News @ M-Media

Blog

  • ဘာသာပေါင်းစုံချစ်ကြည်ရေး လှုပ်ရှားသူများကို ချက်ခြင်းလွှတ်ပေးရန် Burma Campaign တောင်းဆို

    ဘာသာပေါင်းစုံချစ်ကြည်ရေး လှုပ်ရှားသူများကို ချက်ခြင်းလွှတ်ပေးရန် Burma Campaign တောင်းဆို

    ဧပြီ ၃၀၊ ၂၀၁၆
    M-Media

    zaw zaw lat

    – ဗြိတိန်အခြေစိုက် လူ့အခွင့်အရးအဖွဲ့တစ်ခုဖြစ်သည့် Burma Campaign က ဘာသာပေါင်းစုံ ညီညွတ်ရေး တက်ကြွလှုပ်ရှားသူများဖြစ်သော ကိုဇော်ဇော်လတ်၊ မပွင့်ဖြူလတ်နှင့် ကိုဇော်ဝင်းဘိုတို့အား ခြွင်းချက်မရှိ ချက်ခြင်းလွှတ်ပေးရန် တောင်းဆိုလိုက်သည်။

    ယမန်နေ့က ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ထိုကဲ့သို့ တောင်းဆိုလိုက်ခြင်းဖြစ်ပြီး ၎င်းတို့ ၃ ဦးနှင့် ကျန်ရှိနိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် နိုင်ငံရေး အကျဉ်းသားများဆိုင်ရာ ကော်မတီကိုလည်း ပြုပြင်ပြောင်းလဲမှုပြုလုပ်ရန် အစိုးရအား တိုက်တွန်းခဲ့သည်။

    အစ္စလာမ်ဘာသာဝင်များဖြစ်သည့် ကိုဇော်ဇော်လတ်နှင့် မပွင့်ဖြူလတ်၊ ဟိန္ဒူဘာသာဝင်ဖြစ်သည့် ကိုဇော်ဝင်းဘိုတို့မှာ ဗုဒ္ဓဘာသာဘုန်းတော်ကြီးတစ်ဦး တည်ထောင်ထားသည့် ‘သင့်မြတ်လိုသူများ’ ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးအဖွဲ့၏ အဖွဲ့ဝင်များလည်းဖြစ်သည်။

    ကိုဇော်ဇော်လတ်မှာ ဗုဒ္ဓ၀ါဒနှင့် သွေဖည်နေသော ဘုန်းကြီးတစ်ပါးနှင့် လက်တွဲကာ ဘာသာပေါင်းစုံချစ်ကြည်ရေး ဆောင်ရွက်ခြင်းဖြင့် ဗုဒ္ဓဘာသာအား စော်ကားနေသည်ဟု အမျိုးသားရေးအစွန်းရောက်များက အွန်လိုင်းတွင် လှုံ့ဆော်ပြီးနောက် ၂၀၁၅ ခုနှစ်တွင် ဖမ်းဆီးခြင်းခံခဲ့ရပြီး တရားမ၀င်နယ်စပ်ဖြတ်ကျော်မှု၊ တရားမ၀င်အဖွဲ့အစည်းဖြင့် ဆက်သွယ်မှုပုဒ်မများဖြင့် တရားစွဲဆိုခံခဲ့ရသည်။ ထို့နောက်ပိုင်းတွင် မပွင့်ဖြူလတ်နှင့် ကိုဇော်ဝင်းဘိုတို့ကို အာဏာပိုင်များက ဖမ်းဆီးခဲ့ကြသည်။

    ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလကတွင် ၎င်းတို့ ၃ ဦးအား တရားမ၀င်နယ်စပ်ဖြတ်ကျော်မှုဖြင့် ထောင်ဒဏ် ၂ နှစ်စီ ချမျတ်ခဲ့ပြီး ဧပြီလ ၈ ရက်နေ့တွင် ကိုဇော်ဇော်လတ်နှင့် မပွင့်ဖြူလတ်တို့မှာ တရားမ၀င်အဖွဲ့အစည်းဆိုင်ရာ အက်ဥပဒေဖြင့် ထောင်ဒဏ် ၂ နှစ် ထပ်မံ ချမှတ်ခြင်းခံခဲ့ရကာ လက်ရှိတွင် မန္တလေးရှိ အိုးဘိုထောင်၌ ပြစ်ဒဏ်ကျခံနေရသည်။

