News @ M-Media

Blog

  • ရန်ကုန်ရှိ လူငယ်တစ်ဦး ဓာတ်လိုက်သေဆုံးသည့်နေရာအား ထိရောက်သည့် ပြင်ဆင်မှု မလုပ်သေး

    ရန်ကုန်ရှိ လူငယ်တစ်ဦး ဓာတ်လိုက်သေဆုံးသည့်နေရာအား ထိရောက်သည့် ပြင်ဆင်မှု မလုပ်သေး

    မေ ၂၅၊ ၂၀၁၆
    M-Media

    yang
    ဓာတ်လိုက်သည့်နေရာအား ၂၄ နာရီကြာပြီးနောက် တွေ့ရပုံ

    – ရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းတွင် ယမန်နေ့က လူငယ်တစ်ဦး ဓာတ်လိုက်သေဆုံးသွားသည့် နေရာအား ၂၄ နာရီကျော် ကြာသည့်အထိ မည်သည့် အတားအဆီးများ၊ ထိရောက်သည့် ပြင်ဆင်မှုများ မပြုလုပ်သေးဟု သိရသည်။

    ဆာကူရာတာဝါ မျက်နှာချင်းဆိုင်တွင်ရှိသည့် အဆိုပါနေရာတွင် ယမန်နေ့ မိုးရွာသွန်းပြီးနောက် ရေ၀ပ်နေသည့်အချိန် အသက် ၁၆ နှစ်အရွယ် လူငယ်တစ်ဦးက ရေအိုင်ငယ်ထဲသို့ ဖြတ်၍ လမ်းလျှောက်ရာတွင် ဓာတ်လိုက်ကာ သေဆုံးခဲ့ခြင်းဖြစ်သည်။

    ဓာတ်လိုက်ရသည့်အကြောင်းအရင်းမှာ မိုးရွာသွန်းမှုကြောင့် ဓာတ်တိုင်ရှိ ဓာတ်ကြိုးတစ်ခုမှာ ရေအိုင်ထဲသို့ကျကာ လျှပ်စစ်စီးဝင်နေမှုကြောင့်ဖြစ်သည်ဟု သတင်းများက ဖော်ပြကြသည်။ အခင်းဖြစ်ပွားပြီးနောက် လမ်းပေါ်သို့ကျနေသည့် ၀ါယာကြိုးနှင့် သစ်ပင်ငယ်အချို့ကို ဖယ်ရှားခဲ့သော်လည်း ဓာတ်တိုင်တွင် ဓာတ်ကြိုးများမှာ သေသပ်မှုမရှိဘဲ ထပ်မံပြတ်ကျမည့်အန္တရာယ် ရှိနေသည်။

    “အန္တရာယ်ရှိတယ်ဆိုတဲ့ ဆိုင်းဘုတ်လေးတောင် မရှိပါဘူး။ အဲဒီနေရာကို နေ့တိုင်း လူတော်တော်များများ ဖြတ်သန်းနေတာပါ။
    တော်တော်လေးအန္တရာယ်ရှိပါတယ်လို့ ဒေသခံ ပြည်သူတစ်ဦးက ပြောကြားခဲ့သည်။

    yang 2
    ယမန်နေ့ အခင်းဖြစ်ပွားပြီးနောက် တွေ့ရပုံ

     

    Ref: yangon.coconuts

  • အမေရိကန်ရွေးကောက်ပွဲအတွက် စိတ်မပူရန် အိုဘားမားပြော

    အမေရိကန်ရွေးကောက်ပွဲအတွက် စိတ်မပူရန် အိုဘားမားပြော

    မေ ၂၅၊ ၂၀၁၆
    M-Media

    obama 2

    – မိမိနေရာအား ဆက်ခံမည့် နိုဝင်ဘာရွေးကောက်ပွဲတွင် သမ္မတလောင်းအဖြစ် ၀င်ရောက်ယှဉ်ပြိုင်နိုင်ရေး အငြင်းပွားဖွယ် မဲဆွယ်မှုများအတွက် အာရှပြည်သူများအနေဖြင့် စိတ်မပူကြရန် ဗီယက်နမ်သို့ ရောက်ရှိနေသည့် အမေရိကန်သမ္မတ ဘာရက်အိုဘားမားက ပြောကြားလိုက်သည်။

