News @ M-Media

Blog

  • ရခိုင်ပြည်နယ်ဆိုင်ရာ ကော်မတီမှ အဖွဲ့ဝင်များ မြေပုံရှိ မွတ်စလင် ဒုက္ခသည်စခန်းသို့ သွားရောက်

    ရခိုင်ပြည်နယ်ဆိုင်ရာ ကော်မတီမှ အဖွဲ့ဝင်များ မြေပုံရှိ မွတ်စလင် ဒုက္ခသည်စခန်းသို့ သွားရောက်

    ဇွန် ၁၊ ၂၀၁၆
    M-Media
    .MyayBon_IDPs
    – ယနေ့ ဇွန်လ ၁ ရက်နေ့တွင် ရခိုင်ပြည်နယ် မြေပုံမြို့ရှိ မွတ်စလင်ဒုက္ခသည်စခန်းသို့ မေလ ၃၀ ရက်နေ့က ဖွဲ့စည်းခဲ့သည့် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးမှု တိုးတက်ရေး အကောင်အထည်ဖော်ရေး ကော်မတီမှ ကော်မတီဝင်များ သွားရောက်ခဲ့ကြသည်ဟု သိရသည်။
    .
    အဆိုပါအဖွဲ့တွင် ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးညီပု၊ နယ်စပ်ရေးရာဝန်ကြီး၊ ကျန်းမာရေးဝန်ကြီး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီး တို့ ပါဝင်ခဲ့သည်။
    .
    ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက မိမိတို့အနေဖြင့် အခြေအနေအရပ်ရပ်ကို သိရှိထားပြီး လိုအပ်သည်များကို ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ စခန်းအတွင်း နေထိုင်နေရသူများ၏ ဆန္ဒများကို နိုင်ငံတကာ အဆင့်အတန်းနှင့်အညီ လုပ်ကိုင်ပေး သွားမည်ဖြစ်ကြောင်း၊ ရေရှည်ကိုကြည့်ကာ ဆောက်ရွက်ရန်လိုအပ်ပြီး မိမိတို့အတွက်သာကြည့်ပါက အချိန်ကြာသွားမည်ဖြစ်ကြောင်း၊ မိမိတို့မှာ ဥပဒေသစ်၊ မူအသစ်ဖြစ့် ဆောင်ရွက်ချင်ကြောင်း စသဖြင့် ပြောကြားခဲ့ပြီး မိမိတို့၏ ဆောင်ရွက်မှုများအပေါ် ယုံကြည်စွာဖြင့် လက်ခံပေးရန်လည်း တောင်းဆိုခဲ့သည်။
    .
    ထို့နောက် နယ်စပ်ရေးရာဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင် ကလည်း စခန်းများတွင် နေထိုင်နေရသူများ နေထိုင်စားသောက်မှု အဆင်ပြေ၊ မပြေနှင့် မိမိတို့ဘက်မှ ရှေ့ဆက်၍ မည်သည့်အရာများ ဆက်လက် လုပ်ဆောင်ရန် လိုအပ်နေသည်ကို သိရှိရန် လာရောက်ကြည့်ရှုခြင်းဖြစ်ကြောင်း၊ အကောင်းဆုံးဖြစ်စေရန် စဉ်းစားနေပြီး လူသားအချင်းချင်း ထားရှိရမည့် မေတ္တာမပျက်ကြောင်း၊ အခြေခံဥပဒေအရ လူတိုင်းမှာ မိမိယုံကြည်ရာကို ကိုးကွယ်ကြပြီး မည်သူ့ကိုမှ ထိခိုက်နစ်နာမှုမရှိကြောင်း၊ နိုင်ငံသားအားလုံးမှာ တ
    ရားဥပဒေနှင့်အညီ လေးစားလိုက်နာကြရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။
    .
    ထိုကဲ့သို့ တွေ့ဆုံမှုမှာ မိနစ် ၂၀ ခန့်သာ ကြာမြင်ပြီး မွတ်စလင်ဒုက္ခသည်များဘက်မှာ ၎င်းတို့၏ အခက်အခဲများကို တင်ပြခွင့်မရကြောင်း သိရသည်။
    .
    ဒါအပြင် ဒီကနေ့ မနက် စစ်တွေမြို့မှာ ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေး နဲ့ ဖံွ့ဖြိုးမှုတိုးတက်ရေး အကောင်အထည် ဖော်မှု ကော်မတီ အဖွဲ့ဝင် ဝန်ကြီးတွေဟာ မြို့ခံတွေနဲ့ တွေ့ဆုံဆွေးနွေးစဉ်မှာ လူ့အဖွဲ့အစည်းတွေအကြား ဘာသာရေး၊ ဓလေ့ထုံးတမ်းစဉ်လာတွေ ကိုလည်း အပြန်အလှန် ယုံကြည်လေးစားကြဖို့ နဲ့ ဘာသာရေးကို ခုတုံးမလုပ်ကြဖို့ နယ်စပ်ရေးရာ ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်က ပြောခဲ့ပါတယ်။
    .
    ရခိုင်ပြည်နယ်ဖံွ့ဖြိုးတိုးတက်ရေးအတွက် ငွေကျပ်သိန်းပေါင်း ၇ သောင်းကျော် အသုံးပြုသွားမယ်လို့ နယ်စပ်ရေးရာဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်က ပြောပါတယ်။
    .
    အဆိုပါ ခရီးစဉ်တွင် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးမှု တိုးတက်ရေး အကောင်အထည်ဖော်ရေး ဗဟိုကော်မတီ ဥက္ကဌ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပါဝင်မည်ဟု စောစောပိုင်းက သတင်းထွက်ပေါ်ခဲ့သော်လည်း လိုက်ပါလာခြင်း မရှိပေ။

