News @ M-Media

Blog

  • မွတ်စလင်တို့ရဲ့ ရမဿွန် ဥပုတ်လ ပထမနေ့ ဝါမထွက်ခင် ရန်ကုန်မှ မြင်ကွင်းအချို့ (ဓါတ်ပုံသတင်း)

    မွတ်စလင်တို့ရဲ့ ရမဿွန် ဥပုတ်လ ပထမနေ့ ဝါမထွက်ခင် ရန်ကုန်မှ မြင်ကွင်းအချို့ (ဓါတ်ပုံသတင်း)

    7
    ဇွန် ၇ ၊ ၂၀၁၆ (M-Media)
    .
    ဒီကနေ့ဟာ မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင်တို့ရဲ့ ရမဿွာန် ဥပုတ်လ ပထမဆုံး ရက်ပဲဖြစ်ပါတယ်။

    ညနေ နေဝင် ဥပုတ်မထွက်ခင် အစားအသောက်များ ရောင်းချ၊ ဝယ်ယူနေကြပုံ၊ သက်ဆိုင်ရာ မြို့နယ်အလိုက် ဗလီများ၊ သာရေးနာရေး အသင်းများမှ အာဟာရ ဒါန လှူဒါန်းတဲ့ ဟာလင်များကို လက်ခံ ယူနေကြပုံများနှင့် သက်ဝင်လှုပ်ရှားနေတဲ့ မွတ်စလင်မ်တို့ရဲ့ ရမဿွာန် ဥပုသ်လ ပထမရက် ရန်ကုန်မှ မြင်ကွင်းအချို့ ကို မှတ်တမ်းတင်ဖော်ပြလိုက်ရပါတယ်။

    ဓါတ်ပုံ မိုးစက်

    4 5 8 9 16 17

  • မွတ်စလင်တို့၏ ရမ်ဇာန်ဥပုသ်လကို ကြိုဆိုကြောင်း အိမ်ဖြူတော်မှ ကြေငြာချက်ထုတ်ပြန်

    မွတ်စလင်တို့၏ ရမ်ဇာန်ဥပုသ်လကို ကြိုဆိုကြောင်း အိမ်ဖြူတော်မှ ကြေငြာချက်ထုတ်ပြန်

    ဇွန် ၇၊ ၂၀၁၆
    M-Media

    obama 4

    – အစ္စလာမ်ဘာသာဝင်တို့ရဲ့ မြင့်မြတ်လှတဲ့ ရမ်ဇာန်ဥပုသ်လမှာ အမေရိကန်နဲ့ ကမ္ဘာတစ်ဝှမ်းက မွတ်စလင်တွေအတွက် ဆုမွန်ကောင်း တောင်းလိုက်ပါတယ်လို့ အိမ်ဖြူတော်ကထုတ်ပြန်တဲ့ ကြေငြာချက်မှာ အမေရိကန်သမ္မတ ဘာရက် အိုဘားမားက ပြောကြားလိုက်ပါတယ်။

    ဇွန်လ ၅ ရက်နေ့ညနေပိုင်းမှာ ထုတ်ပြန်ခဲ့တဲ့ အဲဒီကြေငြာချက်မှာ သမ္မတက ရမ်ဇန်လမြတ်ဟာ ကိုယ့်ကိုကိုယ်ပြန်လည်ဆန်းစစ်မှု၊ နာမ်ပိုင်းဆိုင်ရာ တိုးတက်မှု၊ ခွင့်လွှတ်မှု၊ သည်းခံမှု၊ ချုပ်တည်းနိုင်မှု၊ ကံမကောင်းအကြောင်းမလှသူတွေအပေါ် စာနာထောက်ထားမှု၊ လူ့အဖွဲ့အစည်းတွေအတွင်းမှာ စည်းလုံးညီညွတ်မှု စတာတွေအပေါ် အာရုံစိုက်လုပ်ဆောင်ဖို့ အခွင့်အရေးရရှိတဲ့ လတစ်လဖြစ်ကြောင်း ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

