News @ M-Media

Blog

  • ပုပ်ရဟန်းမင်းကြီးနှင့် အလ်-အဇ်ဟာရ်မှ ရှေ့ဆောင်အီမာမ်တို့ တွေ့ဆုံမည်

    ပုပ်ရဟန်းမင်းကြီးနှင့် အလ်-အဇ်ဟာရ်မှ ရှေ့ဆောင်အီမာမ်တို့ တွေ့ဆုံမည်

    မေ ၂၀၊ ၂၀၁၆
    M-Media

    – ပုပ်ရဟန်းမင်းကြီး ဖရန်စစ်မှာ အစ္စလာမ် ဓမ္မရေးရာတွင် ထိပ်တန်းတက္ကသိုလ်ဖြစ်သော အီဂျစ်နိုင်ငံ ကိုင်ရိုမြို့ရှိ အလ်-အဇ်ဟာရ်တက္ကသိုလ်မှ ရှေ့ဆောင်အီမာမ် ရှိခ် အဟ်မဒ် အလ်-တိုင်ယစ်ဘ်နှင့် လာမည့် တနင်္လာနေ့တွင် တွေ့ဆုံမည်ဟု သိရသည်။

    ဗာတီကန်တွင် တွေ့ဆုံမည်ဖြစ်ပြီး ဘာသာတရားနှစ်ခုအကြား အရေးပါသည့် ဆက်ဆံရေးကို ထိန်းသိမ်းရန် ရည်ရွယ်ခြင်း ဖြစ်သည်။

    “ပရိတ်သတ်တွေက ဒီအတွက်ပြင်ဆင်နေပြီး အစီအစဉ်ကို တနင်္လာနေ့ သတ်မှတ်ထားပါတယ်” ဟု ဗာတီကန် ပြောရေးဆိုခွင့်ရှိသူ ဘုန်းတော်ကြီး ဖက်ဒရီကို လွမ်ဘာဒီက ထိုအစီအစဉ်နှင့်ပတ်သက်၍ ပြောကြားခဲ့သည်။

    အလ်-တိုင်ယစ်ဘ်နှင့် ယခင်ပုပ်ရဟန်းမင်းကြီးဟောင်း ဘင်နီဒစ်တို့မှာ ၂၀၁၁ ခုနှစ်တွင် တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ရန် စီစဉ်ခဲ့သော်လည်း ထိုစဉ်က အီဂျစ်နိုင်ငံမတည်မငြိမ်ဖြစ်မှုအတွင်း လူနည်းစုခရစ်ယာန်များကို ကာကွယ်ပေးရန် ဘင်နီဒစ်က ပြောကြားခဲ့သောကြောင့် ထိုပြောဆိုမှုမှာ ပြည်တွင်းရေးကို ၀င်ရောက်စွက်ဖက်သည်ဟုဆိုကာ အလ်-တိုင်ယစ်ဘ်က တွေ့ဆုံရန် အစီအစဉ်ကို ရပ်ဆိုင်းခဲ့သည်။

    ပုပ်ရဟန်းမင်းကြီး ဖရန်စစ် တက်လာချိန်တွင်မူ အလ်-အဇ်ဟာရ်နှင့် ဗာတီကန်တို့၏ ဆက်ဆံရေးမှာ တိုးတက်လာခဲ့ပြီး ၂၀၁၄ ခုနှစ်မတ်လက ဗာတီကန်၌ ပြုလုပ်ခဲ့သည့် ဘာသာပေါင်းစုံညီလာခံသို့ တက်ရောက်ရန် အလ်-အဇ်ဟာရ်က ကိုယ်စားလှယ်တစ်ဦး စေလွှတ်ခဲ့သည်။