    လက်ရှိအချိန် ပါတီများ၏ သမ္မတလောင်းအဖြစ် ရွေးချယ်ခံရရန်အတွက် ယှဉ်ပြိုင်မှုများတွင် ရီပက်ဘလစ်ကန်ပါတီမှ ဘီလျံနာ ဒေါ်နယ်ထရမ့်၏ လူမျိုးရေးခွဲခြားစော်ကားမှု မှတ်ချက်များကြောင့် ပြည်တွင်း၊ ပြည်ပမှ ဝေဖန်မှုများ မြင့်တက်လာခဲ့သည်။

    “အခြားသူတွေဟာ ကျွန်တော်တို့ရဲ့ ရွေးကောက်ပွဲစနစ်ကိုကြည့်ပြီး ‘ဘာကြီးလဲကွာ’ လို့ ပြောကြမယ်ထင်ပါတယ်။ ဒါပေမယ့် အဆုံးမှာတော့ ကျွန်တော်တို့ဟာ အဆင်ပြေပြေ ပြီးသွားတာပါပဲ။ အမေရိကန်ပြည်သူတွေက လူတော်တွေပါ။ တစ်ခါတစ်ရံမှာ ကျွန်တော်တို့ရဲ့ နိုင်ငံရေးက ပြည်သူတွေရဲ့ စိတ်နေသဘောထားကောင်းမွန်မှုကို ဖော်ပြလေ့မရှိပါဘူး” ဟု ဟိုချီမင်းမြို့တော်ခန်းမတွင် လူငယ်ခေါင်းဆောင်များနှင့်တွေ့ဆုံစဉ် အိုဘားမားက ပြောကြားခဲ့သည်။

    သို့သော်လည်း အိုဘားမားက မည်သူမည်ဝါဖြစ်သည်ဟု ထုတ်ဖော်ပြောကြားခဲ့ခြင်းမရှိချေ။ ကျောင်းသူတစ်ဦးက ဒေါ်နယ်ထရမ့်၊ ဒီမိုကရက်တစ်ပါတီမှ ဟီလာရီကလင်တန် သို့မဟုတ် ဘာနီ ဆန်းဒါးစ်တို့တွင် မည်သူက သမ္မတဖြစ်သင့်သည်ဟု မေးမြန်းရာတွင် အိုဘားမားက

    “များသောအားဖြင့် နောက်ဆုံးမှာတော့ မဲပေးသူပြည်သူတွေဟာ ဆုံးဖြတ်ချက်ကောင်းကောင်းကို ချတတ်ကြပြီး ဒီမိုကရေစီဆန်ဆန် လုပ်တတ်ကြပါတယ်။ အားလုံးအဆင်ပြေသွားမှာပါ။ ကျွန်တော် ကတိပေးပါတယ်” ဟု ပြန်လည်ဖြေကြားခဲ့သည်။

    အိုဘားမားမှာ ထရမ့်၏ အငြင်းပွားဖွယ် မှတ်ချက်များအတွက် ပြင်းပြင်းထန်ထန် ဝေဖန်လေ့ရှိသူလည်းဖြစ်သည်။

    Ref: Channelnewsasia

  • မန်ယူနှင့် မော်ရင်ဟို ကောင်းမွန်သော လက်တွဲမှုဖြစ်မည်ဟု အန်ဆယ်လော့တီ ပြော

    မန်ယူနှင့် မော်ရင်ဟို ကောင်းမွန်သော လက်တွဲမှုဖြစ်မည်ဟု အန်ဆယ်လော့တီ ပြော

    မေ ၂၅၊ ၂၀၁၆
    M-Media

    morinho

    – မန်ယူနည်းပြသစ်အဖြစ် မော်ရင်ဟိုဖြစ်လာပါက ကောင်းမွန်သော လက်တွဲမှု ဖြစ်လိမ့်မည်ဟု ဘိုင်ယန်နည်းပြ အန်ဆယ်လော့တီက ပြောကြားလိုက်သည်။

    ဗန်ဂါးလ်အား တနင်္လာနေ့က ထုတ်ပယ်ခဲ့ပြီးနောက် မန်ယူမှာ ပရီးမီးယားလိဂ် ၃ ကြိမ် ရယူထားသည့် မော်ရင်ဟိုအား လာမည့် ရက်အနည်းငယ်အတွင်း ခန့်အပ်တော့မည်ဟု သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေသည်။ မော်ရင်ဟို အသုံးပြုသည့် ကစားပုံကြောင့် ၎င်းမှာ မန်ယူတွင် အံဝင်ခွင်ကျဖြစ်မည်မဟုတ်ဟု ဝေဖန်မှုများ ရှိနေသော်လည်း အန်ဆယ်လော့တီကမူ မော်ရင်ဟိုအား ထောက်ခံခဲ့သည်။

