News @ M-Media
Blog
  • ဂျာမန်မွတ်စလင်အမျိုးသမီးတစ်ဦး လွှတ်တော်ဥက္ကဌအဖြစ် တင်မြှောက်ခံရ
    ဂျာမန်မွတ်စလင်အမျိုးသမီးတစ်ဦး လွှတ်တော်ဥက္ကဌအဖြစ် တင်မြှောက်ခံရ
    မေ ၁၄၊ ၂၀၁၆
    M-Media
    german
    – ဂျာမနီနိုင်ငံရှိ Baden-Wuerttemberg ပြည်နယ် လွှတ်တော်ဥက္ကဌနေရာအတွက် မွတ်စလင်အမျိုးသမီးတစ်ဦး ပထမဆုံး ရွေးချယ်ခံခဲ့ရသည်ဟု သိရသည်။
    Green ပါတီမှ အသက် ၅၀ အရွယ်ရှိ မူဟ်သီရမ် အေရက်စ်ဖြစ်ပြီး သူမကမူ မိမိအား ထိုကဲ့သို့ ရွေးချယ်မှုမှာ နိုင်ငံအတွက် သမိုင်းဝင်ခြေလှမ်းဖြစ်သည်ဟု ပြောကြားခဲ့သည်။ အေရက်စ်မှာ ပြောင်းရွှေ့အခြေချသူဆန့်ကျင်ရေး ပါတီဝင်တစ်ဦးထံမှ လွှတ်တော် ဥက္ကဌနေရာကို ဗုဒ္ဓဟူးနေ့တွင် လွှဲပြောင်းရယူခဲ့သည်။
    “ဒီနေ့ ကျွန်မတို့ သမိုင်းသစ် ရေးထိုးခဲ့ပါပြီ” ဟု အေရက်ဇ်က အမတ်အများစု၏ ထောက်ခံမှုဖြင့် ရွေးချယ်ခံရပြီးနောက် ပြောကြားခဲ့သည်။ ထို့ပြင် သူမ၏ ထိုအောင်ပွဲမှာ ပွင့်လင်းမှု၊ သည်းခံမှုနှင့် အောင်မြင်သော ပူးပေါင်းပါဝင်မှု သတင်းစကားဖြစ်သည်ဟုလည်း ဆိုသည်။
    အေရက်ဇ်မှာ တူရကီတွင် မွေးဖွားခဲ့သူဖြစ်ပြီး ကလေးဘ၀ကတည်းက စတုဂတ်မြို့အနီးရှိ မြို့ငယ်လေးသို့ မိသားစုဖြင့် ပြောင်းရွှေ့လာခဲ့ခြင်းဖြစ်သည်။ ထို့နောက် စီးပွားရေးပညာရပ်ကို လေ့လာခဲ့ကာ အခွန်ဆိုင်ရာ အကြံပေးလုပ်ငန်းတစ်ခုကို ဖွင့်လှစ်ထားသည်။
    သူမ၏ နိုင်ငံရေးသမားဘ၀မှာ ၁၉၉၂ ခုနှစ်တွင် စတင်ခဲ့ပြီး Green ပါတီဝင်အဖြစ် မြိုနယ်ကောင်စီတွင် တာဝန်ထမ်းဆောင်ခဲ့သည်။ ထို့နောက် ပါတီ၏ မြို့နယ်ဆိုင်ရာ ခေါင်းဆောင်တစ်ဦး ဖြစ်လာခဲ့ပြီး Baden-Wuerttemberg ပြည်နယ်လွှတ်တော်တွင် ကိုယ်စားပြုခွင့် ရရှိခဲ့သည်။
    Ref: Independent
  • လက်စတာတိုက်စစ်အတွဲကို ဂုဏ်ပြုသည့်အနေဖြင့် Nike က အထူးဖိနပ် ထုတ်လုပ်ပေး
    လက်စတာတိုက်စစ်အတွဲကို ဂုဏ်ပြုသည့်အနေဖြင့် Nike က အထူးဖိနပ် ထုတ်လုပ်ပေး
    မေ ၁၄၊ ၂၀၁၆
    M-Media
    vardy 1
