News @ M-Media

Blog

  • ရီးယဲလ်၏ ဥရောပဖလား ၅ လုံးအား ပယ်ဖျက်ရေး တောင်းဆို

    ရီးယဲလ်၏ ဥရောပဖလား ၅ လုံးအား ပယ်ဖျက်ရေး တောင်းဆို

    မေ ၁၈၊ ၂၀၁၆
    M-Media

    real 2

    – ဥရောပဖလား (European Cup) အမည်ဖြင့် ကျင်းပစဉ် ရီးယဲလ်မက်ဒရစ်အသင်းက ချန်ပီယံဖြစ်ခဲ့သည့် ၅ ချိန်ကို ယခုချန်ပီယံလိဂ်စာရင်းတွင် ထည့်သွင်းမှု ရပ်ဆိုင်းရေး အွန်လိုင်းမှ တောင်းဆိုမှုကို လူပေါင်း ၅၀၀၀၀ ခန့်က ထောက်ခံခဲ့ကြသည်ဟု သိရသည်။

    အဆိုပါ တောင်းဆိုမှုကို စပိန်အခြေစိုက် အားကစားဆိုင်ရာ တရားမျှတရေးအဖွဲ့ Justicia Deportiva မှ စတင်ကာ change.org ၀ဘ်ဆိုက်က လွှင့်တင်ခြင်းဖြစ်သည်။ ဥရောပဖလားအမည်ဖြင့် ပြုလုပ်ခဲ့ပြီး ရီးယဲလ်က ၁၉၉၅-၅၆ ခုနှစ်မှ ၁၉၅၉-၆၀ နှစ်အထိ ဗိုလ်စွဲခဲ့သည့် အဆိုပါ ပြိုင်ပွဲများမှာ လက်ရှိကျင်းပနေသော ချန်ပီယံလိဂ်ပုံစံမျိုးနှင့် တူညီခြင်းမရှိဟု တောင်းဆိုစာတွင် ထောက်ပြထားသည်။

    ဥရောပဖလားနှင့် ချန်ပီယံလိဂ် ၂ ခုပေါင်းပါက ရီးယဲလ်မှာ စုစုပေါင်း ၁၀ ကြိမ် ရရှိခဲ့ပြီး ယခုလ ၂၈ ရက်နေ့တွင် မီလန်၌ အက်သလက်တီကိုနှင့်ကစားမည့် ဗိုလ်လုပွဲတွင် ဗိုလ်စွဲပါက ၁၁ ကြိမ်မြောက် ဖြစ်လာမည်ဖြစ်သည်။

    “အားကစား၊ ဒီမိုကရေစီတို့က ကိုယ်စားပြုထားတဲ့ တန်ဖိုးတွေအရ ရီးယဲလ်အသင်း ၁၉၅၅-၅၆ ကနေ ၁၉၅၉-၆၀ ကြား ရရှိခဲ့တဲ့ ဥရောပဖလားတွေကို ချက်ခြင်းရုပ်သိမ်းဖို့ ကျွန်တော်တို့ တောင်းဆိုချင်ပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် အဲဒီဖလားတွေဟာ ဒီနေ့ကျင်းပနေတဲ့ ယူအီးအက်ဖ်အေ ချန်ပီယံလိဂ်အဖြစ် အသိအမှတ်ပြုထားတဲ့ ပြိုင်ပွဲနဲ့ ဘာမှ မသက်ဆိုင်ဘူးဆိုတာကို ဖော်ပြလိုက်တာလည်း ဖြစ်ပါတယ်” ဟု တောင်းဆိုစာတွင် ရေးသားထားသည်။

    လက်ရှိအချိန်တွင် ထိုတောင်းဆိုစာအား ထောက်ခံသူပေါင်းမှာ ၅ သောင်းခန့်ရှိနေပြီး ထပ်တိုးလာမည့် အခြေအနေတွင် ရှိနေသည်။

