News @ M-Media

Blog

  • အီရန်က လျှို့၀ှက် မြေအောက်ဒရုန်းတပ်စခန်း

    အီရန်က လျှို့၀ှက် မြေအောက်ဒရုန်းတပ်စခန်း

    မေ ၂၈၊ ၂၀၂၂
    M-Media

    -စစ်တပ်အကြီးအကဲ ဗိုလ်ချုပ် အဘ်ဒွလ်ရာဟင် မူဆာဗီ လျှို့၀ှက် မြေအောက်ဒရုန်းတပ်စခန်း သွားရောက်စစ်ဆေးကြည့်ရှုတဲ့ ဓာတ်ပုံတွေကို အီရန်က ထုတ်ပြလာပါတယ်။

    ဒါဟာ သိုသိုသိပ်သိပ် တည်ဆောက်နေတဲ့ ဒရုန်းတပ်ဖွဲ့နဲ့ပတ်သက်ပြီး အီရန်ရဲ့ ပထမဆုံး လူသိရှင်ကြား ထုတ်ပြန်မှုပါ။

    ဇာဂရို့စ်တောင်တန်းအောက်မှာ တည်ဆောက်ထားတဲ့ ဒီစခန်းမှာ ပြည်တွင်းဖြစ် ထိပ်တန်းဒရုန်းပေါင်း ၁၀၀ လောက် သိမ်းဆည်းထားတယ်လို့ အီရန်နိုင်ငံပိုင် သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

    “အီရန်ရဲ့ ဒရုန်းတပ်ဖွဲ့အင်အားဟာ ဒေသတွင်း အင်အားအကောင်းဆုံးဆိုတာ သံသယဖြစ်စရာ မလိုပါဘူး။ ကျွန်တော်တို့ရဲ့ ဒရုန်းတွေအဆင့်မြှင့်တင်နိုင်စွမ်းကို ဘယ်သူမှ တားဆီးလို့ မရပါဘူး” လို့ စစ်တပ်အကြီးအကဲ မူဆာဗီက ပြောပါတယ်။

    အစိုးရသတင်းဌာန သတင်းထောက်က ဒီတပ်စခန်းဟာ နိုင်ငံအနောက်ပိုင်း ကာရ်မန်ရှားမြို့ကနေ ရဟတ်ယာဥ်နဲ့ ၄၅ မိနစ်သွားရပြီး သူ့ကို မျက်လုံးအ၀တ်စည်း ခေါ်ဆောင်သွားတာလို့ ပြောပါတယ်။

    ထုတ်ပြန်ခဲ့တဲ့ ဓာတ်ပုံတွေ ဗီဒီယိုတွေထဲမှာ Ababil-5 အပါအ၀င် ပြည်တွင်းဖြစ် လက်နက်တပ်ဒရုန်း တော်တော်များများကို တွေ့ရပါတယ်။

    အီရန်ဟာ ပြီးခဲ့တဲ့နှစ်ကလည်း လျှို့၀ှက် မြေအောက်ဒုံးကျည်စခန်း ပုံတွေကို ထုတ်ပြန်ခဲ့ဖူးပါတယ်။

    Ref: Reuters

    mmInternationalNews

  • အီလွန်မက်စ်၏ စတားလင့် ဂြိုဟ်တုကွန်ယက်ကို ဖျက်ဆီးရန် တရုတ်စဥ်းစားနေ

    အီလွန်မက်စ်၏ စတားလင့် ဂြိုဟ်တုကွန်ယက်ကို ဖျက်ဆီးရန် တရုတ်စဥ်းစားနေ

    မေ ၂၈၊ ၂၀၂၂

    M-Media

    -နည်းပညာထိပ်သီး အီလွန်မက်စ်ရဲ့ ဂြိုဟ်တုအခြေပြု အင်တာနက်ဆက်သွယ်ရေးစနစ် (Starlink) ကွန်ယက်ကို ဖျက်ဆီးဖို့ ကြိုးစားရမယ်လို့ တရုတ်သိပ္ပံပညာရှင်တွေက တိုက်တွန်းလိုက်ပါတယ်။

