News @ M-Media

Blog

  • နည်းပညာအမြင့်ဆုံး နျူဒုံးကျည်တပ် ရေငုပ်သင်္ဘောကို အမေရိကန် တည်ဆောက်နေ

    နည်းပညာအမြင့်ဆုံး နျူဒုံးကျည်တပ် ရေငုပ်သင်္ဘောကို အမေရိကန် တည်ဆောက်နေ

    ဇွန် ၁၈၊ ၂၀၂၂
    M-Media

    -နျူကလီးယား ကာကွယ်ရေးစွမ်းအားမှာ တစ်ခြား အင်အားကြီးနိုင်ငံတွေထက် ခေါင်းတစ်လုံးပိုသာမယ့် နည်းပညာမြင့် နျူဒုံးကျည်တပ် ရေငုပ်သင်္ဘော SSBN အမျိုးအစားသစ်ကို အမေရိကန်က တည်ဆောက်နပါတယ်။

    ဒီ ရေငုပ်သင်္ဘောသစ်ကို USS District of Columbia လို့ အမည်ပေးထားပါတယ်။ အမေရိကန်က တည်ဆောက်တဲ့ ရေငုပ်သင်္ဘောတွေထဲမှာ အကြီးဆုံး၊ နည်းပညာအမြင့်ဆုံး ရေငုပ်သင်္ဘော ဖြစ်ပြီး စုစုပေါင်း ၁၂ စီး တည်ဆောက်မှာပါ။

    ၁၉၇၆ ခုနှစ်ကနေ ၁၉၉၇ ခုနှစ်အတွင်း တည်ဆောက်ခဲ့တဲ့ Ohio အမျိုးအစား ရေငုပ်သင်္ဘော ၁၄ စီးနေရာမှာ အစာထိုးမှာ ဖြစ်ပါတယ်။

    အလျား ၁၇၀ မီတာ၊ အနံ ၁၃ မီတာရှိမယ့် ဒီရေငုပ်သင်္ဘောရဲ့ သက်တမ်းကို ၄၂ နှစ် သတ်မှတ်ထားပါတယ်။ သက်တမ်းတစ်၀က်မှာ အကြီးစားပြင်ဆင်မှုလုပ်ဖို့ လိုအပ်မှာ ဖြစ်ပေမယ့် စရေချကတည်းက ၂၀၈၀ ပြည့်နှစ်တွေအထိ လောင်စာြဖည့်စရာမလိုတဲ့ စနစ်မျိုး ပါ၀င်လာပါလိမ့်မယ်။

    လျှပ်စစ်တွန်းအားပေးစနစ် (electric-drive propulsion) ပါ၀င်တာကြောင့် ရေအောက်မှာ ပိုမိုတိတ်ဆိတ်စွာ သွားလာနိုင်မှာ ဖြစ်ပါတယ်။

    Ohio အမျိုးအစား ရေငုပ်သင်္ဘောတွေမှာ နျူတိုက်ချင်းပစ်ဒုံးကျည် ၂၄ လုံး တပ်ဆင်ထားပေမယ့် USS District of Columbia ကတော့ နျူဒုံးကျည် ၁၆ လုံးသာ တပ်ဆင်နိုင်မှာ ဖြစ်ပါတယ်။

    Virginia အမျိုးအစား ရေငုပ်သင်္ဘောမှာ တပ်ဆင်တဲ့ ဒုံးပစ်လောင်ချာတွေကို အသုံးပြုကာ ကုန်ကျစားရိတ် လျော့ကျအောင် လုပ်ဆောင်ဖို့အတွက် ဒုံးပစ်လောင်ချာအရေအတွက်ကို လျော့ချလိုက်တာ ဖြစ်ပါတယ်။

