News @ M-Media
Blog
  • တန်ဖိုးနည်းအိမ်ယာများ နိုင်ငံတစ်ဝှမ်းတွင် တည်ဆောက်မည်
    တန်ဖိုးနည်းအိမ်ယာများ နိုင်ငံတစ်ဝှမ်းတွင် တည်ဆောက်မည်
    ဇွန် ၈၊ ၂၀၁၆
    M-Media
    housing
    – နိုင်ငံတစ်ဝှမ်းတွင် တန်ဖိုးနည်းအိမ်ယာပေါင်း ၁၈၀၀၀၀ ကို ဆောက်လုပ်သွားမည်ဟု ယမန်နေ့က နေပြည်တော်တွင် ဆောက်လုပ်ရေးဝန်ကြီးဌာနက ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် ကြေငြာခဲ့သည်။
    မြို့ပြအိမ်ယာနှင့် ဖွံ့ဖြိုးတိုးတက်ရေးဌာနမှ ညွှန်ကြားရေးမှူး ဦးမင်းသိန်းက ကြေငြာခဲ့ခြင်းဖြစ်ပြီး ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်ကမူ အဆိုပါ တန်ဖိုးနည်းအိမ်ယာဆောက်လုပ်ရေးလုပ်ငန်းကို နေပြည်တော်တွင် စတင်နေပြီး ရန်ကုန်တိုင်းဒေသကြီးတွင်မူ မိုးရာသီအကုန် စက်တင်ဘာလတွင် စတင်မည်ဟု ပြောကြားခဲ့သည်။
    “ကျွန်တော်တို့ဟာ ပထမဆုံး ရန်ကုန်မှာ ရေမြောင်းတွေနဲ့ ကားလမ်းတွေ ဆောက်လုပ်ရေးကို အာရုံစိုက်သွားမှာပါ။ အဲဒီ တန်ဖိုးနည်းအိမ်ယာတွေမှာ ကလေးကစားကွင်းတွေ၊ ကားပါကင်တွေနဲ့ လူမှုရေးလုပ်ငန်းတွေ လုပ်နိုင်မယ့် အများပြည်သူသုံး ဧရိယာတွေ ပါဝင်မှာဖြစ်ပါတယ်” ဟု ဦးဝင်းခိုင်က ဆိုသည်။
    ရန်ကုန်တိုင်းဒေသကြီးတွင် ပြုလုပ်မည့် အဆိုပါစီမံကိန်းများအတွက် တင်ဒါခေါ်ယူမှုများကိုလည်း သတင်းစာများတွင် ကြေငြာသွားမည်ဖြစ်ပြီး၊ တန်ဖိုးနည်းအိမ်ယာဆောက်လုပ်မည့် ဧရိယာကို ၂၃၂ ဧက သတ်မှတ်ထားသည်ဟုလည်း ၀န်ကြီးက ထပ်လောင်းပြောကြားခဲ့သည်။
    “စီမံကိန်းတွေကို ဒဂုံမြို့သစ်နဲ့ လှိုင်သာယာ မြို့နယ်တွေလို နေရာမျိုးမှာ ပြုလုပ်သွားမှာပါ။ အိမ်ယာဆောက်လုပ်ဖို့အတွက် မြေနေရာရှာရာမှာ အခက်အခဲတွေ ရှိပါတယ်”
    အဆိုပါ အိမ်ယာများအတွက် ကုန်ကျစားရိတ်အနည်းဆုံးဖြစ်အောင် ဆောက်လုပ်ရေးဝန်ကြီးဌာနက ဆောင်ရွက်သွားမည်ဖြစ်သည်။
    Ref: mmtimes
  • အာရပ်ညွှန့်ပေါင်းအဖွဲ့အား အမည်ပျက်စာရင်းသွင်းထားမှု ကုလ ပယ်ဖျက်