    “မော်ရင်ဟိုဟာ ပရီးမီးယားလိဂ်အကြောင်းကို ကောင်းကောင်းကြီးသိထားတာကြောင့် မန်ယူနဲ့ သူဟာ ကောင်းမွန်တဲ့ လက်တွဲမှု ဖြစ်လိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်။ သူဟာ ကမ္ဘာ့အကောင်းဆုံး နည်းပြတွေထဲက တစ်ယောက်ပါ။ မန်ယူက လက်ရှိအချိန်မှာ လွန်ခဲ့တဲ့ ၂ နှစ် ဗန်ဂါးလ်လက်ထက် သူတို့လုပ်ခဲ့တာထက် ပိုကောင်းတဲ့အနေအထားမျိုး လိုအပ်နေပါတယ်” ဟု အန်ဆယ်လော့တီက ပြောကြားခဲ့သည်။

    Ref: Goal

  • ရုရှားတွင် အစ္စလာမ့်ရေးရာ ဆွေးနွေးပွဲတစ်ခု ကျင်းပမည်

    ရုရှားတွင် အစ္စလာမ့်ရေးရာ ဆွေးနွေးပွဲတစ်ခု ကျင်းပမည်

    မေ ၂၅၊ ၂၀၁၆
    M-Media

    kazan

    – ရုရှားနှင့် ကမ္ဘာတစ်ဝှမ်းလုံးမှ အစ္စလာမ့်ရေးရာ အကြောင်းအရာများကို ဆွေးနွေးသွားမည့် အခမ်းအနားတစ်ခုကို ရုရှားနိုင်ငံ တာတာစတန် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မြို့တော် ကာဇန်၌ ယနေ့တွင် စတင်ပြုလုပ်သွားမည်ဟု သိရသည်။

    Russia and the Islamic World ဟု အမည်ပေးထားသည့် အဆိုပါ ဆွေးနွေးပွဲမှာ ၄ ရက်တာ ကြာမြင့်မည်ဖြစ်ပြီး ရှရှားနှင့် အစ္စလာမ်ကမ္ဘာ၏ ကောင်းမွန်သော ဆက်ဆံရေး ပိုမိုတိုးမြှင့်ရန် ဆွေးနွေးသွားမည်ဖြစ်သည်။

    ထို့ပြင် ဘာသာဝင်များအားလုံးအကြား လုံခြုံငြိမ်းချမ်းရေး၊ ဆွေးနွေးဖလှယ်ရေး၊ အတူယှဉ်တွဲနေထိုင်ရေးနှင့် မိမိတို့၏ ရိုးရာ နာမ်ပိုင်းဆိုင်ရာ တန်ဖိုးများ ဖြန့်ဖြူးရေး စသည့် ကိစ္စရပ်များအား တိုးမြှင့်ဆောင်ရွက်ရေးအတွက် ဆွေးနွေးမှုများလည်း ပါဝင်မည်ဖြစ်သည်။

    အစ္စလာမ့်ကမ္ဘာပြင်ပရှိ မွတ်စလင်များဆိုင်ရာ ပညာရေးနှင့် ယဉ်ကျေးမှုရေးရာ ကောင်စီ (ISESCO) ၏ အဖွဲ့ဝင်ဖြစ်ပြီး မော်စကို အစ္စလာမ့်ယဉ်ကျေးမှုဆိုင်ရာအသင်းမှ ဒါရိုက်တာဖြစ်သူ ဒေါက်တာ စအစ် ဟီဘာသွလ္လာဟ် ကာမီလက်ဗ်လည်း ထိုဆွေးနွေးပွဲသို့ တက်ရောက်မည်ဖြစ်ပြီး ISESCO ၏ အထွေထွေ ဒါရိုက်တာဖြစ်သူ ဒေါက်တာ အဘ်ဒူလ် အဇစ် အွတ်စမန် အလ်သွာဂျီရီကိုယ်စား အဖွင့်မိန့်ခွန်း ပြောကြားမည်ဖြစ်သည်။

