News @ M-Media

Blog

  • မြန်မာလုပ်သား ၁ သိန်း ၆ သောင်းကျော် ထိုင်းခေါ်မည်

    မြန်မာလုပ်သား ၁ သိန်း ၆ သောင်းကျော် ထိုင်းခေါ်မည်

    ဇွန် ၅၊ ၂၀၂၂

    M-Media 


    -မြန်မာနိုင်ငံကနေ ရွှေ့ပြောင်းလုပ်သား ၁ သိန်း ၆ သောင်းကျော်လောက်ကို ထိုင်းနိုင်ငံက ခေါ်ယူဖို့ ရှိနေပါတယ်။ 

    ထိုင်းအလုပ်သမား၀န်ကြီးဌာနဟာ မြန်မာ၊ လာအိုနဲ့ ကမ္ဘောဒီးယားတို့က အလုပ်သမားတွေ ခေါ်ယူဖို့အတွက် နားလည်မှု စာချွန်လွှာကိုက် မကြာသေးခင်ကပဲ လက်မှတ်ရေးထိုးထားပါတယ်။ 

    ကာကွယ်ဆေး ၂ ကြိမ်ထိုးထားပြီး ၂၄ နာရီအတွင်း အမြန်ကိုဗစ်စစ်ဆေးမှု အောင်မြင်တဲ့သူတွေဟာ ကွာရန်တင်းမလိုဘဲ ၀င်ရောက်နိုင်မှာ ဖြစ်ပါတယ်။ 

    စုစုပေါင်း ၂ သိန်းကျော်ကို ထိုင်းဖက်က ခေါ်မှာဖြစ်ပြီး မြန်မာက ၁၆၅၃၇၆ နဲ့ အများဆုံးပါ။ ကမ္ဘောဒီးယားက ၅၂၄၂၈၊ လာအိုက ၁၈၂၀၈ ဦးတို့ ဖြစ်ပါတယ်။ 

    ကိုဗစ်အပြီး စီးပွားရေးလုပ်ငန်းတွေ ပြန်ဖွင့်တဲ့အချိန် အလုပ်သမား ရှားပါးမှုပြဿနာ ပြေလည်စေရးအတွက် ကွာရန်တင်းမလိုတဲ့ အခုအစီအစဥ်က အကူအညီ ဖြစ်စေလိမ့်မယ်လို့ ထိုင်း အလုပ်သမားရေးရာ၀န်ကြီး လူချာ့တ်က ပြောပါတယ်။ 

    နယ်စပ်ကနေ နေ့စဥ် ၀င်ရောက်အလုပ်လုပ်ကိုင်နေတဲ့ နိုင်ငံခြားအလုပ်သမားတွေကိုလည်း ကာကွယ်ဆေး ထိုးထားရင် ကွာရန်တင်းမလိုဘဲ ၀င်နိုင်အောင် ထိုင်းနိုင်ငံက စီစဥ်ပေးထားပါတယ်။

    Ref: New Straits Times 

  • နိုင်ငံခြားမှ ပထမဆုံး ဟဂျ်ဘုရားဖူးအဖွဲ့ ဆော်ဒီသို့ ရောက်ရှိ

    နိုင်ငံခြားမှ ပထမဆုံး ဟဂျ်ဘုရားဖူးအဖွဲ့ ဆော်ဒီသို့ ရောက်ရှိ

    ဇွန် ၅၊ ၂၀၂၂
    M-Media

    -အင်ဒိုနီးရှားနိုင်ငံက ဟဂျ်ဘုရားဖူးအဖွဲ့ဟာ မနေ့က ဆော်ဒီအာရေဗျနိုင်ငံကို ရောက်ရှိလာပြီး ၂ နှစ်အတွင်း နိုင်ငံခြားက ဘုရားဖူးအဖွဲ့ ပထမဆုံး ရောက်ရှိတာ ဖြစ်ပါတယ်။

    အခုနှစ် ဟဂျ်ဘုရားဖူးကာလမှာ နိုင်ငံအတွင်းနဲ့ နိုင်ငံပြင်ပ စုစုပေါင်း လူ ၁ သန်းလောက်ကို ဟဂျ်ပြုခွင့်ပေးမယ်လို့ ဆော်ဒီအာရေဗျက ကြေငြာထားပါတယ်။

    ကိုဗစ်ကပ်ရောဂါကြောင့် ပြီးခဲ့တဲ့နှစ်မှာ နိုင်ငံအတွင်းကလူ ၆ သောင်း၊ ၂၀၂၀ ခုနှစ်က ၁၀၀၀ လောက်သာ ဆော်ဒီအစိုးရက ဟဂျ်ပြုခွင့်ပေးခဲ့တာဖြစ်ပါတယ်။

    ဟဂျ်ရေးရာ၀န်ကြီး မိုဟာမက် အလ်-ဘီဂျာ၀ီက မလေးရှားနဲ့ အိန္ဒိယတို့ကအဖွဲ့တွေ ထပ်ရောက်ဖို့ရှိနေပြီး နိုင်ငံခြား ဟဂျ်ခရီးသွားတွေကို နေရာချထားပေးနိုင်ရေး အပြည့်အ၀ ပြင်ဆင်ထားတယ်လို့ ပြောပါတယ်။

    “အလ္လာဟ်အရှင်မြတ်ရဲ့ ဧည့်သည်တော်တွေကို လက်ခံကြိုဆိုရတဲ့အတွက် ၀မ်းသာပီတိ ဖြစ်မိပါတယ်။ ကိုဗစ်ကပ်ရောဂါကြောင့် ၂ နှစ်လောက် ပိတ်ထားခဲ့ရတာပါ”