    Ref: Goal

  • ဒုက္ခသည်ကလေးများ ပညာရေးအတွက် ရန်ပုံငွေအစီအစဉ် ကုလစတင်မည်

    ဒုက္ခသည်ကလေးများ ပညာရေးအတွက် ရန်ပုံငွေအစီအစဉ် ကုလစတင်မည်

    မေ ၁၈၊ ၂၀၁၆
    M-Media

    rfugee fund

    – လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အရေးပေါ်အခြေအနေတွေနဲ့ ပဋိပက္ခတွေကို ရင်ဆိုင်နေရတဲ့ ကလေးငယ်တွေကို ပညာသင်ကြားမှုအခွင့်အလမ်း ပေးအပ်နိုင်ဖို့အတွက် ရန်ပုံငွေအစီအစဉ်တစ်ခု ဖန်တီးမယ်လို့ ကုလသမဂ္ဂ ကမ္ဘာ့ပညာရေးဆိုင်ရာ အထူးကိုယ်စားလှယ် ဂေါ်ဒွန် ဘရောင်းက တနင်္လာနေ့မှာ ကြေငြာလိုက်ပါတယ်။

    အဲဒီအစဉ်အစဉ်ကို လာမယ့်တစ်ပတ် တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့မှာ ကျင်းပမယ့် ကမ္ဘာ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ထိပ်သီးအစည်းအဝေးမှာ စတင်မှာ ဖြစ်ပါတယ်။ ဒါဟာ ယူနီဆက်ဖ်၊ ယူနက်စကို၊ UNHCR စတဲ့ သုံးဖွဲ့အပြင် ကမ္ဘာ့ဘဏ်၊ ပညာရေးဆိုင်ရာ ကမ္ဘာ့မိတ်ဖက်အဖွဲ့ (GPE) နဲ့ ကမ္ဘာ့အလှူရှင်များအကြား သုံးနှစ်တာပူးပေါင်းဆောင်ရွက်အားထုတ်မှုရဲ့ အကျိုးရလဒ်တစ်ခုလည်း ဖြစ်ပါတယ်။

    ဒီစီမံကိန်းမှာ နောက်ငါးနှစ်အတွက် ဒေါ်လာ ၃.၈၆ ဘီလီယံ လိုအပ်မယ်လို့ ဘရောင်းက ဆိုပြီး ဆီးရီးယားကလေးငယ်တွေ တူရကီ၊ လက်ဘနွန်နဲ့ ဂျော်ဒန်က ကျောင်းတွေမှာ တက်ရောက်ပညာသင်ကြားနိုင်ဖို့အရေး ဒီတစ်နှစ်စာကိုပဲ ဒေါ်လာ သန်း ၈၀၀ လောက် ကုန်ကျနိုင်တယ်လို့ ထည့်သွင်းပြောကြားခဲ့ပါတယ်။

    ကုလသမဂ္ဂဦးဆောင်တဲ့ အခုစီမံကိန်းမှာ နိုင်ငံအမြောက်အများက အလှူရှင်တွေနဲ့ ကုမ္ပဏီ ၆၀ ရဲ့ ထောက်ပံ့မှုတွေ ရရှိထားပြီး၊ စက်တင်ဘာ ကျောင်းဖွင့်ရာသီအစမှာပဲ ရှင်းလင်းပြတ်သားတဲ့ ပန်းတိုင်တစ်ခု သတ်မှတ်နိုင်ဖို့ ရည်ရွယ်ထားပါတယ်။

    ကုလသမဂ္ဂက ကမ္ဘာတစ်ဝှမ်း နေရပ်စွန့်ခွာရတဲ့ ကလေးငယ် သန်း ၃၀ ၀န်းကျင်မှာ သန်း ၂၀ လောက်က ကျောင်းနေအရွယ်တွေဖြစ်ပြီး၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အရေးပေါ်အကူအညီလိုအပ်တဲ့နေရာတွေနဲ့ ပဋိပက္ခဖြစ်ပွားရာ ဒေသတွေမှာ နေထိုင်တဲ့ ကလေးငယ် စုစုပေါင်း ၇၅ သန်းကတော့ ပညာသင်ယူမှုမှာ အကန့်အသတ်တွေ ရှိနေတယ်လို့ ဆိုပါတယ်။

    Ref : IINA

  • ၂၀၁၆ ခုနှစ် ခွဲတမ်း ဟာဂျီ ၂၈၀ ဦး အတွက် ဝန်ဆောင်မှုပေးမည့် ကုမ္ပဏီအား ချိပ်ပိတ်တင်ဒါခေါ်ယူ