    “အခြားသော တက်ကြွလှုပ်ရှားသူတွေ ထောင်ကလွတ်လာတဲ့အချိန်မှာ ဒီဘာသာပေါင်းစုံ ချစ်ကျည်ရေး တက်ကြွလှုပ်ရှားသူတွေ ထောင်ထပ်ကျတာကိုမြင်ရတဲ့အတွက် ကျွန်မ တော်တော်လေး စိတ်မကောင်းဖြစ်မိပါတယ်။ လက်ရှိ မြန်မာနိုင်ငံမှာ ဘာသာရေးလွတ်လပ်ခွင့်ကို မြှင့်ပေးဖို့ဟာ တော်တော်အရေးကြီးတဲ့ ကိစ္စပါ။ ဇော်ဇော်လတ်၊ ပွင့်ဖြူလတ်နဲ့ ဇော်ဝင်းဘိုတို့လို တက်ကြွလှုပ်ရှားသူတွေ အများကြီး ကျွန်မတို့လိုပါတယ်။ သူတို့ကို ချက်ခြင်းလွှတ်ပေးမှ နိုင်ငံအတွင်းမှာ ဘာသာရေး သဟဇာတဖြစ်ဖို့အတွက် သူတို့ရဲ့ ငြိမ်းချမ်းရေး လှုပ်ရှားမှုတွေကို ဆက်လက်လုပ်ဆောင်နိုင်မှာပါ” ဟု Burma Campaign UK မှ တာဝန်ရှိသူတစ်ဦးဖြစ်သူ ဒေါ်ဝေနှင်းက ပြောကြားခဲ့သည်။

    Ref: Mizzima

  • အပူချိန်အလွန်မြင့်မားမှုကြောင့် အိန္ဒိယ အချို့ဒေသတွင် နေ့ခင်းပိုင်းချက်ပြုတ်မှုကို တားမြစ်

    အပူချိန်အလွန်မြင့်မားမှုကြောင့် အိန္ဒိယ အချို့ဒေသတွင် နေ့ခင်းပိုင်းချက်ပြုတ်မှုကို တားမြစ်

    ဧပြီ ၃၀၊ ၂၀၁၆
    M-Media

    india

    – အပူချိန် အလွန်အမင်းမြင့်မားမှုနှင့် ဆက်စပ်၍ နိုင်ငံတစ်ဝှမ်း လူပေါင်း ၃၀၀ ကျော် သေဆုံးပြီးနောက် အိန္ဒိယနိုင်ငံအရှေ့ပိုင်း ဘီဟာရ်ပြည်နယ်တွင် နေ့ပိုင်း ထမင်းချက်ပြုတ်မှု မပြုလုပ်ရန် အိန္ဒိယအာဏာပိုင်များက တားမြစ်ပိတ်ပင်လိုက်သည်ဟု သိရသည်။

    နံနက် ၉ နာရီမှ ညနေ ၆ နာရီအထိ ထမင်းဟင်းချက်ပြုတ်မှုကို တားမြစ်လိုက်ခြင်းဖြစ်ပြီး လေလွင့်ကောက်ပဲသီးနှံများ မီးရှို့ခြင်းနှင့် မီးဖြင့်ပြုလုပ်ရသည့် ဘာသာရေးဆိုင်ရာ ဓလေ့းထုံးတမ်းများကိုလည်း အာဏာပိုင်များက တစ်ပါတည်းပိတ်ပင်ခဲ့သည်။

    ဘီဟာရ်ပြည်နယ်အတွင်းရှိ ကျေးရွာများနှင့် မြို့စွန်များတွင် ပြီးခဲ့သည့်သီတင်းပတ်များအတွင်း မီးလောင်မှုကြောင့် အနည်းဆုံး လူပေါင်း ၈၀ ခန့်သေဆုံးခဲ့ပြီး၊ ပြီးခဲ့သည့်တစ်ပတ်ကလည်း အော်ရန်ဂါဘဒ်ပြည်နယ်ရှိ ဟိန္ဒူထုံးစံ ဆုတောင်းမှုတစ်ခုအတွင်း မီးလောင်ကာ ကလေးငယ် ၁၀ ဦး ပါအ၀င် စုစုပေါင်း လူ ၁၅ ဦးသေဆုံးခဲ့သည်။

