News @ M-Media

Blog

  • စွမ်းအားပြင်း နျူဒုံးကျည်စမ်းသပ်ရန် ရုရှားပြင်ဆင်

    စွမ်းအားပြင်း နျူဒုံးကျည်စမ်းသပ်ရန် ရုရှားပြင်ဆင်

    မေ ၁၂၊ ၂၀၁၆
    M-Media

    russia nuke
    ရုရှား၏ ဒုံးကျည်ပစ်လွှတ်မှုတစ်ခု

    – တိုင်းပြည်တစ်ခုလုံးကို စက္ကန့်ပိုင်းအတွင်း ဖျက်စီးပစ်နိုင်စွမ်းရှိပြီး အလွန်အင်အားပြင်းထန်တဲ့ နျူးကလီယားထိပ်ဖူးတပ် ဒုံးကျည်တစ်ခုကို စမ်းသပ်ပစ်လွှတ်ဖို့ ရုရှားက ပြင်ဆင်နေတယ်လို့ သိရပါတယ်။

    RS-28 Sarmat ဒုံးကျည်ဖြစ်ပြီး Satan 2 လို့ မှည့်ခေါ်ထားတဲ့ အဲဒီဒုံးကျည်ကို ဆိုဗီယက်ခေတ်က R-36M ဒုံးကျည်တွေနေရာမှာ အစားထိုးသွားမှာ ဖြစ်ပါတယ်။ အဲဒီ R-36M ဒုံးကျည်တွေကိုတော့ နေတိုးအဖွဲ့က Satan လို့ အမည်ပြောင်ပေးထားပါတယ်။

    အဲဒီဒုံးကျည်ဟာ တိုက်ကြီးတွေကို ကျော်ပြီး ပစ်လွှတ်နိုင်တဲ့ ဒုံးကျည် ICBM ဖြစ်ပြီး အနည်းဆုံး တန်ချိန် ၁၀၀ လောက် အလေးချိန်ရှိကာ ထုတ်လုပ်ဖူးခဲ့သမျှ ဒုံးကျည်ထဲမှာ နျူထိပ်ဖူးသယ်ဆောင်နိုင်တဲ့ အကြီးဆုံးဒုံးကျည်တစ်ခုအဖြစ် မှတ်ယူကြပါတယ်။

    နျူထိပ်ဖူး တစ်ဒါဇင်လောက်ကို သယ်ဆောင်နိုင်မှာဖြစ်ပြီး အကွာအဝေး ကီလိုမီတာ တစ်သောင်းလောက် ရောက်ရှိနိုင်ကာ တက္ကဆက်ပြည်နယ် ဒါမှမဟုတ် ပြစ်တစ်တစ်နိုင်ငံစာလောက်ကို ပျောက်သွားစေနိုင်တဲ့ အစွမ်းရှိပါတယ်။

    ရုရှားကတော့ ဒီဒုံးကျည် ကို နိုင်ငံရဲ့ အကြီးဆုံး ဒုံးကျည်စမ်းသပ်စခန်းနဲ့ အာကာသလွှတ်တင်ရေးစခန်းဖြစ်တဲ့ Plesetsk Cosmodrome မှာ လာမယ့်နွေရာသီအတွင်း စမ်းသပ်ပစ်လွှတ်သွားဖို့ ရှိနေပါတယ်။ ၂၀၀၉ ခုနှစ်လောက်ကတည်းက စတင် ဖန်တီးလာခဲ့တဲ့အဲဒီ ဒုံးကျည်ဟာ ၂၀၂၀ ပြည့်နှစ်မှာ တပ်တော်ဝင်မှာဖြစ်ပါတယ်။