    ကိုဗစ်မဖြစ်ခင်က နှစ်စဥ်ဟဂျ်ကာလမှာ ကမ္ဘာတစ်၀ှမ်းက အစ္စလာမ်ဘာ၀င် ၂.၅ သန်းလောက် ဆော်ဒီအာရေဗျကို ဟဂျ်ဘုရားဖူး လာလေ့ ရှိပါတယ်။

    ၂၀၁၉ ခုနှစ်မှာ ကိုဗစ်ကြောင့် ပိတ်လိုက်ရပြီး ၂၀၂၀၊ ၂၀၂၁ ခုနှစ်မှာတော့ ပြည်တွင်းကလူတွေကို အကန့်အသတ်နဲ့ ဟဂျ်ပြုခွင့် ပေးခဲ့ပါတယ်။

    အခုနှစ် ဟဂျ်ရာသီမှာတော့ အသက် ၆၅ နှစ်အောက် ကာကွယ်ဆေးထိုးပြီးသူတွေကိုသာ ဟဂျ်ပြုခွင့်ပေးတာ ဖြစ်ပါတယ်။

    Ref: Aljazeera

  • Hindutva Pop ဂီတ (သို့) အိန္ဒိယက မွတ်စလင်ဆန့်ကျင်ရေး ရေစီးကြောင်းအသစ်

    Hindutva Pop ဂီတ (သို့) အိန္ဒိယက မွတ်စလင်ဆန့်ကျင်ရေး ရေစီးကြောင်းအသစ်

    ဇွန် ၂၊ ၂၀၂၂
    M-Media

    Prem Krishnavanshi

    -အိန္ဒိယ ပေါ့ပ်ဂီတလောကမှာ Hindutva Pop ဆိုတဲ့ ဂီတအမျိုးအစားတစ်ခု ခေတ်စားလာပြီး အမုန်းစကားတွေ အများအပြားပါတဲ့ ဒီသီချင်းတွေကြောင့် မတူညီတဲ့ ဘာသာတရားတွေကြား တိုက်ခိုက်သတ်ဖြတ်မှုတွေ ပိုမြင်လာရလိမ့်မယ်လို့ ပညာရှင်တွေက သတိပေးထားပါတယ်။

    Hindutva ဆိုတာ ဟိန္ဒူအမျိုးသားရေး၀ါဒတစ်မျိုး ဖြစ်ပြီး မွတ်စလင်တွေ၊ ဟိန္ဒူဇာတ်နိမ့်တွေ၊ ခရစ်ယာန်တွေနဲ့ အခြားလူမျိုးစုတွေကို ဟိန္ဒူဘာသာတရားနဲ့ ဟိန္ဒူလူမျိုးရဲ့ အန္တရာယ်လို့ ဒီ၀ါဒက ရှုမြင်ပါတယ်။

    အခု အိန္ဒိယမှာ ခေတ်စားလာတဲ့ Hindutva Pop သီချင်းတွေမှာ မွတ်စလင်တွေကို မုန်းတီးဖို့၊ မောင်းထုတ်ဖို့၊ သတ်ဖြတ်ဖို့အထိ တိုက်တွန်းတဲ့စာသားတွေ ပါ၀င်ပါတယ်။

    “မင်းတို့က လူမဟုတ်။ သားသတ်သမားတွေသာ။ ဟိန္ဒူ-မွတ်စလင် ညီအစ်ကို၀ါဒ ဘာညာ တော်လောက်ပြီ”

    အွန်လိုင်းအဆိုတော် Prem Krishnavanshi ရဲ့ YouTube မှာ လွန်ခဲ့တဲ့ ၃ နှစ်လောက်ကတည်းက တင်ထားတဲ့ အမျိုးသားရေးသီချင်းထဲက မွတ်စလင်တွေကို ရည်ညွှန်းတဲ့ စာသားတွေပါ။

    အခုနောက်ပိုင်း ဒီလိုသီချင်းမျိုးတွေဟာ ဟိန္ဒူသီးသန့်ရှိတဲ့ အိန္ဒိယမြောက်ပိုင်း ပြည်နယ်တွေမှာ ခေတ်စားလာပြီး ဟိန္ဒူဘာသာရေး အခမ်းအနားတွေ၊ စီတန်းလှည့်လည်ပွဲတွေမှာ ဖွင့်တာ၊ မွတ်စလင်ရပ်ကွက်တွေမှာ ဒီသီချင်းတွေနဲ့ ရန်စတာတွေ အဖြစ်များလာပါတယ်။

    Krishnavanshi ဟာ မြောက်ပိုင်း အူတာပရာဒက်ရှ်ပြည်နယ် လက်ခနောင်မြို့မှာ အင်ဂျင်နီယာနဲ့ ဘွဲ့ရခဲ့ပြီး ဘောလီး၀ုဒ် ဂီတလောကကိုတိုးဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ပါဘူး။ နောက်ပိုင်း အပြင်မှာ သီချင်းလိုက်ဆိုရင်း မွတ်စလင်ဆန့်ကျင်ရေးသီချင်းတွေဆိုတဲ့ဘက် ရောက်လာတာ ဖြစ်ပါတယ်။