    “အမေရိကန်မွတ်စလင်တွေဟာ ဒီလမြတ်ကို ကြုံတွေ့တဲ့အချိန်၊ ကျွန်တော်ကတော့ ကျွန်တော်တို့အားလုံးဟာ တစ်ခုတည်းသော အမေရိကန်မိသားစုဝင်တွေ ဖြစ်တယ်ဆိုတာကို အမှတ်ရမိပါတယ်။ ကျွန်တော်တို့ကြားထဲမှာ သွေးကွဲစေဖို့၊ ကျွန်တော်တို့ရဲ့ ဘာသာရေးလွတ်လပ်ခွင့်နဲ့ နိုင်ငံသားအခွင့်အရေးကို ကန့်သတ်ချုပ်ချယ်ဖို့ ရည်ရွယ်နေတဲ့ ပြောစကားတွေကို ကျွန်တော်က ဆန့်ကျင်ပြီး အမေရိကန်မွတ်စလင်လူ့အဖွဲ့အစည်းတွေနဲ့အတူ ကျွန်တော်ဟာ မားမားမတ်မတ်ရပ်တည်နေပါတယ်။ ဘာသာရေး၊ အသားအရောင် မခွဲခြားဘဲ အမေရိကန်ပြည်သူအားလုံးရဲ့ နိုင်ငံသားအခွင့်အရေးကို ကာကွယ်စောင့်ရှောက်သွားဖို့ဆိုတဲ့ ကတိက၀တ်အပေါ်မှာလည်း ကျွန်တော် ခိုင်မြဲစွာ ရပ်တည်နေပါတယ်”

    နောက်ပြီး ဒီလမြတ်မှာ ကမ္ဘာတစ်ဝှမ်း ပဋိပက္ခတွေ၊ တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတဲ့ သန်းပေါင်းများစွာသော ပြည်သူတွေကို မိမိတို့က မေ့မှာမဟုတ်ဘဲ၊ မိမိတို့ရဲ့ အိမ်မှာ ရမ်ဇာန်လမြန်ကို သက်တောင့်သက်သာ မကုန်ဆုံးရတဲ့၊ ၀ါကျွတ်အီးဒ်နေ့ကို ကလေးငယ်တွေနဲ့ မဆင်နွှဲရတဲ့ မွတ်စလင်တွေလည်း အများကြီးရှိကြောင်း၊ သူတို့ရဲ့ ခံစားနေရမှုတွေ လျော့ပါးသွားအောင် မိမိတို့က ဆက်လက်ဆောင်ရွက်ပေးသွားရမှာဖြစ်ပြီး ဒီလိုမွန်မြတ်လတဲ့ကာလက လူသားတိုင်းရဲ့ ဂုဏ်သိက္ခာကို ထိန်းသိမ်းရေး မိမိတို့အားလုံးမှာ တာဝန်ရှိတယ်ဆိုတာကို အမှတ်ရစေတဲ့အချိန်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံဟာ မွတ်စလင်တွေအပါအ၀င် ပြောင်းရွှေ့အခြေချသူတွေ ဒုက္ခသည်တွေကို ကြိုဆိုသွားမှာဖြစ်ကြောင်း အိုဘားမားက ထည့်သွင်းပြောကြားခဲ့ပါတယ်။

    နိဂုံးချုပ်အနေနဲ့ အိုဘားမားက မိမိသမ္မတသက်တမ်းတစ်လျှောက်မှာ ဆောင်ရွက်ခဲ့သလိုပဲ ဒီလိုအထူးကာလမှာ အမေရိကန် မွတ်စလင်တွေအတွက် အိမ်ဖြူတော်က ကြိုဆိုပြီး ဒီနှစ်မှာတော့ ရမ်ဇာန်အကုန်မှာ ကျင်းပမယ့် ၀ါကျွတ်အီးဒ်ပွဲတော်အတွက်ပါ အိမ်ဖြူတော်က ကြိုဆိုပါကြောင်း ထပ်လောင်း အသိပေးခဲ့ပါတယ်။

    “သမ္မတတစ်ယောက်အဖြစ် ကျွန်တော့်အုပ်ချုပ်မှုရဲ့ နောက်ဆုံးရမ်ဇာန်ကိုဆင်နွှဲဖို့၊ အမေရိကန်မွတ်စလင်တွေနဲ့ တိုင်းပြည်အပေါ် ပေးဆပ်မှု၊ တစ်ကမ္ဘာလုံးက မွတ်စလင်တွေရဲ့ အီးဒ်ပွဲတော်အတွက် ဂုဏ်ပြုဖို့ထက် ပိုကောင်းတဲ့အရာကို ကျွန်တော့်အနေနဲ့ မစဉ်းစားတတ်တော့ပါဘူး။ Ramadan Kareen လို့ နှုတ်ခွန်းဆက်သလိုက်ပါတယ်”

