News @ M-Media

Blog

  • အာဖဂန် တာလီဘန်ခေါင်းဆောင် အမေရိကန်၏ ဒရုန်းဖြင့် တိုက်ခိုက်မှုအတွင်း သေဆုံး

    အာဖဂန် တာလီဘန်ခေါင်းဆောင် အမေရိကန်၏ ဒရုန်းဖြင့် တိုက်ခိုက်မှုအတွင်း သေဆုံး

    မေ ၂၂၊ ၂၀၁၆
    M-Media

    taliban

    – ပါကစ္စတန်နိုင်ငံတောင်ပိုင်း ဘာလိုချစ္စတန်ပြည်နယ်တွင် အမေရိကန်က ပြုလုပ်ခဲ့သည့် ဒရုန်းလေယာဉ်ဖြင့် တိုက်ခိုက်မှုအတွင်း တာလီဘန်ခေါင်းဆောင် မူလာ အခ်တာရ် မိုဟာမက် မန်ဆူရ် သေဆုံးခဲ့သည်ဆိုသော သတင်းကို အာဖဂန်တာလီဘန်အဖွဲ့က အတည်ပြုခဲ့သည်။

    တာလီဘန်အဖွဲ့၏ အကြီးတန်းတပ်မှူးတစ်ဦးဖြစ်သူ မူလာ အဘ်ဒဲလ် ရာအွဖ်က ယနေ့တွင် ထိုကဲ့သို့ အတည်ပြုခဲ့ခြင်းဖြစ်ပြီး မန်ဆူရ်မှာ သောကြာနေ့က အာဖဂန်-ပါကစ္စတန်နယ်ခြားဒေသတွင် ပြုလုပ်ခဲ့သည့် လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးခဲ့သည်ဟု ပြောကြားခဲ့သည်။

    အာဖဂန်နစ္စတန် သမ္မတရုံးကလည်း ထိုကိစ္စအား အတည်ပြုခဲ့သည်။ မန်ဆူရ်အား ပစ်မှတ်ထားကာ ဒရုန်းဖြင့်တိုက်ခိုက်မှု ပြုလုပ်ခဲ့သည်ဟု အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနက စနေနေ့တွင် ကြေငြာခဲ့ပြီးနောက် တာလီဘန်ခေါင်းဆောင် သေဆုံးခဲ့လားဆိုသည်နှင့်ပတ်သက်၍ မသေချာသော သတင်းများ ထွက်ပေါ်ခဲ့သေးသည်။

    တာလီဘန်မှာ ၎င်းတို့၏ ယခင်ခေါင်းဆောင် မူလာ မိုဟာမက် အိုမာရ် ၂၀၁၃ ခုနှစ်တွင် သေဆုံးခဲ့သည်ကို ၂၀၁၅ ခုနှစ် ဇူလိုင်လကမှ သတင်းထုတ်ပြန်ခဲ့သည်။ ထို့နောက် ခေါင်းဆောင်သစ်အဖြစ် ယခုသေဆုံးသွားသူ မန်ဆူရ်ကို တင်မြှောက်ခဲ့ခြင်းဖြစ်ပြီး ထိုကိစ္စအတွက် အဖွဲ့အတွင်း သဘောထား ကွဲလွဲမှုများ ဖြစ်ပေါ်ခဲ့သည်။

    Ref: Press TV

  • ဘင်္ဂလားဒေ့ရှ်တွင် မုန်တိုင်းကြောင့် လူ ၂၀ ကျော်သေဆုံး

    ဘင်္ဂလားဒေ့ရှ်တွင် မုန်တိုင်းကြောင့် လူ ၂၀ ကျော်သေဆုံး

    မေ ၂၂၊ ၂၀၁၆
    M-Media

    cyclone

    – နိုင်ငံတောင်ပိုင်းသို့ ဦးတည်၍ ယမန်နေ့က စတင်ဝင်ရောက်သော ဆိုက်ကလုန်းမုန်တိုင်း ရိုအာနူကြောင့် လူပေါင်း ၂၀ ကျော် သေဆုံးခဲ့ပြီး လူသန်းဝက်ခန့်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရသည်ဟု ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များက ယနေ့တွင် ပြောကြားလိုက်သည်။

