News @ M-Media

Blog

  • သီရိလင်္ကာမြေပြိုမှု မိသားစု ၂၀၀ ကျော် ပျောက်ဆုံးနေ

    သီရိလင်္ကာမြေပြိုမှု မိသားစု ၂၀၀ ကျော် ပျောက်ဆုံးနေ

    မေ ၁၈၊ ၂၀၁၆
    M-Media

    siri

    – သီရိလင်္ကာနိုင်ငံတွင် ယမန်နေ့ညနှောင်းပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး မြေပြိုမှုများ ဖြစ်ပွားခဲ့သောကြောင့် ရွာ ၃ ရွာမှ မိသားစုပေါင်း ၂၀၀ ကျော် ပျောက်ဆုံးနေသည်ဟု သိရသည်။

    နိုင်ငံအလယ်ပိုင်းရှိ ကုန်းမြင့်ဒေသတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်၌ သေဆုံးသူ အရေအတွက်မှာ ၃၅ ဦး ရှိသည်ဟု အာဏာပိုင်များက ထုတ်ဖော်ပြောကြားထားသော်လည်း ရွှံ့များနှင့် အပျက်အဆီးများအောက်တွင် ပိတ်မိနေသူ အများအပြား ရှိနေသောကြောင့် သေဆုံးသူအရေအတွက်မှာ တိုးလာနိုင်ဖွယ် ရှိနေသည်။

    သီရိလင်္ကာ ကြက်ခြေနီအဖွဲ့က ထုတ်ပြန်သော ကြေငြာချက်တွင် မြေပြိုမှုကြောင့် ရွာသုံးရွာမှ မိသားစုပေါင်း ၂၂၀ ခန့်ပျောက်ဆုံးနေသည်ဟု ဖော်ပြထားသည်။ ရွာများရှိ နေထိုင်သူအရေအတွက်ကို အတိအကျ မပြောနိုင်သော်လည်း တစ်ရွာတွင် အနည်းဆုံး လူ ၁၀၀၀ မှ ၁၅၀၀ ခန့်အထိ ရှိနိုင်သည်ဟု ခန့်မှန်းထားသည်။

    ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးထားရသူ အရေအတွက်မှာ ၁၀၀၀ ကျော်ရှိနေပြီး စာသင်ကျောင်းများ၊ ဘုန်းကြီးကျောင်းများတွင် ယာယီစခန်းချ၍ နေရာပေးထားရသည်ဟု အစိုးရက သတင်းထုတ်ပြန်ခဲ့သည်။ လက်ရှိအချိန်တွင် စစ်တပ်မှာ လှေများ၊ ရဟတ်ယာဉ်များ အသုံးပြု၍ ပျောက်ဆုံးနေသူများကို ရှာဖွေလျက်ရှိနေသည်။

    Ref: Aljazeera

  • ဒေသအတွင်း ပထမဆုံးရေပေါ်ဟိုတယ်ကို ဘာရိန်းတွင် ဖွင့်လှစ်

    ဒေသအတွင်း ပထမဆုံးရေပေါ်ဟိုတယ်ကို ဘာရိန်းတွင် ဖွင့်လှစ်

    မေ ၁၈၊ ၂၀၁၆
    M-Media

    bahrain

    – အာရေဗျပင်လယ်ကွေ့ဒေသမှာ ပထမဆုံးဖြစ်မယ့် ရေပေါ်ဟော်တယ်တစ်ခုကို ဘာရိန်းနိုင်ငံ မနာမာမြို့မှာ တနင်္ဂနွေနေ့က တရားဝင်ဖွင့်လှစ်ခဲ့တယ်လို့ သိရပါတယ်။

    C Hotel လို့အမည်ပေးထားတဲ့ အဲဒီဟိုတယ်ကို ဘာရိန်း ကမ္ဘာလှည့်ခရီးသွားနဲ့ ကုန်စည်ပြပွဲဆိုင်ရာ အာဏာပိုင်အဖွဲ့ရဲ့ အမှုဆောင်အရာရှိချုပ် ရှိခ် ခါလစ် ဘင် ဟူမွဒ် အလ်-ခါလီဖာက ဖွင့်လှစ်ပေးခဲ့ပြီး၊ ဒီလိုဖွင့်လှစ်နိုင်ခဲ့တာဟာ အရေးပါတဲ့ သမိုင်းမှတ်တိုင်သစ်တစ်ခုဖြစ်တယ်လို့ သူက ပြောကြားခဲ့ပါတယ်။

    အဲဒီဟိုတယ်ဟာ သန္တာကျာက်တန်းတွေရှိတဲ့ ပယ်လယ်အော်မှာ တည်ဆောက်ထားတာဖြစ်ပြီး နိုင်ငံရဲ့ ခရီးသွားလာရေးလုပ်ငန်းကို တိုးမြှင့်နိုင်မယ်လို့ မျှော်လင့်ထားကာ၊ ခရီးသွားကဏ္ဍ တိုးတက်ရေးအတွက် ဆန်းသစ်တဲ့အဆောက်ဦးတွေ နေရာထိုင်ခင်းတွေ ထပ်မံ ဖန်တီးပေးသွားဖို့လည်း ဘာရိန်းမှာ အစီအစဉ်ရှိနေပါတယ်။