    Ref; Presstv

  • တန်းမဆင်းရခြင်းက ဖလားရသကဲ့သို့ဖြစ်သည်ဟု ဆန်းဒါးလန်းနောက်ခံလူပြော

    တန်းမဆင်းရခြင်းက ဖလားရသကဲ့သို့ဖြစ်သည်ဟု ဆန်းဒါးလန်းနောက်ခံလူပြော

    မေ ၁၂၊ ၂၀၁၆
    M-Media

    sunder

    – မိမိတို့အသင်း ပရီးမီးယားလိဂ်တွင် တင်ကျန်ခဲ့ခြင်းမှာ ပရီးမီးယားလိဂ်ဖလား ရရှိသကဲ့သို့ ခံစားရသည်ဟု ဆန်းဒါးလန်းနောက်ခံလူ ဂျန် ကီရ်ခ်ျဟော့ဖ်က ပြောကြားလိုက်သည်။

    တန်းဆင်းဇုန်တွင် တစ်ဝဲလည်လည်ဖြစ်နေသည့် ဆန်းဒါးလန်းမှာ ယနေ့မနက်က ကစားခဲ့သည့် အဲဗာတန်အသင်းနှင့် ပွဲတွင် ၃ ဂိုးပြတ်ဖြင့် အနိုင်ရရှိခဲ့ပြီးနောက် ပရီးမီးယားလိဂ်တွင် တန်ကျန်ခွင့် ရရှိသွားခဲ့ပြီဖြစ်ပြီး ခါးသီးသောပြိုင်ဘက် နယူးကာဆယ်နှင့် နော်ဝစ်ခ်ျတို့မှာမူ အက်စတွန်ဗီလာနှင့်အတူ တန်းဆင်းသွားရပြီဖြစ်သည်။

    ဘိုင်ယန်နှင့်အတူ ဘွန်ဒစ်လီဂါနှင့် ဂျာမန်ရှုံးထွက်ဖလားတို့အား ဆွတ်ခူးခဲ့ဖူးသူ ကီရ်ခ်ျဟော့ဖ်က အသင်း၏ အောင်မြင်မှုကို ချီးကျူးခဲ့သည်။

    “တကယ့်ကို ကောင်းပါတယ်ဗျာ။ ဖလားရသလောက်နီးနီးကို ပျော်ပါတယ်။ မယုံကြည်နိုင်လောက်စရာပါပဲ။ ကျွန်တော်တို့ဟာ အန္တရာယ်တွေ၊ ခက်ခဲတဲ့အခြေအနေတွေကို ဖြတ်သန်းခဲ့ရပြီး နောက်ဆုံးမှာတော့ အောင်မြင်ခဲ့ပါတယ်။ ဒီညမှာ ကျွန်တော်တို့ဟာ စွမ်းဆောင်ရည်ကောင်းကို ပြသနိုင်ခဲ့ပါတယ်” ဟု ကီရ်ခ်ျဟော့ဖ်က ပြောကြားခဲ့သည်။

    နည်းပြဆမ်အလာဒွိုက်စ်ကမူ ယခုကဲ့သို့ ပရီးမီးယားလိဂ်တွင် ဆက်လက်တင်ကျန်နေခဲ့ခြင်းမှာ ဇန်န၀ါရီလတွင် ရောက်ရှိလာခဲ့သည့် ကစားသမားများကြောင့်ဖြစ်သည်ဟု ဆိုသည်။

    Ref: Goal

  • နိုင်ငံကာကွယ်ရေးအတွက် အမေရိကန်၏ ကျေနပ်မှုကို မကြည့်ဟု အီရန်ပြော

    နိုင်ငံကာကွယ်ရေးအတွက် အမေရိကန်၏ ကျေနပ်မှုကို မကြည့်ဟု အီရန်ပြော

    မေ ၁၂၊ ၂၀၁၆
    M-Media

    iran advisor
    ထိပ်တန်းအကြံပေး အလီ အက္ကဘာရ် ဗီလာယာတီ

    – အီရန်အနေနဲ့ ကာကွယ်ရေးကဏ္ဍမှာ အားကောင်းလာစေဖို့ သင့်လျော်တယ်လို့ထင်တဲ့ ကိစ္စတိုင်းကို ဆောင်ရွက်သွားမှာဖြစ်ပြီး အဲဒီအတွက် အမေရိကန်က ကျေနပ်လား၊ မကျေနပ်ဘူးလားဆိုတာကို ကြည့်နေမှာမဟုတ်ဘူးလို့ အီရန်အဓိပတိ အယာတိုလာ ဆယဒ် အလီ ခါမေနီရဲ့ ထိပ်တန်းအကြံပေးတစ်ဦးဖြစ်သူ အလီ အက္ကဘာရ် ဗီလာယာတီက ပြောကြားလိုက်ပါတယ်။