    – ပရီးမီးယားလိဂ်ချန်ပီယံ လက်စတာစီးတီးအသင်း၏ တိုက်စစ်မှူးများဖြစ်သော ဂျာမီဗာဒီနှင့် ရီယာ့ဒ်မဟ်ရက်ဇ်တို့အား ဂုဏ်ပြုသောအားဖြင့် ကမ္ဘာကျော် အားကစားကုမ္ပဏီဖြစ်သော Nike က အထူး ဘောလုံးကန်ဖိနပ် ၂ ရံကို ထုတ်လုပ်ပေးခဲ့သည်ဟု သိရသည်။
    ၎င်းတို့နှစ်ဦးမှာ လက်စတာ ချန်ပီယံဖြစ်ရေးလမ်းကြောင်းတွင် သွင်းဂိုးများ၊ ဖန်တီးမှုများဖြင့် ကူညီပေးခဲ့ပြီး ပရီးမီးယားလိဂ်တွင် နှစ်ဦးပေါင်း ၄၁ ဂိုး သွင်းယူပေးခဲ့သည်။ ထို့ပြင် PFA နှင့် FWA မှ ပေးအပ်ချီးမြှင့်သော တစ်နှစ်တာ အကောင်းဆုံး ဘောလုံးသမားဆုများကိုလည်း ၎င်းတို့ ၂ ဦးက ရရှိခဲ့သည်။
    Nike က ၎င်းတို့၏ ထိုအောင်မြင်မှုအတွက် Vahrez ဟူသော အမည်ဖြင့် ဘောလုံးကန်ဖိနပ်တစ်ရံကို ထုတ်လုပ်ပေးခဲ့ပြီး အဖြူနှင့် အနက်ရောင်စပ်ထားသော အဆိုပါဖိနပ်ကို ယခုတစ်ပတ် ချယ်ဆီးနှင့်ကစားမည့် ပရီးမီးယားလိဂ် နောက်ဆုံးပွဲတွင် ၀င်ဆင်ကစားမည်ဖြစ်သည်။
    “ဒီရာသီနောက်ဆုံးပွဲဟာ အခမ်းအနားတစ်ခုဖြစ်မှာဖြစ်ပြီး ကျွန်တော်နဲ့ မဟ်ရက်ဇ်ကြား ရှိနေတဲ့ နားလည်မှုအတွက် ကျွန်တော် ကျေနပ်မိပါတယ်။ ဒါဟာ ကျွန်တော်ဂုဏ်ယူရတဲ့ ကိစ္စတစ်ခုဖြစ်ပြီး ဒီဖိနပ်တွေကလည်း ဒါကို ရောင်ပြန်ဟပ်စေပါတယ်” ဟု ဗာဒီက ပြောကြားခဲ့သည်။
    မဟ်ရက်ဇ်ကမူ မိမိနှင့် ဗာဒီတို့မှာ ယခုအခြေအနေသို့ ရောက်ရှိရန် ပုံမှန်မဟုတ်သော အခြေအနေများကို ဖြတ်သန်းခဲ့ရကြောင်း ထိုသို့ဖြတ်သန်းခဲ့ရမှုက မိမိတို့အကြား နားလည်မှုကို တည်ဆောက်ပေးခဲ့ခြင်းဖြစ်ကြောင်း၊ ဖိနပ်သစ်ကို ယခုရာသီ မိမိတို့၏ အောင်မြင်မှု အထိမ်းအမှတ်အဖြစ် ၀င်ဆင်ရမည့်အတွက် ဂုဏ်ယူမိကြောင်း ပြောကြားခဲ့သည်။
    Ref: Goal
  • ဇီကာနှင့် ဦနှောက်သေးရောဂါ ဆက်နွယ်မှုကို တရုတ်ပညာရှင်များ ဖော်ထုတ်
    ဇီကာနှင့် ဦနှောက်သေးရောဂါ ဆက်နွယ်မှုကို တရုတ်ပညာရှင်များ ဖော်ထုတ်
    မေ ၁၄၊ ၂၀၁၆
    M-Media
    zika
    – မွေးကင်းစကလေးငယ်တွေမှာဖြစ်တတ်တဲ့ ဦးနှောက်သေးရောဂါနဲ့ ဇီကာဗိုင်းရပ်စ် တိုက်ရိုက်ဆက်နွယ်မှုရှိကြောင်းကို တရုတ်သိပ္ပံပညာရှင်များက ပထမဆုံးအကြိမ် ရှာဖွေဖော်ထုတ်လိုက်ပါတယ်။