    ရေငုပ်သင်္ဘောမှာ ၇၄၆၀ ကီလိုမီတာအထိရောက်မယ့် Trident II D5 ဒုံးကျည်တွေ တပ်ဆင်မှာဖြစ်ပါတယ်။ ဒီဒုံးကျည်တွေဟာ W76-MK4/MK4A နဲ့ W88-MK5 နျူထိပ်ဖူးတွေကို တပ်ဆင်နိုင်မှာ ဖြစ်ပါတယ်။

    တရုတ်နဲ့ ရုရှား

    ပြိုင်ဘက် တရုတ်နဲ့ ရုရှားတို့ကလည်း သူတို့ရဲ့ ရေအောက် နျူကလီးယား ကာကွယ်ရေးအင်အားကို အဆင့်မြှင့်တင်ဖို့ အဆက်မပြတ် လုပ်ဆောင်နေပါတယ်။

    တရုတ်မှာ လက်ရှိ Type 094 နဲ့ Type 094As အဆင်မြင့် ရေငုပ်သင်္ဘော ၆ စီးရှိပြီး တစ်စီးစီမှာ နျူကလီးယား တိုက်ချင်းပစ်ဒုံးကျည် JL-2 SLBM ၁၂ လုံး တပ်ဆင်နိုင်ပါတယ်။ အမေရိကန်ကုန်းမကြီးအထိ ရောက်နိုင်တဲ့ ဒုံကျည်မျိုး မဟုတ်ပေမယ့် အလာစကာ၊ ဂူအမ်နဲ့ ဟာ၀ိုင်ယီတို့လို အမေရိကန်ပိုင် နယ်မြေတွေကို ပစ်ခတ်နိုင်စွမ်းရှိပါတယ်။

    အဆင်မြင့် JL-3 SLBM နျူဒုံးကျည် တပ်ဆင်ထားတဲ့ JL-3 SLBM ရေငုပ်သင်္ဘော အမျိုးအစားသစ်ကို တရုတ်က ဆောက်လုပ်နေပါတယ်။ ၂၀၃၀ ရောက်ရင် နျူတိုက်ချင်းပစ်ဒုံးကျည် တပ်ဆင်ပစ်ခတ်နိုင်မယ့် ရေငုပ်သင်္ဘော SSBN စုစုပေါင်း ၈ စီး တရုတ်က ပိုင်ဆိုင်လာလိမ့်မယ်လို့ အမေရိကန် ကာကွယ်ရေး၀န်ကြီးဌာနက သုံးသပ်ထားပါတယ်။

    ရုရှားကတော့ နျူဒုံးကျည်တပ် ရေငုပ်သင်္ဘော Borei ၅ စီး လက်ရှိမှာ ပိုင်ဆိုင်ထားပြီး ၂၀၂၇ ခုနှစ်မတိုင် နောက်ထပ် ၁၀ စီး တပ်တော်၀င်မှာပါ။ ရုရှားရေတပ်မှာ ၂၀၄၀ လောက်အထိ Borei ရေငုပ်သင်္ဘောတွေက အဓိက ကျနေမှာ ဖြစ်ပါတယ်။

    ဗျူဟာမြောက်

    နျူတိုက်ချင်းပစ်ဒုံးကျည်တပ် ရေငုပ်သင်္ဘော SSBN တွေဟာ နျူကလီးယား အခြေပြု ကာကွယ်ရေးဗျူဟာမှာ ခေါင်းတစ်လုံးပိုသာတဲ့ လက်နက်မျိုး ဖြစ်ပါတယ်။

    ရေအာက်ထဲငုပ်သွားရင် ရှာဖွေဖျက်ဆီးဖို့ ခက်တာကြောင့် ဗျူဟာအရ SSBNတွေကို ချေမှုန်းဖို့ မဖြစ်နိုင်ပါဘူး။

