News @ M-Media

Blog

  • ယူကရိန်းကို ဒရုန်းထောက်ပံ့နိုင်ရန် လစ်သူယေးနီးယားပြည်သူများ ရန်ပုံငွေကောက်ပေး

    ယူကရိန်းကို ဒရုန်းထောက်ပံ့နိုင်ရန် လစ်သူယေးနီးယားပြည်သူများ ရန်ပုံငွေကောက်ပေး

    မေ ၃၀၊ ၂၀၂၂
    M-Media

    -တူရကီထုတ် Bayraktar TB2 ကို၀ယ်ယူပြီး ယူကရိန်းကို ပေးနိုင်ဖို့အတွက် ဥရောပနိုင်ငံငယ် လစ်သူယေးနီးယား ပြည်သူတွေက စုပေါင်းပြီး ရန်ပုံငွေ ကောက်ခံပေးခဲ့ပါတယ်။

    ပြည်သူတစ်ဦးချင်းက ငွေကြေးအနည်းငယ်စီ ထည့်၀င်ခဲ့ကြတာဖြစ်ပြီး ၃ ရက်ခွဲ အတွင်းမှာပဲ ဒရုန်းတစ်စီး၀ယ်ဖို့ လိုအပ်တဲ့ ကန်ဒေါ်လာ ၅.၄ သန်းကို ရရှိခဲ့ပါတယ်။

    ဒီရန်ပုံငွေကောက်ခံမှုကို လစ်သူယေးနီးယား အင်တာနက် သတင်းဌာန တစ်ခုဖြစ်တဲ့ Laisves TV က ဦးဆောင်ပြုလုပ်ခဲ့တာပါ။

    “ဒီစစ်ပွဲမဖြစ်ခင်က ဒီလိုစုပြီး လက်နက်တွေ ၀ယ်ပေးရမယ်လို့ ကျွန်မတို့ မတွေးမိခဲ့ပါဘူး။ ကမ္ဘာကြီးပိုကောင်းလာဖို့ တစ်ခုခုတော့ လုပ်ပေးရမှာပေါ့လေ” လို့ အလှူငွေ ယူရို ၁၀၀ ထည့်၀င်ခဲ့သူ အသက် ၃၂ နှစ်အရွယ် အဂ်နီ ဘီလစ်ကိုက်က ပြောပါတယ်။

    တူရကီရဲ့ Bayraktar TB2 ဒရုန်းတွေဟာ ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်မှာ နာမည်ကျော်လာတာပါ။ ဆီးရီးယားနဲ့ လစ်ဗျားတို့မှာ အသုံးပြုနေသလို အဇာဘိုင်ဂျန်က နိုင်သွားတဲ့ ၂၀၂၀ ခုနှစ် အာမေးနီးယားနဲ့ ၂ လကြာစစ်ပွဲမှာ ဒီဒရုန်းတွေက အဓိကကျတဲ့ အခန်းကဏ္ဍကနေ ပါ၀င်ခဲ့ပါတယ်။

    ယူကရိန်းဟာ အရင်က Bayraktar TB2 ဒရုန်း အစီး ၂၀ တူရကီထံကနေ ၀ယ်ထားပြီး ဇန်န၀ါရီလကလည်း နောက်ထပ် ၁၆ စင်း ထပ်မှာခဲ့ပါတယ်။

    ရုရှားရဲ့ ကျူးကျော်စစ်ကို ခုခံဖို့အတွက် အမေရိကန်နဲ့ ဥရောပနိုင်ငံတွေက ရုရှားကို စစ်လက်နက်တွေ ထောက်ပံ့ပေးနေပြီး၊ သာမန်ပြည်သူတွေက ပိုက်ဆံစုကာ ဒရုန်း၀ယ်ပေးတဲ့ဖြစ်စဥ်ဟာ ဒါပထမဆုံး ဖြစ်ပါတယ်။

