News @ M-Media

Blog

  • ၂၀၂၁ ခုနှစ်အတွင်း ပါလက်စတိုင်းရှိ အဆောက်အဦး တစ်ထောင်ကျော် ဖျက်ဆီးခံရ

    ၂၀၂၁ ခုနှစ်အတွင်း ပါလက်စတိုင်းရှိ အဆောက်အဦး တစ်ထောင်ကျော် ဖျက်ဆီးခံရ

    ဇွန် ၁၄၊ ၂၀၂၂
    M-Media

    -၂၀၂၁ ခုနှစ်အတွင်း ပါလက်စတိုင်းပိုင်နက်တွေမှာ အစ္စရေးက ဖြိုချဖျက်ဆီးခဲ့တဲ့ အဆောက်အဦးအရေအတွက် ၁၀၃၂ ခု ရှိခဲ့ပြီး လူ ၂၀၀၀ နီးပါး အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ပါတယ်။

    အနောက်ဖက်ကမ်းနဲ့ အရှေ့ဂျေရုစလင်မှာ အစ္စရေးရဲ့ လုပ်ရပ်တွေကို လေ့လာဆန်းစစ်ပြီးတဲ့နောက် ပါလက်စတိုင်း သတင်းအချက်အလက်စင်တာက အစီရင်ခံစာ ထုတ်ပြန်ခဲ့တာပါ။

    အစ္စရေးဟာ ကလေးငယ် ၂၆၀၀၊ အမျိုးသမီး ၁၈၀၀ အပါအ၀င် ပါလက်စတိုင်းပြည်သူ ၅ ထောင်ကျော်ကို ၀န်ဆောင်မှုပေးနေတဲ့ အဆောက်အဦး ၆၇၁ ခုကို ၂၀၂၁ ခုနှစ်အတွင်းမှာ ဖျက်ဆီးခဲ့ပါတယ်။

    ပါလက်စတိုင်းတွေရဲ့ လယ်ယာမြေ ဧက ၁၈၀၀ လောက်ကို ရေပေးနေတဲ့ ရေတွင်း ၉၃ တွင်း၊ သိုးအုပ် ၁၆၄၀၀ နေထိုင်တဲ့ သိုးခြံ ၂၁၆ ခုလည်း ဖျက်ဆီးခံခဲ့ရပါတယ်။
    အစ္စရေးဟာ ပါလက်စတိုင်းပိုင်နက်တွေမှာ ပါလက်စတိုင်းတွေရဲ့ နေအိမ် အဆောက်အဦးတွေကို ပုံမှန်လိုလို ဖြိုချ ဖျက်ဆီးကာ၊ ဖျက်ဆီးခကိုလည်း ပါလက်စတိုင်းတွေဆီက တောင်းလေ့ရှိပါတယ်။

    ဖျက်ဆီးပြီးတဲ့ ပါလက်စတိုင်းနေအိမ်တွေ၊ လယ်ယာမြေတွေနေရာမှာ အစ္စရေးက တရားမ၀င် ကျူးအခြေချအိမ်ယာတွေ ဆောက်လုပ်တာ ဖြစ်ပါတယ်။

    Ref: Press TV

  • လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေကို မြန်မာစစ်တပ် နိုင်အောင်မတိုက်နိုင်တော့

    လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေကို မြန်မာစစ်တပ် နိုင်အောင်မတိုက်နိုင်တော့

    ဇွန် ၁၂၊ ၂၀၂၂
    M-Media

    ဓာတ်ပုံ – အမေရိကန်အစိုးရ အကြံပေး ဒဲရစ် ရှိုလတ်

    -မြန်မာစစ်တပ်ဟာ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေကို နိုင်အောင် တိုက်နိုင်မှာ မဟုတ်တဲ့အတွက် ဒီမိုကရေစီ ပြန်လည်ဖော်ဆောင်သင့်တယ်လို့ ‌အမေရိကန်အစိုးရ အကြံပေးတစ်ဦးဖြစ်တဲ့ ဒဲရစ် ရှိုလတ်က ပြောကြားလိုက်ပါတယ်။