    Ref: IINA

  • ကိုယ့်ဘာသာတရားကို ချစ်ပါ၊ တခြားဘာသာတွေကိုလည်း လေးစားပါ

    ကိုယ့်ဘာသာတရားကို ချစ်ပါ၊ တခြားဘာသာတွေကိုလည်း လေးစားပါ

    မေ ၂၅ ၊ ၂၀၁၆
    သက်ဆွေဝင်း ရေးသည်။
    Myanmar Now မှ ဆောင်းပါးဖြစ်ပါသည်။

    Thet Swe Win
    ဓါတ်ပုံအညွှန်း- တိဘက်ဘုန်းတော်ကြီး ဒလိုင်းလားမားနှင့် ကိုသက်ဆွေဝင်းတို့ မကြာသေးမီက အိန္ဒိယနိုင်ငံတွင် တွေ့ဆုံစဉ်

    ငြိမ်းချမ်းတဲ့ လူ့ဘောင် တည်ဆောက်နိုင်ဖို့အတွက် အမှားအမှန် ဆုံးဖြတ်နိုင်တဲ့ ဥာဏ်ပညာ၊ ချစ်ခြင်းမေတ္တာတို့ လိုအပ်ပါတယ်။
    .
    ဆယ်ကျော်သက်အရွယ်တုန်းက အမျိုးပျောက်မှာ စိုးကြောက်စရာ ဆိုတဲ့ လက်တစ်ဝါးသာသာ စာအုပ်ကလေး ဖတ်မိပြီးနောက်ပိုင်း ကျွန်တော်ဟာ အစ္စလာမ်ဘာသာဝင်တွေကို မုန်းတီးခဲ့တယ်။ စာအုပ်ထဲက အစ္စလာမ်ဘာသာဝင်တွေဟာ ဗုဒ္ဓဘာသာကောင်မလေးတွေကို မုဒိန်းကျင့်၊ အနိုင်ကျင့်ပြီး သားဖောက်မျိုးပွားတယ်၊ သတ်ဖြတ်တယ်ဆိုတဲ့ ရေးသားချက်မျိုးတွေဟာ ကျွန်တော့်ရဲ့ အစ္စလာမ်မုန်းတီးစိတ်ကို မီးထိုးပေးသလို ဖြစ်ခဲ့တယ်။
    .
    အဲ့ဒီတုန်းက WWF နပန်းပွဲတွေ ခေတ်စားနေတာဆိုတော့ နေ့လယ်ပိုင်းမုန့်စားဆင်းချိန် စာသင်ခန်း နောက်မှာ  နပန်းသတ်တမ်း ဆော့လေ့ရှိတယ်။ အတန်းထဲမှာ မူဆလင်ကောင်လေးက နှစ်ယောက်ပဲ ရှိတယ်။ တစ်ယောက်က နှစ်ကျ၊ ကျွန်တော့်ထက် အကောင်ကြီးတယ်။ နောက်တစ်ယောက်က အရပ်ပုပြီး လူကောင်တောင့်တဲ့ ကျွန်တော်နဲ့ ရွယ်တူကောင်လေး။ မုန့်စားဆင်းချိန်ဆိုရင် ကျွန်တော်နဲ့ တခြားသူငယ်ချင်းနှစ်ယောက်က မူဆလင်ကောင်လေးကို အမြဲတမ်းခေါ်ပြီး နပန်းသတ်လေ့ရှိတယ်။   ကျွန်တော်တို့ သုံးယောက်လောက်က သူ့ကို ဝိုင်းပြီး ကိုင်ပေါက်လိုက်၊  တက်ခုန်လိုက်နဲ့ပေါ့။ သူဟာ အစ္စလာမ်ဘာသာဝင် တစ်ယောက် ဖြစ်နေလို့ဆိုတဲ့ အမုန်းစိတ်လည်း ပါခဲ့တယ်ဆိုတာ ဝန်ခံရပါလိမ့်မယ်။ ကျွန်တော်တို့ သူငယ်ချင်းတွေကြားမှာ အမျိုးပျောက်မှာ စိုးကြောက်စရာ  ဆိုတဲ့ စာအုပ်ကပျံ့နှံ့နေပြီး ကျောင်းသားတွေအကြားမှာ ကုလားမုန်းတီးရေး ခံယူချက်တွေ ဖြစ်ပေါ်လာတယ်။ နောက်ဆုံးရလဒ်အနေနဲ့ ကျွန်တော်အရမ်းကြိုက်တဲ့ ဒန်ပေါက်ကိုတောင် ငါးနှစ်လောက် မစားဘဲ နေဖြစ်သွားခဲ့တယ်။