    အူတာပရာဒက်ရှ်ဟာ အာဏာရ ဟိန္ဒူအမျိုးသားရေးပါတီ BJP အမာခံ ဟိန္ဒူဘုန်းကြီး Yogi Adityanath အုပ်ချုပ်တဲ့ ပြည်နယ်တစ်ခုဖြစ်ပြီး ခရစ်ယာန်တွေ၊ မွတ်စလင်တွေ၊ ဟိန္ဒူဇာတ်နိမ့်တွေကို တိုက်ခိုက်သတ်ဖြတ်မှု အများဆုံးဖြစ်ပွားရာ ဒေသလည်း ဖြစ်ပါတယ်။

    သီချင်းတွေမှာ မွတ်စလင်တွေ ဆန့်ကျင်ရေးစာသားတွေ ပါ၀င်ပြီး မောင်းထုတ်ဖို့၊ သတ်ဖြတ်ဖို့ တိုက်တွန်းထားပေမယ့် Krishnavanshi ကတော့ သူ့သီချင်းဟာ အမုန်းစကားမဟုတ်ဘူးလို့ အခိုင်အမာ ဆိုပါတယ်။

    မကြာသေးခင်ကပဲ အူတာပရာဒက်ရှ်အစိုးရက သူ့ကို ဂုဏ်ပြုဆုပေးခဲ့ပြီး ဟိန္ဒူဘုန်းကြီး Adityanath က သူ့သီချင်းတွေကို ချီးကျူးခဲ့ပါတယ်။

    ၀န်ကြီးချုပ်မိုဒီနဲ့ အခြား BJP ပါတီ ခေါင်းဆောင်တွေလည်း ဒီသီချင်းတွေကို ချီးကျူးပါတယ်။

    အရင်က ပွဲတွေမှာ ဘာသာပေါင်းစုံညီညွတ်ရေး သီချင်းတွေ လိုက်ဆိုခဲ့တဲ့ အဆိုတော် အသက် ၃၁ နှစ်အရွယ် Laxmi Dubey လည်း အခုအချိန်မှာ Hindutva အဆိုတော် ဖြစ်နေပါပြီ။

    ဘယ်ပါတီ၀င်မှ မဟုတ်ပေမယ့် ၂၀၁၄ ခုနှစ် အာဏာရလာတဲ့ BJP မိုဒီရဲ့ ဟိန္ဒူတွေအတွက် ဆောင်ရွက်မှုကို ကျေးဇူးတင်လို့ သူမက ပြောပါတယ်။

    နဖူးမှာ ပူတူးတပ်၊ လည်ပင်းမှာ ပန်းကုံးစွပ်ပြီး ဆိုထားတဲ့ သူမရဲ့ သီချင်းတွေထဲမှာ မွတ်စလင်တွေအပေါ် တိုက်ခိုက်တဲ့ စာသားတွေ ပါ၀င်နေပါပြီ။

    Laxmi Dubey ရဲ့ YouTube မှာ Follower ၃ သိန်းလောက်ရှိပြီး သူ့သီချင်းတွေကိုကြည့်သူက သန်းချီရှိပါတယ်။ သီချင်းအောက်မှာ မွတ်စလင်တွေကို တိုက်ခိုက်စော်ကားတဲ့ ကွန့်မန့်တွေ အပြည့်ပါပဲ။ BJP ပါတီ၀င်တွေက ပွဲတွေရှိရင် သူမကို ခေါ်ပြီး ဖျော်ဖြေခိုင်းတာတွေလည်း ရှိပါတယ်။

    Laxmi Dubey

    Laxmi Dubey ကတော့ သူ့သီချင်းတွေဟာ မွတ်စလင်တွေကို စော်ကားတာမဟုတ်ဘဲ၊ ပါကစ္စတန်ကိုထောက်ခံတဲ့ ရန်သူတွေကိုသာ ရည်ညွှန်းတာလို့ ဆိုပါတယ်။

    သူမရဲ့အဖွဲ့ဟာ မန်နေဂျာတွေ၊ ဟာမိုနီအဖွဲ့တွေနဲ့ ကျကျနနပါ။ ဒီသီချင်းတွေအတွက် ငွေကြေးလည်း အတော်ရပါတယ်။ ဒီငွေတွေကို ဟိန္ဒူမုဆိုးမတွေ၊ ဆင်းရဲသားတွေအတွက် သုံးတယ်လို့ Laxmi Dubey က ပြောပါတယ်။

    ဟိန္ဒူအစွန်းရောက်အဖွဲ့တွေက ၀ါဒဖြန်တဲ့ ‘အချစ်ဂျီဟတ်’ ဆိုတာကို သူမက ယုံကြည်နေပါတယ်။ မွတ်စလင်တွေဟာ မိန်းမအများကြီးယူပြီး ကလေး ၁၅ ယောက်ကနေ အယောက် ၂၀ မွေးတယ်ဆိုတဲ့ ၀ါဒဖြန့်မှုပါ။

    အူတာပရာဒက်ရှ်ပြည်နယ် နွိုင်ဒါမြို့က တေးရေးတေးဆို Upendra Rana ကလည်း Hindutva သီချင်းတွေ ရေးဆိုရင်း YouTube မှာ Follower ၃ သိန်း ၇ သောင်းကျော် ရလာပါပြီ။

    Upendra Rana

    အရင်က ဘုရားသီချင်းတွေ ရေးဆိုပြီး ကက်ဆက်ခွေနဲ့ မြို့ထဲမှာ လိုက်ဖြန့်ရတဲ့ သူဟာ ၂၀၁၇ ခုနှစ်ကစပြီး သမိုင်းက ဟိန္ဒူဘုရင်တွေအကြောင်း ဘုန်းတော်ဖွဲ့သီချင်းတွေရေးကာ မွတ်စလင်တွေကို တိုက်ခိုက်လာပါတယ်။