    “သူတို့နိုင်မယ်လို့ ထင်နေတာမျိုး မြင်ရတော့ ပြောရတော်တော်ခက်တယ်ဗျ။ စစ်တပ်က နယ်မြေတွေ ဆုံးရှုံးနေသလို တော်တော်လေးလည်း အထိနာနေပါတယ်”

    ဒဲရစ်ဟာ စင်ကာပူမှာလုပ်တဲ့ Shangri-La လုံခြုံရေးဆိုင်ရာ အစည်းအဝေးမှာ မြန်မာစစ်တပ်နဲ့ပတ်သက်ပြီး မှတ်ချက်ပေးရာ အာဏာသိမ်းစစ်တပ်ကို ပေါ်ပေါ်ထင်ထင်ပဲ ဝေဖန်ခဲ့တာဖြစ်ပါတယ်။

    သောကြာနေ့ ထိုင်းနိုင်ငံ ဘန်ကော်မြို့မှာ ဂျာနယ်လစ်တစ်ဦးရဲ့ မေးမြန်မှုမှာလည်း စစ်တပ်ဟာ ပြည်ပမှာသာ မကဘဲ ပြည်တွင်းမှာလဲ ဖယ်ကျဉ်ခံနေရပြီး တိုက်ခိုက်မှုတွေကို ရပ်ဆိုင်းကာ ဒီမိုကရေစီ ပြန်လည်ဖော်ဆောင်သင့်တယ်လို့ ဖြေကြားခဲ့ပါတယ်။

    ဒဲရစ်ရဲ့ ဒီပြောကြားချက်အတွက် ရိုက်တာသတင်းဌာနရဲ့ ဆက်သွယ်မေးမြန်းမှုကို စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူက ပြန်လည်ဖြေကြားခြင်း မပြုပါဘူး။
    ပြီးခဲ့တဲ့လက အမေရိကန်-အာဆီ‌ယံ ထိပ်သီးအစည်းအဝေးနောက်ပိုင်း ဒဲရစ်ဟာ ထိုင်း၊ စင်ကာပူနဲ့ ဘရူနိုင်း နိုင်ငံတွေကို သွားရောက်ကာ နောက်ဆက်တွဲအစည်းအဝေးတွေကို တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။

    အာဏာသိမ်း မြန်မာစစ်တပ်ကို ပိတ်ဆို့အရေးယူမှုတွေ လုပ်ဆောင်တာအပြင် စင်ကာပူ၊ အင်ဒိုနီးရှား၊ မလေးရှားနိုင်ငံတွေနဲ့ ဆက်သွယ်ကာ မြန်မာ့အရေး ပူးပေါင်းဆောင်ရွက်မှာဖြစ်ကြောင်း၊ မြန်မာကိစ္စမှာ တရုတ်က အဖြေရှာရေး တစ်စိတ်တစ်ပိုင်းအဖြစ် ပါဝင်ရမှာဖြစ်ကြောင်း ဒဲရစ်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    Ref: Reuters

  • ထိုင်ဝမ်ကိစ္စ ဝင်မရှုပ်ရန် အမေရိကန်ကို တရုတ် သတိပေး

    ထိုင်ဝမ်ကိစ္စ ဝင်မရှုပ်ရန် အမေရိကန်ကို တရုတ် သတိပေး

    ဇွန် ၁၂၊ ၂၀၂၂
    M-Media

    -ထိုင်ဝမ်ကျွန်းက ခွဲထွက်ရေး လုပ်ဆောင်မယ်ဆိုရင် မိမိတို့ အစွမ်းကုန် တိုက်ခိုက်သွားမယ်လို့ တရုတ်ကာကွယ်ရေးဝန်ကြီး ဝေဖန်ဟီက ပြောကြားလိုက်ပြီး ပြည်တွင်းရေးကိစ္စကို ဝင်မရှုပ်ဖို့လည်း အမေရိကန်ကို သတိပေးခဲ့ပါတယ်။

