News @ M-Media

Blog

  • အစိုးရတာဝန်ရှိသူဟောင်းများ ခိုးယူထားသည့် နိုင်ငံတော်ဘဏ္ဍာငွေ ၁၀ ဘီလီယံနီးပါးကို နိုက်ဂျီးရီးယား ပြန်သိမ်း

    အစိုးရတာဝန်ရှိသူဟောင်းများ ခိုးယူထားသည့် နိုင်ငံတော်ဘဏ္ဍာငွေ ၁၀ ဘီလီယံနီးပါးကို နိုက်ဂျီးရီးယား ပြန်သိမ်း

    ဇွန် ၇၊ ၂၀၁၆
    M-Media

    nigeria 2

    – နှစ်ပေါင်းများစွာ စီးပွားရေး ချွတ်ခြုံကျမှုကို တိုက်ဖျက်ဖို့အတွက် ခြစားမှုတွေကို နှိမ်နှင်းရာမှာ ခိုးယူထားတဲ့ နိုင်ငံတော် ဘဏ္ဍာငွေ ကန်ဒေါ်လာ ၉.၁ ဘီလီယံကို ပြန်လည်ရရှိခဲ့တယ်လို့ နိုက်ဂျီးရီးယားအစိုးရက စနေနေ့မှာ ကြေငြာခဲ့ပါတယ်။

    အကျင့်ပျက်ခြစားမှုကို တိုက်ဖျက်မယ်ဆိုတဲ့ ကျွေးကြော်သံနဲ့ ပြီးခဲ့တဲ့နှစ်မှာ ရွေးကောက်တင်မြှောက်ခံရတဲ့ သမ္မတ မိုဟာမာဒူ ဘူဟာရီဟာ နိုင်ငံရဲ့ ရေနံလုပ်ငန်းကနေ ပျောက်ဆုံးသွားတဲ့ ဘဏ္ဍာငွေတွေကို ပြန်လည်ရယူပေးမယ်ဆိုတဲ့ ကတိကို ပေးထားသူပါ။ ပြီးတော့ မိမိအာဏာရယူခဲ့တဲ့ ပြီးခဲ့တဲ့နှစ် မေလမှာ အဲဒီငွေကြေးတွေဟာ စာရင်းသာရှိခဲ့တယ်လို့လည်း သူက ထည့်သွင်းပြောကြားခဲ့ပါတယ်။

    ကမ္ဘာ့ရေနံဈေးတွေ ရုတ်တရက်ထိုးကျပြီး စီးပွားရေးပျက်ကပ်ဒဏ် ခံစားခဲ့ရတာက နိုက်ဂျီးရီးယားမှာ ပျောက်ဆုံးသွားတဲ့ ပိုက်ဆံတွေ ပြန်ရအောင် သေသေချာချာကိုင်တွယ်ဖို့ လိုအပ်တဲ့အခြေအနေမျိုး ဖြစ်လာခဲ့ပါတယ်။ နိုက်ဂျီးယားရဲ့ တိုင်းပြည်ဝင်ငွေ ၇၀ ရာခိုင်နှုန်းလောက်ဟာ ရေနံလုပ်ငန်းကနေ ရရှိတာဖြစ်ပါတယ်။

    ပြည်ထဲရေးဝန်ကြီး လိုင်မိုဟာမက်က ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ပြီးခဲ့တဲ့နှစ် မေလ ၂၉ ရက်နေ့ကတည်းက ယခုနှစ် မေ ၂၅ ရက်နေ့အထိ သိမ်းဆည်းရမိတဲ့ ငွေသားနဲ့ ပိုင်ဆိုင်မှုတန်ဖိုးဟာ ကန်ဒေါ်လာ ၉.၁ ဘီလီယံရှိတယ်လို့ ဖော်ပြထားပါတယ်။