    သူ့ရဲ့သီချင်းတစ်ပုဒ်မှာ “ဘာသာရေးခေါင်းစဥ်နဲ့ ငါတို့နယ်မြေကို သူတို့သိမ်းကာ မွတ်စလင်နိုင်ငံ လုပ်လိုက်ကြတယ်” ဆိုတာမျိုး ပါ၀င်ပါတယ်။

    ကျောင်းသင်ရိုးတွေမှာ ဟိန္ဒူ သမိုင်းတွေ၊ ဏ္ဏာရီတွေ ပျောက်နေပြီး သီချင်းတွေကနေတစ်ဆင့် ဟိန္ဒူသူရဲကောင်းတွေအကြောင်း လူငယ်တွေသိလာအောင် လုပ်တာလို့ သူက ပြောပါတယ်။

    ပညာရှင်များ သတိပေး

    နယူးဒေလီ Jawaharlal Nehru တက္ကသိုလ်က ပရော်ဖက်ဆာ Brahma Prakash က ဒီလိုသီချင်းတွေဟာ ဘာသာရေးအကြမ်းဖက်မှုဖြစ်အောင် လှုံ့ဆော်တဲ့ပုံစံကို ပြောင်းလဲသွားစေတယ်လို့ သုံးသပ်ပါတယ်။

    “ပဋိပက္ခဖြစ်အောင်၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေအောင် အရင်ကလုပ်တဲ့ နည်းလမ်းတွေရှိတယ်။ ခေါင်းဆောင်တစ်ယောက်က မိန့်ခွန်းပြောပြီး လှုံ့ဆော်ပေးမယ်။ ပြီးရင် လမ်းတွေမှာ လိုက်သတ်ကြပြီ။ ဒါမျိုးပေါ့။ အခုတော့ လှုံဆော်တဲ့ပုံစံက ပြောင်းသွားပြီ။ ခေါင်းဆောင်တွေဘာတွေမလိုတော့ဘူး။ BJP ထောက်ခံတဲ့သူတွေကို လှုံ့ဆော်ပေးနိုင်တာ ရှိတာနဲ့ ပြီးပြီပဲ”

    သီချင်းဖွင့်ပြီး လူထုကိုလှုံ့ဆော်ပေးကာ အရှိန်ကောင်းလာရင် လိုက်သတ်ခိုင်းတာမျိုးဖြစ်တယ်လို့ သူက ထည့်ပြောပါတယ်။

    “သံစဥ်နဲ့ စာသားလေးသာ လုပ်ပေးလိုက်။ အငုံ့စိတ်နဲ့ အမုန်းတရားက ပေါက်ကွဲထွက်လာတာ”

    လက်ရှိအိန္ဒိယက ဒီအခြေအနေဟာ ၁၉၃၀ ပြည့်နှစ် ဂျာမနီမှာ နာဇီတွေလုပ်တာနဲ့ တစ်ပုံစံတည်းပဲလို့ Brahma Prakash က ပြောပါတယ်။

    အူတာပရာဒက်ရှ်ပြည်နယ် အခြေစိုက် ရှေ့နေ အာရစ်ဘ် အွတ်ဒင်းက ဒီသီချင်းတွေဟာ အမုန်းစကားမြောက်တယ်လို့ မှတ်ချက်ပေးပါတယ်။

    “အမုန်းစကားနဲ့ပတ်သက်တဲ့ ဥပဒေတွေကို ကျင့်သုံးသင့်ပါပြီ။ အမုန်းစကား တားမရဆီးမရ ထွက်လာပြီး ဘယ်သူမှ တားဖို့ဆီးဖို့ မလုပ်ကြတဲ့ အနေအထားမျိုးမှာ တရားရုံး၊ ဒါမှမဟုတ် ဥပဒေဆိုင်ရာ အဖွဲ့အစည်းတွေက ဒါတွေကို ထိန်းကွပ်ဖို့ စည်းမျဥ်းစည်းကမ်းတွေ ထုတ်သင့်ပါပြီ”

    မွတ်စလင်ဆန့်ကျင်ရေးသီချင်းဆိုတဲ့ Laxmi Dubey က သူမရဲ့သီချင်းတွေဟာ ဟိန္ဒူတွေသတိရှိအောင် ရည်ရွယ်ပြီး ဒီအတွက် ဂုဏ်ယူတယ်လို့လည်း ဆိုပါတယ်။

    “ဟူဒီတွေ၊ ဂျင်းဘောင်းဘီအပြဲတွေသာ ၀တ်လေ့ရှိတဲ့ လူငယ်တွေဟာ အခုဆိုရင် အုတ်ခဲရောင်ကို ဂုဏ်ယူစွာ ၀တ်လာကြပါပြီ။ ဟိန္ဒူဘာသာအတွက် အသက်ပေးဖို့ သူတို့ အသင့်ဖြစ်နေကြပြီ။ ဟိန္ဒူတွေကို စုစည်းပြီး ဟိန္ဒူစစ်တပ်တစ်တပ် ကျွန်မ ထူထောင်ချင်ပါတယ်”

    Brahma Prakash က Hindutva Pop ဟာ ဂီတရေစီးကြောင်း တစ်ခုလို ဖြစ်လာတာကို ထောက်ပြပါတယ်။

    “အရင်က ဒီလိုသီချင်းတွေကို နိုင်ငံရေး အဖွဲ့အစည်းတွေလောက်ကပဲ ရေးကြဆိုကြတာ။ အခုတော့ ရေစီးကြောင်းတစ်ခုလို ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာပါပြီ”