    Ref : catholicherald

  • ထိုင်ဝမ်၏ ပထမဆုံး အမျိုးသမီးသမ္မတက တရုတ်နှင့် ဆွေးနွေးရန် ကမ်းလှမ်း

    ထိုင်ဝမ်၏ ပထမဆုံး အမျိုးသမီးသမ္မတက တရုတ်နှင့် ဆွေးနွေးရန် ကမ်းလှမ်း

    မေ ၂၀၊ ၂၀၁၆
    M-Media

    taiwan

    – နိုင်ငံ၏ ပထမဆုံး အမျိုးသမီးသမ္မတ ဖြစ်လာခဲ့သည့် ထိုင်ဝမ်သမ္မတ Tsai Ing-wen က မိမိတို့နိုင်ငံနှင့် တရုတ်နိုင်ငံတို့အနေဖြင့် သမိုင်းက ရှိခဲ့သည့် ၀န်ထုတ်ဝန်ပိုးများကို ဘေးဖယ်ထားရန် ပထမဆုံး ပြောကြားသော မိန့်ခွန်းတွင် တိုက်တွန်း ဆော်သြလိုက်သည်။

    Tsai ၏ ဒီမိုကရက်တစ် တိုးတက်ရေးပါတီ DPP မှာ ဇန်န၀ါရီလက ပြုလုပ်ခဲ့သည့် လွှတ်တော်နှင့် သမ္မတရွေးကောက်ပွဲတွင် တရုတ်လိုလားသည့် အမျိုးသားရေးဝါဒီများ၏ ၈ နှစ်ကြာကြီးစိုးမှုကို ကျော်ကာ တောင်ပြိုကမ်းပြို အနိုင်ရခဲ့ခြင်းဖြစ်သည်။

    DPP မှာ ထိုမ်ဝမ်ကို တရုတ်နိုင်ငံမှ ခွဲထွက်ကာ လွတ်လပ်ရေးရယူလိုသည့် ပါတီဖြစ်ပြီး ယနေ့တွင်ပြောကြားသည့် Tsai ၏ ပထမဆုံး မိန့်ခွန်းတွင် မိမိအနေဖြင့် ၁၉၉၂ နှစ်က တရုတ်နိုင်ငံနှင့် ရရှိခဲ့သည့် ပူးတွဲ ကတိက၀တ်များနှင့် နားလည်မှုများကို လေးစားသည်ဟု ပြောကြားခဲ့သည်။ သို့သော် ထိုင်ဝမ်မှာ တရုတ်နိုင်ငံ၏ အစိတ်အပိုင်းဖြစ်သည်ဟု ထည့်သွင်းပြောကြားသွားခြင်း မရှိပေ။

    ထို့ပြင် အဖုအထစ်များကို ဖယ်ရှားရန်နှင့် တွေ့ဆုံဆွေးနွေးရန် သမ္မတသစ်က တိုက်တွန်းခဲ့သည်။ Tsai က ထိုကဲ့သို့ အပြုသဘောဆောင်သည့် မှတ်ချက်များ ပေးခဲ့သော်လည်း တရုတ်အာဏာပိုင်များကမူ ထိုင်ဝမ်တွင် မည်သည့်ပြောင်းလဲမှုပင် ဖြစ်သော်လည်း လွတ်လပ်ရေးတောင်းဆိုမှုကို လက်မခံဟု သတိပေးခဲ့သည်။

    Ref: Aljazeera

  • ဘာသာတရားများအကြား သဟဇာတဖြစ်ရေး ဥပဒေတစ်ခုပြဌာန်းရန် NLD အစိုးရ စီစဉ်နေ

    ဘာသာတရားများအကြား သဟဇာတဖြစ်ရေး ဥပဒေတစ်ခုပြဌာန်းရန် NLD အစိုးရ စီစဉ်နေ

    မေ ၂၀၊ ၂၀၁၆
    M-Media

    NLD

    – ပြီးခဲ့သည့် ဦးသိန်းစိန်အစိုးရလက်ထက်က ပြဌာန်းရန် ပျက်ကွက်ခဲ့သော ဘာသာရေးသဟဇာတဖြစ်မှု ကာကွယ်ရေး ဥပဒေကို NLD ဦးဆာင်သည့် အစိုးရက ပြဌာန်းရန် ပြင်ဆင်နေသည်ဟု သိရသည်။

    NLD ၏ ဥပဒေရေးရာ အကြံပေးဖြစ်သူ ဦးကိုနီက ထိုဥပဒေပြဌာန်းရေးအတွက် ဘာသာပေါင်းစုံအဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးနေသည်ဟု ဆိုသည်။