    “အီရန်အနေနဲ့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့အတွက်ဆိုရင် ဘယ်သူကြိုက်ကြိုက်မကြိုက် လုပ်စရာရှိတာကို လုပ်သွားမှာပါ။ ကိုယ့်ကိုယ်ကို ကာကွယ်ဖို့အရေးကို နိုင်ငံတကာဖြစ်စေ၊ နိုင်ငံတကာမဟုတ်တဲ့ အဖွဲ့အစည်းတွေဖြစ်စေ ဘယ်နိုင်ငံကိုမှ ခွင့်ပြုချက်တောင်းခံနေမှာ မဟုတ်ပါဘူး”

    အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးရာဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ အဲလီဇဘက် ထရူဒူးက အီရန်ရဲ့ ဒုံးကျည်စမ်းသပ်မှုဟာ ကုလသမဂ္ဂလုံခြုံရေးကောင်စီ ၂၂၃၁ ဆုံးဖြတ်ချက်ကို ချိုးဖောက်နိုင်ခြေရှိပြီး ရန်စလိုတဲ့ မတည်မငြိမ်ဖြစ်စေလိုတဲ့ ဆောင်ရွက်ချက်တစ်ခု ဖြစ်တယ်လို့ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ ပြောဆိုခဲ့တာကို အီရန်နိုင်ငံက အခုလို ပြန်လည် တုန့်ပြန်တာဖြစ်ပါတယ်။

    ကုလရဲ့ ဆုံးဖြတ်ချက်ထဲမှာ အီရန်အနေနဲ့ နျူထိပ်ဖူး သယ်ဆောင်လို့ရတဲ့ ဒုံးကျည်တွေ စမ်းသပ်လို့မရဘူးလို့ တားမြစ်ထားတာဖြစ်ပြီး အီရန်ကတော့ အခုနောက်ပိုင်း ခပ်စိပ်စိပ် စမ်းသပ်ပစ်လွှတ်ခဲ့တဲ့ ဒုံးကျည်တွေဟာ နျူလက်နက် သယ်ဆောင်လို့မရဘူးလို့ ပြောဆိုထားပါတယ်။

    Ref : Presstv

  • ရှေ့ဆောင်အီမာမ်တစ်ဦးအား စွပ်စွဲပြောဆိုခဲ့မှုအတွက် ဗြိတိန်ဝန်ကြီးချုပ် ပြန်လည်တောင်းပန်

    ရှေ့ဆောင်အီမာမ်တစ်ဦးအား စွပ်စွဲပြောဆိုခဲ့မှုအတွက် ဗြိတိန်ဝန်ကြီးချုပ် ပြန်လည်တောင်းပန်

    မေ ၁၂၊ ၂၀၁၆
    M-Media

    camroon

    – ယူကေရှိ ရှေ့ဆောင်အီမာမ်ဟောင်းတစ်ဦးဖြစ်သော ဆူလိုင်မန်ဂနီအား IS အကြမ်းဖက်အဖွဲ့ကို ထောက်ခံသည်ဟု စွပ်စွဲပြောဆိုခဲ့ပြီးနောက် ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းက ပြန်လည်တောင်းပန်လိုက်သည်ဟု သိရသည်။