    Ref: IINA

  • ယူအေအီးတွင် ရမ်ဇာန်ဥပုသ်လအတွင်း လူ ၁၈ သိန်းစာအတွက် ၀ါဖြေပွဲ လှူဒါန်းမည်

    ယူအေအီးတွင် ရမ်ဇာန်ဥပုသ်လအတွင်း လူ ၁၈ သိန်းစာအတွက် ၀ါဖြေပွဲ လှူဒါန်းမည်

    မေ ၁၈၊ ၂၀၁၆
    M-Media

    – လာမယ့်လမှာ ကျရောက်မယ့် ရမ်ဇန်ဥပုသ်လမှာ အစားအစာ အလှူဒါနပြုရေး အစိတ်အပိုင်းအဖြစ် လူ ၁၈ သိန်းစာအတွက် ၀ါဖြေပွဲကို လှူဒါန်းသွားမယ်လို့ အာရဗ်စော်ဘွားများနိုင်ငံ (UAE) က ခလီဖာ ဘင် ဇိုင်ယစ်ဒ်ဖောင်ဒေးရှင်း (KF) က ကြေငြာလိုက်ပါတယ်။

    ဖောင်ဒေးရှင်းရဲ့ အထွေထွေဒါရိုက်တာဖြစ်သူ မိုဟာမက် ခိုရီက ၀ါဖြေပွဲတွေကို ကျန်းမာရေးနဲ့ကိုက်ညီအောင် စီစဉ်ထုတ်ပိုးပြီး စနစ်တကျပေးဝေဖို့အတွက် တစ်နိုင်ငံလုံးမှာ လုပ်အားပေးသူနဲ့ ကြီးကြပ်သူ ၁၈၇ ယောက် ချထားပေးမယ်လို့ ဆိုပါတယ်။

    အဲဒီအလှူဒါနပြုရေး ၀န်ဆောင်မှုပေးတဲ့အထဲမှာ အမျိုးသမီးကြီးကြပ်သူ ၂၄ ဦးလည်း ပါဝင်မှာဖြစ်ပြီး ဖောင်ဒေးရှင်းနဲ့ ဆက်နွယ်နေတဲ့ ယူအေအီးက မိသားစုတွေလည်း လုပ်အားပေးကြမှာဖြစ်ပါတယ်။

    Ref : IINA

  • ခြေဗလာနှင့် ပြေးခြင်းက ဦးနှောက်ကို ပိုကျန်းမာစေနိုင်

    ခြေဗလာနှင့် ပြေးခြင်းက ဦးနှောက်ကို ပိုကျန်းမာစေနိုင်

    မေ ၁၈၊ ၂၀၁၆
    M-Media

    Man running in grassy field

    – အပြေးသမားတွေအနေနဲ့ ဖိနပ်ချွတ်ပြေးခြင်းက ဦးနှောက်ရဲ့လုပ်ဆောင်မှုကို ပိုမိုအားကောင်းစေနိုင်တယ်လို့ အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါမြောက်ပိုင်းတက္ကသိုလ်မှာ ပြုလုပ်ခဲ့တဲ့ သုတေသနတစ်ခုမှာ တွေ့ရှိခဲ့ရပါတယ်။

    လူ ၇၂ ဦး ပါဝင်ခဲ့တဲ့ အဲဒီ သုတေသနမှာ ဖိနပ်မပါဘဲ ပြေးတဲ့သူတွေဟာ မှတ်ဉာဏ်ပိုတိုးလာတာ ဒါမှမဟုတ် သတင်းအချက်အလက်ဖြစ်စဉ်တွေကို ပြန်လည်မှတ်မိအောင်လုပ်နိုင်စွမ်း တိုးတက်လာတာကို တွေ့ခဲ့ရပါတယ်။ ဖိနပ်ဝတ်ပြီး ပြေးတဲ့သူတွေမှာတော့ တူညီတဲ့အကျိုးရလဒ်ကို မတွေ့ရဘူးလို့ လေ့လာသူတွေက ဆိုပါတယ်။

    ပါဝင်သူတွေဟာ အသက် ၁၈ နှစ်ကနေ ၄၄ နှစ်ကြား ရှိကြပြီး ဖိနပ်ပါသူတွေရော၊ မပါသူတွေကိုပါ ပြန့်ဖြူးတဲ့မျက်နှာပြင်ပေါ်မှာ ၁၆ မိနစ်လောက် ပြေးခိုင်းတာဖြစ်ပါတယ်။ ဒါပေမယ့် သုတေသီတွေကတော့ အဲဒီလို ဖိနပ်ချွတ်ပြးရာမှာ ခြေဖ၀ါးကို နာကျင်စေနိုင်မယ့် မျက်နှာပြင်တွေကို ရှောင်ကျဉ်ဖို့ လိုတယ်လို့ သတိပေးခဲ့ပါတယ်။