    ဒရုန်းကို လစ်သူယေးနီးယား ကာကွယ်ရေး၀န်ကြီးဌာနက ၀ယ်ယူပေးပို့မှာ ဖြစ်ပါတယ်။

    Ref: Reuters

  • ဂျူးလက်ယာစွန်းရောက်များ အလ်အက်ဆွာဗလီကို ၀င်စီး

    ဂျူးလက်ယာစွန်းရောက်များ အလ်အက်ဆွာဗလီကို ၀င်စီး

    မေ ၂၉၊ ၂၀၂၂
    M-Media

    -ပါလက်စတိုင်းပိုင်နက်ဖြစ်တဲ့ ဂျေရုစလင်က အလ်အက်ဆွာဗလီကို ဂျူးအစွန်းရောက်တွေ ဒီကနေ့မနက်ပိုင်းမှာ ၀င်ရောက်စီးနင်းခဲ့ပြီး ပါလက်စတိုင်းတွေရဲ့ အချုပ်အခြာနဲ့ ဘာသာရေးကို ကျူးကျော်စော်ကားမှု မြင့်တက်လာတဲ့ ပြယုဂ်တစ်ခု ဖြစ်ပါတယ်။

    အစ္စရေးလွှတ်တော်မှာ အမတ်နေရာတစ်ချို့ ရရှိထားတဲ့ ဂျူးအမျိုးသားရေးအစွန်းရောက်ပါတီတစ်ခုရဲ့ ခေါင်းဆောင် အီတာမာရ် ဘင်ဂဗီရ်က ဦးဆောင်ပြီး ဗလီထဲကို ၀င်ရောက်စီးနင်းခဲ့တာပါ။

    အစ္စရေးတပ်ဖွဲ့တွေကလည်း ဗလီထဲ ၀င်ရောက်တပ်စွဲကာ ၀တ်ပြုနေတဲ့ ပါလက်စတိုင်းတွေကို တံခါးပိတ်လှောင်ပြီး ဂျူးအစွန်းရောက်တွေအတွက် လမ်းရှင်းပေးခဲ့ပါတယ်။

    သတင်းယူဖို့သွားတဲ့ ဂျာနယ်လစ်တွေကို အစ္စရေးတပ်ဖွဲ့တွေက ဟန့်တားခဲ့သလို၊ ဗလီအတွင်းရှိနေတဲ့ ပါလက်စတိုင်းတွေကို ရာဘာကျည်တွေနဲ့ ပစ်ခတ်တာကြောင့် အနည်းဆုံး ၁၈ ဦး ဒဏ်ရာရခဲ့ပါတယ်။

    ဂျူးအစွန်းရောက်တွေဟာ ဗလီထဲမှာ ဂျူးဘာသာအတိုင်း ဘရားရှိခိုးဖို့အထိ ကြိုးစားခဲ့ကြတာပါ။ အစ္စရေးဥပဒေအရ အလ်အက်ဆွာဗလီထဲမှာ ဂျူးတွေ ဘုရား၀တ်ပြုခွင့်မရှိလို့ တားမြစ်ထားတာ ဖြစ်ပါတယ်။

    အစ္စရေးတပ်ဖွဲ့တွေနဲ့ ဂျူးအခြေချနေထိုင်သူတွေဟာ ပါလက်စတိုင်းတွေရဲ့ နေအိမ်တွေ၊ လယ်ယာတွေကို အတင်းအဓမ္မ ကျူးကျော်သိမ်းပိုက်ရုံသာမက အလ်အက်ဆွာဗလီကို ဖြိုချပြီး ဂျူးဘုရားကျောင်းဆောက်ဖို့အတွက် ကြိုးပမ်းလာကြတာ ဖြစ်ပါတယ်။