    လွန်ခဲ့သည့် ၂ ပတ်က ပြုလုပ်ခဲ့သည့် လွှတ်တော် အထူးအစည်းဝေးတွင် ၀န်ကြီးချုပ်က ထိုကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။ ၀န်ကြီးချုပ်၏ ပြောရေးဆိုခွင့်ရှိသူကမူ မစ္စတာ ဂနီမှာ ‘အစ္စလာမ့်မစ်နိုင်ငံ’ ထောက်ခံသည်ဟု ၀န်ကြီးချုပ်က ပြောခြင်းဖြစ်ပြီး IS အဖွဲ့ကို ထောက်ခံသည်ဟု မဆိုလိုကြောင်း ပြောကြားခဲ့သည်။

    “ဆူလိုင်မန်ဂနီနဲ့ပတ်သက်ပြီး ၀န်ကြီးချုပ်ရဲ့ မှတ်ချက်အတွက် ပြောရရင် ၀န်ကြီးချုပ်က ဂနီဟာ အစ္စလာမ့်မစ်နိုင်ငံတော်အယူအဆကို ထောက်ခံတယ်လို့ ရည်ညွှန်းပြောဆိုတာ ဖြစ်ပါတယ်။ မစ္စတာဂနီဟာ IS အဖွဲ့ကို ထောက်ခံတယ်လို့ ပြောတာ မဟုတ်ဘူးဆိုတာတော့ ထင်ရှားပါတယ်။ ဒီလို နားလည်မှုလွဲတာမျိုးအတွက် သူက မစ္စတာဂနီကို တောင်းပန်လိုက်ပါတယ်” ဟု ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။

    ပြီးခဲ့သည့်တစ်ပတ်က ဘီဘီစီသတင်းဌာနနှင့် အင်တာဗျူးတွင် ထိုစွပ်စွဲချက်ကို ကာကွယ်ရေးဝန်ကြီး မီခေးလ် ဖော်လန်က ထပ်မံပြောကြားခဲ့ပြီး နောက်ပိုင်းတွင် ကာကွယ်ရေးဝန်ကြီးကလည်း ပြန်လည်တောင်းပန်ခဲ့သည်။ ထိုကဲ့သို့ စွပ်စွဲပြောဆိုမှုအတွက် မစ္စတာဂနီက ကာကွယ်ရေးဝန်ကြီးအား တရားစွဲဆိုခဲ့သည်။
    ထိုကိစ္စနှင့်ပတ်သက်၍ မစ္စတာဂနီ၏ မိတ်ဆွေများက ထုတ်ပြန်သော ကြေငြာချက်တွင် ထိုကဲ့သို့ ပြောကြားမှုများမှာ ‘အလွန်အမင်း ကြမ်းကြုတ်၊ တာဝန်မဲ့မှု’ ဖြစ်သည်ဟု ဖော်ပြထားသည်။ ထို့ပြင် ၀န်ကြီးချုပ်အနေဖြင့် ပြန်လည် တောင်းပန်ရန် တောင်းဆိုစာတစ်စောင်ကိုလည်း ထုတ်ပြန်ခဲ့ကြသည်။

  • မွတ်စလင်အများစုရှိရာနိုင်ငံများမှ ဘာသာခြား ခေါင်းဆောင်များ

    မေ ၁၁၊ ၂၀၁၆
    M-Media

    l 0

    – ပြီးခဲ့တဲ့တစ်ပတ်မှာ လေဘာပါတီက မွတ်စလင်နိုင်ငံရေးသမား ဆာဒစ်က်ခန်းဟာ ယူကေနိုင်ငံရေးနယ်ပယ်မှာ သြဇာကြီးမားတဲ့ လန်ဒန်မြို့တော်ဝန်ရာထူးနေရာအတွက် ရွေးကောက်တင်မြှောက်ခံခဲ့ရပါတယ်။

    ခရစ်ယာန်အများစုရှိရာနိုင်ငံက မြို့တော်တစ်ခုရဲ့ မြို့တော်ဝန်အဖြစ် မွတ်စလင်တစ်ယောက်ကို ဒီလို ရွေးချယ်မှုဟာ ယူကေရဲ့ လူမျိုးဘာသာမခွဲခြားတဲ့ စိတ်ဓာတ်ကောင်းကို ဖော်ပြလိုက်တာဖြစ်သလို၊ မွတ်စလင်တစ်ယောက်ရဲ့ တိုင်းပြည်အပေါ် ပေးဆပ်အနစ်နာခံမှုရဲ့ ပြုယုဂ်တစ်ခုလည်း ဖြစ်ပါတယ်။

