News @ M-Media

Blog

  • ကျွန်စနစ်ဖျက်သိမ်းရေး ကြိုးပမ်းခဲ့သူ လူမည်းအမျိုးသမီး၏ပုံကို အမေရိကန်ဒေါ်လာ ငွေစက္ကူတွင်  ထည့်သွင်းမည်

    ကျွန်စနစ်ဖျက်သိမ်းရေး ကြိုးပမ်းခဲ့သူ လူမည်းအမျိုးသမီး၏ပုံကို အမေရိကန်ဒေါ်လာ ငွေစက္ကူတွင်  ထည့်သွင်းမည်

    ဧပြီ ၂၁၊ ၂၀၁၆
    M-Media

    dollar

    – အမေရိကန်တွင် ကျွန်စနစ်ဖျက်သိမ်းရေး ကြိုးပမ်းခဲ့သည့် တက်ကြွလှုပ်ရှားသူ လူမည်းအမျိုးသမီး ဟာရီယတ် တူဘ်မန်၏ ပုံကို အမေရိကန်ဒေါ်လာ ငွေစက္ကူတွင် ထည့်သွင်းသွားမည်ဟု အမေရိကန် ငွေတိုက်ဌာနက ယမန်နေ့တွင် ကြေငြာလိုက်ပြီး၊ အမေရိကန် ငွေစက္ကူများတွင် ပါဝင်ခွင့်ရသည့် ပထမဆုံး လူမည်းအမျိုးသမီးလည်း ဖြစ်လာမည်ဖြစ်သည်။

    တူဘ်မန်မှာ ၁၈၂၀ ပြည့်နှစ်တွင် မွေးဖွားခဲ့သူဖြစ်ပြီး ကျွန်ရာပေါင်းများစွာကို လွတ်မြောက်အောင် ဆောင်ရွက်ပေးခဲ့သူလည်းဖြစ်သည်။ သူမ၏ ဓာတ်ပုံအား ဒေါ်လာ ၂၀ တန် ငွေစက္ကူ၏ အရှေ့ဖက်တွင် ထည့်သွင်းမည်ဖြစ်ပြီး လက်ရှိ ပါဝင်နေသော ကျွန်ပိုင်ရှင် သမ္မတဟောင်း အန်ဒရူး ဂျက်ဆန်၏ပုံကိုမူ ဖယ်ရှားကာ အနောက်ဖက်တွင် ပြန်လည် ထည့်သွင်းမည်ဖြစ်သည်။

    အမေရိကန်ငွေတိုက်ဌာန အတွင်းရေးမှူး ဂျာကော့ဘ် လျူကမူ တူဘ်မန်မှာ သမိုင်းတွင်သည့် ပုဂ္ဂိုလ်တစ်ဦးသာမကဘဲ မိမိတို့၏ ဒီမိုကရေစီစနစ်တွင် ခေါင်းဆောင်မှုနှင့် ပူးပေါင်းပါဝင်မှုတို့အတွက် စံနမူနာယူစရာ အမျိုးသမီးတစ်ဦးဖြစ်သည်ဟု ပြောကြားခဲ့သည်။

    ဟာရီယတ် တူဘ်မန်မှာ လူမည်းကျွန်များကို မြေအောက်ရထားလမ်းမှတစ်ဆင့် ဘေးကင်းရာကို လျှို့ဝှက်ပို့ဆောင်ပေးခဲ့သည့်အတွက် ကျော်ကြားသော်လည်း အမေရိကန်ပြည်တွင်းစစ်တွင် သူလျှိုအဖြစ် ပါဝင်ခဲ့သည့် ၎င်း၏ အခန်းကဏ္ဍမှာ ပို၍ ထင်ရှားသည်။

    Ref: BBC

  • နာရီဝက်အတွင်း အမေရိကန်သို့ ရောက်ရှိနိုင်သည့် ဒုံးကျည်ကို တရုတ်က အောင်မြင်စွာ စမ်းသပ်နိုင်

    နာရီဝက်အတွင်း အမေရိကန်သို့ ရောက်ရှိနိုင်သည့် ဒုံးကျည်ကို တရုတ်က အောင်မြင်စွာ စမ်းသပ်နိုင်

    ဧပြီ ၂၁၊ ၂၀၁၆
    M-Media

    china missile

    – တစ်ကမ္ဘာလုံးက မည်သည့်ပစ်မှတ်ကိုမဆို ထိမှန်အောင်ပစ်လွှတ်နိုင်တဲ့ တာဝေးပစ်ဒုံးကျည်သစ်တစ်မျိုးကို တရုတ်နိုင်ငံက အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

    Dongfeng-41 (DF-41) လို့အမည်ရတဲ့ အဲဒီဒုံးကျည်ဟာ သူ့ရဲ့ အဝေးဆုံးရောက်ရှိနိုင်တဲ့ အကွာအဝေးဖြစ်တဲ့ ကီလိုမီတာ ၁၂၀၀၀ ကို ရောက်ရှိဖို့ မိနစ် ၃၀ သာ ကြာမြင့်ပြီး ကမ္ဘာပေါ်က နျူပိုင်ဆိုင်တဲ့ မည်သည့်နိုင်ငံကိုမဆို အကြိမ်ပေါင်းများစွာ ပစ်ခတ်နိုင်မှာ ဖြစ်ပါတယ်။