    ၂၀၁၆ ခုနှစ် ခွဲတမ်း ဟာဂျီ ၂၈၀ ဦး အတွက် ဝန်ဆောင်မှုပေးမည့် ကုမ္ပဏီအား ချိပ်ပိတ်တင်ဒါခေါ်ယူ

    မေ ၁၈ ၊ ၂၀၁၆
    M-Media
    သီဟ
    Tindar
    ၂၀၁၆ ခုနှစ်အတွက် အစိုးရ မဲဟာဂျီလို့ လူသိများတဲ့ ခွဲတမ်းဟဂ်ျ (၂၈၀) အတွက် ဟဂ်ျခရီးစဉ် ပို့ဆောင်ပေးနိုင်မယ့် ကုမ္ပဏီကို ချိပ်ပိတ်တင်ဒါ တင်သွင်းဖို့  ဟဂ်ျစေလွှတ်ရေး ကြီးကြပ်မှုကော်မတီက  ကြေညာထားပါတယ်။

    တင်ဒါတင်သွင်းလိုတဲ့ ကုမ္ပဏီများဟာ ၂၀၊ ၅၊ ၂၀၁၆ တွင် တင်ဒါများကို တစုံ(၅၀၀၀) ကျပ်ဖြင့် စတင်ဝယ်ယူနိုင်ပြီး ၃၁၊ ၅၊ ၂၀၁၆ မွန်းလွဲ ၂ နာရီနောက်ဆုံးထား ပြီး တင်သွင်းရမှာ ဖြစ်တယ်လို့ သိရပါတယ်။   တင်ဒါအောင်မြင်သည့် ကုမ္ပဏီကို ၃၁၊ ၅၊ ၂၀၁၆ ညနေ ၄ နာရီမှာ အတည်ပြုကြေညာပေးမယ်လို့ သိရပါတယ်။

    ခွဲတမ်းဟဂ်ျ (မဲဟာဂျီ)ဆိုသည်မှာ သာသနာရေးဝန်ကြီးဌာနက ခွဲတမ်းရတဲ့ ဦးရေ (၂၈၀) ကို လျှောက်ထားသူတွေအား မဲစနစ်နဲ့ရွေးချယ် စေလွှတ်ခံရသူတွေဖြစ်ကြောင်း သိရပါတယ်။ အဆိုပါ ခွဲတမ်း ရရှိတဲ့ သူတွေကို ဝန်ဆောင်မှုပေးမယ့် ကုမ္ပဏီကို သတင်းစာမှာ ကြော်ငြာ ထည့်ပြိး တင်ဒါခေါ်ယူကြောင်း တင်ဒါလာတင်တဲ့ ကုမ္ပဏီရဲ့ ခိုင်မာမှု၊ ဝန်ဆောင်မှု အကောင်းဆုံးနဲ့ ဈေးနှုန်း သင့်တင့်မှုတွေအပေါ် အခြေခံပြီး အစ္စလာမ် ဘာသာရေး အဖွဲ့ကြီး ၅ ဖွဲ့မှ တာဝန်ရှိသူများဖြင့် ဖွဲ့စည်းထားတဲ့ ဟဂ်ျစေလွှတ်ရေး ကြီးကြပ်မှုကော်မတီက ရွေးချယ် ကြောင်း၊ ရွေးချယ်ခံရတဲ့ ဝန်ဆောင်မှုပေးမယ့် ကုမ္ပဏီများအနေဖြင့် ဟဂ်ျစေလွှတ်ရေး ကြီးကြပ်မှုကော်မတီ ကို အာမခံငွေပေးထားရကြောင်း၊ ဒါကြောင့် လိမ်တာကောက်တာ လုပ်လို့မရကြောင်း၊ ဒါအပြင် ခေါ်ဆောင်သွားမယ့် ဟာဂျီလောင်းများ၏ နေထိုင်၊စားသောက်မှု စသည့် ဝန်ဆောင်မှု ပေးရမည့် အချက်အလက်များကို စည်းကမ်းချက်များတွင် ဖော်ပြထားပြီး စာချူပ်တွင် အသေးစိတ် ထည့်ပြီး ချူပ်ဆိုထားကြောင်း တင်ဒါရွေးချယ်ပုံနှင့် ပတ်သက်ပြီး ၂၀၁၆ ခုနှစ် ဟဂ်ျစေလွှတ်ရေး ကြီးကြပ်မှုကော်မတီ ဥက္ကဌ အလ်ဟဂ်ျ ဦးတင်မောင်သန်းက M-Media ကိုရှင်းပြပါတယ်။