    “အဓိကရည်ရွယ်ချက် နှစ်ခုရှိပါတယ်။ တစ်ခုကတော့ ဘာသာတရားတွေအကြားမှာ သဟဇာတဖြစ်စွာနေထိုင်ရေးဆိုတဲ့ ကဏ္ဍကို တိုးမြှင့်ဖို့နဲ့ နောက်တစ်ခုက အဲဒီ သဟဇာတဖြစ်မှုအခြေအနေကို နှောက်ယှက်ဖို့ကြိုးစားသူတွေကို ထိထိရောက်ရောက် အရေးယူဖို့ပါ” ဟု ဦးကိုနီက ပြောကြားခဲ့သည်။

    သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ၀န်ကြီး သူရဦးအောင်ကိုကမူ မေလ ၅ ရက်နေ့က ဘာသာပေါင်းစုံအဖွဲ့တစ်ခုနှင့် မန္တလေး၌ တွေ့ဆုံစဉ် ဘာသာတရားများအားလုံးအတွက် တူညီသောအခွင့်အရေးများ ရရှိစေမည့် ဥပဒေတစ်ခုနှင့် ပတ်သက်၍ ဆွေးနွေးခဲ့သည်။ မေ ၁၅ ရက်နေ့ကလည်း ၀န်ကြီးမှာ ရန်ကုန်ရှိ ဘာသာပေါင်းစုံ အဖွဲ့တစ်ခုနှင့် ထပ်မံတွေ့ဆုံခဲ့သည်။ သို့သော်လည်း ၀န်ကြီးဌာနကမူ ထိုကိစ္စနှင့်ပတ်သက်၍ အသေးစိတ်ကို ထုတ်ပြန်ခြင်း မရှိသေးပေ။

    ပြီးခဲ့သည့် သီတင်းပတ်များအတွင်း ကရင်ပြည်နယ်၌ ထင်ရှားသည့် ဘုန်းကြီးတစ်ပါးက ခရစ်ယာန်ဘာသာဝင်များ၏ ဘုရားကျောင်းအတွင်း စေတီငယ်တစ်ဆူနှင့် သိမ်များ တည်ဆောက်ခြင်း၊ မွတ်စလင်များ၏ ဗလီဝတ်ကျောင်းတော်ဘေး လမ်းမတွင် စေတီငယ်တစ်ဆူ တည်ခြင်းတို့ကြောင့် ဘာသာရေးဆိုင်ရာ တင်းမာမှုများမြင့်တက်ခဲ့သည်။

    ထို့ပြင် အမျိုးသားရေးလှုပ်ရှားသူဟု ကျွေးကျော်သူများကလည်း ဆိုရှယ်မီဒီယာများမှတစ်ဆင့် ဘာသာရေး အမုန်းတရားလှုံ့ဆော်မှုများကို တောက်လျှောက် ပြုလုပ်နေသည်။

    Ref: mmtimes

  • မြန်မာ့ရုပ်ရှင်၏ အစွဲကြီးတစ်ဖက်သတ်ဆန်မှု ပုံစံခွက်များ

    မြန်မာ့ရုပ်ရှင်၏ အစွဲကြီးတစ်ဖက်သတ်ဆန်မှု ပုံစံခွက်များ

    မေ ၂၀၊ ၂၀၁၆

    M-Media
    vinyl
    မြန်မာ့ရုပ်ရှင် ဗီနိုင်းကြော်ငြာများ (ဓာတ်ပုံ – တေဇလှိုင်၊ Frontier)

    ခေတ်ရေစီးကြောင်းရုပ်ရှင်များက လူနည်းစုဝင်များ၊ နိုင်ငံခြားသားများနှင့် LGBT များနှင့်ပတ်သက်ပြီး သတင်းမှားများဖြင့် တင်ဆက်နေဆဲဖြစ်သည်။