    Ref: Wihitehouse.gov

  • ဆည်မြောင်း ရပ်ကွက်မှ ရာအိမ်မှူးများ အခြေခံဥပဒေနှင့် ဆန့်ကျင်ပြီး  နိုင်ငံသား အခွင့်အရေး ကန့်သတ်သည့် အမိန့်များထုတ်ပြန်

    ဆည်မြောင်း ရပ်ကွက်မှ ရာအိမ်မှူးများ အခြေခံဥပဒေနှင့် ဆန့်ကျင်ပြီး နိုင်ငံသား အခွင့်အရေး ကန့်သတ်သည့် အမိန့်များထုတ်ပြန်

    Kayah ,Demosoe
    ဇွန်လ ၇၊ ၂၀၁၆ (M-Media) – ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် ငွေတောင်ကျေးရွာအုပ်စု ဆည်မြောင်းရပ်ကွက်မှာ ရာအိမ်မှူးဆိုသူတွေက အခြေခံဥပဒေနဲ့ ဆန့်ကျင်ပြီး လူမျိုးရေး/ ဘာသာရေးခွဲခြားကာ၊ အခြေခံဥပဒေက ပေးထားတဲ့ နိုင်ငံသား အခွင့်အရေးကို ကန့်သတ်ထားတဲ့ စည်းကမ်းချက်တွေ ကို ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။
    .
    “ဒီးမော့ဆိုမြို့နယ်၊ ငွေတောင်ကျေးရွာအုပ်စု ဆည်မြောင်းရပ်ကွက်၏ စည်းကမ်းချက်များ” ဆိုတဲ့ခေါင်းစဉ်တပ်ထားပြီး မေလ ၁၇ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ခဲ့တဲ့ အဲဒီကြေငြာချက်မှာ စည်းကမ်းချက်စုစုပေါင်း ၁၅ ချက်ပါဝင်ပြီး အခြေခံဥပဒေက အာမခံပေးထားတဲ့ နိုင်ငံသား အခွင့်အရေး၊ ဘာသာရေးလွတ်လပ်ခွင့်၊ လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့် စတာတွေကို ချိုးဖောက်တဲ့ အချက်တော်တော်များများ ပါဝင်နေကာ လူမျိုးရေး ခွဲခြားစော်ကားမှုတွေလည်း ပါဝင်နေတာကို တွေ့ရပါတယ်။
    .
    စည်းကမ်းချက် (၂) မှာ ရပ်ကွက်အတွင်းနေထိုင်သူတွေဟာ သူတို့ရဲ့ ပိုင်ဆိုင်တဲ့ အိမ်ခြံမြေတွေကို ငှားရမ်း၊ ရောင်းချလိုပါက ရာအိမ်မှူး၊ ဆယ်အိမ်မှူး ရပ်ကွက်သူရပ်ကွက်သားတွေရဲ့ ခွင့်ပြုချက်ကို တောင်းခံရမယ်လို့ ဖော်ပြထားပြီး၊ နံပါတ် (၃) မှာတော့ ရပ်ကွက် အတွင်းနေထိုင်သူတွေက ဘာသာရေး၊ လူမှုရေး ကိစ္စတွေ ပြုလုပ်မယ်ဆိုရင် ရာအိမ်မှူးထံ ခွင့်ပြုချက် တောင်းခံရမယ် လို့ ဖော်ပြထားပါတယ်။
    .
    အစ္စလာမ်ဘာသာဝင်တွေကို တိုက်ရိုက် ပစ်မှတ်ထားတဲ့ အချက်တွေကိုတော့ နံပါတ် (၆) နဲ့ (၁၄) တို့မှာ ဖော်ပြထားပြီး အစ္စလာမ်ဘာသာဝင်များနဲ့ ထိမ်းမြားခြင်းမပြုဖို့၊ အိမ်၊ ခြံ၊ မြေ၊ အိမ်ဆိုင်များ ရောင်းချခြင်း၊ ငှားရမ်းခြင်း မပြုလုပ်ရလို့ တားမြစ်ထားပါတယ်။ နောက်ပြီး ဆည်မြောင်း ရပ်ကွက်ဟာ ‘ဗုဒ္ဓဘာသာ မြန်မာလူမျိုးအများစု နေထိုင်တဲ့ ရပ်ကွက်ဖြစ်တာကြောင့် ဘာသာရေးနှင့် ပတ်သက်ပြီး ဗလီဆောက်လုပ်ခြင်း မပြုလုပ်ရ’ ဆိုတဲ့ တားမြစ်ချက်လည်း ပါဝင်ပါတယ်။