    အရင်က ဒီလို ရေငုပ်သင်္ဘောမျိုးကို အမေရိကန်၊ ပြင်သစ်၊ ယူကေ၊ ရုရှားနဲ့ တရုတ်တို့လောက်သာ ပိုင်ဆိုင်ကြပေမယ့် လက်ရှိမှာတော့ အိန္ဒိယ၊ ပါကစ္စတန်နဲ့ မြောက်ကိုရီးယားလို နိုင်ငံမျိုးတွေကလည်း ပိုင်ဆိုင်ဖို့ ကြိုးစားလာကြပါတယ်။

    လက်ရှိမှာ SSBN ရေငုပ်သင်္ဘောတွေကို ရှာဖွေချေမှုန်းဖို့ ခက်ပေမယ့် ရေအောက်ရေဒါစနစ်တွေကို အဆင်မြှင့်တင်နိုင်အောင် ကမ္ဘာ့နိုင်ငံတွေက ကြိုးစားလာကြတာကြောင့် ၂၀၅၀ လောက်မှာ ကိုယ်ပျောက်ရေငုပ်သင်္ဘောတွေကို ရှာနိုင်မယ့် နည်းပညာမျိုး ပေါ်ထွက်လာလိမ့်မယ်လို့ ပညာရှင်တွေက ခန့်မှန်းထားပါတယ်။

    Ref: Asia Times

  • နာမည်ကျော် Squid Game ကစားနည်းကို ပြင်ပကမ္ဘာတွင် အသက်သွင်းရန် Netflix စီစဥ်နေ

    နာမည်ကျော် Squid Game ကစားနည်းကို ပြင်ပကမ္ဘာတွင် အသက်သွင်းရန် Netflix စီစဥ်နေ


    ဇွန် ၁၅၊ ၂၀၂၂

    M-Media 


    -နာမည်ကျော်  Squid Game ရှုပ်ရှင်ပါ ကစားနည်းတွေကို အပြင်မှာ ယှဥ်ပြိုင်ကစားဖို့ ဖျော်ဖြေရေး ကုမ္ပဏီ Netflix က စီစဥ်နေပြီး လက်ရှိမှာ ကစားမယ့်သူတွေကို စုဆောင်းနေပါတယ်။

    Squid Game ဟာ Netflix မှာ နာမည်ကြီးသွားတဲ့ ကိုရီးယားဇာတ်လမ်းတွဲတစ်ခုဖြစ်ပါတယ်။  ငွေကြေးလိုအပ်နေတဲ့ သူတွေကို စုဆောင်းကာ ရိုးရာကစားနည်းတွေ ယှဥ်ပြိုင်ခိုင်းတာကို အခြေပြု ရိုက်ကူးထားတာပါ။ အဆင့်တိုင်းမှာ ရှုံးနိမ့်သူတွေဟာ အသက်ပေးရပြီး နောက်ဆုံး တစ်ယောက်တည်းကျန်တဲ့သူက ဆုငွေအမြောက်အများ ရတာဖြစ်ပါတယ်။ 

    အပြင်က ဒီကစားနည်းအတွက် ဆုငွေ ဒေါ်လာ ၄.၅၆ သန်းအထိ ချီးမြှင့်မှာ ဖြစ်ပြီး လူသေဆုံးတာ၊ ထိခိုက်ဒဏ်ရာရတာမျိုး ရှိမှာမဟုတ်ဘူးလို့ ကုမ္ပဏီရဲ့  ဒီကနေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

    လက်ရှိမှာ ကစားမယ့်သူ ၄၅၆ ဦး ရရှိထားပြီလို့လည်း ဆိုပါတယ်။ 

    Squid Game ဒုတိယတွဲကို ရိုက်ကူးထုတ်လွှင့်မယ်လို့ Netflix က ကြေငြာပြီး ၂ ရက်အကြာမှာပဲ အပြင်မှာ ဒီကစားပွဲတွေ ကျင်းပမယ်ဆိုတဲ့သတင်း ထွက်လာတာ ဖြစ်ပါတယ်။ 