    မြန်မာရုပ်ရှင်ဇာတ်ကားတစ်ခုခုတွင်ပါဝင်သော တရုတ် သို့မဟုတ် အိန္ဒိယဇာတ်ကောင်ကို ကြည့်လိုက်ပါ။ အားလုံးနီးပါးမှာ သူရဲကောင်းနေရာတွင်မရှိကြဘဲ ပေါ့သွမ်းသွမ်းလူပြက်များ သို့မဟုတ် လူကြမ်းဇာတ်ရုပ်များသဖွယ်သာ ဖြစ်နေကြပေသည်။ ရုပ်ရှင်များထဲ တင်ဆက်သည့် လူနည်းစုဝင်တို့ကိုလည်း သူတို့၏ မြန်မာစကားပြောသံဝဲခြင်းအပေါ် မကြာခဏ လှောင်ပြောင်သရော်ခြင်း ခံနေကြရသည်သာမက ပညာမတတ်သူများအဖြစ် ရုပ်လုံးဖော်လေ့ရှိကြသည်။ တင်ဆက်မှုအတွင်း လိင်တူချစ်သူများပါဝင်လျှင်လည်း ရယ်စရာ ရုပ်ပျက်ဆင်းပျက် ၀တ်စားဆင်ယင်မှုနှင့်အတူ မိတ်ကပ်အလွန်အကျွံလူးကျံပေးထားကြောင်း တွေ့ရပါလိမ့်မည်။

    ဤသို့ လူအများအမြင်တွင် သေးသိမ်စေသည့် ခွဲခြားဆက်ဆံသော ပုံသေကားချပ်ရုပ်ပြောင်ပုံစံများမှာ မြန်မာရုပ်ရှင်များအတွင်း ဆယ်စုနှစ်များစွာ ကျင်လည်နေခဲ့သည်။

    “ဇာတ်ကောင်က တရုတ်လူမျိုးဆိုရင် အတိုးနှုန်းကြီးကြီး ငွေချေးစားမယ်၊ အိန္ဒိယလူမျိုးဆိုရင် အစေခံခိုင်းဖတ် နေရာမှာ ရှိလိမ့်မယ်” ဟု ရုပ်ရှင်ဖန်တီးသူ ရေဇော်ဟု လူသိများသော ဦးမျိုးဇော်က Frontier သို့ ပြောပြသည်။ ရုပ်ရှင်လောကတွင် ဆယ်နှစ်နီးပါးကျင်လည်နေသော ဦးမျိုးဇော်သည် မြန်မာ့ရုပ်ရှင်အစည်းအရုံးအဖွဲ့ဝင်နှင့် မြန်မာဗီဒီယိုအသင်း၏ တွဲဖက်အတွင်းရေးမှူးတစ်ဦးဖြစ်သည်။ နှစ်ပေါင်းများစွာတစ်လျှောက် ခေတ်စားနေသောအစဉ်အလာအတွင်းမှ ခွဲခြားချိုးနှိမ်နေမှုများကို ဆန့်ကျင်ပြောဆိုသူဟူ၍ မတွေ့ရသလောက် ရှားပါးကြောင်း၊ တစ်ယူသန်အစွဲအလန်းသည် လူတို့၏အတွေးအမြင်ထဲ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေကြောင်း သူက ဆိုသည်။

    မြန်မာပြည်ရှိ ရုပ်ရှင်ဇာတ်ကားနှင့် ဗီဒီယိုများတွင် အဆိုပါ ခွဲခြားချိုးနှိမ်မှုများကို အလျှံပယ်တွေ့နေရပြီး၊ ၎င်းကို ဆန့်ကျင်ရမည့်အစား ရံဖန်ရံခါ လူတို့သည် တစ်ဖက်သတ်အစွဲအလန်းများဖြင့် တုန့်ပြန်တတ်ကြ၏။ ၂၀၁၃ ခုနှစ် စက်တင်ဘာလအတွင်း “ကျောင်း” အမည်ရှိ ရုပ်ရှင်ကားကြောင့် ရခိုင်ပြည်နယ်ရုပ်ရှင်ကြည့်ပရိသတ်များ အမျက်ထွက်ကုန်ကြသည်။ ထိုဇာတ်ကားတွင် အဓိကဇာတ်ဆောင်က “မိမိ၏ရခိုင်လူမျိုးဇနီးသည် ဘင်္ဂါလီတစ်ဦးနှင့်အတူ အိပ်ကောင်းအိပ်နေလိမ့်မည်” ဟူ၍ အခြားသူတစ်ဦးကို ထင်ကြေးစကားဆိုမှု ပါဝင်ခဲ့သည်။