    မုန်တိုင်းကြောင့် နိုင်ငံတောင်ပိုင်းတွင် ရေကြီးရေလျှံမှုများ၊ မြေပြိုမှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ ဆင်းရဲသော ထိုဒေသရှိ ရွံ့ဖြင့် ဆောက်ထားသော နေအိမ် ထောင်ပေါင်းများစွာလည်း ပြိုကျပျက်ဆီးခဲ့သည်။ မုန်တိုင်းကြောင့် လေတိုက်နှုန်းမှာ တစ်နာရီ ၈၈ ကီလိုမီတာရှိပြီး အချို့ဒေသများတွင် မုန်တိုင်းကြောင့်တက်သည့် ဒီရေမှာ ၇ ပေအထိ ရှိနေသည်။

    အာဏာပိုင်များမှာ မုန်တိုင်းဒဏ်သင့်ရာ ဒေသများသို့ သွားရောက်နိုင်ခြင်းမရှိသေးဘဲ ကုန်းမြင့်ဒေသများတွင် မြေပြိုမှုအန္တရာယ် ရှိနေသောကြာင့် ပြည်သူများကို ဘေးလွတ်ရာသို့ရွှေ့ပြောင်းပေးနေသည်ဟု ဆိုသည်။ မုန်တိုင်းကြောင့် ပျက်ဆုံးရှုံးမှုနှင့် သေဆုံးမှု အရေအတွက်မှာ မြင့်တက်လာဖွယ်ရှိသည်။

    Ref: Aljazeera

  • မြန်မာနိုင်ငံ၏ ဒီမိုကရေစီပြောင်းလဲမှုကို ကန်နိုင်ငံခြားရေးဝန်ကြီး ချီးကျူး

    မြန်မာနိုင်ငံ၏ ဒီမိုကရေစီပြောင်းလဲမှုကို ကန်နိုင်ငံခြားရေးဝန်ကြီး ချီးကျူး

    မေ ၂၂၊ ၂၀၁၆
    M-Media

    myan

    – ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် အရပ်သားအစိုးရက ပြုလုပ်နေသော နိုင်ငံအသွင်ကူးပြောင်းမှုအတွက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက ချီးကျူးလိုက်ပြီး မိမိတို့အနေဖြင့် ဆက်လက်၍ ပံ့ပိုးကူညီပေးသွားမည်ဟု ပြောကြားလိုက်သည်။

    ပြီးခဲ့သည့်မတ်လ NLD အစိုးရ အာဏာရပြီးနောက် ပထမဆုံး အဆင့်မြင့်တွေ့ဆုံမှုအဖြစ် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်ဆောင်ဆန်းစုကြည်နှင့် ယနေ့တွင် တွေ့ဆုံပြီးနောက် ဂျွန်ကယ်ရီက ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ပြီး ဆယ်စုနှစ်ပေါင်းများစွာ စစ်အာဏာရှင်စနစ်အောက်တွင် နေခဲ့ရသည့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီလမ်းကြောင်းသို့ လျှောက်လှမ်းမှုက မျှော်လင့်ချက် လင်းရောင်ခြည်ဖြစ်သည်ဟု ဆိုသည်။

    “ဒီနေ့ ကျွန်တော်ပါးချင်တဲ့ သတင်းစကားကတော့ အင်မတင် ရိုးရှင်းပါတယ်။ ဒီနိုင်ငံက ဒီမိုကရေစီအသွင်ကူးပြောင်းမှုကို ကျွန်တော်တို့ အပြည့်အ၀ ထောက်ခံပါတယ်။” ဟု ဒေါ်အောင်ဆန်းစုကြည်နှင့် နေပြည်တော်တွင် တွေ့ဆုံပြီးနောက် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဂျွန်ကယ်ရီက ပြောကြားခဲ့သည်။