    Starlink ဟာ ကမ္ဘာတစ်၀ှမ်း ၀ေးလံခေါင်ဖျားတဲ့ဒေသတွေအထိ အင်တာနက်ဆက်သွယ်မှုကို စျေးသက်သက်သာနဲ့ အသုံးပြုနိုင်ဖို့ ရည်ရွယ်တာဖြစ်ပြီး ဒီစနစ်အတွက် ကမ္ဘာပတ်လမ်းမှာ ဂြိုဟ်တုကွန်ယက်ကို ဖြန့်ကျက်ထားတာပါ။ 

    တရုတ်ကာကွယ်ရေးဌာနက ၀ါရင့်သိပ္ပံပညာရှင် ၅ ဦးရဲ့ ပြီးခဲ့တဲ့လ သုံးသပ်ချက်စာတမ်းမှာ စတားလင့်ဂြိုဟ်တုကွန်ယက်ကို တရုတ်နိုင်ငံရဲ့ လုံခြုံရေး ထိခိုက်အောင် အသုံးပြုလာနိုင်တဲ့အတွက် သုံးမရအောင်လုပ်ဖို့ ဒါမှမဟုတ် ဖျက်ဆီးပစ်ဖို့ လိုအပ်တယ်လို့ ဖော်ပြထားပါတယ်။ 

    ဒီအဖွဲ့ကို ပညာရှင် ယန့်ယွမ်ကျန်းက ဦးဆောင်တာပါ။ စတားလင့် ကွန်ယက်ကို ဖျက်ဆီးနိုင်မယ့် နည်းလမ်းတွေ အသေအချာ ရှာဖွေဖော်ထုတ်ဖို့ သူတို့အဖွဲ့က တိုက်တွန်းထားပြီး၊ ဒီလိုလုပ်ဆောင်မှသာ အာကာသစိုးမိုးနိုင်မှုကို တရုတ်က ထိန်းထားနိုင်လိမ့်မယ်လို့လည်း စာတမ်းမှာ တိုက်တွန်းထားပါတယ်။ 

    အမေရိကန် ဒရုန်းတွေ၊ ကိုယ်ပျောက်တိုက်လေယာဥ်တွေဟာ စတားလင့် အင်တာနက်ကွန်ယက်နဲ့ ချိတ်ဆက်လိုက်ရင် လက်ရှိထက် အဆ ၁၀၀ မြန်တဲ့ အင်တာနက်ဆက်သွယ်မှုကို ရရှိမှာဖြစ်ပြီး တရုတ်ရဲ့ အာကာသစိုးမိုးနိုင်စွမ်းကို နောက်ကောက်ကျစေလိမ့်မယ်လို့ ယန့်ယွမ်ကျန်းက ဆိုပါတယ်။ 

    စတားလင့် ဂြိုဟ်တုဆက်သွယ်ရေးကွန်ယက်ကို ဖျက်ဆီးဖို့ တရုတ်မှာ နည်းပညာမရှိပါဘူး။ 

    ဂြိုဟ်တုဖျက်ဒုံးကျည်နဲ့ ပစ်ခတ်ဖြိုခွင်းတာ၊ မြေပြင်အခြေစိုက် လေဆာလက်နက်နဲ့ပစ်တဲ့ နည်းလမ်းမျိုးတွေ သုံးလို့ရပေမယ့် တရုတ်ဟာ လက်ရှိအနေအထားအရ ဒီလိုစွမ်းဆောင်နိုင်စွမ်း မရှိသေးပါဘူး။ 

    တရုတ်မှာ စွမ်းအားမြင့် မိုက်ခရို၀ေ့ဗ်လက်နက် (RKA) ရှိနေပြီး ဂြိုဟ်တုတွေမှာ တပ်ဆင်ကာ စလားလင့်ဂြိုဟ်တုက အရေးပါတဲ့ အစိတ်အပိုင်းတွေကို ဖျက်ဆီးပစ်နိုင်ပါတယ်။ 