    အဲဒီ ဒုံးကျည်ပစ်လွှတ်မှုကို အမေရိကန်ဂြိုဟ်တုခြေရာခံစနစ်ကနေ ဖမ်းယူနိုင်ခဲ့တယ်လို့ Washington Free Beacon သတင်းဌာနက ဖော်ပြခဲ့ပေမယ့် စမ်းသပ်ပစ်လွှတ်တဲ့ နေရာကိုတော့ ပြောကြားခဲ့ခြင်း မရှိပါဘူး။

    အမေရိကန်က ကျွမ်းကျင်ပညာရှင်တွေကတော့ အဆိုပါ DF-41 ဒုံးကျည်ဟာ တန် ၈၀ လေးတဲ့အပြင် အဆင့်သုံးဆင့်ပါတဲ့ အခဲလောင်စာသုံးထားပြီး နျူထိပ်ဖူး ၆ ခုကနေ ၁၀ ခုအထိ သယ်ဆောင်နိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။

    အဲဒီဖျက်အားပြင်းဒုံးကျည်ကို ဧပြီ ၁၃ ရက်နေ့က စမ်းသပ်ခဲ့တာဖြစ်ပြီး တရုတ်ကလည်း ဒီဒုံးကျည်စမ်းသပ်တာဟုတ်မှန်ကြောင်း ယမန်နေ့မှာ ပြောကြားခဲ့ပါတယ်။

    Ref: RT

  • ခရစ်ယာန်တို့၏ တနင်္ဂနွေဝတ်ပြုဆုတောင်းမှုအတွက် အမေရိကန်ရှိ ဗလီတစ်လုံး နေရာထိုင်ခင်းပေး

    ခရစ်ယာန်တို့၏ တနင်္ဂနွေဝတ်ပြုဆုတောင်းမှုအတွက် အမေရိကန်ရှိ ဗလီတစ်လုံး နေရာထိုင်ခင်းပေး

    ဧပြီ ၂၁၊ ၂၀၁၆
    M-Media

    michigan mosque

    – အမေရိကန်ပြည်ထောင်စု မီချီဂန်ပြည်နယ် လန်ဆင်းမြို့ရှိ ဗလီဝတ်ကျောင်းတော်တစ်လုံးမှာ အနီးရှိ ခရစ်ယာန်ဘုရားကျောင်းမှ တနင်္ဂနွေ ၀တ်ပြုဆုတောင်းမှုအတွက် နေရာထိုင်ခင်းပေးထားသည်ဟု သိရသည်။

    Unitarian Universalist Congregation ဟု အမည်ရသည့် ခရစ်ယာန်ဘုရားကျောင်းဖြစ်ပြီး နေရာသစ်သို့ ရွှေ့ပြောင်းရန် ပြုလုပ်နေသောကြောင့် ဒေသတွင်းရှိ ခရစ်ယာန်များမှာ Islamic Society of Greater Lansing ဗလီဝတ်ကျောင်းတော်တွင် ဧပြီ ၃ ရက်နေ့မှစ၍ တနင်္ဂနွေ ၀တ်ပြုဆုတောင်းမှုကို ပြုလုပ်နေကြခြင်း ဖြစ်သည်။

    ဗလီဝတ်ကျောင်းတော်၏ ရှေ့ဆောင်အီမာမ်ဖြစ်သူ ဆိုဟေးလ် ချောင်ဒရီကမူ ခရစ်ယာန်ဝတ်ပြုသူများအတွက် ထိုကဲ့သို့ နေရာထိုင်ခင်းပေးခြင်းမှာ နိုင်ငံအတွင်းရှိ မတူညီသော လူ့အဖွဲ့အစည်းများအတွက် ဥပမာတစ်ခုအနေဖြင့် ဆောင်ရွက်ပေးခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    “အင်မတန်နှစ်လိုဖွယ်ရာကောင်းတဲ့ အသက်ရှင်နေထိုင်မှုဖြစ်ပြီး၊ လှပတဲ့ ဆက်ဆံရေးလည်းဖြစ်ပါတယ်”

    ရွှေ့ပြောင်းမည့် ဘုရားကျောင်းသစ်မှာ လက်ရှိတွင် ဆောက်လုပ်ဆဲဖြစ်ပြီး ထိုအတွက် ရန်ပုံငွေရရှိရန် Islamic Society of Greater Lansing ဗလီဝတ်ကျောင်းတော်က ၎င်းတို့၏ ၀ဘ်စာမျက်နှာတွင် နှိုးဆော်ပေးခဲ့သည်။ ထို့ပြင် ဘုရားကျောင်းဆောက်လုပ်မှုတွင် လုပ်အားကုသိုလ် ပြုနိုင်ရန်အတွက်လည်း လူငယ်များအား ဗလီဝတ်ကျောင်းတော်က တိုက်တွန်းထားသည်။