    စင်ကာပူမှာ ပြုလုပ်နေတဲ့ Shangri-La လုံခြုံရေးဆိုင်ရာ အစည်းအဝေးမှာ အမေရိကန် ထိပ်တန်း တာဝန်ရှိသူတွေနဲ့ တရုတ်ကာကွယ်ရေးဝန်ကြီးတို့အကြား ထိုင်ဝမ်ကိစ္စ အပြန်အလှန်ပြောဆိုမှုတွေ ရှိခဲ့ပါတယ်။

    အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်က တရုတ်ဟာ စစ်ဖက်ဆိုင်ရာ လှုပ်ရှားမှုတွေနဲ့ ‌ဒေသအတွင်း မတည်မငြိမ်ဖြစ်အောင် လုပ်နေတယ်လို့ ဝေဖန်ခဲ့ပါတယ်။ ထိုင်ဝမ်လေပိုင်နက်ထဲ တရုတ်စစ်လေယာဉ်တွေ အုပ်စုလိုက် မကြာခဏ ဝင်ရောက်ပျံသန်းမှုကို ရည်ညွှန်းပြောဆိုခဲ့တာ ဖြစ်ပါတယ်။

    တရုတ်ကာကွယ်ရေးဝန်ကြီး ဝေဖန်ဟီက ထိုင်ဝမ်ကို တရုတ်ပြည်ကနေခွဲထုတ်ရင် အသေအကြေ တိုက်ခိုက်ဖို့ကလွဲ‌ပြီး အခြား ရွေးချယ်စရာမရှိဘူးလို့ တုန့်ပြန် ပြောကြားခဲ့ပါတယ်။

    “နယ်မြေပိုင်ဆိုင်မှုကို ကာကွယ်တဲ့နေရာ တရုတ်စစ်တပ်ရဲ့ လုပ်ဆောင်နိုင်စွမ်းနဲ့ ဖြေရှင်းနိုင်စွမ်းကို လျှော့တွက်မထားသင့်ပါဘူး။ ထိုင်ဝမ်ကို တရုတ်ကနေခွဲထုတ်ပြီး လွတ်လပ်တဲ့နိုင်ငံဖြစ်အောင် လုပ်ချင်သူတွေရဲ့ အဆုံးသတ်က သိပ်ကောင်းမှာ မဟုတ်ပါဘူး”

    ထိုင်ဝမ်က သူတို့ဟာ လွတ်လပ်တဲ့ အချုပ်အခြာအာဏာပိုင်နိုင်ငံ ဖြစ်တယ်လို့ မှတ်ယူထားပြီး တရုတ်အစိုးရက သူတို့ပိုင်တဲ့ ပြည်နယ်တစ်ခုအဖြစ် သတ်မှတ်ထားတာပါ။ ထိုင်ဝမ်ကျွန်း တရုတ်နိုင်ငံကနေ ခွဲထွက်မသွားဖို့အတွက် လိုအပ်ရင် တိုက်ခိုက်သွားမယ်လို့ တရုတ်က အရင်ကတည်းက ပြောကြားထားတာ ဖြစ်ပါတယ်။

    အမေရိကန်အနေနဲ့ တရုတ်နိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်မစွက်ဖို့နဲ့ တရုတ်ရဲ့ အကျိုးစီးပွားကို ထိခိုက်အောင် မလုပ်ဖို့လည်း ဝေဖန်ဟီက ထည့်သွင်းသတိပေးခဲ့ပါတယ်။

    Ref: Reuters

  • အာဏာသိမ်းစစ်ကောင်စီကလုပ်မည့် ရွေးကောက်ပွဲ တရားမျှတမည်မဟုတ်

    အာဏာသိမ်းစစ်ကောင်စီကလုပ်မည့် ရွေးကောက်ပွဲ တရားမျှတမည်မဟုတ်

    ဇွန် ၁၂၊ ၂၀၂၂
    M-Media

    -စစ်ကောင်စီက လာမယ့်နှစ်မှာလုပ်ဖို့ စီစဉ်ထားတဲ့ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး၊ တရားမျှတဲ့ ရွေးကောက်ပွဲမျိုး ဖြစ်လာမှာ မဟုတ်ဘူးလို့ အမေရိကန်အစိုးရ အကြံပေး ဒဲရစ်ခိုလက်က ပြောကြားလိုက်ပါတယ်။

    ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့က အာဏာသိမ်းခဲ့တဲ့ စစ်တပ်ဟာ တစ်နှစ်အတွင်း ရွေးကောက်ပွဲလုပ်ပေးမယ်လို့ အဲဒီတုန်းက ကတိပေးခဲ့တာပါ။ ဒါပေမယ့် နောက်ပိုင်းမှာ တိုင်းပြည်မတည်ငြိမ်တာကိုအကြောင်းပြကာ ရွှေ့ဆိုင်းခဲ့ပြီး ၂၀၂၃ ခုနှစ် ဩဂုတ်လမှာ ရွေးကောက်ပွဲလုပ်မယ်လို့ နောက်ဆုံး ထုတ်ပြန်ထားပါတယ်။

    ဒဲရစ်ခိုလက်က စစ်ကောင်စီရဲ့ ဒီအစီအစဉ်ဟာ ဒေသတွင်းနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကို လှည့်စားဖို့ဖြစ်တယ်လို့ စင်ကာပူမှာ မနေ့ကလုပ်တဲ့ ဆွေးနွေးပွဲတစ်ခုမှာ ပြောကြားခဲ့ပါတယ်။

    “လွတ်လပ်ပြီး၊ တရားမျှတတဲ့ ရွေးကောက်ပွဲမျိုးဖြစ်လာဖို့ အလားအလာမရှိဘူးလို့ ကျွန်တော်ထင်ပါတယ်။ ဒေသတွင်းနဲ့ နိုင်ငံတကာကို လှည့်စားဖို့ ကြိုးပမ်းမှုသာ ဖြစ်ပါလိမ့်မယ်”

    စစ်အာဏာသိမ်းမှုဆန့်ကျင်တဲ့ ပြည်သူလူထုရဲ့လှုပ်ရှားမှုတွေကို စစ်ကောင်စီက အကြမ်းပတမ်း တုန့်ပြန်ရာမှာ အခုအချိန်အထိ လူ ၂ ထောင်ကျော်သေဆုံးခဲ့ပြီး ထောင်သောင်းချီ ဖမ်းဆီးခံထားရပါတယ်။ လက်နက်ကိုင်တော်လှန်ရေး အားကောင်းတဲ့ ဒေသတွေမှာ စစ်တပ်က ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးမှုတွေလည်း နေ့စဉ်ရက်ဆက် ဖြစ်နေပါတယ်။

    မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ် နိုလင်းဟေဇာက စစ်တပ်ကလုပ်ဖို့ စီစဉ်ထားတဲ့ တရားမဝင် ရွေးကောက်ပွဲဟာ ပြည်သူ့ဆန္ဒကို အလေးထားပြီး၊ အရပ်သားအုပ်ချုပ်ရေးကို ပြန်သွားမယ့် ရွေးကောက်ပွဲမျိုး မဟုတ်ဘူးလို့ ပြည်သူလူထုက ‌ယူဆရင် တိုင်းပြည်မှာ မတည်ငြိမ်မှုကိုသာ ထပ်ဖြစ်စေလိမ့်မယ်လို့ သုံးသပ်ပါတယ်။

    Ref: AFP

  • အစ္စရေးကိုရှုတ်ချသည့် ကုလ၏ အစီရင်ခံစာသစ်တစ်ခု ထပ်ထွက်လာ

    အစ္စရေးကိုရှုတ်ချသည့် ကုလ၏ အစီရင်ခံစာသစ်တစ်ခု ထပ်ထွက်လာ

    ဇွန် ၈၊ ၂၀၂၂
    M-Media

    -ပါလက်စတိုင်းပိုင်နက်မှာ အစ္စရေးရဲ့ကျူးကျော်မှုတွေ၊ ဖိနှိပ်ချုပ်ချယ်တဲ့ မူ၀ါဒတွေကို ဆန့်ကျင်ရှုတ်ချတဲ့ ကုလသမဂ္ဂရဲ့ အစီရင်ခံစာသစ်တစ်စောင် မနေ့က ထွက်လာပါတယ်။