    ဒါပေမယ့် တစ်ချို့ကတော့ ဒီအဖြစ်အပျက်ကိုထောက်ပြကာ မွတ်စလင်အများစုရှိတဲ့နိုင်ငံတွေမှာရော ဘာသာအယူဝါဒ မတူသူတစ်ယောက်ကို လူ့အဖွဲ့အစည်းရဲ့ ခေါင်းဆောင်အဖြစ် တင်မြှောက်နိုင်တဲ့ သဘောထားကြီးမှုမျိုး ရှိသလားဆိုပြီး မေးခွန်းထုတ်ကြပါတယ်။

    လက်ရှိအချိန်မှာ မွတ်စလင်အမည်ခံ အကြမ်းဖက်အုပ်စုအချို့ကြောင့် အစ္စလာမ်သာသာနဲ့ အစ္စလာမ်ဘာသာဝင်တွေပါ နာမည်ပျက်နေရပေမယ့် ဘာသာအယူဝါဒမတူသူတွေကို လေးစားဂုဏ်ပေးမှုဟာ အစ္စလာမ်သာသနာမှာ တမန်တော်မုဟမ္မဒ်သခင် လက်ထက်ကတည်းက ရှိနေခဲ့တာဖြစ်ပြီး ခရစ်ယာန်တွေနဲ့ သူတို့ရဲ့ ဘာသာရေးအဆောက်အဦးတွေ၊ စီးပွားရေးတွေ၊ နေအိမ်တွေကို ကာကွယ်စောင့်ရှောက်ပေးမယ်လို့ ကတိပြုထားတဲ့ ‘မဒီနာ ပဋိဉာဏ်စာတမ်း’၊ စိန့်ကက်သရင်း ဘုရားကျောင်းကိုပေးပို့တဲ့ ပဋိဉာဏ်စာတမ်း၊ ဘာသာရေးဆွေးနွေးဖို့လာတဲ့ ခရစ်ယာန်ဘုန်းတော်ကြီးတွေ ၀တ်ပြုဆုတောင်းဖို့အတွက် မုဟမ္မဒ်သခင်ကိုယ်တိုင် ဆောက်လုပ်ထားတဲ့ မဒီနာက ဗလီဝတ်ကျောင်းတော်မှာ နေရာပေးခဲ့တာတွေက ထင်ရှားတဲ့ သာဓကတွေဖြစ်ပါတယ်။

    ဒါ့ကြောင့် ခေတ်သစ်ကမ္ဘာက မွတ်စလင်အများစုရှိရာနိုင်ငံတွေမှာ ဘာသာအယူဝါဒမတူသူတွေကို လူ့အဖွဲ့အစည်းခေါင်းဆောင်နေရာ၊ တိုင်းပြည်အကြီးအကဲနေရာ ပေးအပ်ခဲ့မှုတွေထဲက အထင်ကရဖြစ်စရာ အချို့ကို M-Media ပရိတ်သတ်များ လေ့လာမှတ်သားနိုင်ဖို့အတွက် ဖော်ပြလိုက်ပါတယ်။

    ၁။ ဖက်ဘရူနီယီ အက်ယိုလ်

    l 1

    မွတ်စလင် ၉၉.၈ ရာခိုင်နှုန်းရှိတဲ့ တူရကီနိုင်ငံက မာရ်ဒင်မြို့က တွဲဘက်မြို့တော်ဝန်အမျိုးသမီး ဖြစ်ပါတယ်။ ခရစ်ယာန်ဘာသာဝင်တစ်ဦးဖြစ်ပြီး အသက် ၂၅ နှစ်သာရှိသေးတဲ့သူမဟာ ကာ့ဒ်ပါတီတစ်ခုဖြစ်တဲ့ Peace and Democracy Party က အဖွဲ့ဝင်တစ်ဦးလည်းဖြစ်ကာ ၂၀၁၄ ခုနှစ် မတ်လမှာ မြို့တော်ဝန်အဖြစ် ရွေးကောက်တင်မြှောက်ခံခဲ့ရပါတယ်။

