင်းက မွတ်စလင်တွေနဲ့အတူ ဥပုသ်အထွက်မှာ ၀ါဖြေညစာ စားသောက်ခဲ့တယ်လို့ ဗီဒီယိုမှတ်တမ်းအရ သိရပါတယ်။
    .
    Facebook စာမျက်နှာပေါ် ရောက်ရှိလာတဲ့ အဲဒီဗီဒီယိုဖိုင်ကို ပြန်လည်မျှဝေမှု အကြိမ် ၄ သန်းရှိခဲ့ပါတယ်။ ထရူဒူဟာ အရှေ့အလယ်ပိုင်းနဲ့ အာရှရိုးရာ အစားအသောက်တွေကို စားသောက်ခဲ့တယ်ဆိုတာ အဲဒီဗီယိုဖိုင်မှာ တွေ့ခဲ့ရပါတယ်။
    .
    .
    ref: english.alarabiya.,Justin Trudeau twitter