    အာဏာပိုင်များကမူ ထိုကဲ့သို့ တားမြစ်မှုမှာ ခြောက်သွေ့လွန်းသော ယခုအချိန်တွင် မီးလောင်မှုများ မြင့်တက်လာခြင်းကို တားဆီးရန်ဖြစ်သည်ဟု ပြောကြားခဲ့ပြီး ထိုတားမြစ်ချက်ကို မလိုက်နာပါက အမြင့်ဆုံး ထောင်ဒဏ် ၂ နှစ်အထိ ကျခံရမည်ဖြစ်သည်။

    သို့သော်လည်း အစိုးရအတိုက်အခံများကမူ ထိုသို့ တားမြစ်မှုကို ရှုတ်ချခဲ့ပြီး မီးလောင်လွယ်သည့်အိမ်များဖြင့် နေရသည့် ပြည်သူများအား လူနေမှုအဆင့်အတန်းမြင့်မားစေရန် ဆောင်ရွက်ပေးရမည်ဟု ပြောကြားခဲ့သည်။

    Ref: Aljazeera

  • တိုင်းရင်းသားကလေးငယ်များမှာ အခြားမြန်မာကလေးငယ်များထက် ဖွံ့ဖြိုးတိုးတက်မှု နှေးကွေးနေ

    တိုင်းရင်းသားကလေးငယ်များမှာ အခြားမြန်မာကလေးငယ်များထက် ဖွံ့ဖြိုးတိုးတက်မှု နှေးကွေးနေ

    M-Media
    ဧပြီ ၃၀ ၊ ၂၀၁၆

    ချင်းတိုင်းရင်းသား ကလေးငယ် ၂ ဦး
    ချင်းတိုင်းရင်းသား ကလေးငယ် ၂ ဦး

    အသက် ၅ နှစ်အောက် တိုင်းရင်းသားကလေးငယ်များမှာ အခြားသော မြန်မာကလေးငယ်များထက် ၃ ဆပို၍ ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု နှေးကွေးမှုကို ခံစားနေရကြောင်း သိရသည်။

    အာဟာရချို့တဲ့မှုနှင့်ဆိုင်သည့် စစ်တမ်းကောက်ယူမှုတစ်ခုကို အင်ဂျီအိုအဖွဲ့များဖြစ်သည့် Livelihoods နှင့် Food Security Trust Fund (LIFT) တို့ပူးပေါင်းလုပ်ဆောင်ခဲ့ပြီး ထိုစစ်တမ်းအရ ချင်း၊ ကချင်နှင့် ရှမ်းတောင်တို့ရှိ ၀င်ငွေနည်းမိသားစုများမှ ကလေးငယ်များမှာ ဖွံ့ဖြိုးမှု နှေးကွေးခြင်းဒဏ်ကို ခံစားကြရဖို့ ရာနှုန်းတိုးတက်မြင့်မားလျက်ရှိကြောင်း သိရသည်။

    ဖွံ့ဖြိုးတိုးတက်မှုဆိုရာ၌ ခန္ဓာကိုယ်ပိုင်းဖွံ့ဖြိုးခြင်း၊ စိတ်ပိုင်းနှင့် ရုပ်ပိုင်းဆိုင်ရာအင်္ဂါရပ်များဖွံ့ဖြိုးခြင်းများပါ ပါဝင်ကြောင်း စစ်တမ်းက ဆိုသည်။ ထိုစစ်တမ်းကို အိမ်ထောင်စုပေါင်း ၂၄၀၀ ထံမှ ကောက်ခံခဲ့ခြင်းဖြစ်ကြောင်း၊ ရွာပေါင်း ၂၀၀ မှ အိမ်ထောင်စု ၈၀၀ အထိ နှိုင်းယှဉ်သုံးသပ်ခြင်းများ ပြုလုပ်ထားကြောင်း သိရှိရသည်။