    အဲဒီလို အပြေးလေ့ကျင်မှု မလုပ်ခင်နဲ့ လုပ်ပြီးတဲ့နောက်ပိုင်းမှာ ပါဝင်သူတွေရဲ့ မှတ်ဉာဏ်အလုပ်လုပ်မှုကို စမ်းသပ်ခဲ့ပြီး ဖိနပ်မပါဘဲ ပြေးတဲ့သူတွေက မှတ်ဉာဏ်စွမ်းရည် ၁၆ ရာခိုင်နှုန်းလောက် တိုးတာတာကို တွေ့ခဲ့ရပါတယ်။ ဒါပေမယ့် ဖိနပ်နဲ့ ပြေးတဲ့သူတွေမှာတော့ ဒီလို အကျိုးကျေးဇူးကို မတွေ့ခဲ့ရပါဘူး။

    နောက်ပြီး ခြေဗလာနဲ့ပြေးခြင်းဟာ စိတ်ပိုင်းဆိုင်ရာ တည်ငြိမ်မှုနဲ့ အလုပ်လုပ်ကိုင်မှုဆိုင်ရာ မှတ်ဉာဏ်တွေကိုလည်း ပိုမိုကောင်းမွန်စေတယ်ဆိုတာကို တွေ့ရပါတယ်။

    Ref; IINA

  • ရီးယဲလ်၏ ဥရောပဖလား ၅ လုံးအား ပယ်ဖျက်ရေး တောင်းဆို

    ရီးယဲလ်၏ ဥရောပဖလား ၅ လုံးအား ပယ်ဖျက်ရေး တောင်းဆို

    မေ ၁၈၊ ၂၀၁၆
    M-Media

    real 2

    – ဥရောပဖလား (European Cup) အမည်ဖြင့် ကျင်းပစဉ် ရီးယဲလ်မက်ဒရစ်အသင်းက ချန်ပီယံဖြစ်ခဲ့သည့် ၅ ချိန်ကို ယခုချန်ပီယံလိဂ်စာရင်းတွင် ထည့်သွင်းမှု ရပ်ဆိုင်းရေး အွန်လိုင်းမှ တောင်းဆိုမှုကို လူပေါင်း ၅၀၀၀၀ ခန့်က ထောက်ခံခဲ့ကြသည်ဟု သိရသည်။

    အဆိုပါ တောင်းဆိုမှုကို စပိန်အခြေစိုက် အားကစားဆိုင်ရာ တရားမျှတရေးအဖွဲ့ Justicia Deportiva မှ စတင်ကာ change.org ၀ဘ်ဆိုက်က လွှင့်တင်ခြင်းဖြစ်သည်။ ဥရောပဖလားအမည်ဖြင့် ပြုလုပ်ခဲ့ပြီး ရီးယဲလ်က ၁၉၉၅-၅၆ ခုနှစ်မှ ၁၉၅၉-၆၀ နှစ်အထိ ဗိုလ်စွဲခဲ့သည့် အဆိုပါ ပြိုင်ပွဲများမှာ လက်ရှိကျင်းပနေသော ချန်ပီယံလိဂ်ပုံစံမျိုးနှင့် တူညီခြင်းမရှိဟု တောင်းဆိုစာတွင် ထောက်ပြထားသည်။

    ဥရောပဖလားနှင့် ချန်ပီယံလိဂ် ၂ ခုပေါင်းပါက ရီးယဲလ်မှာ စုစုပေါင်း ၁၀ ကြိမ် ရရှိခဲ့ပြီး ယခုလ ၂၈ ရက်နေ့တွင် မီလန်၌ အက်သလက်တီကိုနှင့်ကစားမည့် ဗိုလ်လုပွဲတွင် ဗိုလ်စွဲပါက ၁၁ ကြိမ်မြောက် ဖြစ်လာမည်ဖြစ်သည်။

    “အားကစား၊ ဒီမိုကရေစီတို့က ကိုယ်စားပြုထားတဲ့ တန်ဖိုးတွေအရ ရီးယဲလ်အသင်း ၁၉၅၅-၅၆ ကနေ ၁၉၅၉-၆၀ ကြား ရရှိခဲ့တဲ့ ဥရောပဖလားတွေကို ချက်ခြင်းရုပ်သိမ်းဖို့ ကျွန်တော်တို့ တောင်းဆိုချင်ပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် အဲဒီဖလားတွေဟာ ဒီနေ့ကျင်းပနေတဲ့ ယူအီးအက်ဖ်အေ ချန်ပီယံလိဂ်အဖြစ် အသိအမှတ်ပြုထားတဲ့ ပြိုင်ပွဲနဲ့ ဘာမှ မသက်ဆိုင်ဘူးဆိုတာကို ဖော်ပြလိုက်တာလည်း ဖြစ်ပါတယ်” ဟု တောင်းဆိုစာတွင် ရေးသားထားသည်။

    လက်ရှိအချိန်တွင် ထိုတောင်းဆိုစာအား ထောက်ခံသူပေါင်းမှာ ၅ သောင်းခန့်ရှိနေပြီး ထပ်တိုးလာမည့် အခြေအနေတွင် ရှိနေသည်။

    Ref: Goal