    ref:CJ,RFA
    ဗီဒိယို-CJ

  • ငြိမ်းစီစု ဥပဒေကြမ်းတွင် လူအချင်းချင်း နှိမ့်ချမှုကို တားမြစ်သည့်အချက် ပါဝင်လာ

    ငြိမ်းစီစု ဥပဒေကြမ်းတွင် လူအချင်းချင်း နှိမ့်ချမှုကို တားမြစ်သည့်အချက် ပါဝင်လာ

    ဇွန် ၁၊ ၂၀၁၆
    M-Media

    nss
    မြန်မာစစ်တပ်က ဖမ်းဆီးခဲ့သည့် ဘင်္ဂလားဒေ့ရှ် လှေစီးဒုက္ခသည်များအား ဆန့်ကျင်သည့် ဆန္ဒပြပွဲမှ ပုံရိပ်တစ်ခု

    – ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပေဒကြမ်းကို ပြင်ဆင် ဖြည့်စွက်ချက်များဖြင့် အမျိုးသားလွှတ်တော်က ယမန်နေ့တွင် အတည်ပြုခဲ့ပြီး ထိုဖြည့်စွက်ချက်များတွင် လူအချင်းချင်း ခွဲခြားနှိမ့်ချခြင်း၊ ဂုဏ်သိက္ခာ ညှိုးနွမ်းစေခြင်းတို့ကို ရည်ရွယ်သည့် အပြောအဆို အပြုအမူများကို မပြုလုပ်ရဟူသည့် အပိုဒ်လည်း ပါဝင်ခဲ့သည်။

    အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူး ဒေါက်တာ မြတ်ဉာဏစိုးက မေလ ၆ ရက်နေ့တွင် တင်သွင်းသည့် အဆိုပါ ဥပဒေကြမ်းကို ဥပဒေကြမ်းကော်မတီ၏ ညှိနှိုင်းအစည်းအဝေး အစီရင်ခံစာရအရ ပြင်ဆင်၊ ဖြည့်စွက်မှုများ ပြုလုပ်ကာ အပိုဒ်တစ်ပိုဒ်စီနှင့် ဥပဒေကြမ်းတစ်ခုလုံးကို အမျိုးသားလွှတ်တော်က မေ ၃၁ ရက်နေ့တွင် အတည်ပြုခဲ့ခြင်းဖြစ်သည်။

    ဥပဒေကြမ်း၏ လိုက်နာရမည့် စည်းကမ်းချက်များတွင် အပိုဒ် ၃ ပိုဒ်ကို ဖြည့်စွက်ခဲ့ပြီး အပိုဒ် (ဇ) တွင် လူသားအချင်းချင်း မတူကွဲပြားမှုကြောင့် ခွဲခြားနှိမ့်ချခြင်း၊ ဂုဏ်သိက္ခာညှိုးနွမ်းစေခြင်းတို့ကို ရည်ရွယ်သော အပြောအဆို အပြုအမူတို့ကို မပြုလုပ်ရဟု လည်းကောင်း၊ အပိုဒ် (ဈ) တွင် ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းတို့ ပြုလုပ်ရာတွင် ပါဝင်သူတစ်ဦးဦးအား ငွေကြေး သို့မဟုတ် ပစ္စည်းတစ်စုံတစ်ရာပေး၍ ပါဝင်စေခြင်း၊ ငွေကြေး သို့မဟုတ် ပစ္စည်းတစ်စုံတစ်ရာ လက်ခံ၍ ပါဝင်စေခြင်းတို့ မပြုလုပ်ရဟု လည်းကောင်း ဖော်ပြထားသည်။