    ကာလ၀မ်းနှင့် သောက်သုံးရေသန့် မရရှိနိုင်ခြင်းတို့အကြောင်းနှစ်ခုမှာ တိုင်းရင်းသားကလေးငယ်များ နည်းမှန်လမ်းမှန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြဿနာကြီးနှစ်ရပ်ဖြစ်နေပြီး ၊ မိသားစုဝင်ငွေနည်းပါးခြင်းကြောင့်လည်း ကလေးငယ်များမှာ အာဟာရလုံလောက်စွာမရရှိကြောင်း စစ်တမ်းက ဖော်ပြထားသည်။

    အာဟာရလုံလောက်စွာရရှိသည့်နေရာများရှိ မိသားစုများမှာလည်း အာဟာရပြည့်ဝစေဖို့ မည်သို့မည်ပုံ စားသောက်ရမည်ကို မသိကြကြောင်း စစ်တမ်းက ဆိုသည်။

    ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ကြေညာချက်အရ မြန်မာနိုင်ငံမှာ အရှေ့တောင်အာရှတွင် အာဟာချို့တဲ့မှု တတိယအများဆုံးနိုင်ငံဖြစ်ကြောင်း သိရသည်။

  • ဇေကမ္ဘာဝန်ထမ်းများက သင်္ကြန်ရက်အတွင်း ဘုန်းကြီးကျောင်းတစ်ကျောင်းကို ဖျက်ဆီးခဲ့

    ဇေကမ္ဘာဝန်ထမ်းများက သင်္ကြန်ရက်အတွင်း ဘုန်းကြီးကျောင်းတစ်ကျောင်းကို ဖျက်ဆီးခဲ့

    M-Media
    ဧပြီ ၃၀ ၊ ၂၀၁၆

     

    ဇေကမ္ဘာ ဦးခင်ရွှေ
    ဇေကမ္ဘာ ဦးခင်ရွှေ

     
     

    မင်္ဂလာဒုံမြို့နယ်ရှိ ဘုန်းကြီးကျောင်းတစ်ခုကို သင်္ကြန်ပိတ်ရက်အတွင်း ဇေကမ္ဘာကုမ္ပဏီက ယူနီဖောင်းဝတ်ဝန်ထမ်းတချို့ ၀င်ရောက်ဖျက်ဆီးခဲ့ကြကြောင်း သိရသည်။

    ထိုဘုန်းကြီးကျောင်းမှာ ဇေကမ္ဘာကုမ္ပဏီပိုင်ဆိုင်သည့် မြေပေါ်တွင် တရားမ၀င် တည်ဆောက်ထားသည်ဟုဆိုကာ ဇေကမ္ဘာကုမ္ပဏီဝန်ထမ်းများက ဖျက်ဆီးပစ်ခဲ့ကြောင်း၊ ထို့ကြောင့် ဘုန်းကြီးကျောင်းအစိတ်အပိုင်းအချို့ လုံးဝပျက်ဆီးသွားခဲ့ကြောင်း ဇေကမ္ဘာကုမ္ပဏီက ၀န်ခံထားသည်။

    ၂၀၁၀ ခုနှစ်အတွင်း ဇေကမ္ဘာကုမ္ပဏီက လယ်ဧကပေါင်း ၈၀၀ ကျော်ကို ရွှေနံ့သာရွာ လယ်သမားများထံမှ သိမ်းယူပြီး စက်မှုဇုံဆောက်ဖို့ ကြိုးပမ်းခဲ့သည်။ ထိုမြေပေါ်တွင် ဖျက်ဆီးခံရသည့် ဘုန်းကြီးကျောင်းကို တည်ထားခြင်းဖြစ်ကြောင်း သိရသည်။