    ထို့ပြင် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်က ကမ္ဘာတစ်ဝှမ်းမှ ပြည်သူအားလုံးအတွက် မှတ်သားလောက်သည့် ကြေငြာချက်ဖြစ်ကြောင်း၊ အစိုးရသစ်မှာ ပြောင်မြောက်သည့် ကိစ္စများကို ဆောင်ရွက်ပြီးဖြစ်ကြောင်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    Ref: Channelnewsasia

  • သမိုင်းဝင်အောင်ပွဲအတွက် ကစားသမားများကို ဂျူဗင်တပ်စ်နည်းပြ ချီးကျူး

    သမိုင်းဝင်အောင်ပွဲအတွက် ကစားသမားများကို ဂျူဗင်တပ်စ်နည်းပြ ချီးကျူး

    မေ ၂၂၊ ၂၀၁၆
    M-Media

    juve

    – ယခုနှစ် အသင်းအတွက် တတိယမြောက်ဖလား ရရှိပြီးနောက် အသင်းအောင်မြင်အောင် ကြိုးပမ်းအားထုတ်ခဲ့သည့် ကစားသမားများကို ဂျူဗင်တပ်စ်နည်းပြ မက်ဆီမီလီယာနို အလ်လီဂရီက ချီးကျူးလိုက်သည်။

    ယမန်နေ့တွင် ကစားခဲ့သည့် ကိုပါအီတာလီယာဖလား နောက်ဆုံးဗိုလ်လုပွဲတွင် ဂျူဗီမှာ အလ်ဗာရို မိုရာတာ၏ အချိန်ပို တစ်လုံးတည်းသောဂိုးဖြင့် အေစီမီလန်အား အနိုင်ရရှိခဲ့ပြီး ယခုနှစ် ဒုတိယမြောက်ဖလားကို ဆွတ်ခူးနိုင်ခဲ့သည်။ ထို့ကြောင့် ဂျူဗင်တပ်စ်မှာ ပြည်တွင်းဖလားများဖြစ်သော စီးရီးအေနှင့် ကိုပါအီတာလီယာဖလား ၂ လုံးကို ၂ နှစ်ဆက် ဆွတ်ခူးနိုင်သည့် ပထမဆုံးအသင်း ဖြစ်လာခဲ့သည်။

    “ပထမဆုံးအနေနဲ့ ကျွန်တော့်ရဲ့ ကစားသမားတွေကို ကျေးဇူးတင်ချင်ပါတယ်။ စနေနေ့ပွဲ အနိုင်ဟာ လွယ်လွယ်ကူကူ ရခဲ့တာ မဟုတ်ပါဘူး။ ဒါ့ကြောင့် အသင်းရော ပရိတ်သတ်တွေပါ ပို အမွှမ်းတင် ခံထိုက်ပါတယ်။ မီလန်ကိုလည်း ကျွန်တော် ချီးကျူးရပါမယ်” ဟု အယ်လီဂရီက ပြောကြားခဲ့သည်။

    ထို့ပြင် မိမိတို့မှာ ဖလား ၃ လုံးဖြင့် ကြီးကျယ်သည့် ရာသီတစ်ခုကို ရရှိခဲ့ကြောင်း ဖလားများရရှိရန် အမြဲတမ်း ကြိုးစားသွားရမည်ဖြစ်ကြောင်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    Ref: Goal

  • ဘိုကိုဟာရမ်လက်မှ လွတ်မြောက်လာသည့် မိန်းကလေးငယ်ကို နိုက်ဂျီးရီးယားအစိုးရ ထောက်ပံ့မည်

    ဘိုကိုဟာရမ်လက်မှ လွတ်မြောက်လာသည့် မိန်းကလေးငယ်ကို နိုက်ဂျီးရီးယားအစိုးရ ထောက်ပံ့မည်