    အာရပ်ညွှန့်ပေါင်းအဖွဲ့အား အမည်ပျက်စာရင်းသွင်းထားမှု ကုလ ပယ်ဖျက်
    ဇွန် ၈၊ ၂၀၁၆
    M-Media
    un
    – ယီမင်မှာတိုက်ခိုက်နေတဲ့ အာရပ်ညွှန့်ပေါင်းအဖွဲ့ကို အမည်ပျက်စာရင်းသွင်းမှုအပေါ် ဆော်ဒီက ပြင်းပြင်းထန်ထန် ဆန့်ကျင်ခဲ့ပြီးတဲ့နောက် ကုလသမဂ္ဂက ဒီလိုသတ်မှတ်မှုကို ပြန်လည် ရုပ်သိမ်းလိုက်တယ်လို့ သိရပါတယ်။
    ပြီးခဲ့တဲ့နှစ်က ယီမင်နိုင်ငံက တိုက်ခိုက်မှုတွေအတွင်း ကလေးငယ် ၇၈၅ ယောက်သေဆုံးမှုရဲ့ ၆၀ ရာခိုင်နှုန်းလောက်မှာ အာရပ် ညွှန့်ပေါင်းအဖွဲ့က တာဝန်ရှိတယ်လို့ ကုလသမဂ္ဂက ဆုံးဖြတ်ပြီးတဲ့နောက် ဒီလို အမည်ပျက်စာရင်း သွင်းလိုက်တာ ဖြစ်ပါတယ်။
    ဆော်ဒီအာရေဗျကတော့ ညွှန်ပေါင်းအဖွဲ့က ပူးပေါင်းထုတ်ပြန်တဲ့ အစီရင်ခံစာက အချက်အလက်တွေနဲ့ အဖြစ်အပျက်တွေကို ပြန်လည်သုံးသပ်ဖို့ အဆိုပြုခဲ့ပြီး ကုလအတွင်းရေးမှူးချုပ် ဘန်ကီမွန်က အဲဒီ အဆိုပြုချက်ကို လက်ခံခဲ့တယ်လို့ သူ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ စတီဖင် ဒူဂျာရစ်က ပြောကြားခဲ့ပါတယ်။
    ကုလဆိုင်ရာ ဆော်ဒီသံအမတ်ကြီး အဘ်ဒူလာ အလ်-မူအာလိုင်မီကတော့ မိမိတို့အနေနဲ့ အပြစ်ကင်းတယ်လို့ ခံစားရပြီး ကုလရဲ့ ဒီလိုပယ်ဖျက်လိုက်မှုဟာ နောက်ဆုံးနဲ့ ခြွင်းချက်မရှိတဲ့ကိစ္စဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
    Ref : IINA
  • ဒဏ်ရာရ ပါလက်စတိုင်းပြည်သူကို အစ္စရေးက အနီးကပ်ပစ်သတ်မှု ဒုတိယအကြိမ်မြောက် ထွက်ပေါ်လာ
    ဒဏ်ရာရ ပါလက်စတိုင်းပြည်သူကို အစ္စရေးက အနီးကပ်ပစ်သတ်မှု ဒုတိယအကြိမ်မြောက် ထွက်ပေါ်လာ
    ဇွန် ၈၊ ၂၀၁၆
    M-Media
    israel 4
    – ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်း ဟီဘရွန်မြို့မှာ မတ်လအတွင်း ဖြစ်ပွားခဲ့တဲ့ အဖြစ်အပျက်တစ်ခုမှာ အစ္စရေးစစ်သားတွေက ဒဏ်ရာရပါလက်စတိုင်းတစ်ဦးကို အနီးကပ်အသေပစ်သတ်ခဲ့တယ်လို့ အထောက်အထားတွေ ထွက်ပေါ်ခဲ့ပြီးတဲ့နောက် အဲဒီအဖြစ်အပျက်မှာပဲ ဒုတိယမြောက် ဒဏ်ရာရ ပါလက်စတိုင်းပြည်သူတစ်ဦးကို အစ္စရေးက အနီးကပ်အသေပစ်သတ်လိုက်တယ်လို့ အစ္စရေး ထိပ်တန်း လူ့အခွင့်အရေးအဖွဲ့ B’Tselem က တနင်္လာနေ့မှာ ပြောကြားလိုက်ပါတယ်။