    .
    ကျွန်တော့်မှာရှိနေတဲ့ ကုလားမုန်းတီးရေးအမြင်ကို စပြီးပြောင်းသွားစေခဲ့တာက ၂ဝဝ၇ ရွှေဝါရောင် တော်လှန်ရေး ကာလအတွင်းမှာပါ။ ရွှေဝါရောင်တော်လှန်ရေးကို သံဃာတော်တွေနဲ့ ကျောင်းသား လူငယ်တွေ ဦးဆောင်ကြတော့ တက္ကသိုလ်ဘွဲ့ရပြီးခါစ ကျွန်တော်လည်း ဝင်ပါခဲ့တယ်။ နေအရမ်းပူချိန် ကတ္တရာလမ်းပေါ်တွေမှာ သံဃာတော်ပေါင်းများစွာက လောကကောင်းကျိုးအတွက် မေတ္တာပွားရွတ်ဖတ် လမ်းလျှောက်နေကြရင်း ဖိနပ်မပါတဲ့သံဃာတွေကို ရန်ကုန်မြို့ ဆူးလေဘုရားနားမှာ ဗလီဆင်းလာတဲ့ အစ္စလာမ် ဘာသာဝင်တွေက သူတို့စီးလာတဲ့ ဖိနပ်တွေချွတ်ပေး၊  ရေဘူးဝေပေးကြတာကို မြင်တော့ ကျွန်တော့်စိတ်ထဲမှာ မူဆလင်ပဲဖြစ်ဖြစ်၊ ဗုဒ္ဓဘာသာဝင်ပဲဖြစ်ဖြစ် ငါတို့နိုင်ငံသားတွေ အားလုံးဟာ စနစ်ဆိုးကြီးတစ်ခုရဲ့ ဒဏ်ကို အတူတူ မျှဝေခံစားနေရသူတွေပါလားဆိုပြီး စတင်နားလည်လာတယ်။
    .
    ရွှေဝါရောင်အရေးအခင်းကြီးပြီးတော့ ကျွန်တော် နိုင်ငံရေးလှုပ်ရှားမှုတွေထဲ စိတ်ရောက်သွားမှာစိုးလို့ဆိုပြီး အမေက စင်္ကာပူကို လွှတ်လိုက်တယ်။ လူမျိုးစုံ၊  သာဘာစုံတဲ့ စင်္ကာပူနိုင်ငံက ကျွန်တော့်မှာ လက်ကျန်ရှိနေတဲ့ မူဆလင် မုန်းတီးရေးစိတ်တွေကို လျှော်ဖွတ်ပေးနိုင်ခဲ့တယ်။ စင်္ကာပူမှာ မူလတန်း ကတည်းက သူတို့နိုင်ငံမှာ နေထိုင်ကြတဲ့ အဓိကလူမျိုးသုံးမျိုးဖြစ်တဲ့ တရုတ်၊  မလေး၊  တမီးလ်တို့ရဲ့ မတူကွဲပြားတဲ့ ယဉ်ကျေးမှု၊  ဓလေ့ထုံးတမ်းစဉ်လာတွေအကြောင်း သင်ပေးတယ်၊ လုပ်ငန်းခွင် ရောက်သွားရင်လည်း ဘယ်ဘာသာဝင်ပဲဖြစ်ပါစေ၊ အလုပ်လုပ်တာတော်ရင် သူနဲ့ထိုက်တန်တဲ့နေရာ ရတယ်။ ကုမ္ပဏီတစ်ခုရဲ့ ဌာနခွဲတစ်ခုမှာ ကျွန်တော်အလုပ်ဝင်တော့   ကျွန်တော့်ထက် ရာထူးကြီးသူတွေ အကုန်လုံးက အိန္ဒိယနိုင်ငံလာတဲ့ ဟိန္ဒူဘာသာဝင် တမီးလ်လူမျိုးတွေ၊  ကျွန်တော့်ထက် ရာထူးငယ်သူတွေ အကုန်လုံးက  ဘင်္ဂလားဒေ့ရှ်ကလာတဲ့ အစ္စလာမ်ဘာသာဝင် ဘင်္ဂါလီတွေ။ လုပ်ငန်းခွင်ထဲမှာ အားလုံးနဲ့ စကားပြောဆိုရင်းနဲ့ပဲ ဘာသာ၊  လူမျိုးဆိုတာတွေထက်စာရင် လူကောင်းနဲ့လူဆိုးဆိုပြီး ခွဲခြား မြင်တတ်လာတယ်။ ဒီမိုကရေစီနိုင်ငံ မဟုတ်တဲ့ စင်္ကာပူလိုနိုင်ငံမှာ သုံးနှစ်လောက်နေရင်းနဲ့ ဗဟုလူ့အဖွဲ့အစည်း ဆိုတာကို နားလည် သဘောပေါက်လာတယ်။