    ၂၀၁၅ ခုနှစ်က ခွဲတမ်းဟာဂျီများကို ဝန်ဆောင်မှုပေးဖို့ အတွက် ရောင်စဉ် အလင်းတန်း ခရီသွားလာရေး ကုမ္ပဏီမှ ဝန်ဆောင်ခ U$2,175.(အမေရိကန်ဒေါ်လာ-၂၁၇၅) လည်းကောင်း ၊၂၀၁၄ ခုနှစ် တွင် Great Desert Company နှင့် A Pleasant House Company တို့ မှ တစ်ဦးလျှင် ၂၂ သိန်း ၅ သောင်းနှုံးဖြင့် လည်းကောင်း တင်ဒါအောင်မြင်ခဲ့ကြပြီး ၂၀၁၃ ခုနှစ် မှာ ကျပ် ၂၉ သိန်း လည်းကောင်း ၂၀၁၂ ခုနှစ်တွင် ကျပ် ၃၂ သိန်း အသီးသီး ဝန်ဆောင်ခများ ရှိခဲ့ကြောင်း သိရှိရပါတယ်။

    ခွဲတမ်းဟဂ်ျ စီမံခန့်ခွဲမှုများ ကို ယခင်က သာသနာရေးဝန်ကြီးဌာနမှ တိုက်ရိုက်ကိုင်တွယ်ခဲ့ပြီး ၂၀၁၄ ခုနှစ်မှစတင်ပြီး အစ္စလာမ် ဘာသာရေး အဖွဲ့ကြီးကို လုပ်ပိုင်ခွင့် လွှဲအပ်ခဲ့တာဖြစ်ပါတယ်။

    ပြင်ပမှ သွားရောက်တဲ့ ဟာဂျီတွေကတော့ ဆော်ဒီ ဟဂ်ျရေးရာဝန်ကြီးဌာက ခွဲတမ်းရထားတဲ့ မြန်မာနိုင်ငံက ကုမ္ပဏီတွေ ကနေတဆင့် သွားရောက်တဲ့ သူတွေဖြစ်ကြောင်းသိရတယ်။ ယမန်နှစ်ကတော့ ပြင်ပမှ သွားရောက်သူ ၃၀၀၀ ကျော်ဝန်းကျင် ရှိပြီးကုန်ကျစရိတ်ကတော့ အမေရိကန်ဒေါ်လာ ၅၀၀၀ မှ ၆၀၀၀ အထိ ဝန်ဆောင်မှုပေးတဲ့ပေါ်မှုတည်ပြီး ဈေးနှုန်းများ ကွဲပြားကြောင်းသိရှိရပါတယ်။

    အစ္စလာမ်ဘာသာဝင်တွေမှာ မဖြစ်မနေ လိုက်နာကျင့်သုံးရတဲ့ မဏ္ဍိုင်ကြီး (၅) ရပ်အနက် “ဟဂ်ျ” လို့ခေါ်တဲ့ ဆော်ဒီအာရေဗျနိုင်ငံ မက္ကာရွှေမြို့တော်သို့ သွားရောက်ပြီး သာသနာ့ကျင့်စဉ် ကိစ္စရပ်များကို ပြုမူ ဆောင်ရွက်ခြင်းဟာ တစ်ခုအပါအ၀င် ဖြစ် ပါတယ်။ ငွေကြေးတတ် စွမ်းနိုင်သူတို့အဖို့ မဖြစ်မနေ လုပ်ရမယ့် တာဝန်တစ်ရပ်သာ ဖြစ်ပါတယ်။

  • ကာဒီနယ် ချားလ်စ်မောင်ဘို၏ ယူကေဒေသနာတွင် မြန်မာနိုင်ငံရှိ ဘာသာရေးခွဲခြားမှုအကြောင်း ထည့်သွင်းမိန့်ကြား

    ကာဒီနယ် ချားလ်စ်မောင်ဘို၏ ယူကေဒေသနာတွင် မြန်မာနိုင်ငံရှိ ဘာသာရေးခွဲခြားမှုအကြောင်း ထည့်သွင်းမိန့်ကြား