    ပထမမြောက် ပစ်သတ်ခံရသူဟာ အဘ်ဒူလ် ဖာတာဟ် အလ်-ရှရစ်ဖ်ဖြစ်ပြီး အစ္စရေးတွေကို ဓားနဲ့တိုက်ခိုက်တယ်လို့ စွပ်စွဲခံရတဲ့ အဲဒီ အဖြစ်အပျက်မှာ အစ္စရေးစစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် ဒဏ်ရာရကာ မြေပြင်ပေါ် လဲကျနေတဲ့အချိန် အစ္စရေးစစ်တပ်က တပ်ကြပ်ကြီး အီလော အေဇာရီယာက ဦးခေါင်းကို အနီးကပ် ပစ်သတ်ခဲ့တာဖြစ်ပါတယ်။
    မတ်လ ၂၄ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ အဲဒီအဖြစ်အတွင်း ဒုတိယယမြောက် ပစ်သတ်ခံရသူကတော့ ရမ်ဇီ အလ်-ကွာစ်ရာဝီဆိုသူဖြစ်ပြီး မျက်မြင်သက်သေတွေရဲ့ ပြောကြားချက်အရ ကွာစ်ရာဝီဟာ အစ္စရေးစစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် ဒဏ်ရာရပြီး လဲကျနေတဲ့အချိန် ရှရစ်ဖ်လိုပဲ အနီးကပ်ပစ်သတ်ခံလိုက်ရတာဖြစ်လို့ B’Tselem က ပြောကြားခဲ့ပါတယ်။
    အဲဒီမျက်မြင်သက်သေတွေဟာ အဖြစ်အပျက်ကို မှတ်တမ်းတင်ဗီဒီယို ရိုက်ကူးနိုင်ခဲ့ပေမယ့် အလ်-ကွာစ်ရာဝီ ပစ်သတ်ခံရမှု ပုံရိပ်တော့ မပါဝင်ခဲ့ပါဘူး။ ဒီအဖြစ်အပျက်အတွက် တာဝန်ရှိသူတွေက ဆင့်ခေါ်မယ်ဆိုရင် သက်သေထွက်ဆိုဖို့ အသင့်ပဲလို့ မျက်မြင်သက်သေတွေက ပြောကြားခဲ့ပါတယ်။
    Ref : Presstv
  • ယူရို ၂၀၁၆ တွင် လူဖြူအစွန်းရောက်တစ်ဦး၏ အကြမ်းဖက်တိုက်ခိုက်ရန် စီစဉ်မှုကို ယူကရိန်း တားဆီးနိုင်ခဲ့
    ယူရို ၂၀၁၆ တွင် လူဖြူအစွန်းရောက်တစ်ဦး၏ အကြမ်းဖက်တိုက်ခိုက်ရန် စီစဉ်မှုကို ယူကရိန်း တားဆီးနိုင်ခဲ့
    ဇွန် ၈၊ ၂၀၁၆
    M-Media
    euro 4
    – မေလကုန်ပိုင်းက ယူကရိန်းနဲ့ ပိုလန်နယ်စပ်ပေါ်မှာ ဖမ်းမိထားခဲ့တဲ့ ပြင်သစ်နိုင်ငံသားတစ်ဦးဟာ ပြင်သစ်မှာကျင်းပမယ့် ယူရို ၂၀၁၆ ဘောလုံး ပြိုင်ပွဲမှာ အကြမ်းဖက်တိုက်ခိုက်မှုတွေ ပြုလုပ်ဖို့ စီစဉ်ထားတယ်လို့ ယူကရိန်းနိုင်ငံတော်လုံခြုံရေးအဖွဲ့ (SBU) အကြီးအကဲ ဗာဆိုင်းလ် ဟာရ်ဆက်က တနင်္လာနေ့မှာ ပြောကြားလိုက်ပါတယ်။