    ဘုန်းတော်ကြီး ဦးနိကာယကမူ ဇေကမ္ဘာကို အရေးယူဖို့ သာသနာရေးဝန်ကြီးဌာနကို တိုင်ကြားမည်ဖြစ်ကြောင်း၊ ဇေကမ္ဘာဝန်ထမ်းများက သင်္ကြန်ပထမနေ့ ဧပြီ ၁၃ ရက်နေ့က၊ မင်္ဂလာဒုံမြို့နယ်တောင်ပိုင်း၊ ပေါင်းကူးဥာဏရပ်ကွက်အတွင်း ၀င်ရောက်လာပြီး ဘုန်းကြီးကျောင်းကို ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း၊ လူပေါင်း ၂၀ ကျော်ပါဝင်ပြီး ကိုမျိုးခိုင်ဆိုသူက ခေါင်းဆောင်ကြောင်း ၊ ဖျက်ဆီးနေစဉ်အတွင်း ရုန့်ရင်းကြမ်းတမ်းသည့် စကားများကိုလည်း ဘုန်းတော်ကြီးများကို ရည်ညွှန်း ပြောဆိုခဲ့ကြောင်း၊ တည်ဆောက်ဆဲဖြစ်သည့် ဘုရားဌာပနာကိုမူ ည ၉ နာရီခန့်တွင် လူ ၃၀ ခန့်လာရောက်ဖျက်ဆီးခဲ့ကြောင်း မြန်မာတိုင်းမ်စ်သို့ ပြောပြထားသည်။

    ဇေကမ္ဘာကမူ ၄င်းတို့အနေဖြင့် ယင်းလယ်မြေ ၈၁၅ ဧကကို ကျပ် ၃ သိန်းဖြင့် ၂၀၁၀ ခုနှစ်က ၀ယ်ယူခဲ့ပြီး မင်္ဂလာဒုံစက်မှုဇုံ ၄ တည်ဆောက်ဖို့ဖြစ်သည်ဟု ဆိုသည်။ ဦးခင်ရွှေက ဆောက်လုပ်ရေးဝန်ကြီးဌာန၏ ခွင့်ပြုချက်ကို ၂၀၁၀ ကတည်းက ရထားပြီးဖြစ်သည်ဟု မြန်မာတိုင်းမ်စ်သို့ ပြောပြထားသည်။ ထို့ပြင် ဦးခင်ရွှေက ဘုန်းကြီးကျောင်းဆောက်ဖို့ မြို့နယ်သံဃနာယကကို လာဘ်ထိုးဖို့ လွယ်ကူကြောင်း၊ ဘုန်းကြီးကျောင်းမှာ ပြည်ထဲရေး၊ သာသနာရေးနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာန သုံးခုစလုံး ခွင့်ပြုချက်ဖြင့်သာ တည်ဆောက်၍ရကြောင်း၊ ယခုမူ မြို့နယ်သံဃနာယကကို လာဘ်ထိုး၍ ဆောက်လုပ်ထားကြောင်း၊ ဘုန်းကြီးများက သူပိုင်ဆိုင်သည့်မြေကို ကျူးကျော်ပြီး တခြားလူတွေကိုလည်း ပြန်လည်ရောင်းချလေ့ရှိကြောင်း ပြောသည်။

    သာသနာရေးဝန်ကြီး သူရဦးအောင်ကိုက နိုင်ငံတော်သံဃမဟာနာယကနှင့် ယင်းကိစ္စဆွေးနွေးဖို့ သဘောတူပြီးဖြစ်သည်ဟုလည်း ဦးခင်ရွှေက ဆိုသည်။

     

     

     

     

     

     

     

     

     

  • ဘာသာပေါင်းစုံ သဟဇာတ ဖြစ်စေမည့် ဥပဒေပေါ်လာရေး အလေးထား ဆောင်ရွက်မည်ဟုဆို

    ဘာသာပေါင်းစုံ သဟဇာတ ဖြစ်စေမည့် ဥပဒေပေါ်လာရေး အလေးထား ဆောင်ရွက်မည်ဟုဆို

    ဧပြီ ၂၉၊ ၂၀၁၆
    M-Media
    shine
     
    – မြန်မာနိုင်ငံ၏ ဥပဒေပြုရေးလုပ်ငန်းစဉ်များတွင် ဘာသာပေါင်းစုံ သဟဇာတ ဖြစ်စေ သည့် ဥပဒေတစ်ရပ် ပေါ်ပေါက်လာစေရန် အစိုးရ၊ အရပ်ဘက်အဖွဲ့စည်းများနှင့် လက်တွဲဆောင်ရွက်မည်ဟု မေတ္တာစက်ဝိုင်း (Interfaith) စုပေါင်းအဖွဲ့က ပြောကြားလိုက်သည်။
     