    ဒါရိုက်တာ နေပိုင် ရိုက်ကူးပြီး မြင့်မြတ်က အဓိကဇာတ်ကောင်အဖြစ်ပါဝင်သည့် ယင်းရုပ်ရှင်ကို ရွာသူရွာသားများမှ သပိတ်မှောက်ရေး လှုပ်ရှားမှုများ ပြုလုပ်ကုန်ကြသည်။ ဤပေါက်ကွဲတုန့်ပြန်ချက်က – ရေပန်းစားသည့်အစဉ်အလာအတွင်းမှ တင်ဆက်သည့်အတွေးအမြင်များသည် ရံဖန်ရံခါ ကြည့်ရှုသူများ၏ ရှိရင်းစွဲ တစ်ဖက်သတ်အမြင်အား ပိုမိုဆိုးရွားသွားစေကြောင်း ပြသနေပါသည်။

    မကြာသေးမီကထွက်ရှိသော “The Queen of the Ward” ဟာသကားတွင်လည်း လိင်တူချစ်သူများနှင့် အိန္ဒိယနွယ်တို့အား ရယ်မောလှောင်ပြောင်စရာအဖြစ် ပုံဖော်ထား၏။ သို့သော်လည်း ထိုရုပ်ရှင်မှ ခင်းကျင်းပြသလိုက်သည့် ခွဲခြားချိုးနှိမ်မှုသဘောတရားကို သတိထားမိသူ မဆိုစလောက်မျှသာ ရှိကြ၏။ လူတို့ကို သေးသိမ်စေသော ရိုက်ကွင်းရိုက်ကွက်များကို တွေ့မြင်နေရသည်မှာ စိတ်မကောင်းခြင်းကြီးစွာဖြစ်ရကြောင်း LGBT အခွင့်အရေးအုပ်စု Equality Myanmar ၏ ဒါရိုက်တာ ကိုအောင်မျိုးမင်းက Frontier သို့ပြောကြားသည်။

    “ရုပ်ရှင်အများစုထဲမှာ ဒါရိုက်တာတွေက မိန်းမလျာတွေကို စံလွဲအံချော်နေတဲ့သူအဖြစ်၊ နောက်ပိုင်းမှာ စိတ်ပြောင်းပြီး ယောက်ျားဘ၀မှန်ပြန်ရောက်သွားတဲ့ပုံဟန်နဲ့ တင်ဆက်ဖော်ပြလေ့ရှိကြတယ်။ ဒါဟာ အရှိတရား မဟုတ်ပါဘူး။ မိန်းမလျာဖြစ်ခြင်းက အတွေးအခေါ်ကြောင့်မဟုတ်ဘူး၊ သဘာဝဖြစ်စဉ်တစ်ခုသာဖြစ်ပါတယ်။ ရုပ်ရှင်တွေကတဆင့် လူတွေ အမြင်မှားကုန်တဲ့ အကျိုးဆက်တွေ အများအပြားရှိကြပါတယ်။ မိန်းမလျာတွေအပေါ် မိသားစုဝင်တွေက အကြမ်းဖက်လာကြတယ်၊ အသိုင်းအ၀ိုင်းကလည်း ယောက်ျားအသွင်ပြောင်းဖို့ ဖိအားပေးလာကြတယ်”။

    သက်တန့်ရောင်စဉ်များလူ့အခွင့်အရေးအုပ်စုမှ အစီအစဉ်မှူးနှင့် LGBT အရေးလှုပ်ရှားဆောင်ရွက်နေသူ ကိုနေလင်းထိုက်က မြန်မာ့လူ့အဖွဲ့အစည်းရှိ မိန်းမလျာတို့၏ဘ၀ကို နှိမ့်ချခြင်း၊ တလွဲဇာတ်ရုပ်ဖော်ခြင်းတို့ဖြင့် ရုပ်ရှင်များက တင်ဆက်နေကြောင်း အောက်ပါအတိုင်း ရှင်းပြခဲ့၏။