    .
    ၂ဝ၁ဝ မှာ မြန်မာနိုင်ငံကို ပြန်ရောက်လာပြီး နောက်တစ်နှစ်မှာ စိတ်တူသဘောတူ မိတ်ဆွေတွေနဲ့ လူငယ် အဖွဲ့အစည်းလေးတစ်ခု ပူးပေါင်းတည်ထောင်ဖြစ်ခဲ့တယ်။ အဖွဲ့ထဲမှာ ခရစ်ယာန်၊  မူဆလင်၊ ခရစ်ယာန် ကနေ ဗုဒ္ဓဘာသာ ပြောင်းလာတဲ့ သူငယ်ချင်းသုံးယောက်လည်း ပါတဲ့အတွက် ဘာသာရေးဆိုင်ရာ အယူအဆရေးရာတွေကို လူငယ်တွေရဲ့ အမြင်နဲ့ ချိန်ထိုးပြီး လေ့လာခွင့်ရခဲ့တယ်။ ဒီလိုမိတ်ဆွေတွေ ရှိတာကြောင့်လည်း ကျွန်တော့်မှာစွဲကပ်နေတဲ့ ငါ့လူမျိုး၊ ငါ့ဘာသာမှ ပိုကောင်းတယ်၊ ပိုမြင့်မြတ်တယ် ဆိုတဲ့ အယူအဆတွေပျောက်ပြီး မတူညီတဲ့အယူအဆတွေကို နားလည် လက်ခံနိုင်သူတစ်ယောက် ဖြစ်လာစေခဲ့တာပါ။ လူချင်းအတူတူ ကိုးကွယ်ယုံကြည်ရာ ဘာသာအယူဝါဒ မတူတာနဲ့တင် ရန်သူဖြစ်စရာ မဟုတ်ဘူးဆိုတာ ဆင်ခြင်မိလာတယ်။
    .
    ဘာသာတရားတိုင်းက လူသားတွေအပေါ် ချစ်ခြင်းမေတ္တာထားဖို့ ဟောကြားခဲ့တာချည်းပါပဲ။ ဒါပေမယ့် လူသားတွေက ဘာသာတရားကို ကိုယ်လိုချင်တဲ့ ပုံစံ အဖြစ် ပြန်ပြောင်းကြပြီးတော့ သူ့ရဲ့ တကယ့် အနှစ်သာရကို ဖျက်ဆီးပစ်ကြတာပါ။ လူအများအပြားဟာ ဗုဒ္ဓရဲ့စကားထက် ဘုန်းကြီးတွေရဲ့ စကားကို ပိုအလေးထားကြတယ်။ အလ္လာဟ်ရဲ့စကားထက်စာရင် မော်လီဆပ်တွေကို ပိုယုံကြတယ်။ ဘာသာရေးတွေဟာ ဘာသာရေး ခေါင်းဆောင်တချို့အသုံးချတာကို ခံနေကြရတယ်။
    .
    မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ဘာသာရေး၊ လူမျိုးရေး ပြဿနာတွေဟာ ဘာသာရေး ကိုင်းရှိုင်းသူတွေက စခဲ့ကြတာမဟုတ်ဘဲ ဘာသာရေးအရေခြုံပြီး လူမျိုးရေးခွဲခြားမှုတွေ လုပ်ချင်တဲ့ လူတစ်စုက စတင်ခဲ့တာလို့ ပြောလို့ရတယ်။ မြန်မာ့လူ့အဖွဲ့အစည်းမှာ အမြစ်တွယ်နေတဲ့ မဟာဗမာဝါဒနဲ့ ဗုဒ္ဓဘာသာသည်သာ ကမ္ဘာမှာ အကောင်းဆုံးဘာသာ ဖြစ်တယ်ဆိုတဲ့ ယုံကြည်မှုဟာ အစွန်းရောက်မျိုးချစ်စိတ်ဓာတ်တွေ ဖြစ်ပေါ်လာတဲ့ ဓာတ်ခံတွေပါပဲ။ လူတွေရဲ့စိတ်ထဲမှာ ရှိနေတဲ့ အဲ့ဒီအခံစိတ်ဟာ ကျွန်တော် အပေါ်မှာပြောခဲ့တဲ့ အမျိုးပျောက်မှာ စိုးကြောက်စရာလို စာအုပ်မျိုးနဲ့ ဘာသာရေး၊ လူမျိုးရေး သွေးထိုးလှုံ့ဆော်လိုက်တဲ့အခါ မူဆလင်ဆန့်ကျင်ရေး၊ ဘာသာခြား ဆန့်ကျင်ရေး စိတ်ဓာတ်တွေအဖြစ် ရှင်သန်ထကြွလာကြတယ်။