    .
    ဆည်မြောင်းရပ်ကွက်ကို ရောက်ရှိခဲ့သူတစ်ဦးကတော့ ရပ်ကွက်ထဲက အစ္စလာမ်ဘာသာဝင်တွေဟာ သာရေးနာရေး ကိစ္စတွေမှာ ဘာသာရေးဓလေ့ထုံးတမ်းအတိုင်း လုပ်ဆောင်မှုမျိုးကိုတောင်မှ ရာအိမ်မှူးဆိုသူတွေကို ခွင့်တောင်းရပြီး အခုနောက်ပိုင်းမှာ လုပ်ခွင့်မပေးတော့ဘဲ အထက်ကိုတင်ပြဖို့လိုတယ်၊ အရေးယူခံရမယ် စတဲ့ ခြိမ်းခြောက်တဲ့ စကားမျိုးတွေ ပြောဆိုတယ်လို့ M-Media ကို ပြောကြားခဲ့ပါတယ်။
    .
    အိမ်ခြေ ၁၀၀ လောက်ရှိတဲ့ ဆည်မြောင်းရပ်ကွက်မှာ အစ္စလာမ်ဘာသာဝင်အိမ်ခြေဟာ ၁၀ အိမ်လောက်သာရှိပြီး ယခင်က ဘာသာရေးစာသင်ကျောင်းငယ်တစ်ခု ရှိခဲ့ကာ ၁၉၉၉ ခုနှစ်မှာ အပိတ်ခံလိုက်ရတယ်လို့ ဆိုပါတယ်။ နောက်ပိုင်း အစ္စလာမ်ဘာသာဝင်တွေက နွေရာသီကျောင်းပိတ်ရက်တွေမှာ နီးစပ်ရာအိမ်တွေမှာစုပြီး ဘာသာရေးစာပေတွေကို သင်ကြားခဲ့ပေမယ့် အခုနောက်ပိုင်းမှာ အဲဒီရာအိမ်မှူးဆိုသူတွေက ခွင်မပေးတော့ဘူးလို့ သိရပါတယ်။
    .
    အခုစည်းကမ်းချက်တွေဟာ ရပ်ကွက်အတွင်းက ရာအိမ်မှူးက မိမိသဘောနဲ့ ထုတ်ပြန်တာဖြစ်ပြီး ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့တွေက ညွှန်ကြားတာမျိုး ဟုတ်/မဟုတ်ကိုတော့ အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
    .
    ဒီလိုခွဲခြားဆက်ဆံမှုတွေ၊ အနိုင်ကျင့်ဗိုလ်ကျမှုတွေကို သက်ဆိုင်ရာကို တိုင်ကြားချင်ပေမယ့် နောက်ဆက်တွဲ အကျိုးဆက်ကို စိုးရိမ်မိတာကြောင့် မတိုင်ကြားရဲကြပါဘူး။ နိုင်ငံသားအချင်းချင်း စိတ်ဝမ်းကွဲစေပြီး ဒေသတွင်း မတည်မငြိမ်ဖြစ်လာနိုင်တဲ့ ဒီလို လုပ်ရပ်မျိုးတွေကို သက်ဆိုင်ရာက တားဆီးပေးဖို့ကိုတော့ မျှော်လင့်မိတယ်လို့ ဒေသခံ အစ္စလာမ်ဘာသာဝင်တွေက ပြောကြားကြောင်း ထိုဒေသကို ရောက်ရှိခဲ့သူက ထပ်လောင်းပြောကြားခဲ့ပါတယ်။
    .
    ဒီလို လူ့အခွင့်အရေးချိုးဖောက်မှု၊ ခွဲခြာဆက်ဆံမှုဟာ ဆည်မြောင်းရပ်ကွက် တစ်ခုတည်းမှာသာ ဖြစ်ပေါ်တာဖြစ်ပြီး ငွေတောင်ကျေးရွာ အုပ်စုနဲ့ ဒီးမော့ဆိုမြို့နယ်အတွင်းက အခြားဒေသတွေမှာ မရှိဘူးလို့လည်း သိရပါတယ်။ ဆည်မြောင်းရပ်ကွက်အတွင်းက ဗုဒ္ဓဘာသာဝင်တွေကလည်း ဒီကိစ္စကို မနှစ်မြို့ဘူးလို့ သိရပါတယ်။
    .
    ဒီးမော့ဆိုမြို့နယ်အတွင်း ကယားလူမျိုး၊ ပဒေါင်လူမျိုးတွေ အများစုနေထိုင်ပြီး အခု စည်းကမ်းချက်ထုတ်ထားတယ်ဆိုတဲ့ ဆည်မြောင်းရပ်ကွက်မှာတော့ ဗမာလူမျိုးအများစု နေထိုင်တာဖြစ်ပါတယ်။
    .
    သတင်း- ဇာဏီ