    “ကျွန်တော်တို့က လိင်စိတ်စွဲလန်းသူတွေ မဟုတ်ကြပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ဟာ အချိန်တိုင်း လိင်ကိစ္စကိုပဲ တွေးတောနေတတ်သလိုမျိုး အမြဲတစေ ဖော်ပြခံရတယ်။ မိန်းမလျာ အမျိုးအစား အများအပြားရှိကြပေမယ့်လည်း ဒါရိုက်တာတွေက ပုံစံတစ်မျိုးတည်းကို တင်ဆက်နေကြပါတယ်။ သူတို့ထဲက အချို့ကတော့ ရယ်မောပြောင်လှောင်ချင်စရာကောင်းတယ်။ တစ်ချို့ကျတော့ တခြားလူတွေလိုမျိုး လူ့အဖွဲ့အစည်းကို အများအပြား အကျိုးပြုကြပါတယ်။ သို့သော် ရုပ်ရှင်ထုတ်လုပ်သူ(အများစု)ကတော့ ကောင်းမွန်တဲ့ဇာတ်ကောင်မျိုး ဘယ်တော့မှ မဖန်တီးကြပါဘူး”။

    “ရုပ်ရှင်ထုတ်လုပ်ဖန်တီးသူတွေအနေနဲ့ ပရိသတ်ဆီပို့ပေးတဲ့ သတင်းစကားတွေအတွက် တာဝန်ရှိသလို၊ ပရိသတ်တွေဖက်ကလည်း ဒီလိုမီဒီယာတွေကနေ စဉ်ဆက်မပြတ် အယူသည်းမှုတွေအပေါ် ရှုတ်ချသင့်ပါတယ်။ တစ်ဖက်သတ်ဆန်လွန်းတဲ့ အကြောင်းရပ်တွေကို ပရိသတ်တွေက အကောင်းမြင်တုန့်ပြန်နေသရွေ့ ထုတ်လုပ်သူတွေဖက်ကလည်း လူပြိန်းကြိုက်ဈေးကွက်ဝင်ရုပ်ရှင်တွေ လှိမ့်ထုတ်နေဦးမှာပါပဲ” ဟု ၀ဿန်ရုပ်ရှင်ပွဲတော် တွဲဖက်စီစဉ်သူ၊ ရုပ်ရှင်ဒါရိုက်တာနှင့်ထုတ်လုပ်သူ ကိုစိုးမိုးအောင်က ဆိုသည်။

    မြန်မာ့ရုပ်ရှင်လောကအတွင်း ခွဲခြားချိုးနှိမ်မှုများကို ဆန့်ကျင်ပြောဆိုသူဟူ၍ မရှိသလောက်ရှားပါးကြောင်း ဒါရိုက်တာ ရီဇော်က ဆိုသည် (ဓာတ်ပုံ – တေဇလှိုင်၊ Frontier)