    ၂၀၂၁ ခုနှစ် ဂါဇာကမ်းမြှောင်ကို အစ္စရေးက တိုက်ခိုက်ခဲ့ပြီးတဲ့နောက် ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးကောင်စီက လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်တစ်ခု ဖွဲ့စည်းပြီး အစ္စရေးရဲ့ လုပ်ရပ်တွေကို သုံးသပ်ခဲ့တာပါ။ ပါလက်စတိုင်းပိုင်နက်မှာ ပြည်ပကဂျူးတွေ ၀င်ရောက်ပြီး လက်နက်ကိုင်သိမ်းပိုက်ကာ အစ္စရေးနိုင်ငံ ထူထောင်မှုမှာ ဗြိတိန်နဲ့ ကုလသမဂ္ဂတို့က အဓိကကျတဲ့ အခန်းကဏ္ဍကနေ ပါ၀င်ခဲ့တာ ဖြစ်ပါတယ်။

    အင်္ဂါနေ့က ကုလရဲ့ထုတ်ပြန်ချက်မှာ အရင်က ပါလက်စတိုင်းနိုင်ငံထူထောင်ရေး နှစ်ဖက်သဘောတူထားတဲ့ အနောက်ဖက်ကမ်း၊ အရှေ့ဂျေရုစလင်တို့ကို အစ္စရေးဖက်က အပြည့်အ၀ထိန်းချုပ်နိုင်ရေး ကြိုးပမ်းနေတာကို တွေ့ရပြီး ရပ်တန့်မယ့်အလားအလာမျိုး မရှိဘူးလို့ ဖော်ပြထားပါတယ်။

    ဒီလို ကျူးကျော်သိမ်းပိုက်မှုတွေ၊ ပါလက်စတိုင်းတွေအပေါ် ညှင်းပမ်းမှုတွေ၊ ဂျူးတွေများလာပြီး ပါလက်စတိုင်းတွေနည်းသွားအောင်လုပ်တာတွေ ရပ်တန့်ဖို့လည်း စုံစမ်းစစ်ဆေးရေးကော်မရှင်က အစ္စရေးကို တိုက်တွန်းထားပါတယ်။

    အနောက်ဖက်ကမ်းနဲ့ အရှေ့ဂျေရုစလင်က အစ္စရေးရဲ့ ကျူးကျော်အိမ်ယာတွေမှာ နေထိုင်တဲ့ ဂျူးလူမျိုးအရေအတွက် ၇ သိန်းကျော်ရှိပြီး နိုင်ငံတကာအသိုင်းအ၀ိုင်းက ဒီလိုအိမ်ယာတွေ ဆောက်လုပ်မှုကို ကန့်ကွက်ထားပါတယ်။

    ဂါဇာကမ်းမြှောင်ကို ထိန်းချုပ်ထားတဲ့ ပါလက်စတိုင်းတော်လှန်ရေးအဖွဲ့ ဟားမက်စ်နဲ့ အနောက်ဖက်ကမ်းက ပါလက်စတိုင်းအာဏာပိုင်အဖွဲ့တို့က ကုလရဲ့ ဒီအစီရင်ခံစာကို ချီးကျူးကြိုဆိုကြောင်း ပြောကြားခဲ့ပြီး ပါလက်စတိုင်းတွေအပေါ် ကျူးလွန်တဲ့ စစ်ရာဇ၀တ်မှုတွေအတွက် အစ္စရေးခေါင်းဆောင်တွေကို တရားစွဲဆိုဖို့ တိုက်တွန်းခဲ့ပါတယ်။

    အစ္စရေး နိုင်ငံခြားရေး၀န်ကြီးဌာနက ကော်မရှင်ဟာ​ အချိန်နဲ့ ​ေငွကို ဖြုန်းတီးပစ်တာသာဖြစ်တယ်လို့ ရှုတ်ချခဲ့ပါတယ်။

    ကုလလူ့အခွင့်အရေးကောင်စီရဲ့ လာမယ့်တစ်ပတ်အစည်းအ​ေ၀းမှာ ဒီအစီရင်ခံစာကို ဆွေးနွေးမှာ ဖြစ်ပါတယ်။

    Ref : Reuters