    Ref: Aljazeera

  • ယူအေအီးနှင့် အစ္စရေး လွတ်လပ်စွာကုန်သွယ်ရေးစာချုပ် ချုပ်ဆို

    ယူအေအီးနှင့် အစ္စရေး လွတ်လပ်စွာကုန်သွယ်ရေးစာချုပ် ချုပ်ဆို

    မေ ၃၁၊ ၂၀၂၂
    M-Media

    -အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) နဲ့ အစ္စရေးတို့အကြား လွတ်လပ်စွာ ကုန်စည်ကူးသန်းရောင်း၀ယ်ခွင့် သဘောတူညီချက်ကို လက်မှတ်ရေးထိုးလိုက်ပါတယ်။

    ဒါဟာ ၁၉၄၈ ခုနှစ်က ပါလက်စတိုင်းမှာ အစ္စရေးနိုင်ငံပေါ်လာပြီးနောက်ပိုင်း အာရပ်နိုင်ငံတစ်ခုနဲ့ ပထမဆုံး ကုန်သွယ်မှုစာချုပ်လည်း ဖြစ်ပါတယ်။

    လနဲ့ချီ ဆွေးနွေးညှိနှိုင်းမှုတွေ ပြုလုပ်ခဲ့တဲ့ ဒီသဘောတူညီချက်မှာ အခွန်သတ််မှတ်ရေး၊ သွင်းကုန်နဲ့ ဉာဏမူပိုင်ခွင့်ဆိုင်ရာ ကိစ္စတွေ ပါ၀င်ပြီး အစ္စရေးလုပ်ငန်းတွေ ယူအေအီးမှာ အခြေချဖို့ တွန်းအားဖြစ်စေလိမ့်မယ်လို့ ယူအေအီး-အစ္စရေး စီးပွားရေးကောင်စီ ဥက္ကဌ ဒိုရီယန် ဘာရက်က ပြောပါတယ်။

    အခုနှစ်ကုန်ပိုင်း ယူအေအီးမှာ တိုက်ရိုက်လာရောက်လုပ်ကိုင်တဲ့၊ ဒါမှမဟုတ် တစ်ဆင့်ခံလုပ်ကိုင်တဲ့ အစ္စရေးကုမ္ပဏီပေါင်း တစ်ထောင်နီးပါး ရှိလိမ့်မယ်လို့လည်း ကောင်စီက ခန့်မှန်းထားပါတယ်။

    ယူအေအီးနဲ့ အစ္စရေးတို့ဟာ ၂၀၂၀ ခုနှစ်မှာ သံတမန်ဆက်ဆံရေး ထူထောင်ခဲ့ပြီးတဲ့နောက် နယ်ပယ်အသီးသီးမှာ ပူးပေါင်းဆောင်ရွက်ဖို့ ကြိုးပမ်းလာတာ ဖြစ်ပါတယ်။

    အခု ကုန်သွယ်ရေး သဘောတူညီချက်အရ စားသောက်ကုန်၊ လယ်ယာထွက်ကုန်၊ အလှကုန်၊ ဆေး၀ါးနဲ့ ဆေးဖက်ဆိုင်ရာ ကိရိယာတွေအပါအ၀င် ပို့ကုန်တော်တော်များများမှာ အခွန် ၉၆ ရာခိုင်နှုန်း သက်သာလိမ့်မယ်လို့ အစ္စရေးစီးပွားရေး၀န်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

    ယူအေအီးကတော့ ဒီသဘောတူညီချက်ကြောင့် လာမယ့် ၅ နှစ်အတွင်း နှစ်နိုင်ငံကုန်သွယ်ရေးကို တစ်နှစ် ၁၀ ဘီလီယံအထိ မြင့်တက်စေလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။

    Ref: Reuters

  • ဇာတိကိုစွန့်ခွာလည်း ဘ၀မလှသေးသည့် ထိုင်းရောက်မြန်မာလုပ်သားများ

    ဇာတိကိုစွန့်ခွာလည်း ဘ၀မလှသေးသည့် ထိုင်းရောက်မြန်မာလုပ်သားများ

    မေ ၃၁၊ ၂၀၂၂
    M-Media

    -ထိုင်းနိုင်ငံကို တရားမ၀င် ၀င်ရောက်လာတဲ့ မြန်မာအလုပ်သမားတွေ များလာတာနဲ့အတူ အလုပ်ရှင်တွေရဲ့ ခေါင်းပုံဖြတ်၊ အမြတ်ထုတ်မှုတွေ ပိုတွေ့လာရတယ်လို့ ရွှေ့ပြောင်းအလုပ်သမားအရေး အကူအညီပေးနေတဲ့ အဖွဲ့တွေက ပြောပါတယ်။

    ထိုင်းနိုင်ငံရဲ့ စိုက်ပျိုးရေး၊ ကုန်ထုတ်လုပ်ရေးနဲ့ ငါးဖမ်းလုပ်ငန်းတွေမှာ လုပ်ကိုင်နေတဲ့ ရွှေ့ပြောင်းလုပ်သား ၈၀ ရာခိုင်နှုန်းက မြန်မာနိုင်ငံသားတွေ ဖြစ်နေတာကို ၂၀၂၀ ခုနှစ် Mahidol တက္ကသိုလ်ရဲ့ စစ်တမ်းမှာ တွေ့ရပါတယ်။

    ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရဲ့ စီးပွားရေး၊ လူမှုရေးအခြေအနေ ပိုမိုဆိုးရွားလာတာကြောင့် ထိုင်းနိုင်ငံထဲ အလုပ်အကိုင်ရရှိရေး တရားမ၀င်သွားရောက်တဲ့ မြန်မာနိုင်ငံသား အရေအတွက် မြင့်တက်လာပါတယ်။

    ထိုင်းနိုင်ငံ GDP ရဲ့ ၆.၆ ရာခိုင်နှုန်းဟာ မြန်မာရွှေ့ပြောင်းလုပ်သားတွေရဲ့ လုပ်အား ဖြစ်တယ်လို့ နိုင်ငံတကာ အလုပ်သမားအဖွဲ့ ILO က ပြောပါတယ်။
    ဒါပေမယ့် မြန်မာရွှေ့ပြောင်းလုပ်သားတွေဟာ အလုပ်ရှင်တွေရဲ့ အမြတ်ထုတ်မှု၊ အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုကို ခါးစည်းခံနေရသလို၊ ဒီိကိစ္စတွေကို ဖြေရှင်းပေးနေတဲ့ မြန်မာ အလုပ်သမားရေးရာ အဖွဲ့အစည်းတွေမှာလည်း ဥပဒေကြောင်းအရရော မြေပြင်အနေအထားအရပါ ကန့်သတ်ချက်တွေ ရှိနေပါတယ်။

    ၁၉၇၅ ထိုင်းနိုင်ငံရဲ့ အလုပ်သမားဆက်ဆံရေး အက်ဥပဒေအရ နိုင်ငံသားမဟုတ်ရင် အလုပ်သမားသမဂ္ဂ ဖွဲ့စည်းခွင့်၊ ဦးဆောင်ခွင့် မရှိပါဘူး။

    မြန်မာနိုင်ငံက တရားမ၀င် ရွှေ့ပြောင်းလုပ်သားတွေ ၀င်ရောက်မှု မြင့်တက်လာတာနဲ့အတူ အခွင့်အရေးချိုးဖောက်ခံရမှုတွေကိုလည်း ကျယ်ကျယ့်ပြန့်ပြန့် တွေ့ရလာရပါတယ်။

    အရင်က ထိုင်းနိုင်ငံမှာ အလုပ်လုပ်ဖူးပြီး မကြာသေးခင် တရားမ၀င် ပြန်သွားခဲ့တဲ့ မမြတ်သီတာက သူ့ရဲ့ အရင်အလုပ် မဲဆောက် ဖိနပ်စက်ရုံမှာ သူဌေးဟာ မြန်မာ၀န်ထမ်းတွေကို ထိုင်း၀န်ထမ်းတွေလောက် ကောင်းကောင်းမွန်မွန် မဆက်ဆံဘူးလို့ ပြောပါတယ်။

    အလုပ်မှာ ဒဏ်ရာရလို့ ဆေးခွင့်တာကို မပေးတာ၊ အလုပ်တာ၀န် အတူတူပေမယ့် ပါမစ်မရှိသူတွေကို ပါမစ်ရှိသူတွေ လစာရဲ့ တစ်၀က်ပဲပေးတာ စတဲ့ ချိုးဖောက်မှုတွေကို သူမက ပြောပြပါတယ်။

    ထိုင်းငါးဖမ်းလုပ်ငန်းမှာ ၁၀ နှစ်လောက် လုပ်ဖူးတဲ့ ကိုဖိုးကျော်ဆိုရင် သိပ်ကြာခင်က ယနောင်းမှာရှိတဲ့ ငါးဖမ်းလှေကို လိုက်သွားပြီး ပထမဆုံးရက်မှာပဲ အသက်ဆုံးရှုံးခဲ့ပါတယ်။ ရေအောက်ဆင်းပြီး လှေရဲ့ပန်ကာကို စစ်ဆေးရာမှာ သေဆုံးသွားခဲ့တာဖြစ်ပါတယ်။

    ကိုဖိုးကျော်မှာ ဇနီးနဲ့ ကလေး ၅ ယောက် ကျန်ခဲ့ပါတယ်။ လုပ်ငန်းခွင်မှာ အသက်ဆုံးရှုံးရင် ထိုင်းဥပဒေအရ လျော်ကြေးရတယ်ဆိုတာ ကျန်ရစ်သူ မိသားစုက မသိပါဘူး။ ထိုင်းအခြေစိုက် အလုပ်သမားအရေး တက်ကြွလှုပ်ရှားသူတစ်ဦးက ဆက်သွယ်မှ ကိုဖိုးကျော်မိသားစုဟာ အလုပ်ရှင်ဆီကနေ လျော်ကြေးရဖို့ ဆက်သွယ်ဆောင်ရွက်ခဲ့ပါတယ်။

    မဲဆောက်အခြေစိုက်ပြီး မြန်မာအလုပ်သမားအရေး အကူအညီပေးနေတဲ့ အာရကန် အလုပ်သမားရေးရာအဖွဲ့ AWO ကို ဦးဆောင်နေသူ ကိုနိုင်အောင်အောင်က ထိုင်းဥပဒေအရ သူတို့ဟာ တရား၀င် ကူညီဆောက်ရွက်ပေးခွင့် မရှိဘူးလို့ ဆိုပါတယ်။

    ထိုင်းဥပဒေမှာ နိုင်ငံခြားသားတွေကို အလုပ်သမားရေးရာအဖွဲ့တွေ ဖွဲ့ခွင့် မပေးထားပါဘူး။