    “နိုင်ငံပိုင်ဒီငွေတွေကို ၀ှက်ထားတဲ့၊ ခိုးထားတဲ့၊ လမ်းကြောင်းပြောင်းရယူထားတဲ့ လူတစ်ဦးချင်းစီနဲ့ အသင်းအဖွဲ့တွေဆီကနေ ပြန်လည်သိမ်းယူထားတာ ဖြစ်ပါတယ်။ အဲဒီလို ရယူထားသူတွေမှာ ယခင် အစိုးရတာဝန်ရှိသူဟောင်းတွေပါဝင်ပြီး ကိုယ်ပိုင်ဘဏ်စာရင်းတွေမှာ သိမ်းဆည်းထားတာမျိုး၊ ပုဂ္ဂလိကကုမ္ပဏီတွေမှာ လွှဲပြောင်းထားတာမျိုး၊ အစိုးရသက်တမ်းကုန်တဲ့အခါမှာ ပြန်မအပ်တာမျိုးတွေ ပြုလုပ်ထားတာပါ” လို့ ၀န်ကြီးရဲ့ အကြံပေး ဆီဂန် အဒီယေမီက ပြောကြားခဲ့ပါတယ်။

    Ref: IINA

  • တူရကီတွင် Airbus လေယာဉ်တစ်စီးကို ရေအောက်မြှုပ်ကာ အပန်းဖြေရေးလုပ်ငန်း တိုးမြှင့်ရေး ဆောင်ရွက်

    တူရကီတွင် Airbus လေယာဉ်တစ်စီးကို ရေအောက်မြှုပ်ကာ အပန်းဖြေရေးလုပ်ငန်း တိုးမြှင့်ရေး ဆောင်ရွက်

    ဇွန် ၇၊ ၂၀၁၆
    M-Media

    turkey 5

    – တူရကီနိုင်ငံ အနောက်တောင်ပိုင်းက အပန်းဖြေမြို့ဖြစ်တဲ့ ကူဆာဒါဆီရဲ့ မြို့တော်စည်ပင်သာယာရေး စီမံကိန်း အစိတအပိုင်းတစ်ခုအဖြစ် ကမ္ဘာလှည့်ခရီးသည်များကို ဆွဲဆောင်ဖို့နဲ့ လူလုပ်သန္တာကျောက်တန်းတစ်ခုအဖြစ် အသုံးပြုဖို့အတွက် Airbus 300 ခရီးသည်တင်လေယာဉ်တစ်စင်းကို အေဂျီယံပင်လယ်အတွင်းမှာ နှစ်မြှုပ်ခဲ့တယ်လို့ သိရပါတယ်။

    အဲဒီလေယာဉ်ကို အစ္စတန်ဘူလ်မှာ ဧပြီ ၇ ရက်နေ့စတင်ကာ နှစ်လကြာ စစ်ပစ္စည်းတွေ တစ်စစီဖြုတ်ခဲ့တာဖြစ်ပြီး စနေနေ့က ကူဆာဒါဆီမြို့ကို ယူဆောင်လာတာဖြစ်ပါတယ်။ အရှည် ၅၄ မီတာ အကျယ် ၄၄ မီတာရှိတဲ့ အဲဒီလေယာဉ်ဟာ သန္တာကျောက်တန်းအဖြစ် အသုံးပြုတဲ့ အကြီးမားဆုံးသော လေယာဉ်တစ်ခုဖြစ်ပြီး ကုန်ကျစရိတ် တူရကီငွေ ၂၇၀,၀၀၀ လီရာ ရှိတယ်လို့ သိရပါတယ်။

    ဒီလေယာဉ် နှစ်မြှုပ်မှုအတွင်းမှာ ကရိန်းတွေ၊ အဆောက်အဦးဆောက်လုပ်ရာမှာ သုံးတဲ့ အကြီးစား စက်ပစ္စည်းတွေကို အသုံးပြုခဲ့ပြီး ပင်လယ်ရေအောက် ၂၀ ကနေ ၂၅ မီတာအထိကို ရေငုပ်သမားတွေရဲ့အကူအညီရဲ့ ချပေးခဲ့တာဖြစ်ပါတယ်။ ဒီလုပ်ငန်းစဉ်တစ်ခုလုံး ပြီးဆုံးဖို့ ၂ နာရီခွဲလောက် ကြာခဲ့ပါတယ်။