    ၂။ ဘာဆူကီ တီဂျာဟာရာ ပူရ်နာမာ

    l 2

    အင်ဒိုနီးရှားနိုင်ငံ မြို့တော် ဂျကာတာရဲ့ မြို့တော်ဝန်အဖြစ် ပြီးခဲ့တဲ့ နိုဝင်ဘာလမှာ ဒုတိယမြောက်သက်တမ်းကို ထပ်မံရွေးချယ်ခံခဲ့ရတဲ့ ပူရ်နာမာဟာ ခရစ်ယာန်ဘာသာဝင်တစ်ဦးပါ။ အင်ဒိုနီးရှား လူဦးရေရဲ့ ၈၇.၂ ရာခိုင်နှုန်းဟာ အစ္စလာမ်ဘာသာဝင်တွေဖြစ်ပြီး ကမ္ဘာပေါ်မှာ အစ္စလာမ်ဘာသာဝင်အများဆုံးရှိရာ နိုင်ငံလည်း ဖြစ်ပါတယ်။

    ၃။ သောမတ်စ် ဆာမန်

    l 3

    ဘာရိန်းက ခရစ်ယာန်ဘာသာဝင် အမျိုးသမီးတစ်ယောက်ဖြစ်ပြီး ရှူရာကောင်စီ လို့ခေါ်တဲ့ တိုင်းပြည်ရဲ့ အထက်လွှတ်တော် ဥက္ကဌရာထူးကို ၂၀၀၅ ခုနှစ်မှာ ရရှိခဲ့သူဖြစ်ပါတယ်။ မွတ်စလင် ၇၀.၃ ရာခိုင်နှုန်းရှိတဲ့ ဘာရိန်းမှာ ဆာမန်ဟာ လွှတ်တော်ဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်ရတဲ့ ပထမဆုံး ခရစ်ယာန်ဘာသာဝင်နဲ့ ပထမဆုံးအမျိုးသမီး ဖြစ်ခဲ့ပါတယ်။

    သူမဟာ ၀န်ဆောင်မှုဆိုင်ရာကော်မတီရဲ့ အကြံပေးနဲ့ ဒုတိယဥက္ကဌတာဝန်အပြင် လွတ်တော်အတွင်းမှာ ရာထူးအမျိုးမျိုးကို ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။

    ၄။ ကမ်ရန် မိုက်ကယ်

    l 4

    ပါကစ္စတန်နိုင်ငံရဲ့ ဆိပ်ကမ်းနဲ့ ရေကြောင်းပို့ဆောင်ရေးဆိုင်ရာ ၀န်ကြီးအဖြစ် လက်ရှိတာဝန်ထမ်းဆောင်နေသူ ဖြစ်ပါတယ်။ ခရစ်ယာန်တစ်ယောက်ဖြစ်တဲ့ မိုက်ကယ်ဟာ ပါကစ္စတန်အထက်လွှတ်တော် အမတ်တစ်ဦးဖြစ်ပြီး လွှတ်တော်ရဲ့ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ကော်မတီ၊ အထည်ချုပ်လုပ်ငန်းဆိုင်ရာ ကော်မတီ၊ အမျိုးသား စားနပ်ရိက္ခာနဲ့ ကျန်းမာရေးဆိုင်ရာ ကော်မတီတွေမှာလည်း အဖွဲ့ဝင်တစ်ဦးအဖြစ် ပါဝင်ပါတယ်။ ပါကစ္စတန်နိုင်ငံဟာ အစ္စလာမ်ဘာသာဝင် ၉၆.၄ ရာခိုင်နှုန်းရှိတဲ့ နိုင်ငံတစ်ခုဖြစ်ပါတယ်။