    ဒါပေမယ့် စတားလင့်စနစ်ဟာ ဗဟိုထိန်းချုပ်မှု မရှိတဲ့ ကွန်ယက်တစ်ခုဖြစ်တဲ့အတွက် ဂြိုဟ်တုတစ်ချို့ကို ဖျက်ဆီးလိုက်ရုံနဲ့ စနစ်က ရပ်ဆိုင်းမသွားပါဘူး။ 

    ဂြိုဟ်တုတွေအများကြီးကို တစ်ချက်တည်းနဲ့ ဖျက်ဆီးနိုင်မယ့် X-ray  လေဆာလက်နက်မျိုးကို တရုတ်က ဖန်တီးလာနိုင်ပါတယ်။ ၁၉၇၀ ပြည့်နှစ်တွေကတည်းက ဒီလက်နက်ဖန်တီးဖို့ ကမ္ဘာ့နိုင်ငံတွေ ကြိုးစားခဲ့ပေမယ့် နည်းပညာဆိုင်ရာ အခက်အခဲတစ်ချို့ကို လက်ရှိအချိန်အထိ မကျော်လွှားနိုင်သေးပါဘူး။ 

    Ref: Asia Times 

  • အစ္စရေးနှင့်ဆက်ဆံမှုကို ရာဇ၀တ်မှုအဖြစ် အီရတ်သတ်မှတ်

    အစ္စရေးနှင့်ဆက်ဆံမှုကို ရာဇ၀တ်မှုအဖြစ် အီရတ်သတ်မှတ်

    မေ ၂၈၊ ၂၀၂၂
    M-Media

    -အစ္စရေးနဲ့ ဆက်သွယ်ဆောင်ရွက်မှုမှန်သမျှ ရာဇ၀တ်မှုမြောက်တယ်လို့ သတ်မှတ်တဲ့ ဥပေဒကို အီရတ်လွှတ်တော်က ကြာသာပတေးနေ့မှာ အတည်ပြုလိုက်ပါတယ်။

    စီးပွားရေးအပါအ၀င် ဘယ်လိုဆက်သွယ်ဆောက်မှုမျိုးမဆို ရာဇ၀တ်မှုမြောက်မှာ ဖြစ်ပါတယ်။ လွှတ်တော်ရဲ့ ထုတ်ပြန်ချက်မှာ ဒီဥပဒေဟာ အီရတ်ပြည်သူတွေရဲ့ ဆန္ဒအစစ်အမှန်ကို ထင်ဟပ်နေတာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

    ဥပဒေပြဌာန်းပြီးတဲ့နောက် မြို့တော်ဘဂ္ဂဒတ်မှာ အီရတ်ပြည်သူတွေ လမ်းပေါ်ထွက် အောင်ပွဲခံခဲ့ကြပါတယ်။

    အီရတ်ဟာ ၁၉၄၈ ခုနှစ် ပါလက်စတိုင်းပိုင်နက်မှာ ပေါ်ပေါက်လာတဲ့ အစ္စရေးနိုင်ငံကို အသိအမှတ်မပြုဘဲတရား၀င် အဆက်အသွယ်လည်း မရှိပါဘူး။

    အခု ဥပဒေကို ဘယ်လိုအကောင်အထည်ဖော်မလဲဆိုတာ တိတိကျကျ မသိရသေးဘဲ အီရတ်နိုင်ငံအတွင်း လုပ်ကိုင်နေတဲ့ နိုင်ငံတကာကုမ္ပဏီအပေါ် ထိခိုက်လာနိုင်ခြေရှိပါတယ်။

    အီရတ်ရဲ့ အခုဆောင်ရွက်မှုကို အမေရိကန်နဲ့ အစ္စရေးကိုက ပြင်းပြင်းထန်ထန် ကန့်ကွက်ထားပါတယ်။