    .
    အစွန်းရောက် အမျိုးသားရေးဝါဒီတွေ ခေါင်းထောင်လာတာဟာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးအတွက် အနှောင့်အယှက်ကြီးကြီးမားမားဖြစ်စေတယ်။ ဒီမိုကရေစီစံနစ်အရ မတူကွဲပြားမှုတွေကို လက်ခံပြီး တရား ဥပဒေအောက်မှာ အားလုံးတန်းတူညီမျှ အခွင့်အရေးရှိကြဖို့လိုတယ်။ အခုမြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ သဘောထား တင်းမာတဲ့ ဘုန်းကြီးတချို့က ခရစ်ယာန်၊ အစ္စလာမ် အစရှိတဲ့ ဘာသာခြားတွေအပေါ် အနိုင်ကျင့်တာမျိုးကို ဥပဒေကြောင်းအရ ရှင်းလင်းကိုင်တွယ်ဖို့ လိုတယ်။ ဥပမာအားဖြင့် နှစ်ဆန်း တစ်ရက်နေ့က ရွှေတိဂုံဘုရားနားမှာ ဈေးလာရောင်းတဲ့ မူဆလင်တချို့ကို ဘုန်းကြီးတစ်စုက ရိုက်နှက် ခြိမ်းခြောက်ပြီး ပစ္စည်းသိမ်း နှင်ထုတ်လိုက်ရာမှာ ရဲတွေက ဘုန်းကြီးတွေမို့လို့ သာသနာရေး ဌာနကနေ ကိုင်တွယ်ဆောင်ရွက်ရမယ့်ကိစ္စဆိုပြီး လက်ရှောင်ကြတာမျိုးပေါ့။ ဥပဒေဆိုတာ စံသတ်မှတ်မှု တစ်မျိုးတည်းပဲ ဖြစ်ရပါမယ်၊ ဘုန်းတော်ကြီးတွေမို့လို့ မကိုင်တွယ်ရဲဘူးဆိုရင်တော့ ကျွန်တော်တို့နိုင်ငံရဲ့ တရားဥပဒေစိုးမိုးရေးကို မေးခွန်းထုတ်စရာရှိလာပါပြီ။
    .
    ပြီးခဲ့တဲ့နှစ်ပါတ်လောက်က အိန္ဒိယမှာ ဒလိုင်းလားမားနဲ့ ကမ္ဘာ့ ပဋိပက္ခနိုင်ငံ ၁၃ ခုက  လူငယ် သုံးဆယ်နီးပါး တွေ့ဆုံကြတဲ့ပွဲကို ကျွန်တော် သွားတက်ဖြစ်ခဲ့တယ်။ အဲ့ဒီပွဲကို တက်ကြတာ ဆီးရီးယား၊  အာဖဂန်နစ္စတန်၊  ဆိုမာလီ၊  အီရတ်၊  ကင်ညာ၊  ဆူဒန်၊  ဆူဒန် စတဲ့နိုင်ငံတွေမှာ ဘာသာရေးကိုအခြေခံပြီး လူ့အဖွဲ့အစည်းအတွင်းမှာ ငြိမ်းချမ်းရေးတည်ဆောက်နေကြတဲ့လူငယ်တွေ၊ ဗုဒ္ဓဘာသာဝင်ဆိုလို့ ကျွန်တော်နဲ့ နောက်ထပ်တစ်ယောက်ပဲ ပါတယ်၊ ခရစ်ယာန်နဲ့ အစ္စလာမ်တွေ များတယ်။ အဲ့ဒီပွဲမှာ ချစ်ခြင်းမေတ္တာနဲ့ လူသားဆန်မှုအကြောင်းတွေကို အချင်းချင်း ဖလှယ်ဖြစ်ကြတယ်။ အမှန်တရားအတွက် လုပ်တယ် ဆိုရာမှာ ဘာသာရေး၊ လူမျိုးရေးတွေမပါဘဲ အမှန်တရား သီးသန့်အတွက် တိုက်ပွဲဝင်နေတဲ့ ဘာသာပေါင်းစုံက လူငယ်တွေရှိနေတယ်ဆိုတာ သိခဲ့ရတယ်။ ဒါ့အပြင် အစ္စလာမ်နိုင်ငံတွေမှာ မြန်မာနဲ့ ပတ်သက်ရင် လူနည်းစုမူဆလင်တွေကို ဖိနှိပ်ပြီး ရိုဟင်ဂျာတွေကို သတ်ဖြတ်နေတယ်ဆိုတဲ့ သတင်းတွေချည်းပဲ ကြားနေရတယ်ဆိုတာကိုလည်း သိလာရတယ်။
    .
    ကမ္ဘာက ဒီလိုမြင်နေတဲ့အမြင်တွေကို ကျွန်တော်တို့တွေ ဘယ်လိုပြောင်းပေးနိုင်မလဲ။ အစ္စလာမ်အပါအဝင် တခြားဘာသာရေးတွေကို ဖိနှိပ်ချုပ်ချယ်ပြီး ဗုဒ္ဓဘာသာ သာသနာကို ကာကွယ်မြှင့်တင်ပါတယ်ဆိုတဲ့ လူတစ်စုကြောင့် ကျွန်တော်တို့နိုင်ငံကို ကမ္ဘာက ဒီလိုမြင်နေကြတယ်။ ဗုဒ္ဓဟောတဲ့ တရားအတိုင်း မကျင့်ကြံကြတဲ့သူတွေများပြားလာ၊ မတရားမှုတွေကို နှုတ်ဆိတ်နေကြတဲ့သူတွေ များပြားနေတာကြောင့် အဓမ္မဝါဒီသမားတွေ လုပ်ချင်ရာလုပ်လို့ရခဲ့တာ။ ၂ဝဝဝ ပြည့်နှစ် ကုလသမဂ္ဂ ငြိမ်းချမ်းရေးညီလာခံမှာ ဆရာကြီး ဦးဂိုအင်ကာပြောသွားတဲ့ “မိမိတို့ ကိုးကွယ်တဲ့ ဘာသာကို ချီးမွမ်းပြီး အခြားဘာသာတွေကို နှိမ်ချတဲ့သူတွေဟာ မိမိတို့ဘာသာကို မြှောက်စားတယ်လို့ ထင်မြင်ပေမယ့် သူတို့ရဲ့လုပ်ဆောင်မှုတွေဟာ သူတို့ဘာသာကို အကျည်းတန် အရုပ်ဆိုးအောင် လုပ်ဆောင်နေခြင်းပါပဲ” ဆိုတဲ့စကားကို ကျွန်တော်တို့ သတိပြုကြဖို့လိုပါတယ်။ ကျွန်တော်တို့ရဲ့ရင်ထဲမှာ ရန်လိုမှု၊  မုန်းတီးမှုတွေ ပြည့်နှက်နေရင် ကျွန်တော်တို့နဲ့ထိစပ်သမျှ အရာရာဟာ ငြိမ်းချမ်းနိုင်မှာမဟုတ်ပါဘူး။  ဘယ်ဘာသာပဲ ကိုးကွယ်ကိုးကွယ် တရားမရှိရင် လူ့အဖွဲ့အစည်းမှာ ပြဿနာတွေ ဖြစ်နေဦးမှာပဲ။ ကျွန်တော်တို့မြန်မာပြည်သူတွေ တစ်ယောက်စီတိုင်း မှားမှန် ဆုံးဖြတ်နိုင်တဲ့ ဉာဏ်ပညာနဲ့ ချစ်ခြင်းမေတ္တာ ပိုမိုပြည့်စုံလာမှသာလျှင် ကျွန်တော်တို့လိုချင်တဲ့ ငြိမ်းချမ်းသာယာတဲ့ လူ့ဘောင်ကို တည်ဆောက်နိုင်မှာဖြစ်ပါတယ်။     ။
    .
    သက်ဆွေဝင်းသည် ရန်ကုန်မြို့အခြေစိုက် Center for Youth and Social Harmony ခေါ် လူငယ်နှင့် လူမှုသဟဇာတဖြစ်ရေးအဖွဲ့ကို ပူးတွဲတည်ထောင်သူ၊ ဒါရိုက်တာဖြစ်သည်။