    13342095_254909221534484_889687898_n 13393429_254909224867817_583973844_n

  • နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ထိုင်းနိုင်ငံမှ မြန်မာရွှေ့ပြောင်းလုပ်သားများနှင့် တွေ့ဆုံမည်

    နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ထိုင်းနိုင်ငံမှ မြန်မာရွှေ့ပြောင်းလုပ်သားများနှင့် တွေ့ဆုံမည်

    ဇွန် ၇၊ ၂၀၁၆
    M-Media

    daw Su

    – နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဆောင်ဆန်းစုကြည်မှာ ယခုလအတွင်း ထိုင်းနိုင်ငံသို့ သွားရောက်ကာ မြန်မာနိုင်ငံမှ ရွှေ့ပြောင်းလုပ်သားများနှင့် သွားရောက်တွ့ဆုံမည်ဟု သိရသည်။

    ၃ ရက်တာကြာမြင့်မည့် အဆိုပါခရီးစဉ်ကို ဇွန်လ ၂၃ ရက်နေ့တွင် စတင်မည်ဖြစ်သည်။ ခရီးစဉ်ပထမနေ့တွင် ဒေါ်အောင်ဆန်းစုကြည်မှာ မဟာချိုင်ဒေသရှိ မြန်မာနိုင်ငံသား ရွှေ့ပြောင်းလုပ်သားများနှင့် တွေ့ဆုံမည်ဖြစ်ပြီး၊ ဒုတိယနေ့တွင် ထိုင်းအစိုးရအဖွဲ့ ခေါင်းဆောင်များနှင့် တွေ့ဆုံမည်ဖြစ်သည်။

    တတိယနေ့တွင်မူ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်မှာ ထိုင်းနိုင်ငံရှိ မြန်မာဒုက္ခသည်စခန်းများကို သွားရောက် ကြည့်ရှုရန် စီစဉ်ထားသည်ဟု နိုင်ငံခြားရေး ၀န်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။

    ဒေါ်အောင်ဆန်းစုကြည်မှာ ၂၀၁၂ ခုနှစ်က မာဟာချိုင်ဒေသသို့ သွားရောက်ကာ မြန်မာနိုင်ငံသား ရွှေ့ပြောင်းလုပ်သားများနှင့် တွေ့ဆုံခဲ့သည်။ အဆိုပါဒေသမှ မြန်မာလုပ်သားများမှာ ထိုင်းနိုင်ငံ၏ နာမည်ပျက်ရှိသော ပင်လယ်စာလုပ်ငန်းတွင် ပင်ပန်းကြီးစွာ လုပ်ကိုင်နေရသည်။

    Ref: Yangon.coconuts

  • အစိုးရတာဝန်ရှိသူဟောင်းများ ခိုးယူထားသည့် နိုင်ငံတော်ဘဏ္ဍာငွေ ၁၀ ဘီလီယံနီးပါးကို နိုက်ဂျီးရီးယား ပြန်သိမ်း

    အစိုးရတာဝန်ရှိသူဟောင်းများ ခိုးယူထားသည့် နိုင်ငံတော်ဘဏ္ဍာငွေ ၁၀ ဘီလီယံနီးပါးကို နိုက်ဂျီးရီးယား ပြန်သိမ်း