    Ref: Reuters

  • အကောင်းဆုံးနောက်ခံလူကိစ္စ ဖာဒီနန်နှင့် တယ်ရီတို့ အချင်းများ

    အကောင်းဆုံးနောက်ခံလူကိစ္စ ဖာဒီနန်နှင့် တယ်ရီတို့ အချင်းများ

    မေ ၂၇၊ ၂၀၂

    M-Media

    အကောင်းဆုံးနောက်ခံလူကိစ္စ ဖာဒီနန်နှင့် တယ်ရီတို့ အချင်းများ 

    -မန်ယူနောက်ခံလူဟောင်း ရီယိုဖာဒီနန်ရဲ့ ပရီးမီးယားလိဂ်သမိုင်းက အကောင်းဆုံး နောက်ခံလူရွေးမှုကို ချယ်ဆီးနောက်ခံလူဟောင်း ဂျွန်တယ်ရီက ၀ေဖန်လိုက်ပါတယ်။ 

    နောက်ခံလူ ၅ ယောက်ပါတဲ့ အဲဒီစာရင်းမှာ ဖာဒီနန်က သူ့ကိုယ်သူ နံပါတ် ၁ ထားပြီး၊ တယ်ရီကို နောက်ဆုံးမှာ ထားခဲ့တာပါ။ 

    တယ်ရီက ဖာဒီနန်ဟာ အတ္တကြီးတဲ့သူလို့ Twitter စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ Twitter အသုံးပြုသူတစ်ယောက်က ရီယိုဖာဒီနန်ရဲ့ အစ်ကို အန်တန်ဖာဒီနန်ကို ၂၀၁၁ ခုနှစ်မှာ တယ်ရီက လူမျိုးရေးခွဲခြား ပြောဆိုခဲ့တယ်ဆိုတဲ့ကိစ္စကို တိုက်ခိုက်ရေးသားခဲ့ပြီး တယ်ရီက ဒီအတွက် တရားရုံးက အပြစ်မရှိဘူးလို့ ဆုံးဖြတ်ခဲ့ကြောင်း တုန့်ပြန်ပါတယ်။ 

    ချယ်ဆီးပရိတ်သတ်တစ်ယောက်ကလည်း ဖာဒီနန်ဟာ တယ်ရီကို ဖိနပ်ကြိုးချည်ပေးဖို့တောင် အဆင့်မရှိဘူးလို့ ရေးသားခဲ့ပါတယ်။ 

    မန်ယူကို နောက်ဆုံးအချိန်မှာ ပယ်ချခဲ့တဲ့ မာနေး

    -၂၀၁၆ ခုနှစ်က မန်ယူကို နောက်ဆုံးအချိန်ရောက်မှ ပယ်ချကာ လီဗာပူးလ်ကို သွားခဲ့တာလို့ တိုက်စစ်မှူး ဆာဒီယိုမာနေးက ဖွင့်ဟလာပါတယ်။ 

    မာနေးဟာ မော်ရင်ဟိုနည်းပြနေတဲ့ မန်ယူဆီက စာချုပ်ရပြီး လက်မှတ်ထိုးတော့မယ့်အချိန်မှာ လီဗာပူးနည်းပြ ကလော့ပ်က ကြားဖြတ်ခေါ်ယူသွားခဲ့တာဖြစ်ပါတယ်။ 

    ကလော့ပ် ဒေါ့မွန်မှာတုန်းက ခေါ်မယ်ဆိုပြီး မခေါ်ဖြစ်ခဲ့တဲ့ကိစ္စကို စိတ်ခုခဲ့ပေမယ့် ကလော့ပ်က ပြန်ရှင်းပြခဲ့တဲ့အတွက် ခွင့်လွှတ်ပေးခဲ့ပြီး လီဗာပူးလ်ရဲ့ ကြီးမားတဲ့စီမံကိန်းမှာ ပါ၀င်ဖို့ ဆွယ်တာကြောင့် ပြောင်းဖြစ်ခဲ့တာလို့ မာနေးက ဆိုပါတယ်။ 