    ဦးနှောက်သေးရောဂါဆိုတာ ဦးနှောက်နဲ့ ဦးခေါင်းခွံတို့ ပုံမှန် ဖွံဖြိုးမှုမရှိတဲ့ အခြေအနေဖြစ်ပြီး ဘရာဇီးနဲ့ အခြားနေရာတွေမှာ ဦးနှောက်သေးရောဂါနဲ့မွေးဖွားလာကြတဲ့ မွေးကင်းစကလေးငယ်တွေရဲ့ မိခင်တွေဟာ ဇီကာဗိုင်းရပ်စ်သယ်ဆောင်ထားတဲ့ ခြင် အကိုက်ခံရကြောင်း အတွေ့ရများလာပြီးတဲ့နောက်မှာ ၎င်းတို့ကြားဆက်စပ်မှုကို သံသယ၀င်လာကြပါတယ်။
    အခုတော့ တရုတ်သိပ္ပံအကယ်ဒမီကျောင်းက မျိုးရိုးဗီဇနဲ့ ဖွံ့ဖြိုးမှုဇီဝဗေဒဌာနက သိပ္ပံပညာရှင်တွေ၊ စစ်ဘက်ဆေးသိပ္ပံအကယ်ဒမီလက်အောက်က အနုဇီဝဗေဒနဲ့ ရောဂါပျံ့ပွားမှုထိန်းချုပ်ရေးဌာနက သိပ္ပံပညာရှင်တွေဟာ တိုက်ရိုက်ဆက်နွယ်မှုကို တွေ့ရှိထားပြီးဖြစ်ကြောင်း CCTV သတင်းဌာနက ဖော်ပြခဲ့ပါတယ်။
    တရုတ်လူနာတစ်ဦးစီက ဗိုင်းရပ်စ်နမူနာကိုယူကာ မွေးကင်းစကြွက်လေးတွေ ဦးနှောက်မှာ ထည့်သွင်းလေ့လာခဲ့တာဖြစ်ပြီး၊ ဦးနှောက်သေးရောဂါနဲ့ စက်ဆပ်နေတဲ့ လက္ခဏာတွေအားလုံးကို တွေ့ခဲ့ရတာဖြစ်ပါတယ်။
    စမ်းသပ်မှုမှာ ပါဝင်ခဲ့သူတစ်ဦးဖြစ်တဲ့ ကွင်ကတော့ ဒီလိုဖော်ထုတ်နိုင်တာဟာ ဦးနှောက်သေးရောဂါကို ကုသနိုင်မယ့် ဆေးဝါးနဲ့ ကာကွယ်ဆေးတွေ ထုတ်လုပ်ရာမှာ အသုံးဝင်မှာဖြစ်ပြီး ဇီကာကူးစက်နိုင်မှုကို တားဆီးရေးနဲ့ ကုသရေးတို့မှာလည်း အကူအညီဖြစ်စေနိုင်လိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။
    Ref: Reuter
  • ဖီဖာက ပထမဆုံး အမျိုးသမီး အထွေထွေအတွင်းရေးမှူးကို ခန့်အပ်
    ဖီဖာက ပထမဆုံး အမျိုးသမီး အထွေထွေအတွင်းရေးမှူးကို ခန့်အပ်
    မေ ၁၄၊ ၂၀၁၆
    M-Media
    fifa 1
    – ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာမှာ အဖွဲ့၏ အထွေထွေအတွင်းရေးမှူး ရာထူးအတွက် အမျိုးသမီးတစ်ဦးကို ပထမဆုံးခန့်အပ်ခဲ့ပြီး သမိုင်းသစ်ရေးထိုးခဲ့သည်ဟု သိရသည်။
    ခန့်အပ်ခံရသူမှာ ဆီနီဂေါနိုင်ငံသူ ဖာတမာ ဆာမူရာဖြစ်ပြီး ဥရောပမဟုတ်သည့် နိုင်ငံမှ ပထမဆုံး ဖီဖာအတွင်းရေးမှူးရာထူးကို ရရှိခဲ့သူဖြစ်သည်။ မက္ကဆီကိုတွင် ပြုလုပ်ခဲ့သည့် ဖီဖာကွန်ဂရက်တွင် ယမနေ့က ခန့်အပ်ခဲ့ခြင်းဖြစ်ပြီး ဆာမူရာမှာ ဇွန်လမှစ၍ တာဝန်ထမ်းဆောင်ရမည်ဖြစ်သည်။