    AWO က အလုပ်သမားသမဂ္ဂ ဖွဲ့စည်းပုံအတိုင်း၊ စည်းမျဥ်းစည်းကမ်းတွေတိုင်း ဖွဲ့စည်းကာ အလုပ်သမားတွေရဲ့ ပြဿနာတွေကို ဖြေရှင်းပေးသလို၊ အသိပညာပေးတာ၊ လေ့ကျင့်သင်ကြားပေးတာတွေလည်း လုပ်ဆောင်နေပါတယ်။

    AWO က လေ့ကျင့်သင့်ကြားပေးထားတဲ့ အလုပ်သမားတွေဟာ သူတို့ ရပိုင်ခွင့်၊ အခွင့်အရေးတွေကို ကောင်းကောင်းသိထားပြီး လုပ်ငန်းခွင် ချိုးဖောက်မှုတွေကို ပွင့်ပွင့်လင်းလင်း တင်ပြတာ၊ ငြိမ်းချမ်းစွာ ဆန္ဒပြ တောင်းဆိုတာတွေအထိ လုပ်တတ်နေပြီ ဖြစ်ပါတယ်။

    ထိုင်းလုပ်ငန်းရှင်တွေက AWO အဖွဲ့ကို ‘မာဖီးယားဂိုဏ်း’ လို့ အမည်ပေးထားကြောင်း ကိုနိုင်အောင်အောင်က ပြောပါတယ်။

    လအနည်းငယ်အရင်က TG Group ဆိုတဲ့ အစားအသောက်လုပ်ငန်းတစ်ခုကို အလုပ်သမားအရေးနဲ့ပတ်သက်ပြီး သွားရောက်ဆွေးနွေးစဥ်မှာ သူဌေးမွေးထားတဲ့ စစ်သားဟောင်းက သေနတ်လေထဲဖောက်ပြီး AWO အဖွဲ့၀င်တွေကို ခြိမ်းခြောက်တာမျိုး ရှိခဲ့ပါတယ်။

    ထိုင်းရဲနဲ့ စစ်သားတွေက သူ့ရုံးခန်းကို မကြခဏလာပြီး မဲဆောက်ကနေ ထွက်သွားဖို့၊ ကူညီပေးရာမှာ ညှိနှိုင်းဆောင်ရွက်မှုတွေလုပ်ဖို့ ပြောတာမျိုး ရှိပါတယ်။

    မြန်မာလုပ်သားတွေကနေ အသင်း၀င်ကြေးကောက်ဖို့၊ အခြား မြန်မာအလုပ်သမားအဖွဲ့တွေ၊ ထိုင်းအလုပ်သမားအဖွဲ့တွေနဲ့ ဆက်သွယ်ချိတ်ဆက်ကာ အကြံဉာဏ်တောင်းတာ၊ ပူးပေါင်းဆောင်ရွက်တာမျိုး လုပ်ဆောင်ဖို့လည်း ကိုနိုင်အောင်အောင်က စဥ်းစားနေပါတယ်။

    AWO တို့အဖွဲ့ဟာ အနည်းဆုံး မြန်မာရွှေ့ပြောင်းလုပ်သား ၂ ထောင်လောင်ကို ကူညီပေးထားပါတယ်။

    ကိုဖိုးကျော် ကွယ်သွားမှုနဲ့ပတ်သက်ပြီး မိသားစုကို အကူအညီပေးနေတဲ့ ငါးဖမ်းလုပ်သားအခွင့်အရေးဆိုင်ရာကွန်ယက် FRN ဥက္ကဌ ကိုရဲသွေးက ထိုင်းငါးဖမ်းလုပ်ငန်းမှာ အလုပ်သမားတွေ ကျွန်ပြုခံရတာ၊ ခေါင်းပုံဖြတ် အမြတ်ထုတ်တာတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်နေတုန်းပဲလို့ ပြောပါတယ်။

    အလုပ်သမားသမဂ္ဂသာ တရား၀င်ဖွဲ့စည်းခွင့်ရရင် ဒီပြဿနာတွေကို တရား၀င် တိုင်တန်းဖြေရှင်းနိုင်မှာဖြစ်ကြောင်း၊ လက်ရှိမှာတော့ NGO အဖွဲ့အစည်းတွေရဲ့ အကူအညီကို ယူနေရကြောင်း သူက ထည့်သွင်း ပြောဆိုခဲ့ပါတယ်။ သူတို့အဖွဲ့ဟာ ယနောင်းအခြေစိုက်ပါ။

    မဲဆောက်မှာ အခြေစိုက်တဲ့ ရောင်ခြည်ဦး အလုပ်သမားရေးရာအဖွဲ့ YCOWA ရဲ့ အထွေထွေအတွင်းရေးမှူး ကိုမိုးကျော်က စစ်အာဏာသိမ်းပြီးနောက်ပိုင်း ၀င်ရောက်လာတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေရဲ့ လုပ်ခဟာ အနိမ့်ဆုံးလုပ်ခထက် ပိုနည်းနေပြီး အလုပ်သမားတွေကလည်း ဖမ်းခံရမှာ၊ ပြန်ပို့ခံရမှာ ကြောက်တာကြောင့် မပြောရဲကြဘူးလို့ ဆိုပါတယ်။

    YCOWA အဖွဲ့ဟာ မဲဆောက်၊ ဘန်ကောက်နဲ့ ထိုင်းတောင်ပိုင်းက အလုပ်သမားရေးရာ အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ဆောင်ရွက်ကာ ထိုင်း-မြန်မာ ပူးပေါင်း အလုပ်သမားသမဂ္ဂဖွဲ့စည်းဖို့ စီစဥ်နေပါတယ်။