    မေ ၁၇၊ ၂၀၁၆
    M-Media

    charles

    – မြန်မာနိုင်ငံမှ ပထမဆုံး ကက်သလစ်ကာဒီနယ် ဆရာတော် ချားလ်စ်မောင်ဘိုက လန်ဒန်မြို့ရှိ သမိုင်းဝင် ၀က်စ်မင်စတာ ကက်သလစ်ဘုရားရှိခိုးကျောင်းတွင် ဟောကြားခဲ့သော တရားဒေသနာတွင် မြန်မာနိုင်ငံရှိ အမုန်းတရားဖြန့်ဖြူးမှုအကြောင်းနှင့် သဟဇာတဖြစ်မှု တိုးမြှင့်ရေးအကြောင်းကို ထည့်သွင်းမိန့်ကြားခဲ့သည်ဟု သိရသည်။

    ခရစ်ယာန်တို့၏ Pentecost (အီစတာပွဲတော်အပြီး ၇ပတ်မြောက် တနင်္ဂနွေ) မတိုင်ခင် ကြာသာပတေးနေ့က ဟောကြားသော ဒေသနာတွင် မိန့်ကြားခဲ့ခြင်းဖြစ်ပြီး စစ်အစိုးရလက်ထက် ဖိနှိပ်မှုများ၊ ကမ္ဘာတစ်ဝှမ်း သဘာဝပတ်ဝန်းကျင်ဆိုင်ရာ မတရားမှု၊ မြန်မာနိုင်ငံရှိ မွတ်စလင်များနှင့် ခရစ်ယာန်များကို ဘာသာရေးအရ ခွဲခြားဆက်ဆံမှုအကြောင်းကိုလည်း ထည့်သွင်းပြောကြားခဲ့သည်။

    “ဒီနေ့မှာ ဒီမိုကရေစအာရုဏ်ဦး သန်းလာပါပြီ။ သွေးထွက်သံယိုမှုကို ရွေးချယ်ခဲ့တဲ့ ကမ္ဘာကြီးမှာ မြန်မာနိုင်ငံဟာ မျှော်လင့်ခြင်းတိုင်းပြည်တစ်ခု ဖြစ်နေပါတယ်။ အမယ်အိုကြီးဟာ သူ့ရဲ့လက်ထဲမှာ အာဏာကိုသာမက၊ ပိုကောင်းတဲ့မနက်ဖြန်ကို တောင့်တနေကြတဲ့ သန်းပေါင်းများစွာသော ပြည်သူတွေရဲ့ အိပ်မက်တွေကိုလည်း ဆုပ်ကိုင်ထားပါတယ်။ ကျွန်တော် ယူကေကို ရောက်ရှိလာတဲ့ ရည်ရွယ်ချက်ဟာ ကျွန်တော်တို့ပြည်သူတွေ အထူးသဖြင့် ဖယ်ကျဉ်ခံထားရတဲ့ သူတွေအကြောင်း ပြောကြားဖို့ ဖြစ်ပါတယ်” ဟု ဆရာတော်က ဆယ်စုနှစ်များအတွင်း ပထမဆုံး လွတ်လပ်သောရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ရရှိခဲ့သော အောင်ပွဲကို ရည်ညွှန်း၍ ပြောကြားခဲ့သည်။

    ထို့ပြင် မြန်မာနိုင်ငံအတွင်း အမုန်းတရား ဖြန့်ဝေမှုအကြောင်းကိုလည်း ချားလ်စ်မောင်ဘိုက ထောက်ပြခဲ့ပြီး မိမိတို့အသင်းတော်မှာ ခွင့်လွှတ်မှု၊ သနားကြင်နာမှုကို ပြသချင်သည်ဟု ပြောကြားခဲ့သည်။