    အသက် ၅၄ နှစ်အရွယ်ရှိ ဆာမူရာမှာ လက်ရှိတွင် ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ်အတွက် နိုက်ဂျီးရီးယားနိုင်ငံတွင် အခြေစိုက် လှုပ်ရှားနေပြီး သူမမှာ ကုလသမဂ္ဂ ကိုယ်စားပြု၍ အာဖရိကတစ်ဝှမ်း ဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်နေသည်မှာ ဆယ်စုနှစ် ၂ ခု ရှိပြီဖြစ်သည်။
    “ကျွန်တော်တို့ဟာ မတူကွဲပြားမှုကို ကျင့်သုံးချင်ပါတယ်။ ပြီးတော့ ကျား၊ မ တန်းတူညီမျှရေးရဲ့ စွမ်းအားကိုလည်း ကျွန်တော်တို့ ယုံကြည်ပါတယ်။ သူမဟာ အဖွဲ့အစည်းအကြီးကြီးတွေ၊ ဘက်ဂျက်ကြီးတွေ၊ လူ့စွမ်းအား အရင်းအမြစ်တွေကို စီမံခန့်ခွဲခဲ့ဖူးတယ်။ ဖီဖာအတွက် အားသစ်အင်သစ်ကို သူမ ဆောင်ယူလာမှာဖြစ်ပြီး အနာဂတ်မှာ မှန်ကန်တဲ့ အရာတွေကို ဖီဖာက ဆောင်ရွက်ရာမှာ သူက ကူညီပေးနိုင်မှာ ဖြစ်ပါတယ်” ဟု ဖီဖာဥက္ကဌ ဂီယန်နီ အင်ဖန်တီနိုက ပြောကြားခဲ့သည်။
    ဖီဖာ၏ အထွေထွေအတွင်းရေးမှူးဟောင်း ပြင်သစ်နိုင်ငံသား ဂျယ်ရိုမီ ဗော့လ်ကီမှာ ရုပ်သံ စာချုပ်များနှင့် ကမ္ဘာ့ဖလား လက်မှတ်များ ရောင်းချမှုကိစ္စတွင် မလျော်ကန်သည့် လုပ်ရပ်များ ပြုမူခဲ့ခြင်းကြောင့် ဇန်န၀ါရီလက အထုတ်ခံခဲ့ရကာ ဘောလုံးလောကမှ ၁၂ နှစ် ပိတ်ပင်ခံခဲ့ရသည်။
    Ref: Aljazeera
  • ကမ္ဘာ့ကိုယ်ခံ ပညာပေါင်းစုံ ပြိုင်ပွဲသို့ မြန်မာပြည် အလွတ်တန်း ချန်ပီယံ ထွန်းထွန်းမင်း ပထမဆုံးအကြိမ် ယှဉ်ပြိုင်မည်
    ကမ္ဘာ့ကိုယ်ခံ ပညာပေါင်းစုံ ပြိုင်ပွဲသို့ မြန်မာပြည် အလွတ်တန်း ချန်ပီယံ ထွန်းထွန်းမင်း ပထမဆုံးအကြိမ် ယှဉ်ပြိုင်မည်
    သတင်း – မောင်စိန်လွင်(မြန်မာ့အလင်း)
    ရန်ကုန် မေ ၁၃
    13179319_888518337942700_9042928045085995529_n
    ရိုးရာလက်ဝှေ့လောက၏ မြန်မာပြည် အလွတ်တန်းချန်ပီယံ ထွန်းထွန်းမင်း တစ်ယောက် ယခင်က တစ်ကြိမ်တစ်ခါမှ သွားရောက်ယှဉ်ပြိုင် ထိုးသတ်ဖူးခြင်း မရှိသေးသည့် ကမ္ဘာ့ကိုယ်ခံပညာပေါင်းစုံပြိုင်ပွဲသို့ ပထမဦးဆုံးအကြိမ် သွားရောက် ယှဉ်ပြိုင်ထိုးသတ်မည်ဖြစ်ကြောင်း ဦးဆောင်စီစဉ်သူ ဦးဝဏ္ဏ(မာဂျေ)ထံမှ သိရသည်။