    မြန်မာပြည်တွင် လူမှု့ကွန်ယက်နှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ဖေါ်ဆောင်လျက်ရှိသော လူမှု့ရေးအဖွဲ့စည်း ဆယ်ဖွဲ့ဖြင့် မေတ္တာစက်ဝိုင်း စုပေါင်းအဖွဲ့ကို ဖွဲ့စည်းထားပြီး နိုင်ငံလုံးဆိုင်ရာ အရပ်ဘက်အဖွဲ့စည်းများ၏ ငြိမ်းချမ်းရေးဆိုင်ရာ ဘာသာပေါင်းစုံ နှီးနှောဖလှယ်ပွဲကို ဧပြီ (၂၆) ရက်မှ ဧပြီ (၂၈) ရက်အထိ ရန်ကုန်မြို့ရှိ ပန်ဒါဟိုတယ်၌ သုံးရက်ကြာ စုပေါင်းဆွေးနွေးခဲ့ကြသည်။
     
    လူမှု့ပတ်ဝန်းကျင်တွင် အမုန်းစကားများ၊ ဘာသာရေးပဋိပက္ခဖြစ်စေမည့် စကားများလျော့နည်းပြီး တရားဥပဒေစိုးမိုးမှု့အတွက် ဒေသတွင်းရှိ အရပ်ဘက်အဖွဲ့စည်းများနှင့် စုပေါင်းသွားမည်ဖြစ်ကြောင်း မေတ္တာစက်ဝိုင်းအဖွဲ့မှ ဦးမျိုးဝင်းက 7day သတင်းဌာနသို့ ပြောကြားခဲ့သည်။
     
    “ဘာသာပေါင်းစုံ သဟဇာတဖြစ်စေတဲ့ ဥပဒေကိုပြုနိုင်တယ်လို့ လည်း ဖွဲ့စည်းပုံအခြေခံဥပဒေ သုံးခုစလုံးမှာ ပြောဆိုထားတာရှိပါတယ်။ ဒါပေမဲ့ ဘယ် အစိုးရမှ ဘာသာပေါင်းစုံ သဟဇာတဖြစ်စေတဲ့ ဥပဒေကို မပြဌာန်းနိုင်ခဲ့ပါဘူး။ ဒီဥပဒေ ကို အရင်က မလိုအပ်ဘူးဆိုပေမဲ့ ဒီဘက်ခေတ်မှာ လိုအပ်ချက်တစ်ခု ဖြစ်လာပါပြီ” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
     
    မြန်မာနိုင်ငံ ဘာသာပေါင်းစုံလူငယ်များ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့မှ ကိုရှိုင်းက ဘာသာပေါင်းစုံ သဟဇာတဖြစ်ရေးအတွက် လုပ်ငန်းစဉ်များဆောင်ရွက်သော်လည်း တရား ဥပဒေ စိုးမိုးမှု့ရှိမှသာ အောင်မြင်မှု့ရရှိနိုင်မည်ဖြစ်ကြောင်း ပြောသည်။
     
    “လက်ရှိမြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ဘာသာရေးအကြား ဖြစ်ပွားနေတဲ့ တင်းမာမှု့လျော့ကျသွားဖို့ လုပ်ဆောင်သွားမယ်၊ အစိုးရ ဘက်ကလည်း အကူညီပေးမယ်လို့ ယုံ ကြည်ပါတယ် ” ဟု ငြိမ်းဖေါင်ဒေးရှင်းမှ အစီစဉ်မန်နေဂျာ ဒေါ်နန်းရှန်က ပြောကြား သည်။
     
    Photo Credit : Shine Win
     
    (7 Day Daily ( friday, 29-04-16, Page 31) မှ တွင်ပါဝင်သည့် သတင်းအား Ye Khaung Htwe ၏ Facebook စာမျက်နှာတွင် အကျဉ်းချုပ်ရေးသားမှုကို ထပ်ဆင့်ဖော်ပြသည်။)