    “ဒီစီမံကိန်းနဲ့အတူ ရည်ရွယ်ထားတာကတော့ ကမ်းရိုးတမ်းရေအောက် ဇီဝမျိုးကွဲတွေ များပြားလာစေဖို့နဲ့ ဒေသတွင်း ရေအောက်ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးလာဖို့ ဖြစ်ပါတယ်။ ဒီကမ်းရိုးတန်းကို ပြည်တွင်းနဲ့ ပြည်ပ ကမ္ဘာလှည့်ခရီးသည်တွေ တစ်နှစ် ၂၅၀,၀၀၀ လောက် ရေငုပ်ဖို့လာရောက်ကြပါတယ်” လို့ မြို့တော်ဝန် Özlem Çerçioğlu က ပြောကြားခဲ့ပါတယ်။

    Ref: IINA

  • မွတ်စလင်တို့၏ ရမ်ဇာန်ဥပုသ်လအတွက် ဗြိတိန်ဝန်ကြီးချုပ် ဆုမွန်ကောင်းတောင်း

    မွတ်စလင်တို့၏ ရမ်ဇာန်ဥပုသ်လအတွက် ဗြိတိန်ဝန်ကြီးချုပ် ဆုမွန်ကောင်းတောင်း

    ဇွန် ၆၊ ၂၀၁၆
    M-Media

    britain

    – ဇွန်လ ၆ ရက်နေ့မှာ ကျရောက်တဲ့ အစ္စလာမ်ဘာသာဝင်တို့ရဲ့ ရမ်ဇာန်ဥပုသ်လအတွင်း ဗြိတိန်မွတ်စလင်တွေနဲ့ ကမ္ဘာတစ်ဝှမ်းက မွတ်စလင်တွေအတွက် ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းက ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

    “ရမ်ဇာန်လမြတ်ဟာ ဗလီဝတ်ကျောင်းတွေက သူတို့ရဲ့ တံခါးတွေကိုဖွင့်ထားပြီး၊ မွတ်စလင် ပရဟိတစင်တာတွေကလည်း သူတို့ရဲ့ အိမ်နီးချင်းတွေကို ကြိုဆိုတဲ့လ ဖြစ်ပါတယ်။ မွတ်စလင်တွေ ၀ါဖြေချိန်မှာ ခရစ်ယာန်ဘုရားကျောင်းတွေ၊ ဂျူးဘုရားကျောင်းတွေကလည်း နေရာထိုင်ခင်းတွေ ပေးကြပါတယ်။ အဲဒီဝါဖြေပွဲတွေကို ဘာသာအားလုံးက လူတွေနဲ့ ဘာသာမဲ့တွေကို ဖိတ်ကြားကြပါတယ်” လို့ ကင်မရွန်းက ၂ မိနစ်တာကြာမြင့်တဲ့ ဗီဒီယိုမှာ ပြောကြားခဲ့ပါတယ်။

    နောက်ပြီး Coventry Cathedral ဘုရားကျောင်းက ဘာသာပေါင်းစုံ အစ်ဖ်တာရ်ဝါဖြေပွဲကို ပြုလုပ်မှာဖြစ်ကြောင်း၊ မန်ချက်စတာမြို့မှာလည်း အင်္ဂလန်အသင်းရဲ့ ယူရိုပြိုင်ပွဲ ယှဉ်ပြိုင်ကစားမှုနှင့်အတူ အစ်ဖ်တာရ်ဝါဖြေပွဲကို ပြုလုပ်ဖို့ရှိနေကြောင်း၊ နိုင်ငံတစ်ဝှမ်းလုံးက အိမ်ယာမဲ့တွေဟာ သူတို့နဲ့ဘ၀တူ အိမ်ယာမဲ့တွေနဲ့အတူ ၀ါဖြေပွဲတွေ ပြုလုပ်ကြမှာဖြစ်ကြောင်း ဗြိတိန်ဝန်ကြီးချုပ်က ထည့်သွင်းပြောကြားခဲ့ပါတယ်။