    ဘာသာတရားများအချင်းချင်း ချစ်ကြည်ရင်းနှီးမှုအကြောင်း ရိုက်ကူးထားသော The Open Sky မှတ်တမ်းရုပ်ရှင်မှာ လူ့အခွင့်အရေးရုပ်ရှင်ပွဲတော်၏စာရင်းမှ လူထုအုံကြွမှုကြောင်း ဖယ်ထုတ်ခဲ့ရသည်။ ၎င်းကိစ္စကို ကိုးကား၍ သူက “ခွဲခြားချိုးနှိမ်တဲ့သဘောတရားပါတဲ့ ရုပ်ရှင်တွေကို ပရိသတ်တွေက ကြိုက်နှစ်သက်နေတော့ ပြောင်းလဲဖို့ ခဲယဉ်းလှတယ်။ ခေတ်ရေစီးကြောင်းရုပ်ရှင်လောကဟာ အကျိုးအမြတ်ကိုသာ ဦးတည်ထားတာကြောင့် လူအများ လက်မခံတဲ့ ရုပ်ရှင်တွေကို ဖန်တီးဖို့ မစွမ်းသာဘူး။ မှတ်တမ်းရုပ်ရှင်တွေထဲမှာ – ရုပ်ရှင်ပွဲတော်တွေမှာ မြင်ကွင်းစုံကို တွေ့နိုင်ပေမယ့် ခေတ်ရေစီးကြောင်းရုပ်ရှင်တွေကတော့ ခေတ်ကာလပရိသတ်အကြိုက်ကိုသာ တင်ဆက်နေကြပါတယ်” ဟု ပြောပြ၏။
    .
    အကယ်ဒမီဆုရှင် ရုပ်ရှင်မင်းသမီး အိန္ဒြာကျော်ဇင်ကလည်း ထိုအတိုင်းပင် ဆိုခဲ့သည်။ သို့သော် သူမက မြန်မာရုပ်ရှင်ပရိတ်သတ်များနှင့်ပတ်သက်၍ နှစ်မျိုးနှစ်စားရှိကြောင်း၊ မြို့ပြပရိသတ်များက ခွဲခြားချိုးနှိမ်မှုကိုတွေ့ရလျှင် ခေတ်ရေစီးကြောင်းမီဒီယာအပေါ် ပိုမိုဝေဖန်လေ့ရှိကြောင်း၊ တအုံတကျင်းသော ကျေးလက်ပရိသတ်တို့မှာကား ပုံသေကားချပ်အစွဲဆိုးများအပေါ် ကန့်ကွက်ဆန့်ကျင်မှု မရှိသလောက်ဖြစ်ကြောင်း၊ ရုပ်ရှင်ထုတ်လုပ်သူများက ပရိသတ်အကြိုက်နောက်လိုက်ရသည့်အတွက် ရုပ်ရှင်ဖန်တီးရာ၌ ထင်တိုင်းမပေါက်ကြောင်း ရှင်းလင်းပြောပြခဲ့သည်။

    ရုပ်ရှင်အကယ်ဒမီဆုရှင် ဟာသသရုပ်ဆောင် ဗေလုဝ ကလည်း လက်သစ်ရုပ်ရှင်ဖန်တီးထုတ်လုပ်သူများကို ပိုမိုဖန်တီးတင်ဆက်ကြရန်၊ ဇာတ်ညွှန်းများတွင် ဖန်တရာတေနေသည့် လက်သုံးစကားများကို ရပ်တန့်ပြီး ပညာသားပါအောင် ရေးကြရန် တိုက်တွန်းထား၏။ အခြားသူများထံမှ မဆိုစလောက်သော ရယ်မောခြင်းကို နှိုက်ထုတ်ရေးအတွက် ရုပ်ရှင်ထုတ်လုပ်ဖန်တီးသူတို့သည် ပုံသေကားချပ်အစွဲဆိုးများကို အလွယ်လမ်းလိုက် အသုံးပြုလေ့ရှိကြောင်း သူက Frontier သို့ အောက်ပါအတိုင်း ပြောပါသည်။

    “ရုပ်ရှင်ဖန်တီးထုတ်လုပ်သူတွေဟာ ဒီရိုက်ကွင်းရိုက်ကွက်တွေကို ဟာသအတွက် ထည့်သွင်းကြတယ်။ ဒါပေမယ့် ဒါတွေဟာ လက်ရှိခေတ်ရဲ့စံချိန်စံညွှန်းတွေနဲ့ အလျဉ်းမညီညွတ်ပါဘူး။ ရုပ်ရှင်လောကသားအများစုက သူတို့ရဲ့ပြက်လုံးတွေထဲ အပြည့်အ၀ အားထုတ်မှု မရှိကြဘူး။ ဒါပေမယ့် ကျွန်တော်ကတော့ ခွဲခြားချိုးနှိမ်တဲ့ဟာသတွေကို ရယ်စရာအဖြစ် လုံးဝ အမြင်မထားတတ်ပါဘူးဗျာ”။

    (စာရေးသူ ကျော်ဖုန်းကျော်သည် ၂၀၁၀ ခုနှစ်ကတည်းက ဂျာနယ်လစ်တစ်ဦးဖြစ်ပြီး၊ Frontier သို့မရောက်မီ The Myanmar Times တွင် လုပ်ကိုင်ဆောင်ရွက်ခဲ့သူ၊ စီးပွားရေးနှင့်နိုင်ငံရေးရာများ၌ အထူးပြုရေးသားသူ ဖြစ်သည်။ Frontier Myanmar တွင်ဖော်ပြသည့် သူ၏ Bigotry at the box office ဆောင်းပါးကို မြင့်မိုရ်မောင်မောင် မှ ဆီလျော်အောင် ပြန်ဆိုထားသည်။)