    ထိုင်းနိုင်ငံသားတွေပါ၀င်တဲ့အတွက် တရား၀င်သမဂ္ဂ ဖြစ်လာမှာဖြစ်ပြီး အဖွဲ့မှာပါတဲ့ မြန်မာနိုင်ငံသားတွေက မြန်မာအလုပ်သမားအရေးကို ဥပဒေကြောင်းအရ ပိုမိုဆောင်ရွက်နိုင်လိမ့်မယ်လို့ ကိုမိုးကျော်က ဆိုပါတယ်။

    ဒါပေမယ့် ထိုင်းဥပဒေအရ ဒီအဖွဲ့အစည်းတွေ လွတ်လွတ်လပ်လပ် လှုပ်ရှားနိုင်မလားဆိုတာ မသေချာပါဘူး ၂၀၂၁ ခုနှစ် ထိုင်းအစိုးရက ပြဌာန်းဖို့ ကြိုးစားတဲ့ ဥပဒေမူကြမ်းတစ်ခုမှာ NGO အဖွဲ့အစည်းတွေဟာ ထိုင်းနိုင်ငံရဲ့ အမျိုးသားလုံခြုံရေး၊ စီးပွားရေး၊ နိုင်ငံတကာဆက်ဆံရေးတွေကို ခြိမ်းခြောက်တဲ့၊ ထိခိုက်စေတဲ့အလုပ်မျိုး ရှောင်ရှားရမယ်လို့ ဖော်ပြထားပါတယ်။

    ဒီလိုလုပ်ရပ်မျိုး လုပ်တယ်လို့ ယူဆရင် ဥပဒေအရ အာဏာပိုင်တွေက ကြိုက်သလို ၀င်ရောက်စီမံပိုင်ခွင့် ရှိနေပါတယ်။ ဒါဟာ အလုပ်သမားအဖွဲ့အစည်းတွေ၊ အကူအညီပေးရေးအဖွဲ့တွေကို နှိပ်ကွပ်မယ့် ဥပဒေမျိုး ဖြစ်တယ်လို့ ၀ေဖန်မှုတွေ ရှိခဲ့ပါတယ်။

    အဖွဲ့အစည်းတွေ၊ NGO တွေဟာ ၀င်ငွေရင်းမြစ်ကအစ၊ လုပ်ဆောင်နေတဲ့လုပ်ငန်းအဆုံး အားလုံးကို ထိုင်းအစိုးရထံ တင်ပြင်အစစ်ဆေးခံရမှာပါ။

    တရား၀င်တိုင်တန်းတာ၊ တရားရုံးက ထိုင်းအလုပ်ရှင်တွေကို ပြစ်ဒဏ်ချတာမျိုး ရှိတာတောင်မှ မြန်မာအလုပ်သမားတွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမျိုး မရတာတွေ ရှိနေပါတယ်။

    မဲဆောက်က စက်ရုံမှာ နည်းပညာရှင်အဖြစ် လုပ်သက် ၁၅ နှစ်လောက်ရှိတဲ့ ကိုကျော်ဇေရဲဟာ အလုပ်သမားတွေ ဆေးကုသမှု ထောက်ပံ့ကြေးရရှိဖို့၊ အချိန်ပိုလုပ်အားခရရှိဖို့ ဦးဆောင်ပြီး ကြိုးပမ်းဆောင်ရွက်ခဲ့ပေမယ့် အဆုံးမှာတော့ သူနဲ့ မြန်မာလုပ်သား ၁၉၅ ယောက်ဟာ ဘာတစ်ခုမှ မရခဲ့ပါဘူး။

    သူအလုပ်လုပ်တဲ့ Royal Knitting Co စက်ရုံကို ထိုင်းတရားရုံးက အလုပ်သမားအခွင့်အရေးချိုးဖောက်မှုနဲ့ ၂၀၂၀ ခုနှစ် ဧပြီလမှာ ပိတ်ပစ်ခဲ့ပြီး အလုပ်သမားတွေကို နစ်နာကြေး ဒေါ်လာ ၁ သန်းပေးဖို့လည်း အမိန့်ချခဲ့ပါတယ်။

    ဒါပေမယ့် သူဌေးက ဘာမှမပေးဘဲ ဂျပန်ကို ထွက်ပြေးသွားပါတယ်။

    “ဥပဒေမှာက ဟုတ်နေတာပဲ။ လက်တွေ့မြေပြင်မှာတော့ တစ်ခြားစီပါ။ အမှုမှာ ကျွန်တော်တို့နိုင်တယ်။ တရားရုံးကလည်း နစ်နာကြေးပေးဖို့ အမိန့်ချတယ်။ ဒါပေမယ့် ကျွန်တော်တို့ ဘာမှမရပါဘူး။ ထိုင်းဥပဒေက လုပ်ငန်းပိုင်ရှင်တွေကိုသာ ပစားပေးတယ်လို့ ကျွန်တော်တို့ မြင်ပါတယ်”

    အဲဒီကိစ္စနောက်ပိုင်း ကိုကျော်ဇေရဲတစ်ယောက် အလုပ်အကိုင် အတည်တကျမရှိဘဲ ကြုံရာကျပန်းလုပ်နေရတာ ၂ နှစ်ရှိပါပြီ။

    “အလုပ်ရှင်တွေက ဒါမျိုးတွေ ထပ်လုပ်နေမှာပဲဗျ။ ဘယ်သူကမှလည်း အရေးယူမှာ မဟုတ်ပါဘူး”

    Ref: Aljazeera