    ၅။ ဘူးထရို့စ် ဘူးထရို့စ်ဂါလီ

    l 5

    ကော့ပတစ်ခရစ်ယာန်တစ်ဦးဖြစ်တဲ့ ဘူးထရို့စ်ဂါလီဟာ မွတ်စလင် ၉၀ ရာခိုင်နှုန်းရှိတဲ့ အီဂျစ်နိုင်ငံမှာ နိုင်ငံခြားရေးဝန်ကြီးတာဝန်ကို ၁၄ နှစ်တာ ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။ နောက်ပြီး ကုလသမဂ္ဂရဲ့ ၆ ယောက်မြောက် အထွေထွေအတွင်းရေးမှူးချုပ်ရာထူးကို ၁၉၉၂ ခုနှစ်ကနေ ၁၉၉၇ ခုနှစ်အထိ ထမ်းဆာင်ခဲ့ပါတယ်။

    ၆။ ဂျာနက် မီခေးလ်

    l 6

    အစ္စရေးရဲ့ ကျူးကျော်သိမ်းပိုက်မှုကို ခံနေရတဲ့ ပါလက်စတိုင်းနိုင်ငံ ရာမာလာဟ်မြို့ရဲ့ မြို့တော်ဝန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ မီခေးလ်ဟာ ရိုမန်ကက်သလစ် ဘာသာဝင်တစ်ဦးပါ။ လက်ရှိအချိန်မှာတော့ ရာမာလာမြို့ စည်ပင်သာယာရေးကောင်စီရဲ့ အဖွဲ့ဝင်တစ်ဦးအဖြစ် ဆောင်ရွက်နေပါတယ်။

    ၇။ လီယိုပိုလ်ဒ် ဆီဒါရ် ဆန်ဂေါ်ရ်

    l 7

    အစ္စလာမ်ဘာသာဝင် ၉၅.၄ ရာခိုင်နှုန်းရှိတဲ့ ဆီနီဂေါလ်နိုင်ငံမှာ သမ္မတအဖြစ် နှစ်ပေါင်း ၂၀ တာဝန်ထမ်းဆောင်ခဲ့သူ ဆန်ဂေါ်ရ်ဟာ ရိုမန်ကက်သလစ် ဘာသာဝင်တစ်ဦးပါ။ ကဗျာဉာဏ်ရွှင်တာကြောင့် သူ့ကို “ကဗျာဆရာ သမ္မတ” လို့ ပြည်သူတွေက ချစ်စနိုးနဲ့ ခေါ်ဝေါ်ကြပါတယ်။ သူဟာ ဆီနီဂေါလ်နိုင်ငံမှာ ဒီမိုကရေစီနဲ့ စာနယ်ဇင်းလွတ်လပ်ခွင့်ကို ရှေ့ဆောင်ဖော်ထုတ်ပေးခဲ့သူဖြစ်ပြီး သူ့ရဲ့ အမွေအနှစ်ကတော့ ယနေ့အချိန်အထိ ကျန်ရှိနေပါသေးတယ်။

    ၈။ မိုက်ကယ် ဆူလေမန်

    l 8

    ခရစ်ယာန်ဘာသာဝင်တစ်ဦးဖြစ်တဲ့ ဆူလေမန်ဟာ လက်ဘနွန်နိုင်ငံရဲ့ သမ္မတအဖြစ် ၂၀၀၈ ခုနှစ်ကနေ ၂၀၁၄ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။ သူဟာ စစ်တပ်မှာ ထင်ရှားကျော်ကြားတဲ့ စစ်ဗိုလ်တစ်ဦးလည်း ဖြစ်ပါတယ်။ လက်ဘနွန်နိုင်ငံက အစ္စလာမ်ဘာသာဝင် ၅၄ ရာခိုင်နှုန်းရှိတဲ့ နိုင်ငံပါ။

    Ref: Independent