    “တကယ်တော့ ရမ်ဇာန်ရောက်ပြီဟေ့လို့ဆိုရင် ဥပုသ်သီလဆောက်တည်ရမယ်ဆိုတာကို ကျွန်တော်တို့ တစ်ပါတည်း တွဲသိကြပါတယ်။ ပြီးတော့ ဒီလဟာ မွတ်စလင်တွေရဲ့ ယုံကြည်မှုကို စမ်းသပ်တဲ့ ကာလလည်းဖြစ်ပါတယ်။ အထူးသဖြင့် အခုလို ပူပြင်းရှည်လျားတဲ့နေ့တွေမှာပေါ့။ ဒါပေမယ့် ဒီထက်ပိုတာတွေလည်း ရှိပါတယ်။ မွတ်စလင်တွေဟာ သူတို့ရဲ့ ငွေကြး၊ ဥစ္စာပစ္စည်းတွေကို ကံမကောင်းအကြောင်းမလှကြတဲ့ သူတွေကို လှူဒါန်းကြတယ်။ သူတို့ရဲ့အားလပ်တဲ့ အချိန်ကိုလည်း ၀တ်ပြုဆုတောင်းမှုတွေ၊ တရားဘ၀နာစီးဖြန်းမှုတွေမှာ ကုန်ဆုံးကြပါတယ်”

    ဆီးရီးယားစစ်ပွဲကြောင့် ထိခိုက်ခံစားနေရပြီး ရမ်ဇာန်လမြတ်ကို ဒုက္ခသည်စခန်းများမှာ ကုန်ဆုံးရမယ့် မိသားစုတွေကို စာနာမိကာ ဆီးရီးယားပြည်သူတွေကို ဆက်လက်အားပေးထောက်ပံ့သွားမှာဖြစ်တယ်လို့လည်း ကင်မရွန်းက အဲဒီ ဗီဒီယိုမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

    နောက်ဆုံးမှာတော့ ၀န်ကြီးချုပ်က ရမ်ဇာန်မူဘာရက်ပါလို့ ဆုမွန်ကောင်းတောင်းပေးခဲ့ပါတယ်။

    “အစ်ဖ်တာရ်ဝါဖြေပွဲတွေ၊ လူမှုရေးအခမ်းအနားတွေမှာ အတူတကွ ဆက်လက်ပါဝင်ကြပါစို့။ ကျွန်တော်တို့ နေထိုင်တဲ့ ဒီတိုင်းပြည်မှာ ဂုဏ်ယူစရာကောင်းပြီး၊ လူမျိုးစုံ၊ ဘာသာစုံပါဝင်တဲ့ ဒီမိုကရေစီထွန်းကားမှုကို ရရှိခံစားကြပါစို့။ ဗြိတိန်နဲ့ ကမ္ဘာတစ်ဝှမ်းက လူတိုင်းအတွက် ‘ရမ်ဇာန်မူဘာရက်’ ပါလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်”

    Ref : 10 Downing Street’s Facebook

  • ဂျာမနီစာပေဂုဏ်ပြုဆုတစ်ခုကို အင်ဒိုစာရေးဆရာမတစ်ဦး ရရှိ

    ဂျာမနီစာပေဂုဏ်ပြုဆုတစ်ခုကို အင်ဒိုစာရေးဆရာမတစ်ဦး ရရှိ

    ဇွန် ၆၊ ၂၀၁၆
    M-Media

    indo 2

    – ဂျာမန်စာပေအသင်း Litprom က ပေးအပ်တဲ့ ၂၀၁၆ ခုနှစ် စာပေဂုဏ်ပြုဆု (2016 Liberaturpreis) ကို အင်ဒိုနီးရှားစာရေးဆရာမတစ်ဦးဖြစ်သူ လက်ခ်ျမီး ပါမန်ဂျက်က ဆွတ်ခူးရရှိသွားတယ်လို့ သိရပါတယ်။