    မေ ၂၂၊ ၂၀၁၆
    M-Media

    nigeria

    – လွန်ခဲ့တဲ့ ၂ နှစ်က ဘိုကိုဟာရမ်ရဲ့ ပြန်ပေးဆွဲခြင်းခံခဲ့ရပြီးတဲ့နောက်မှာ ပြန်လည်လွတ်မြောက်လာခဲ့တဲ့ မိန်းကလေးငယ်တစ်ဦးရဲ့ ပညာရေးကို မိမိတို့အစိုးရက ထောက်ပံ့ပေးသွားမယ်လို့ နိုက်ဂျီးရီးယားသမ္မတ မဟာမာဒူ ဘူဟာရီက ကတိပြု ပြောကြားလိုက်ပါတယ်။

    အဲဒီကျောင်းသူလေးဟာ အေမီနာ အလီ ဒါရှာ အန်ကေကီ ဆိုသူဖြစ်ပြီး နိုင်ငံအရှေ့မြောက်ပိုင်း ချီဘွက်မြို့က အလယ်တန်းကျောင်းတစ်ခုမှာ ၂၀၁၄ ခုနှစ်အတွင်း ဘိုကိုဟရမ်ရဲ့ ပြန်ပေးဆွဲခံခဲ့ရတဲ့ ကျောင်းသူ ၂၇၆ ဦးထဲက တစ်ဦးလည်းဖြစ်ပါတယ်။ သူမကို ဘိုဟိုဟရမ်ရဲ့ ခြေကုပ်စခန်း နယ်စပ်နားမှာ အင်္ဂါနေ့က တွေ့ရှိခဲ့တာဖြစ်ပြီး အစိုးရတပ်တွေက ဘိုကိုဟရမ်စခန်းကို နှိမ်နှင်းမှုအတွင်း လွတ်မြောက်လာတာလို့ ဆိုပါတယ်။

    ကြာသာပတေးနေ့မှာတော့ အန်ကေကီကို သမ္မတ ဘူဟာရီက အဘူဂျာမှာရှိတဲ့ သမ္မတအိမ်တော်မှာ လက်ခံတွေ့ဆုံပြီး အားပေး နှစ်သိမ့်ခဲ့ပါတယ်။ ပြီးတဲ့နောက်မှာ သတင်းစာရှင်းလင်းပွဲတစ်ခုလည်း ပြုလုပ်ခဲ့ပြီး သမ္မတက ဘိုကိုဟရမ်လက်ထဲမှာရှိနေတဲ့ မိန်းကလေးတွေကို ဆက်လက်ရှာဖွေသွားမှာဖြစ်ကာ၊ အန်ကေကီရဲ့ ပညာရေးအတွက် ထောက်ပံ့ပေးသွားမယ်လို့ ကတိပြုပြောကြားခဲ့ပါတယ်။

    “အေမီနာကို ကျောင်းပြန်တက်နိုင်အောင် ကူညီပေးရပါမယ်၊ နိုင်ဂျီရီးယားက ဘယ်မိန်းကလေးကိုမှ အတင်းအဓမ္မထိမ်းမြားလက်ထပ်တဲ့ ကြမ်းကြုတ်မှုမျိုး ခံစားစေလို့ မဖြစ်ပါဘူး။ မိန်းကလေးတိုင်းမှာ ပညာသင်ယူနိုင်ခွင့်၊ ဘ၀နဲ့ပက်သက်ပြီး ရွေးချယ်ခွင့်တွေ ရှိရပါမယ်” လို့ သမ္မတက ဆိုပါတယ်။

    နိုင်ငံမြောက်ပိုင်းမှာ အခြေစိုက်ပြီး အကြမ်းဖက်လုပ်ရပ်တွေကို လုပ်ဆောင်နေတဲ့ ဘိုကိုဟရမ်အကြမ်းဖက်အဖွဲ့ကို အမြစ်ဖြတ်သုတ်သင်ဖို့ နိုက်ဂျီးရီးယားစစ်တပ်က ထိုးစစ်ဆင်မှုတွေ ပြုလုပ်နေပါတယ်။

    Ref: IINA