    “၀င်ပြိုင်သူတွေဟာ ရုပ်ရှင်ထဲကအတိုင်း ကစားနည်းတွေကို ကစားရမှာ ဖြစ်သလို စိန်ခေါ်မှုအသစ်တွေလည်း ပါ၀င်မှာပါ။ ကစားသူတွေဟာ မဟာဗျူချတာ၊ မဟာမိတ်ဖွဲ့တာ စတဲ့ နည်းလမ်းတွေနဲ့ ပြိုင်ပွဲက မထွက်ရအောင် ကြံဆောင်ရမှာ ဖြစ်ပါတယ်”

    ၀င်ရောက်ယှဥ်ပြိုင်မယ့်သူတွေဟာ အနည်းဆုံး အသက် ၂၁ နှစ် ရှိရမှာဖြစ်ပြီး အင်္ဂလိပ်စကား ပြောတတ်ရမှာဖြစ်ကာ၊ ၂၀၂၃ ခုနှစ် အစောပိုင်းမှာ ၄ ပတ်တာ ရိုက်ကူးရေးအတွက် အဆင်သင့်ဖြစ်နေရမယ်လို့ Netflix ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

    Squid Game ရုပ်ရှင်ဟာ Netflix ရဲ့  အကျော်ကြားဆုံး ရုပ်ရှင်ဖြစ်ခဲ့ကာ ပြသပြီး ပထမ ၂၈ ရက်အတွင်းမှာတင် ကြည့်ရှုသူပေါင်း ၁၁၁ သန်း ရှိခဲ့ပါတယ်။ 

    ဒါရိုက်တာ Game Hwang Dong-hyuk က ဇာတ်လမ်းတွဲကိုရိုက်ဖို့ ၁၂ နှစ် ကြာြမင့်ခဲ့ပေမယ့် ၁၂ ရက်အတွင်း နာမည်ကြီးသွားခဲ့တယ်လို့ တနင်္လာနေ့က ပြောကြားခဲ့ပါတယ်။ 

    Ref: CNA 

  • ကုလ၏ အစီရင်ခံစာသစ်တွင် မြန်မာစစ်တပ်က ကလေးများအား တိုက်ခိုက်မှုကို အဓိကထား ဖော်ပြ

    ကုလ၏ အစီရင်ခံစာသစ်တွင် မြန်မာစစ်တပ်က ကလေးများအား တိုက်ခိုက်မှုကို အဓိကထား ဖော်ပြ

    ဇွန် ၁၅၊ ၂၀၂၂

    M-Media 


    -မြန်မာစစ်တပ်ဟာ ကလေးငယ်တွေကို တမင် ပစ်မှတ်ထား တိုက်ခိုက်တာမျိုး တွေ့ရတယ်လို့ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးဆိုင်ရာ ကုလ အထူးကိုယ်စားလှယ် တွမ်အန်ဒရူးက ပြောပါတယ်။  

    အန်ဒရူးရဲ့ မနေ့ကထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ၂၀၂၁ ခုနှစ် ဖေဖော်၀ါရီ ၁ ရက်နေ့ အာဏာသိမ်းပြီးနောက်ပိုင်း ဆန့်ကျင်သူတွေအပေါ် စစ်တပ်ရဲ့  နှိမ်းနှင်းမှုအကြောင်း ဖော်ြပထားပါတယ်။ 

    စစ်တပ်ဟာ အရွယ်မရောက်သေးသူတွေကို စစ်ကြောရေးမှာ ရိုက်နှက်တာ၊ ဓားနဲ့မွှမ်းတာ၊ လက်သည်းခြေသည်းခွာတာ၊ သွားချွတ်တာ၊ သတ်တော့မယ်ဆိုတဲ့ အနေအထားမျိုးရောက်အောင် ဖန်တီးတာမျိုးတွေ ရှိတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ 

    စစ်တပ်ရဲ့ တိုက်ခိုက်မှုတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရတဲ့ ကလေးငယ်အရေအတွက်ဟာ ၂ သိန်း ၅ သောင်းလောက်ရှိပြီး၊ ကလေးငယ် ၃၈၂ ဦး သတ်ဖြတ်ခံခဲ့ရတယ်လို့ ဆိုပါတယ်။