    အဲဒီ စာပေအသင်း Litprom ဟာ အာရှ၊ အရှေ့အလယ်ပိုင်း၊ အာဖရိကနဲ့ တောင်အမေရိက က အမျိုးသမီးစာရေးဆရာတွေရဲ့ စာပေလက်ရာတွေကို ရွေးချယ်ချီးမြှင့်တာဖြစ်ပြီး လက်ခ်ျမီးကတော့ ၂၀၁၂ ခုနှစ်က သူမ ရေးသားခဲ့တဲ့ Amba ဆိုတဲ့ ၀တ္ထုနဲ့ အဲဒီဆုကို ရရှိခဲ့တာဖြစ်ပါတယ်။

    မိမိတို့ဝဘ်ဆိုက်မှာ လပေါင်းများစွာအရင်က ပြုလုပ်ခဲ့တဲ့ စာပေလက်ရာ မဲပေးရွေးချယ်မှုအစီအစဉ်ရ စာဖတ်သူတွေရဲ့ မဲပေးမှုကို အခြေခံပြီး လက်ခ်ျးမီးရဲ့ ဒီဝတ္ထုကို ဂုဏ်ပြုဆု ချီးမြှင့်ခဲ့တာဖြစ်တယ်လို့ Litprom အဖွဲ့က သောကြာနေ့မှာထုတ်ပြန်ခဲ့တဲ့ အွန်လိုင်းကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    ပြီးခဲ့တဲ့ နှစ်က ဂျာမနီမှာ “Alle Farben Rot” အမည်နဲ့ ထုတ်ဝေခဲ့တဲ့ Amba ၀တ္ထုဟာ တခြားအဆိုပြုခံထားရတဲ့ စာအုပ်ငါးအုပ်ဖြစ်တဲ့ အိုင်ဗရီကို့စ်က Margueirte Abouet၊ တူနီးရှားက Najet Adouani၊ အာဂျင်တီးနားက Maria Sonia Cristoff၊ အစ္စရေးက Ayelet Gundar-Goshen၊ တောင်အာဖရိက က Antjie Krog စတဲ့ စာပေလက်ရာတွေကို ကျော်ဖြတ်ကာ ဒီဆုကို ရရှိခဲ့တာလည်းဖြစ်ပါတယ်။

    “ဒါဟာ အံ့သြစရာသတင်းပါပဲ။ ကျေးဇူးအများကြီး တင်ပါတယ်ရှင်၊ ကျွန်မ တကယ်ကို ၀မ်းမြောက်ဂုဏ်ယူမိပါတယ်။ ကျွန်မရဲ့ (ဂျာမန်)ဘာသာပြန်ဆရာ ဒေါက်တာမာတီနာ ဟိန်ရှေးရဲ့အကူအညီမပါဘဲ ဒါကို ကျွန်မပြီးမြောက်အောင် လုပ်နိုင်မှာ မဟုတ်ပါဘူး၊ ကျွန်မ သူ့ကို တစ်သက်စာ အကြွေးတစ်ခု တင်သွားပါပြီ” လို့ လက်ခ်ျမီးက ဆုရပြီးနောက် ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    Amba ၀တ္ထုဟာ အိန္ဒိယရှေးဟောင်းကျမ်းစာတစ်ခုဖြစ်တဲ့ မဟာဘာရတာကျမ်း (Mahabharata) က ထုတ်နုတ်ထားတဲ့ အမ်ဘာနဲ့ ဘစ်ရှ်မားအကြောင်းကို ခေတ်ပေါ်အနေနဲ့ ဇာတ်ကြောင်း ပြန်ပြောကာ ၁၉၆၅ ခုနှစ်က အင်ဒိုနီးရှားမှာ ဖြစ်သွားတဲ့ ကွန်မြူနစ်ဆန့်ကျင်ရေး လူအစုလိုက် သတ်ဖြတ်မှုကြီးအကြောင်း နောက်ကြောင်းပြန် ဇာတ်အိမ်တည်ထားတဲ့ ၀တ္ထုမျိုး ဖြစ်ပါတယ်။