  • သုဝဏ္ဏ လူသတ်မှု သံသယရှိသူကို ဖမ်းဆီး

    သုဝဏ္ဏ လူသတ်မှု သံသယရှိသူကို ဖမ်းဆီး

    13230183_1152725048081086_6896142326334082814_n
    ဧရာဝတီမှ ကူးယူဖော်ပြပါသည်။
    .
    ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ၊ ပျဉ်းမမြိုင်လမ်း တွင် ဓားခုတ်ဒဏ်ရာများ ဖြင့် သေဆုံးနေသည့် အသက် ၃၆ နှစ်အရွယ် အမျိုးသားကို သတ်သည့် တရားခံကို ဖမ်းဆီးရမိပြီဟု အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့ ထံက သိရသည်။
    .
    တရားခံမှာ အသက် ၁၉ နှစ်အရွယ်ရှိ ဝင်းကျော် ခေါ် အောင်သန်း ဖြစ်ကြောင်း၊ ၎င်း က သတ်လိုက်သည်ဟု မေ ၁၉ ရက် ညပိုင်းက ရဲစခန်းတွင် ဝန်ခံထွက်ဆိုခဲ့ကြောင်း သိရသည်။
    .
    “သတ်တာက သေတဲ့သူနဲ့ တအိမ်တည်းနေ နေတဲ့ သူ့တပည့် က သတ်တာ။ တယောက်တခွန်း စကားများရာက သတ်မိတာလို့ ဝန်ခံထားတယ်။ အလောင်း က သတ်ပြီးမှ သွားပြီး စွန့်ပစ်ထားတာ ဆိုတော့ သူနဲ့အတူ သတ်တဲ့သူ ဘယ်သူပါသလဲ ဆိုတာကို ဆက်ပြီး စစ်ဆေးနေတယ်” ဟု မင်္ဂလာတောင်ညွန့်မြို့နယ် ရဲမှူးသိန်းအောင် က ဧရာဝတီ သို့ပြောသည်။
    .
    ဖြစ်စဉ်မှာ မေလ ၁၈ ရက် မနက်ပိုင်းက သုဝဏ္ဏ ၂၅ ရပ်ကွက်၊ ပျဉ်းမမြိုင်လမ်း အနီးတွင် ကတ္တီပါစောင်ဖြင့် ထုပ်ပိုးထားသည့်  အထုပ်တထုပ်ကို အမျိုးသား တဦးက တွေ့ရှိသဖြင့် ရဲတပ်ဖွဲ့သို့ အကြောင်းကြားခဲ့ကြောင်း၊ အထုပ်အတွင်းမှ ဓားခုတ်ဒဏ်ရာ ၁၀ ချက်ကျော်ဖြင့် အသတ်ခံထားရသူကို တွေ့ရှိသဖြင့် စုံစမ်းရာမှ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ ၁၁၈ လမ်းတွင် နေထိုင်သည့် အသက် ၃၆ နှစ်အရွယ် ဦးဇော်ဇော် ဖြစ်နေကြောင်း သိရသည်။
    .
    “သေတဲ့သူက သံတွဲမှာ နေခဲ့တုန်းက ဗလီဆရာလုပ်တာ။ အခုရန်ကုန်မှာ လာနေတော့ မန်းမှုတ်တာတွေ ဘာတွေ လောက်ပဲ လုပ်တော့တာ။ သတ်တဲ့သူနဲ့က အတူတူနေတာ။ ဆရာ တပည့်တွေ။ သတ်တဲ့သူရဲ့ လက်ခုံမှာလည်း ဓားဒဏ်ရာတခုတွေ့တာနဲ့ စစ်ဆေးရာက အခုလို ပေါ်လာတာပဲ” ဟု ရဲမှူးသိန်းအောင် က ရှင်းပြသည်။
    .
    အဆိုပါ အမှုကို သုဝဏ္ဏနယ်မြေရဲစခန်းက ပုဒ် ၃၀၂ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
    .
    http://burma.irrawaddy.com/news/2016/05/20/114552.html