    ၁၉၆၇ ခုနှစ် စစ်ပွဲမှာ ပါလက်စတိုင်းပိုင်နက်တွေကို ထပ်မံ ကျူးကျော်သိမ်းပိုက်နိုင်တဲ့ အထိမ်းအမှတ်အဖြစ် နှစ်စဥ်နှစ်တိုင်း ဂျူးအခြေချသူတွေဟာ ဂျေရုစလင်က ပါလက်စတိုင်းရပ်ကွက်တွေမှာ ချီတက်လှည့်လည် ရန်စလေ့ရှိပြီး လာမယ့်ရက်ပိုင်းအတွင်း ဒီလိုချီတက်မှု ပြုလုပ်ဖို့ရှိနေပါတယ်။

    Ref: Aljazeera

    mmInternationalNews

  • မော်လမြိုင်တွင် ဆိပ်ကမ်းဆောက်ရန် စစ်ကောင်စီ ကြိုးပမ်းနေ

    မော်လမြိုင်တွင် ဆိပ်ကမ်းဆောက်ရန် စစ်ကောင်စီ ကြိုးပမ်းနေ

    မေ ၃၀၊ ၂၀၂၂
    M-Media

    -မော်လမြိုင်မှာ နိုင်ငံတကာ ဆိပ်ကမ်းတစ်ခုဆောက်လုပ်ရေး ကနဦး လေ့လာဆန်းစစ်မှုတွေလုပ်ဖို့ စစ်ကောင်စီ ပို့ဆောင်ဆက်သွယ်ရေး ၀န်ကြီးဌာနက တင်ဒါခေါ်ထားပါတယ်။

    မုဒုံမြို့နယ်က ညောင်၀ိုင်းရွာကနေ ၀ဲကလိရွာအထိ စီမံကိန်းဧရိယာ သတ်မှတ်ထားတာ ဖြစ်ပါတယ်။ စိတ်၀င်စားတဲ့ ကုမ္ပဏီတွေအနေနဲ့ ဇွန်လ ၉ ရက်နေ့ နောက်ဆုံးထားပြီး တင်ဒါတင်ရမယ်လို့ စစ်ကောင်စီက ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    ဒါဟာ မော်လမြိုင်မြို့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်ရွယ်တယ်လို့ စစ်ကောင်စီက ဆိုပါတယ်။

    စီမံကိန်း အကောင်အထည်ပေါ်လာရင် အရှေ့အလယ်ပိုင်းနဲ့ အာဖရိကတို့က စွမ်းအင်နဲ့ ကုန်ပစ္စည်းတွေ တင်သွင်းတာ၊ တင်ပို့တာတွေ လုပ်ဆောင်နိုင်မယ့် နိုင်ငံတကာ ကုန်တင်သင်္ဘောလမ်းကြောင်းနဲ့ ချိတ်ဆက်နိုင်ဖွယ် ရှိနေပါတယ်။

    Ref: Xinhua

  • အီရန်က လျှို့၀ှက် မြေအောက်ဒရုန်းတပ်စခန်း

    အီရန်က လျှို့၀ှက် မြေအောက်ဒရုန်းတပ်စခန်း

    မေ ၂၈၊ ၂၀၂၂
    M-Media

    -စစ်တပ်အကြီးအကဲ ဗိုလ်ချုပ် အဘ်ဒွလ်ရာဟင် မူဆာဗီ လျှို့၀ှက် မြေအောက်ဒရုန်းတပ်စခန်း သွားရောက်စစ်ဆေးကြည့်ရှုတဲ့ ဓာတ်ပုံတွေကို အီရန်က ထုတ်ပြလာပါတယ်။

    ဒါဟာ သိုသိုသိပ်သိပ် တည်ဆောက်နေတဲ့ ဒရုန်းတပ်ဖွဲ့နဲ့ပတ်သက်ပြီး အီရန်ရဲ့ ပထမဆုံး လူသိရှင်ကြား ထုတ်ပြန်မှုပါ။

    ဇာဂရို့စ်တောင်တန်းအောက်မှာ တည်ဆောက်ထားတဲ့ ဒီစခန်းမှာ ပြည်တွင်းဖြစ် ထိပ်တန်းဒရုန်းပေါင်း ၁၀၀ လောက် သိမ်းဆည်းထားတယ်လို့ အီရန်နိုင်ငံပိုင် သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