    အပိုဒ် (ည) တွင်မူ ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းတို့ ပြုလုပ်ရာတွင် တစ်ဦးဦးအား ပါဝင်စေရန် ခြိမ်းခြောက်ခြင်း၊ အတင်းအကျပ်ပြုခြင်း၊ အနိုင့်အထက်ပြုခြင်း၊ မလျော်သြဇာသုံးခြင်း မပြုလုပ်ရဟုလည်း ဖြည့်စွက်ဖော်ပြထားသည်။

    ထို့ပြင် ဥပဒေကြမ်းအား စကားရပ်ပြင်ဆင်ခြင်း၊ အပိုဒ်များ ပြောင်းလဲခြင်းတို့ကိုလည်း ပြုလုပ်ခဲ့ပြီး အမျိုးသားလွှတ်တော်က အတည်ပြုခဲ့ကာ ပြည်သူ့လွှတ်တော်သို့ ဆက်လက် ပေးပို့ရမည်ဖြစ်သည်။

    Ref : Democracy Today

  • အိန္ဒိယက ဖမ်းဆီးထားသည့် မြန်မာငါးဖမ်းသမားများ ပြန်လည်လွတ်မြောက်လာ

    အိန္ဒိယက ဖမ်းဆီးထားသည့် မြန်မာငါးဖမ်းသမားများ ပြန်လည်လွတ်မြောက်လာ

    ဇွန် ၁၊ ၂၀၁၆
    M-Media

    fisherman

    – အိန္ဒိယရေပိုင်နက်တွင် တရားမ၀င် ငါးခိုးဖမ်းမှုကြောင့် ထိန်းသိမ်းထားသည့် မြန်မာနိုင်ငံသား ၂၄၉ ဦးမှ ထောင်ဒဏ်ကျခံနေရသည့် ၁၂၉ ဦး ပြန်လည်လွှတ်ပေးခဲ့ပြီး မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိခဲ့ပြီဟု တာဝန်ရှိသူများက ယနေ့တွင် ပြောကြားလိုက်သည်။

    Open Distress Camp of India စခန်းတွင် ထိန်းသိမ်းထားသည့် အဆိုပါ မြန်မာနိုင်ငံသားများအား ပြန်လည်လွှတ်ပေးရေးအတွက် အိန္ဒိယနှင့် မြန်မာအာဏာပိုင်များမှာ အကြိမ်များစွာ ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ခဲ့ရသည်ဟု Xinhua သတင်းဌာနက ဖော်ပြထားသည်။

    ပထမအသုတ်အဖြစ် ၎င်းတို့မှာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ယမန်နေ့ည နှောင်းပိုင်းတွင် ရောက်ရှိလာခဲ့ပြီး ကျန်ရှိနေသူများမှာ ကြာသာပတေးနေ့တွင် ရောက်ရှိမည်ဟု ဆိုသည်။

    အဆိုပါ မြန်မာငါးဖမ်းသမားများမှာ မုန်တိုင်းနှင့် အင်ဂျင်ပျက်ဆီးမှုကြောင့် အိန္ဒိယရေပိုင်နက်အတွင်း မျောပါခဲ့ပြီးနောက် အိန္ဒိယရေတပ်၏ ဖမ်းဆီးမှုကို ခံခဲ့ရခြင်းဖြစ်သည်။

    Ref: firstpost

  • နည်းပြဇီဒိန်းအား ရီးယဲလ်ဥက္ကဌချီးကျူး

    နည်းပြဇီဒိန်းအား ရီးယဲလ်ဥက္ကဌချီးကျူး

    ဇွန် ၁၊ ၂၀၁၆
    M-Media

    zidane 2

    – ရီးယဲလ်မက်ဒရစ်တွင် သမိုင်းသစ်ရေးထိုးနိုင်ခဲ့သည့် နည်းပြဇီဒိန်းအား အသင်းဥက္ကဌ ဖလော်ရန်တီနို ပီရက်ဇ်က ချီးကျူးပြောဆိုလိုက်သည်။