    အမည်မသိရသေးတဲ့ အဆိုပါအမျိုးသားဟာ လက်နက်တွေနဲ့ ဖောက်ခွဲရေးပစ္စည်းတွေ ၀ယ်ဖို့ ယူကရိန်းက တရားမ၀င်လက်နက်ကိုင်အဖွဲ့တွေနဲ့ အဆက်အသွယ်လုပ်ထားပြီး မွတ်စလင်နဲ့ ဂျူးလူမျိုးတွေရဲ့ ဘုရားရှိခိုးကျောင်းတွေအပြင် ပြင်သစ် အစိုးရအဆောက်အဦးတွေ၊ အခွန်ဆိုင်ရာ အဆောက်အဦးတွေကို ပစ်မှတ်ထားတိုခိုက်ဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။
    “ဒုက္ခသည်တွေ ပြောင်းရွှေ့အခြေချခြင်း၊ အစ္စလာမ်ပြန့်နှံ့ခြင်းနဲ့ ဂလိုဘယ်လိုက်ဇေးရှင်းဆိုင်ရာ ကိစ္စတွေနဲ့ပတ်သက်ပြီး ပြင်သစ်အစိုးရရဲ့ လုပ်ရပ်တွေအပေါ် အဲဒီပြင်သစ်သားက အဆိုးမြင်ဝါဒနဲ့ ပြောကြားခဲ့ပါတယ်။ ပြီးတော့ အကြမ်းဖက်တိုက်ခိုက်မှု တော်တော်များများ ပြုလုပ်ဖို့ အစီအစဉ်ကိုလည်း ဖွင့်ဟပြောဆိုခဲ့ပါတယ်။ SBU ဟာ ယူရို ၂၀၁၆ မတိုင်ခင်နဲ့ ပြိုင်ပွဲကျင်းပနေစဉ်မှာ ပြုလုပ်ဖို့ရှိနေတဲ့ အကြမ်းဖက်တိုက်ခိုက်မှု ၁၅ ခုလောက်ကို တားဆီးနိုင်ခဲ့ပါတယ်” လို့ SBU အကြီးအကဲက ဂျာနယ်လစ်တွေနဲ့ တွေ့ဆုံမှုမှာ ပြောကြားခဲ့ပါတယ်။
    ပြင်သစ် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောရေးဆိုခွင့်ရှိသူကလည်း သူတို့နိုင်ငံသားတစ်ဦး ယူကရိန်းမှာ ဖမ်းဆီးခံရတယ်ဆိုတာကို အတည်ပြုခဲ့ပါတယ်။ ဒါပေမယ့် ပြင်သစ်က သူ့ရဲ့နေအိမ်မှာ ရှာဖွေမှုအတွင်း ဘာမှမတွေ့ခဲ့ရဘူးလို့ ဆိုပါတယ်။
    ပြီးခဲ့တဲ့နှစ် နိုဝင်ဘာက ဖြစ်ပွားခဲ့ပြီး လူ ၁၃၀ သေဆုံးခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုအပြီး ပြင်သစ်အာဏာပိုင်တွေဟာ ယူရိုပြိုင်ပွဲအတွက် အထူးကြပ်မတ်ထားပြီး အမေရိကန်ကလည်း ယူရိုပြိုင်ပွဲမှာ အကြမ်းဖက်တိုက်ခိုက်နိုင်ခြေ ရှိနေတယ်လို့ နိုင်ငံသားတွေကို သတိပေးထားပါတယ်။
    Ref: Reuters
  • ၀ီဂါမွတ်စလင်များ ဥပုသ်သီလဆောက်တည်ခွင့်ကို တရုတ် ပိတ်ပင်
    ဇွန် ၈၊ ၂၀၁၆