    “စစ်ကောင်စီက ကလေးငယ်တွေအပေါ် ပြင်းပြင်းထန်ထန် တိုက်ခိုက်တာကို ကြည့်ရင် ဗိုလ်ချုပ်တွေရဲ့  စိတ်ထားညံ့ဖျင်းတာ၊ အပြစ်မဲ့ အရပ်သားတွေကို ထိခိုက်အောင်လုပ်ပြီး အာဏာရှင်ဆန်ဆန် ဖိနှိပ်အုပ်ချုပ်ဖို့ ကြိုးစားတာကို ပေါ်လွင်စေပါတယ်။ ကလေးတွေကို တိုက်ခိုက်တဲ့ စစ်တပ်ရဲ့ လုပ်ရပ်ဟာ လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုနဲ့ စစ်ရာဇ၀တ်မှု မြောက်ပါတယ်” လို့ တွမ်အန်ဒရူးက ပြောပါတယ်။ 

    စစ်သားတွေ၊ ရဲတွေနဲ့ စစ်တပ်ကိုထောက်ခံတဲ့ လက်နက်ကိုင်အဖွဲ့တွေက ကလေးငယ် ၁၄၂ ဦးကို ညှင်းပမ်းနှိပ်စက်တဲ့ အချက်အလက်တွေ ရရှိထားတယ်လို့လည်း အန်ဒရူးက ပြောပါတယ်။ ကုလက ရရှိထားတဲ့ အချက်အလက်တွေထဲမှာ စစ်တပ်နဲ့ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေက ကလေးတွေကို ပေါ်တာဆွဲတဲ့ ကိစ္စလည်း ပါ၀င်ပါတယ်။

    မြန်မာစစ်တပ်ကို ဘဏ္ဍာရေးဆိုင်ရာ ပိတ်ဆို့အရေးယူမှုတွေ တိုးမြှင့်လုပ်ဆောင်ဖို့၊ မြန်မာြပည်သူတွေထံ လူသားချင်း စာနာထောက်ထားမှု အကူအညီတွေ ထပ်မံပို့ဆောင်ဖို့လည်း အန်ဒရူးက ထည့်သွင်း တိုက်တွန်းခဲ့ပါတယ်။ 

    ယူကရိန်းပြဿနာကို နိုင်ငံတကာက တုန့်ပြန်သလိုမျိုး မြန်မာကိစ္စကိုလည်း ထိထိရောက်ရောက်ဆောင်ရွက်ပေးဖို့ အန်ဒရူးက ကုလအဖွဲ့၀င် နိုင်ငံတွေကို တိုက်တွန်းခဲ့ပါတယ်။ 

    Ref: Reuters

  • ဟဂျ်ဘုရားဖူးခရီးသည်များအတွက် ကိုဗစ်ကန့်သတ်ချက်ကို ဆော်ဒီလျှော့ချ

    ဟဂျ်ဘုရားဖူးခရီးသည်များအတွက် ကိုဗစ်ကန့်သတ်ချက်ကို ဆော်ဒီလျှော့ချ

    ဇွန် ၁၄၊ ၂၀၂၂

    M-Media 

    -အဆောက်အဦးအတွင်း နှာခေါင်းစည်း မတပ်မနေရ ကန့်သတ်ချက်ကို ဆော်ဒီအာရေဗျက တနင်္လာနေ့မှာ ဖြေလျှော့ပေးလိုက်ပါတယ်။ 

    ဟဂျ်ဘုရားဖူးခရီးစဥ်အတွက် ကမ္ဘာတစ်၀ှမ်းက လူပေါင်း ၈ သိန်း ၅ သောင်းလောက်ကို ဆော်ဒီက လက်ခံဖို့ ရှိနေတာပါ။ ပထမဆုံး အသုတ်အဖြစ် အင်ဒိုနီးရှားက ဘုရားဖူးခရီးသည်တွေ ပြီးခဲ့တဲ့လက ဆော်ဒီကို ပထမဆုံး ရောက်ရှိလာပါတယ်။ 