    “အီရန်ရဲ့ ဒရုန်းတပ်ဖွဲ့အင်အားဟာ ဒေသတွင်း အင်အားအကောင်းဆုံးဆိုတာ သံသယဖြစ်စရာ မလိုပါဘူး။ ကျွန်တော်တို့ရဲ့ ဒရုန်းတွေအဆင့်မြှင့်တင်နိုင်စွမ်းကို ဘယ်သူမှ တားဆီးလို့ မရပါဘူး” လို့ စစ်တပ်အကြီးအကဲ မူဆာဗီက ပြောပါတယ်။

    အစိုးရသတင်းဌာန သတင်းထောက်က ဒီတပ်စခန်းဟာ နိုင်ငံအနောက်ပိုင်း ကာရ်မန်ရှားမြို့ကနေ ရဟတ်ယာဥ်နဲ့ ၄၅ မိနစ်သွားရပြီး သူ့ကို မျက်လုံးအ၀တ်စည်း ခေါ်ဆောင်သွားတာလို့ ပြောပါတယ်။

    ထုတ်ပြန်ခဲ့တဲ့ ဓာတ်ပုံတွေ ဗီဒီယိုတွေထဲမှာ Ababil-5 အပါအ၀င် ပြည်တွင်းဖြစ် လက်နက်တပ်ဒရုန်း တော်တော်များများကို တွေ့ရပါတယ်။

    အီရန်ဟာ ပြီးခဲ့တဲ့နှစ်ကလည်း လျှို့၀ှက် မြေအောက်ဒုံးကျည်စခန်း ပုံတွေကို ထုတ်ပြန်ခဲ့ဖူးပါတယ်။

    Ref: Reuters

    mmInternationalNews

  • အီလွန်မက်စ်၏ စတားလင့် ဂြိုဟ်တုကွန်ယက်ကို ဖျက်ဆီးရန် တရုတ်စဥ်းစားနေ

    အီလွန်မက်စ်၏ စတားလင့် ဂြိုဟ်တုကွန်ယက်ကို ဖျက်ဆီးရန် တရုတ်စဥ်းစားနေ

    မေ ၂၈၊ ၂၀၂၂

    M-Media

    -နည်းပညာထိပ်သီး အီလွန်မက်စ်ရဲ့ ဂြိုဟ်တုအခြေပြု အင်တာနက်ဆက်သွယ်ရေးစနစ် (Starlink) ကွန်ယက်ကို ဖျက်ဆီးဖို့ ကြိုးစားရမယ်လို့ တရုတ်သိပ္ပံပညာရှင်တွေက တိုက်တွန်းလိုက်ပါတယ်။

    Starlink ဟာ ကမ္ဘာတစ်၀ှမ်း ၀ေးလံခေါင်ဖျားတဲ့ဒေသတွေအထိ အင်တာနက်ဆက်သွယ်မှုကို စျေးသက်သက်သာနဲ့ အသုံးပြုနိုင်ဖို့ ရည်ရွယ်တာဖြစ်ပြီး ဒီစနစ်အတွက် ကမ္ဘာပတ်လမ်းမှာ ဂြိုဟ်တုကွန်ယက်ကို ဖြန့်ကျက်ထားတာပါ။ 

    တရုတ်ကာကွယ်ရေးဌာနက ၀ါရင့်သိပ္ပံပညာရှင် ၅ ဦးရဲ့ ပြီးခဲ့တဲ့လ သုံးသပ်ချက်စာတမ်းမှာ စတားလင့်ဂြိုဟ်တုကွန်ယက်ကို တရုတ်နိုင်ငံရဲ့ လုံခြုံရေး ထိခိုက်အောင် အသုံးပြုလာနိုင်တဲ့အတွက် သုံးမရအောင်လုပ်ဖို့ ဒါမှမဟုတ် ဖျက်ဆီးပစ်ဖို့ လိုအပ်တယ်လို့ ဖော်ပြထားပါတယ်။ 