    M-Media
    china 4
    – ၀ီဂါလူမျိုး မွတ်စလင်အများစုနေထိုင်ရာ နိုင်ငံအနောက်မြောက်ပိုင်း ရှင်ကျန်းဒေသက ကျောင်းသား၊ ၀န်ထမ်းနဲ့ တခြားနေထိုင်သူ အများအပြားကို ရာမ်ဇာန်ဥပုသ်လမှာ ဥပုသ်သီလ ဆောက်တည်ခြင်း မပြုရဘူးလို့ တရုတ်အာဏာပိုင်များက အမိန့်ထုတ်လိုက်ပါတယ်။
    “ပါတီဝင်တွေ၊ ကေဒါတွေ၊ အစိုးရ၀န်ထမ်းတွေ၊ ကျောင်းသူကျောင်းသားတွေ၊ အရွယ်မရောက်သေးသူတွေအနေနဲ့ ရာမ်ဇာန်ဥပုသ်လမှာ ဥပုသ်သီလ ဆောက်တည်ခြင်းမပြုရ။ ဘာသာရေးပွဲတော်များတွင် ပါဝင်ဆင်နွှဲခြင်းမပြုရ။ ရမ်ဇာန်လအတွင်း စားသောက်ဆိုင်များ မပိတ်ရ” ဆိုတဲ့ သတိပေးစာတစ်စောင်ကို ရှင်ကျန်းပြည်နယ်အလယ်ပိုင်း ကော်ရ်လာမြို့အစိုးရက သူတို့ရဲ့ ၀ဘ်ဆိုက်မှာ လွှင့်တင်ထားပါတယ်။
    ရှူမိုဂိုခရိုင်က ပြည်နယ်မြို့တော် အူရွမ်ကီရဲ့ ပညာရေးဆိုင်ရာ ဗျူရိုက ကိုင်တွယ်တဲ့ ၀ဘ်ဆိုက်မှာလည်း ဥပုသ်သီလ ဆောက်တည်ခြင်းကို ကန့်သတ်ထားတဲ့ ညွှန်ကြားချက်တွေကို လွှင့်တင်ထားပါတယ်။ ပြီးတော့ ကျောင်သားတွေ၊ ဆရာတွေအနေနဲ့ ဒီလအတွင်းမှာ ဗလီဝတ်ကျောင်းတော်တွေကို ဘာသာရေးဆိုင်ရာ လှုပ်ရှားမှုအတွက် သွားရောက်ခြင်း မပြုဖို့လည်း တားမြစ်ထားပါတယ်။
    Qapqal Xibe ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ခရိုင်အစိုးရက တရုအာဏာပိုင်တွေဟာ ဒေသအတွင်းက စားသောက်ဆိုင်တွေကို ဆက်လက်ဖွင့်လှစ်ထားဖို့ အမိန့်ပေးထားတယ်လို့ ပြောကြားခဲ့ပါတယ်။
    တရုတ်ကွန်မြူနစ်အစိုးရဟာ ၀ီဂါလူမျိုး အစ္စလာမ်ဘာသာဝင်တွေ နေထိုင်ရာ ရှင်ကျန်းဒေသမှာ နှစ်ပေါင်းများစွာကြာအောင် ရမ်ဇာန်လ ဥပုသ်စောင့်ခြင်းကို ပိတ်ပင်ထားတာ ဖြစ်ပါတယ်။ အခုလိုပိတ်ပင်မှုကြောင့် ကမ္ဘာ့လူ့အခွင့်အရေးအဖွဲ့တွေရဲ့ အပြင်းအထန်ဝေဖန်တာကိုလည်း ရင်ဆိုင်နေရပါတယ်။
    တရုတ်အာဏာပိုင်တွေကတော့ ယင်းဒေသမှာ အကြမ်းဖက်ခြိမ်းခြောက်မှုတွေနဲ့ ရင်ဆိုင်နေရကာ လုံခြုံရေးကြောင့် ဒါမျိုးဆောင်ရွက်တာလို့ ပြောကြားခဲ့ပါတယ်။
    Ref: Presstv