    အဆောက်အဦးတွေအတွင်း နှာခေါင်းစည်း မတပ်မနေရစည်းမျဥ်းကို ဆော်ဒီက ပယ်ဖျက်လိုက်ပေမယ့် မက္ကာနဲ့ မဒီနာက မြင့်မြတ်ရာ ဗလီ၀တ်ကျောင်းတော်တွေရဲ့ ပရ၀ုဏ်အတွင်းမှာတော့ နှာခေါင်းစည်း တပ်ဆင်ရမှာ ဖြစ်ပါတယ်။ 

    အခမ်းအနားနဲ့ ပွဲတော်ကျင်းပတဲ့အဖွဲ့တွေက လာရောက်သူတွေကို နှာခေါင်းစည်း၀တ်ဆင်ရမယ်ဆိုတဲ့ ကန့်သတ်ချက်မျိုး ထားနိုင်တယ်လို့ ဆော်ဒီအစိုးရရဲ့ မနေ့ကထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

    ကိုဗစ်ကပ်ရောဂါကြောင့် ပြီးခဲ့တဲ့ ၂ နှစ်မှာ လူအကန့်အသတ်နဲ့သာ ဟဂျ်ပြုခွင့်ပေးခဲ့တဲ့ ဆော်ဒီဟာ အခုနှစ်မှာတော့ ပထမဆုံးအကြိမ်အဖြစ် လူ သိန်းချီကို ဟဂျ်ပြုခွင့် ပေးခဲ့ပါတယ်။ 

    ဒီအတွက် ကိုဗစ်ကာကွယ်ဆေး ထိုးပြီးထားကြောင်း အထောက်အထားကို ဖုန်းမှာ ပြရမယ်ဆိုတဲ့အချက်လို ကိုဗစ်ဆိုင်ရာ ကန့်သတ်ချက်အချို့ကို ဖြေလျော့ပေးထားပါတယ်။ 

    ဆော်ဒီအာရေဗျမှာ ကိုဗစ်ကူးစက်မှုဟာ လွန်ခဲ့တဲ့ ၂ လ အရင်က ဆယ်ဂဏန်းသာ ရှိခဲ့ရာကနေ တစ်ဖြည်းဖြည်း ပြန်များလာပြီး တနင်္ဂနွေနေ့က စုစုပေါင်း တစ်ထောင်ကျော်သွားပါတယ်။ 

    Ref: Aljazeera

  • စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင် ဘက်ပေါင်းစုံ နိမ့်ကျ ဆုတ်ယုတ်လာ

    စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင် ဘက်ပေါင်းစုံ နိမ့်ကျ ဆုတ်ယုတ်လာ

    ဇွန် ၁၄၊ ၂၀၂၂

    M-Media 


    -မြန်မာနိုင်ငံက မတည်ငြိမ်မှုတွေဟာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ပိုဆိုးရွားလာသလို ဘက်ပေါင်းစုံမှာလည်း နိမ့်ကျဆုတ်ယုတ်လာတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ် နိုလင်း ဟေဇာက ပြောကြားလိုက်ပါတယ်။ 

    တိုင်းရင်းသားဒေသတွေမှာ စစ်တပ်ရဲ့  တိုက်ခိုက်မှုတွေကြောင့် ဖြစ်လာတဲ့ ဒုက္ခသည်ပြဿနာဟာ လွတ်လပ်ရေးရပြီးကတည်းက ရှိလာတာဖြစ်ပြီး ရခိုင်ပြည်နယ်မြောက်ပိုင်းက ရိုဟင်ဂျာ ပြဿနာကို ပြီးခဲ့တဲ့နှစ်တွေအတွင်း ကမ္ဘာတစ်၀ှမ်းက အထူးအာရုံစိုက်ခဲ့ကြပါတယ်။

    အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ လက်နက်ကိုင်တော်လှန်မှုကို စစ်တပ်က တုန့်ပြန်ရာမှာလည်း ပြည်သူအများအပြား အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပြီး ဒုက္ခသည်ပြဿနာဟာ ပိုမိုဆိုးရွားခဲ့ပါတယ်။ 

    လူမှုရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ ဘဏ်လုပ်ငန်း အပါအ၀င် နိုင်ငံရဲ့ အခြေခံ အသင်းအဖွဲ့တွေ၊ အဆောက်အဦးတွေ ပြိုလဲပျက်ဆီးလုနီးနီးဖြစ်လာခဲ့ပြီး အလုပ်လက်မဲ့နှုန်းများလာသလို ရာဇ၀တ်မှုတွေလည်း ထူပြောလာပါတယ်။

    ပြီးခဲ့တဲ့ ၅ နှစ်အတွင်း ဆင်းရဲမွဲတေမှု ၂ ဆက်တက်လာကာ စုစုပေါင်းလူဦးရေရဲ့ ထက်၀က်နီးနီး ရှိလာပါတယ်။ 

    “စုစုပေါင်းလူဦးရေရဲ့  ၄ ပုံ ၁ ပုံဖြစ်တဲ့ ၁၄.၄ သန်းလောက် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ချက်ခြင်း လိုအပ်နေပါတယ်” လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ် နိုလင်း ဟေဇာက ပြောပါတယ်။ 

    ကျောင်းမတက်ရတဲ့ ကလေးငယ်အရေအတွက်က ၂ နှစ်အတွင်း ၈၀ ရာခိုင်နှုန်းအထိ မြင့်တက်လာပြီး ၇.၈ သန်း ရှိလာပါတယ်။

    ဒီမိုကရေစီအသွင်ကူးပြောင်းမှုမှာ ဟန်ကျခဲ့တဲ့ မျိုးဆက်တွေဟာ လက်ရှိမှာတော့ အနာဂတ်၀ေ၀ါးပြီး ဘ၀ရပ်တည်ရေး ဆိုးရွားခက်ခဲလာတာကြောင့် လက်နက်ကိုင်တာကလွဲရင် တစ်ခြား ရွေးစရာ မရှိတော့ဘူးလို့ ထင်လာကြကြောင်း ကုလအထူးကိုယ်စားလှယ်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။ 

    လက်နက်ကိုင်တော်လှန်ရေးကို ဖြိုခွင်းရာမှာ စစ်တပ်က အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်တာမျိုး ရှိနေပြီး အကြမ်းဖက်မှုတွေ ကျူးလွန်မှုတွေဟာ မြန်မာနိုင်ငံမှာ သမရိုးကျဖြစ်စဥ်တွေ ဖြစ်လာတာကိုလည်း ဟေဇာက ထောက်ပြပါတယ်။ 

    မြန်မာအရေး ဖြေရှင်းပေးနိုင်ဖို့အတွက် အာဆီယံအဖွဲ့နဲ့ အနီးကပ် ဆက်သွယ်ဆောင်ရွက်နေတယ်လို့ ကုလအထူးကိုယ်စားလှယ်က ပြောပါတယ်။ 

    ဒါပေမယ့် ဒေသတွင်း၊ နိုင်ငံတကာနဲ့ ကုလသမဂ္ဂ အဖွဲ့အစည်းအတွင်းမှာ မြန်မာ့အရေးကို အမြင်မတူကြတာကြောင့် မြန်မာြပည်သူတွေဟာ အစွန်ပစ်ခံအဖြစ် စိတ်အားငယ်နေကြကြောင်း နိုလင်း ဟေဇာက ထည့်သွင်း သတိပေးခဲ့ပါတယ်။

    Ref: UN News