    “မန်ယူနဲ့ အားလုံး သဘောတူပြီးပြီဗျ။ အားလုံးအဆင်သင့်ပဲ။ ရုတ်တရက် – လီဗာပူးလ်မှာ ပိုအဆင်ပြေမယ်ဆိုတဲ့အတွေး ၀င်လာတယ်။ ကလော့ပ်ကလည်း သူ့စီမံကိန်းတွေကိုပြပြီး ကျွန်တော့်ကိုဆွယ်တယ်။ အဲဒီတုန်းက သူဖုန်းခေါ်တဲ့အချိန်ကို အခုအထိ ကျွန်တော် မှတ်မိပါတယ်”

    ချန်ပီယံလိဂ်ဖိုင်နယ်ကွင်းအတွက် စိုးရိမ်မှုရှိနေ

    -ချန်ပီယံလိဂ်  နောက်ဆုံးဗိုလ်လုပွဲကစားမယ့် ပြင်သစ်နိုင်ငံ ပဲရစ်မြို့က Stade de France ဘောလုံးကွင်းမှာ မြက်ခင်းကို အလျင်စလို ခင်းခဲ့ရပြီး ကွင်းအခြေအနေအတွက် စိုးရိမ်မှုတွေလည်း ရှိနေပါတယ်။ 

    ဗိုလ်လုပွဲကို ရုရှားနိုင်ငံ စိန့်ပီတာစဘတ်ကကွင်းမှာ ကျင်းပဖို့ စီစဥ်ထားပေမယ့် ယူကရိန်းကျူးကျော်စစ်ကြောင့် ဥရောပဘောလုံးအဖွဲ့ချုပ်က ပဲရစ်ကို ပြောင်းလိုက်တာပါ။ 

    Stade de France မှာ တနင်္ဂနွေ့နေ့ မနက်ပိုင်းအထိ ရှိုးပွဲကျင်းပခဲ့ပြီး၊ ဘောလုံးပွဲအတွက် မြက်ခင်းကိုလည်း စပိန်ကနေ ထရပ်ကား ၂၀ ကျော်နဲ့မှာယူခဲ့ရကာ ကြာသာပတေးနေ့ နေ့လယ်ပိုင်းကမှ ခင်းပြီးခဲ့ပါတယ်။ အလျင်စလိုခင်းခဲ့တာဖြစ်ပြီး ပုံမှန်ကြာချိန်ထက် ထက်၀က်လောက် မြန်ခဲ့ပါတယ်။ 

    ယှဥ်ပြိုင်မယ့် လီဗာပူးလ်နဲ့ ရီးယဲလ်မက်ဒရစ်တို့ဟာ ကွင်းအခြေအနေကို အသားကျဖို့အတွက် သောကြောနေ့ညပိုင်းမှာ အဲဒီကွင်းအတွင်း လေ့ကျင့်ခန်းဆင်းရမှာ ဖြစ်ပါတယ်။ 

  • အိန္ဒိယ၊ တရုတ်တို့ကို ပိုက်လိုင်းဖြတ်၍ ရုရှားထံမှ စွမ်းအင်၀ယ်ရန် စစ်ကောင်စီ ကြိုးပမ်း

    အိန္ဒိယ၊ တရုတ်တို့ကို ပိုက်လိုင်းဖြတ်၍ ရုရှားထံမှ စွမ်းအင်၀ယ်ရန် စစ်ကောင်စီ ကြိုးပမ်း

    မေ ၂၇၊ ၂၀၂၂
    M-Media

    An overview shows apartment buildings in Xuchang, Henan province, China, December 14, 2018. Picture taken December 14, 2018. REUTERS/Yawen Chen

    -နိုင်ငံအတွင်း စွမ်းအင်လုပ်ငန်းတွေက နိုင်ငံတကာကုမ္ပဏီတွေ ထွက်ခွာသွားတဲ့အချိန် စစ်ကောင်စီဟာ ရုရှားထံကနေ ရေနံနဲ့ သဘာဓာတ်ငွေ့တွေကို ပိုက်လိုင်းသွယ် တင်သွင်းဖို့ ကြိုးပမ်းလာပါတယ်။