    ”ဒီပွဲကို ထွန်းထွန်းမင်း သွားရောက်ယှဉ်ပြိုင်ထိုးသတ်ဖြစ်အောင် စီစဉ်ဖြစ်တာ ကတော့ ဂျပန်က ကမ္ဘာ့ကိုယ်ခံပညာပေါင်းစုံပြိုင်ပွဲရှိတယ်ဆိုပြီး လှမ်းဖိတ်တယ်။ မြန်မာနိုင်ငံက ထွန်းထွန်းမင်းအနေနဲ့ ဒီပွဲကို လာပြီးတော့ ယှဉ်ပြိုင်ထိုးသတ်မလား ပြောတော့ ကျွန်တော်က ထွန်းထွန်းမင်းကို မေးတယ်။ ဂျပန်ကတော့ ဖိတ်တယ်၊ မင်း သွားထိုးမလားမေးတော့ သွားထိုးမယ်ပြောတာနဲ့ စီစဉ်ဖြစ်သွားတာပါ။ တကယ် တော့ ဒီလို နိုင်ငံတကာက လာပြိုင်တဲ့ ကိုယ်ခံပညာပြိုင်ပွဲမှာ မြန်မာ့ရိုးရာ လက်ဝှေ့အနေနဲ့ ကမ္ဘာကို သိစေချင်လို့ သွားပြိုင်တာပါ။ ဟိုက ထိုးကြေးအဖြစ် ဒေါ်လာ ၂၂ဝဝ ပဲပေးတယ်။ ကျန်တဲ့ ဒေါ်လာ ၃ဝဝဝ လောက်နဲ့ ကုန်ကျစရိတ်တွေက ကျွန်တော်က အကုန်အကျခံရမှာဖြစ်တယ်။ ရိုးရာလက်ဝှေ့ကို ကမ္ဘာအထိ ပျံ့နှံ့စေ ချင်တဲ့ ဆန္ဒတစ်ခုတည်းနဲ့ပါ”ဟု ဦးဆောင်စီစဉ်သူ ဦးဝဏ္ဏ(မာဂျေ)က ပြောသည်။
    ပထမဆုံးအကြိမ် သွားရောက်ယှဉ်ပြိုင်ထိုးသတ်မည့် မြန်မာ ပြည် အလွတ်တန်းချန်ပီယံ ထွန်းထွန်းမင်းအား ပွဲနှင့်ပတ်သက် ၍ ထိုးဖြစ်ခဲ့ပုံနှင့် ကြိုတင်ပြင်ဆင်ထားမှုအခြေအနေကို မေးမြန်း ရာ ”မြန်မာပြည်မှာ ပွဲမရှိလို့ သွားထိုးဖြစ်တာပါ။ လေ့ကျင့်မှုက တော့ နေ့စဉ်မပြတ် လေ့ကျင့်နေပါတယ်” ဟု ဆိုသည်။
    ယင်းပြိုင်ပွဲတွင် အိမ်ရှင် ဂျပန်နိုင်ငံအနေဖြင့် ယှဉ်ပြိုင် ထိုးသတ်မည့် တွဲဆိုင်းအားလုံးထဲမှ ဂျပန်နိုင်ငံသားချင်း တွဲဆိုင်း တစ်ဆိုင်းသာပါဝင်ပြီး ကျန်တွဲဆိုင်းအားလုံးသည် နိုင်ငံတကာမှ လက်ဝှေ့ကျော်များနှင့် အိမ်ရှင် ဂျပန်လက်ဝှေ့ကျော်များ ယှဉ်ပြိုင် ထိုးသတ်ကြမည်ဖြစ်သည်။ မြန်မာနိုင်ငံကိုယ်စားပြု သွားရောက် ထိုးသတ်မည့် ထွန်းထွန်းမင်းသည် အီတလီနိုင်ငံမှ ကမ္ဘာ့ကိုယ်ခံ ပညာပေါင်းစုံပြိုင်ပွဲ ချန်ပီယံလက်ဝှေ့ကျော် တစ်ဦးနှင့် ယှဉ်ပြိုင် ထိုးသတ်ရမည်ဖြစ်သည်။ ယင်းပြိုင်ပွဲသို့ မြန်မာနိုင်ငံကိုယ်စား လှယ်အဖွဲ့အနေဖြင့် ဇွန် ၂၉ ရက်တွင် မြန်မာနိုင်ငံမှ စတင် ထွက်ခွာမည်ဖြစ်ကြောင်း သိရသည်။
    ၁၄၊ ၅ ၊ ၂၀၁၆ မြန်မာအလင်း