    ဇန်န၀ါရီလက ရာဖေးလ်ဘင်နီတက်ဇ်၏နေရာကို အစားဝင်လာခဲ့သည့် ဇီဒိန်းမှာ ရီးယဲလ်အား ချန်ပီယံလိဂ်ဖလား ကိုင်မြှောက်နိုင်အောင် နည်းပြနိုင်ခဲ့သည်။

    ထို့ကြောင့် ဇီဒိန်းမှာ ရီးယဲလ်တွင် ၂၀၀၂ ခုနှစ်က ကစားသမားဘ၀ဖြင့်လည်းကောင်း၊ ၂၀၁၄ ခုနှစ်က လက်ထောက်နည်းပြ ဘ၀ဖြင့်လည်းကောင်း၊ ယခုနှစ်တွင် နည်းပြဘ၀ဖြင့်လည်းကောင်း ချန်ပီယံလိဂ်ဖလားကို ကိုင်မြှောက်နိုင်သည့် သမိုင်းကို ရရှိခဲ့သည်။

    နည်းပြများကို ခန့်အပ်ထုတ်ပယ်ရာတွင် နာမည်ကျော်သည့် ဥက္ကဌ ပီရက်ဇ်ကမူ ဇီဒိန်းကို ချီးကျူးခဲ့သည်။

    “ဇီဒိန်းက အခရာကျသူတစ်ဦးပါ။ သူဟာ ရီးယဲလ်ရဲ့ သိပ်မကြာသေးခင်က သမိုင်းကို ပြောင်းလဲပစ်လိုက်ပါတယ်။ ၂၀၀၁ ခုနှစ်ကတည်းက သူဟာ ဘောလုံးရဲ့ သဘောသဘာဝကို နားလည်ဖို့ လမ်းကြောင်းတစ်ခု ဖောက်ခဲ့ပါတယ်။ အဲဒါကြောင့်ပဲ ဒီလို ဥရောပဖလားရအောင် ကျွန်တော်တို့ကို ကူညီနိုင်တာပါ” ဟု ပြောကြားခဲ့သည်။

    ထို့ပြင် နည်းပြအဖြစ် တာဝန်စယူစဉ်ကလည်း အသင်းအား အောင်မြင်အောင် စွမ်းဆောင်သွားမည်ဟု ဇီဒိန်းက ကတိပေးခဲ့ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

    Ref : Goal

  • ဂါဇာတွင် တူရကီ၏ အကူအညီဖြင့် ရှေးဦးသူနာပြုရုံး ဖွင့်လှစ်

    ဂါဇာတွင် တူရကီ၏ အကူအညီဖြင့် ရှေးဦးသူနာပြုရုံး ဖွင့်လှစ်

    ဇွန် ၁၊ ၂၀၁၆
    M-Media

    gaza 3

    – အစ္စရေးက ပိတ်ဆို့ထားတဲ့ ပါလက်စတိုင်းပိုင် ဂါဇာကမ်းမြောင်ရှိ အလ်-ကာရာရာမြို့လေးမှာ တူရကီ လခြမ်းနီအဖွဲ့ရဲ့ အကူအညီနဲ့ တနင်္ဂနွေနေ့က ရှေးဦးသူနာပြုရုံးတစ်ခု ဖွင့်လှစ်နိုင်ခဲ့တယ်လို့ ပါလက်စတိုင်း တာဝန်ရှိသူတွေက ပြောကြားလိုက်ပါတယ်။

    အဲဒီစီမံကိန်းဟာ ဒေါ်လာ ၁၀၀၀၀ ၀န်းကျင် ကုန်ကျခဲ့ပြီး အလ်-ကွာရာရာမြို့တော်ဝန် အဘ်ဒူရာဟင်မ် အလ်-အီဘာဒီလီက ငွေကြေးထောက်ပံ့ပေးခဲ့တဲ့အတွက် တူရကီလခြမ်းနီအဖွဲ့ကို ကျေးဇူးတင်တယ်လို့ ပြောကြားခဲ့ပါတယ်။

    အဲဒီ အလ်ကာရာရာမြို့ဟာ ၂၀၁၄ ခုနှစ် အစ္စရေးရဲ့ ကျူးကျော်တိုတိုက်ခိုက်မှုမှာ ဗုံးဒဏ်အကြီးအကျယ် ခံစားခဲ့ရပါတယ်။ အစ္စရေးနဲ့ကပ်နေတဲ့ အဲဒီမြို့လေးကို အစ္စရေးတင့်ကားတွေကလည်း ၀င်ရောက်ကျူးကျော်ခဲ့ပါတယ်။

    Ref: IINA