    မြန်မာနိုင်ငံက ရေနံ၊ သဘာဓာတ်ငွေ့လုပ်ငန်းတွေမှာ လုပ်ကိုင်နေတဲ့ မလေးရှား ကုမ္ပဏီ Petronas၊ ထိုင်းကုမ္ပဏီ PTTEP၊ အမေရိကန်ကုမ္ပဏီ Chevron၊ ပြင်သစ်ကုမ္ပဏီ TotalEnergies တို့ဟာ စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဆန့်ကျင်တဲ့အနေနဲ့ စစ်တပ် အကျိုးအမြတ်ရနေတဲ့ စွမ်းအင်လုပ်ငန်းတွေကနေ နှုတ်ထွက်ကြောင်း ကြောငြာခဲ့ကြပါတယ်။

    မြင့်တက်လာတဲ့စွမ်းအင်ပြဿနာကို ဖြေရှင်းဖို့အတွက် စစ်ကောင်စီဟာ ပြီးခဲ့တဲ့လက ရုရှားနိုင်ငံ တာတာဆန် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အာဏာပိုင်တွေကို ဖိတ်ခေါ်ပြီး ဆွေးနွေးခဲ့ပါတယ်။

    စစ်ကောင်စီခန့် ၀န်ကြီးနှစ်ဦးဖြစ်တဲ့ ဦးမောင်မောင်ဦးနဲ့ ဦးအောင်နိုင်ဦးတို့ကလည်း ပြီးခဲ့တဲ့လမှာပဲ တရုတ်တာ၀န်ရှိသူတွေနဲ့ မြန်မာနိုင်ငံမှာ ရေအားလျှပ်စစ်ဆည်တွေဆောက်ရေး ဆွေးနွေးခဲ့ပါတယ်။

    အိန္ဒိယ ဒါမှမဟုတ် တရုတ်ကိုဖြတ်ပြီး ရုရှားထံက ရေနံနဲ့ သဘာ၀ဓာတ်ငွေ့ တင်သွင်းရေးအတွက် ရုရှားဦးဆောင်တဲ့ ယူရေးရှား စီးပွားရေးသမဂ္ဂနဲ့ စစ်ကောင်စီက သဘောတူညီချက် ရခဲ့ပါတယ်။

    ရန်ကုန်မြို့ သံလျင်မြို့နယ်က ရေနံသိုလှောင်ရုံနဲ့ ရေနံချက်စက်ရုံတို့ကို အဆင့်မြှင့်တင်ရေးလည်း သဘောတူညီချက်မှာ ပါ၀င်ပါတယ်။

    ရုရှားဟာ မြန်မာနိုင်ငံကို ရေနံ၊ သဘာ၀ဓာတ်ငွေ့တွေ တင်ပို့ပေးဖို့လမ်းကြောင်း ၃ ခုကို စဥ်းစားနေပါတယ်။

    ပင်လယ်နက် ဒါမှမဟုတ် ဂျပန်တို့ကိုဖြတ်ပြီး သင်္ဘောတွေနဲ့ သံလျင်ကို တိုက်ရိုက်ပို့ပေးဖို့၊ အိန္ဒိယက ကပ္ပလီပင်လယ်မှာ ဆိပ်ကမ်းသစ်တစ်ခု ဆောက်လုပ်ပြီး အဲဒီကနေတစ်ဆင့် ပိုက်လိုင်းနဲ့ သန်လျင်ကို ပို့ဆောင်ဖို့၊ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှာရှိတဲ့ တရုတ်ဓာတ်ငွေ့ပိုက်လိုင်းကိုငှားပြီး ပို့ဆောင်ဖို့ ဖြစ်ပါတယ်။

    ရုရှားထံကနေ စွမ်းအင်တွေကို မြန်မာနိုင်ငံက ရေနံနဲ့ သဘာ၀ဓာတ်ငွေ့ သန့်စင်စက်ရုံတွေက လက်ခံဖြန့်ဖြူးပေးနိုင်မယ့် အရည်အသွေးမရှိသေးဘဲ ဒါတွေကို အရင်ဆုံး အဆင့်မြှင့်တင်ဖို့ လိုအပ်တယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။

    Ref: South China Morning Post

    mmMyanmarNews