    “မဆိုသလောက်အရေအတွက်ဖြစ်ပေမယ့် ဘုန်းကြီးတွေနဲ့ လူဝတ်ကြောင်တွေပါဝင်တဲ့ အထင်ကရအုပ်စုက အမုန်းတရား၊ တုန့်ပြန်လက်စားချေတဲ့ဝါဒ ဖြန့်ဖြူးနေတဲ့ နိုင်ငံတစ်ခုမှာ အသင်းတော်ဟာ ခွင့်လွှတ်ခြင်းဆိုတဲ့ သဘောထားနဲ့အတူ သနားကြင်နာမှုကို ပြသချင်ပါတယ်။ ပြီးတော့ အမျိုးသားရင်ကြားစေ့ရေးနဲ့ သဟဇာတဖြစ်ရေး သဘောထားကိုလည်း တင်ပြချင်ပါတယ်။ အသင်းတော်ဟာ ငြိမ်းချမ်းရေးကိုရှေးရှုတဲ့ ဘာသာတရားတွေမှာ တက်ကြွစွာပါဝင်သူ ဖြစ်ပါတယ်”

    ထို့ပြင် ခွဲခြားဆက်ဆံမှု အတွေးအခေါ်များကို အဆုံးသတ်စေချင်ကြောင်း၊ ဘာသာတရားများမှာ ငြိမ်းချမ်းရေးနှင့် တိုးတက်ကြီးပွားရေးတို့အတွက် ကြီးကျယ်သည့် ရင်းမြစ်သာ ဖြစ်ရမည်ဖြစ်ကြောင်း ဆရာတော် ချားလ်စ်မောင်ဘိုက ထည့်သွင်း မိန့်ကြားခဲ့သည်။

    Ref: Yangon.coconuts

  • ပြောင်းရွှေ့အခြေချသူများကို ပြန်ပို့ခြင်း အလုပ်မဖြစ်ဟု ကုလပြော

    ပြောင်းရွှေ့အခြေချသူများကို ပြန်ပို့ခြင်း အလုပ်မဖြစ်ဟု ကုလပြော

    မေ ၁၇၊ ၂၀၁၆
    M-Media

    eu

    – လတ်တလော ရင်ဆိုင်နေရတဲ့ ဒုက္ခသည်ပြဿနာဟာ ကမ္ဘာလုံးဆိုင်ရာ ပြဿနာတစ်ခုဖြစ်ပြီး အဲဒီ ပြောင်းရွှေ့အခြေချသူတွေကို ပြန်လှည့်ခိုင်းတာက အလုပ်ဖြစ်မှာမဟုတ်ဘူးလို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး ဖိလစ်ပို ဂရန်ဒီက ပြောကြားလိုက်ပါတယ်။

    ပြီးခဲ့တဲ့နှစ်က ပြောင်းရွှေ့အခြေချသူ သန်း ၂၀ ရဲ့ ၁ ရာခိုင်နှုန်းအောက်ကို အခြားနိုင်ငံတစ်ခုမှာ ပြန်လည်နေရာချထားပေးနိုင်ခဲ့ပြီး၊ ပဋိပက္ခတွေကြောင့် လူတွေ အိုးအိမ်စွန့်ခွာ ထွက်ပြေးရမှု၊ ဒုက္ခသုက္ခတွေကို ခံစားရမှုဟာ သမိုင်းမှာ အဆိုးရွာဆုံးအခြေအနေကို ရောက်ရှိနေတယ်လို့လည်း မဟာမင်းကြီးက ထောက်ပြခဲ့ပါတယ်။

    ဒီဝန်ထုတ်ဝန်ပိုးကို ထမ်းနေရတဲ့ နိုင်ငံအနည်းငယ်ကို ရန်ပုံငွေတွေတိုးပေးတာ၊ ပြန်လည်နေရာချထားမှုတွေ လုပ်ပေးတာမျိုးတွေနဲ့ အခြားနိုင်ငံတွေက ကူညီကြဖို့လည်း ထည့်သွင်းတိုက်တွန်းခဲ့ပါတယ်။

    ဂရန်ဒီက ယခုနှစ် ဇန်န၀ါရီမှာ ရာထူးလက်ခံခဲ့တာဖြစ်ပြီး အခုရင်ဆိုင်နေရတဲ့ ဒုက္ခသည်ပြဿနာကို ဖြေရှင်းဖို့အတွက် ရှည်ကြာပြီး ခက်ခဲတဲ့ ဆွေးနွေးမှု လိုအပ်နေကာ၊ နယ်စပ်တွေပိတ်တာ၊ လူတွေကို ပြန်ပို့တာတွေဟာ အလုပ်ဖြစ်မှာမဟုတ်ဘူးလို့လည်း သတိပေးခဲ့ပါတယ်။

    Ref: IINA