    Ref: IINA

  • မြန်မာနိုင်ငံသား မွတ်စလင်ရှေ့နေများအသင်းကို ဖွဲ့စည်း

    မြန်မာနိုင်ငံသား မွတ်စလင်ရှေ့နေများအသင်းကို ဖွဲ့စည်း

    12871470_10154363744203128_7085970026148970670_n
    မြန်မာနိုင်ငံက မွတ်စလင်ဘာသာဝင်တွေ နိုင်ငံသားအခွင့်အရေးဆုံးရှုံးနေတာတွေနဲ့ ခွဲခြားဆက်ဆံ ခံနေရတာတွေကို ဥပဒေကြောင်းအရ ကူညီဆောင်ရွက်ပေးနိုင်ဖို့အတွက်ဆိုပြီး မြန်မာနိုင်ငံသား မွတ်စလင်ရှေ့နေများအသင်းကို ဖွဲ့စည်းလိုက်ပါတယ်။
    .
    တရားဝင်အသင်းအဖွဲ့အဖြစ် ရပ်တည်နိုင်ဖို့ မှတ်ပုံတင်သွားမယ်လို့ အသင်းရဲ့နာယက အဖြစ်တာဝန်ယူထားတဲ့ တရားလွှတ်တော်ရှေ့နေ ဦးကိုနီ က ပြောပါတယ်။
    .
    မြန်မာနိုင်ငံသား မွတ်စလင်ရှေ့နေများအသင်းကို ပြီးခဲ့တဲ့ ဇွန်လ ၄ ရက်နေ့က ရန်ကုန်မြို့မှာ အစည်းအဝေးပြုလုပ်ပြီး ဖွဲ့စည်းလိုက်တာ ဖြစ်ပါတယ်။
    .
    မွတ်စလင်ဘာသာဝင်တွေဟာ ပညာရေး၊ အလုပ်အကိုင်အခွင့်အလမ်းနဲ့ နိုင်ငံသားမှတ်ပုံတင် ရရှိရေးတွေမှာ အခက်အခဲတွေရှိနေပြီး အသင်းအနေနဲ့ အဲဒီလိုကိစ္စမျိုးတွေကို လိုက်ပါကူညီပေးဖို့နဲ့ အကြံဥာဏ်တွေ ပေးဖို့ စီစဉ်ထားပါတယ်။
    .
    တစ်နိုင်ငံလုံးမှာ မွတ်စလင်ဘာသာဝင်ရှေ့နေ ၂၀၀ ဝန်းကျင်ခန့်ရှိပြီး အသင်းမှတ်ပုံတင် ရရှိလာတဲ့အခါ မွတ်စလင်ဘာသာဝင် ရှေ့နေတိုင်း အသင်းဝင်ဖြစ်ရေးအတွက် စည်းရုံးသွားမယ်လို့ ဦးကိုနီက ပြောပါတယ်။
    .
    မြန်မာနိုင်ငံသား မွတ်စလင်ရှေ့နေများအသင်းကို ပထမဆုံး ဖွဲ့စည်းတာဖြစ်ပြီး နာယက အဖြစ် ဦးကိုနီ၊ ဥက္ကဌအဖြစ် ဦးကျော်ငြိမ်း၊ ဒုတိယဥက္ကဌအဖြစ် ဦးတင်ထွန်းနဲ့ အတွင်းရေးမှူးအဖြစ် ဦးခင်မောင်ချို တို့က တာဝန်ယူဆောင်ရွက်သွားမှာဖြစ်ပါတယ်။
    .
    Photo: မွတ်စလင်ရှေ့နေများအသင်း နာယကဖြစ်သူ တရားလွှတ်တော်ရှေ့နေ ဦးကိုနီကို တွေ့ရစဉ်
    .
    RFA မှ ကူးယူဖော်ပြပါသည်။