    ဇွန် ၇၊ ၂၀၁၆
    M-Media

    nigeria 2

    – နှစ်ပေါင်းများစွာ စီးပွားရေး ချွတ်ခြုံကျမှုကို တိုက်ဖျက်ဖို့အတွက် ခြစားမှုတွေကို နှိမ်နှင်းရာမှာ ခိုးယူထားတဲ့ နိုင်ငံတော် ဘဏ္ဍာငွေ ကန်ဒေါ်လာ ၉.၁ ဘီလီယံကို ပြန်လည်ရရှိခဲ့တယ်လို့ နိုက်ဂျီးရီးယားအစိုးရက စနေနေ့မှာ ကြေငြာခဲ့ပါတယ်။

    အကျင့်ပျက်ခြစားမှုကို တိုက်ဖျက်မယ်ဆိုတဲ့ ကျွေးကြော်သံနဲ့ ပြီးခဲ့တဲ့နှစ်မှာ ရွေးကောက်တင်မြှောက်ခံရတဲ့ သမ္မတ မိုဟာမာဒူ ဘူဟာရီဟာ နိုင်ငံရဲ့ ရေနံလုပ်ငန်းကနေ ပျောက်ဆုံးသွားတဲ့ ဘဏ္ဍာငွေတွေကို ပြန်လည်ရယူပေးမယ်ဆိုတဲ့ ကတိကို ပေးထားသူပါ။ ပြီးတော့ မိမိအာဏာရယူခဲ့တဲ့ ပြီးခဲ့တဲ့နှစ် မေလမှာ အဲဒီငွေကြေးတွေဟာ စာရင်းသာရှိခဲ့တယ်လို့လည်း သူက ထည့်သွင်းပြောကြားခဲ့ပါတယ်။

    ကမ္ဘာ့ရေနံဈေးတွေ ရုတ်တရက်ထိုးကျပြီး စီးပွားရေးပျက်ကပ်ဒဏ် ခံစားခဲ့ရတာက နိုက်ဂျီးရီးယားမှာ ပျောက်ဆုံးသွားတဲ့ ပိုက်ဆံတွေ ပြန်ရအောင် သေသေချာချာကိုင်တွယ်ဖို့ လိုအပ်တဲ့အခြေအနေမျိုး ဖြစ်လာခဲ့ပါတယ်။ နိုက်ဂျီးယားရဲ့ တိုင်းပြည်ဝင်ငွေ ၇၀ ရာခိုင်နှုန်းလောက်ဟာ ရေနံလုပ်ငန်းကနေ ရရှိတာဖြစ်ပါတယ်။

    ပြည်ထဲရေးဝန်ကြီး လိုင်မိုဟာမက်က ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ပြီးခဲ့တဲ့နှစ် မေလ ၂၉ ရက်နေ့ကတည်းက ယခုနှစ် မေ ၂၅ ရက်နေ့အထိ သိမ်းဆည်းရမိတဲ့ ငွေသားနဲ့ ပိုင်ဆိုင်မှုတန်ဖိုးဟာ ကန်ဒေါ်လာ ၉.၁ ဘီလီယံရှိတယ်လို့ ဖော်ပြထားပါတယ်။

    “နိုင်ငံပိုင်ဒီငွေတွေကို ၀ှက်ထားတဲ့၊ ခိုးထားတဲ့၊ လမ်းကြောင်းပြောင်းရယူထားတဲ့ လူတစ်ဦးချင်းစီနဲ့ အသင်းအဖွဲ့တွေဆီကနေ ပြန်လည်သိမ်းယူထားတာ ဖြစ်ပါတယ်။ အဲဒီလို ရယူထားသူတွေမှာ ယခင် အစိုးရတာဝန်ရှိသူဟောင်းတွေပါဝင်ပြီး ကိုယ်ပိုင်ဘဏ်စာရင်းတွေမှာ သိမ်းဆည်းထားတာမျိုး၊ ပုဂ္ဂလိကကုမ္ပဏီတွေမှာ လွှဲပြောင်းထားတာမျိုး၊ အစိုးရသက်တမ်းကုန်တဲ့အခါမှာ ပြန်မအပ်တာမျိုးတွေ ပြုလုပ်ထားတာပါ” လို့ ၀န်ကြီးရဲ့ အကြံပေး ဆီဂန် အဒီယေမီက ပြောကြားခဲ့ပါတယ်။

    Ref: IINA