    ဒီအဖွဲ့ကို ပညာရှင် ယန့်ယွမ်ကျန်းက ဦးဆောင်တာပါ။ စတားလင့် ကွန်ယက်ကို ဖျက်ဆီးနိုင်မယ့် နည်းလမ်းတွေ အသေအချာ ရှာဖွေဖော်ထုတ်ဖို့ သူတို့အဖွဲ့က တိုက်တွန်းထားပြီး၊ ဒီလိုလုပ်ဆောင်မှသာ အာကာသစိုးမိုးနိုင်မှုကို တရုတ်က ထိန်းထားနိုင်လိမ့်မယ်လို့လည်း စာတမ်းမှာ တိုက်တွန်းထားပါတယ်။ 

    အမေရိကန် ဒရုန်းတွေ၊ ကိုယ်ပျောက်တိုက်လေယာဥ်တွေဟာ စတားလင့် အင်တာနက်ကွန်ယက်နဲ့ ချိတ်ဆက်လိုက်ရင် လက်ရှိထက် အဆ ၁၀၀ မြန်တဲ့ အင်တာနက်ဆက်သွယ်မှုကို ရရှိမှာဖြစ်ပြီး တရုတ်ရဲ့ အာကာသစိုးမိုးနိုင်စွမ်းကို နောက်ကောက်ကျစေလိမ့်မယ်လို့ ယန့်ယွမ်ကျန်းက ဆိုပါတယ်။ 

    စတားလင့် ဂြိုဟ်တုဆက်သွယ်ရေးကွန်ယက်ကို ဖျက်ဆီးဖို့ တရုတ်မှာ နည်းပညာမရှိပါဘူး။ 

    ဂြိုဟ်တုဖျက်ဒုံးကျည်နဲ့ ပစ်ခတ်ဖြိုခွင်းတာ၊ မြေပြင်အခြေစိုက် လေဆာလက်နက်နဲ့ပစ်တဲ့ နည်းလမ်းမျိုးတွေ သုံးလို့ရပေမယ့် တရုတ်ဟာ လက်ရှိအနေအထားအရ ဒီလိုစွမ်းဆောင်နိုင်စွမ်း မရှိသေးပါဘူး။ 

    တရုတ်မှာ စွမ်းအားမြင့် မိုက်ခရို၀ေ့ဗ်လက်နက် (RKA) ရှိနေပြီး ဂြိုဟ်တုတွေမှာ တပ်ဆင်ကာ စလားလင့်ဂြိုဟ်တုက အရေးပါတဲ့ အစိတ်အပိုင်းတွေကို ဖျက်ဆီးပစ်နိုင်ပါတယ်။ 

    ဒါပေမယ့် စတားလင့်စနစ်ဟာ ဗဟိုထိန်းချုပ်မှု မရှိတဲ့ ကွန်ယက်တစ်ခုဖြစ်တဲ့အတွက် ဂြိုဟ်တုတစ်ချို့ကို ဖျက်ဆီးလိုက်ရုံနဲ့ စနစ်က ရပ်ဆိုင်းမသွားပါဘူး။ 

    ဂြိုဟ်တုတွေအများကြီးကို တစ်ချက်တည်းနဲ့ ဖျက်ဆီးနိုင်မယ့် X-ray  လေဆာလက်နက်မျိုးကို တရုတ်က ဖန်တီးလာနိုင်ပါတယ်။ ၁၉၇၀ ပြည့်နှစ်တွေကတည်းက ဒီလက်နက်ဖန်တီးဖို့ ကမ္ဘာ့နိုင်ငံတွေ ကြိုးစားခဲ့ပေမယ့် နည်းပညာဆိုင်ရာ အခက်အခဲတစ်ချို့ကို လက်ရှိအချိန်အထိ မကျော်လွှားနိုင်သေးပါဘူး။ 

    Ref: Asia Times