    ထိုဗလီဝတ်ကျောင်းတော်မှာ မီချီဂန်ပြည်နယ်တွင် ဖလင့်မြို့ရှိ ရေအဆိပ်သင့်ပြည်သူများအား ကူညီရန်အတွက် အမေရိကန် အစ္စလာမ့်ကူညီကယ်ဆယ်ရေးအဖွဲ့ Islamic Relief USA သို့ ငွေကြေးများ လှူဒါန်းရန်လည်း အစီအစဉ်ရှိနေသည်။

    ၂၀၁၂ ခုနှစ်ကလည်း ကယ်လီဖိုးနီးယားပြည်နယ် ဆာခရာမန်တိုမြို့ရှိ Salam Community Center ဗလီဝတ်ကျောင်းတော်မှာ အနီးရှိ Spiritual Life Center ခရစ်ယာန်ဘုရားကျောင်း၏ နေရာအခက်အခဲကြောင့် အီစတာ ၀တ်ပြုဆုတောင်းမှုကို လက်ခံကျင်းပပေးခဲ့သည်။

    Ref: IINA

  • ပါမောက္ခ ဒေါက်တာ ဦးရဲမြင့် ကွယ်လွန်ခြင်း (သို့) ဆေးလောကရဲ့ ကြွယ်တပွင့် ကြွေလွင့်ခြင်း

    ပါမောက္ခ ဒေါက်တာ ဦးရဲမြင့် ကွယ်လွန်ခြင်း (သို့) ဆေးလောကရဲ့ ကြွယ်တပွင့် ကြွေလွင့်ခြင်း

    ဧပြီ ၂၁ ၊ ၂၀၁၆
    M-Media
    သတင်း-ဖြူလေး

    Prof Ye Myintခွဲစိတ် ဆရာဝန်ကြီး  ပါမောက္ခ ဒေါက်တာဦးရဲမြင့်  ဧပြီလ (၂၀) ရက်နေ့မှာ ကွယ်လွန်သွားခဲ့ကြောင်းသိရပါတယ်။
    .
    ပါမောက္ခ ဒေါက်တာဦးရဲမြင့်ကို (ဦးအီဘရာဟင်-ဒေါ်အေးချို )တို့မှ ၁၉၃၇ ခုနှစ် မန္တလေးတိုင်းဒေသကြီး၊  မြစ်သားမြို့မှာ မွေးဖွားခဲ့ပြီး မွေးချင်း (၇)  ယောက်အနက် (၄) ယောက်မြောက်လည်း ဖြစ်ပါတယ်။
    .
    ငယ်စဉ်ကတည်းက ပညာမှာ ထူးချွန်ခဲ့တဲ့ ဦးရဲမြင့်ဟာ တက္ကသိုလ်ဝင်တန်း စာမေးပွဲကို မြန်မာနိုင်ငံတစ်ငံလုံး ပထမအဆင့် အမှတ်ပေါင်း (၅၅၄ မှတ်) ဖြင့် ဘာသာစုံဂုဏ်ထူးဖြင့် ထူးချွန်ခဲ့သူ တစ်ဦးလည်း ဖြစ်ပါတယ်။
    .
    မန္တလေး ဆေးတက္ကသိုလ်မှာ တတိယနှစ်ထိ ပညာသင်ကြားခဲ့ပြီး နောက်ပိုင်း ရန်ကုန်တက္ကသိုလ်သို့ ကူးပြောင်းလာခဲ့သည်။ ရန်ကုန် တက္ကသိုလ်တွင်  M.B.B.S ဘွဲ့ကို ရယူခဲ့ပါတယ်။ ဘွဲ့ရပြီးနောက်ပိုင်းမှာတော့ မန္တလေးဆေးရုံကြီးမှာ ခွဲစိတ်ဌာနတွင် ပထမဆုံး လုပ်ကိုင်ခဲ့ပါတယ်။ ဦးရဲမြင့်ဟာ ခွဲစိတ်ရာမှာ ပါရမီပါသူတစ်ဦးဖြစ်ပြီး ဆရာဝန်ကြီးများ အားကိုးအားထားရသူ တစ်ဦးလည်း ဖြစ်လာခဲ့ပါတယ်။
    .
    ၁၉၆၆ ခုနှစ်မှာတော့ အိမ်ထောင်ပြုခဲ့ပြီး သားရတနာတစ်ဦး ထွန်းကားခဲ့ပါတယ်။
    .
    ဦးရဲမြင့်ဟာ ရန်ကုန် ဆေးတ္ကသိုလ် (၁) ခွဲစိတ်ကုပညာဌာနမှာ ပါမောက္ခ ဌာနမှူးအဖြစ် အသက် (၆၀)အထိ နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ခဲ့သူ တစ်ဦးလည်း ဖြစ်ပါတယ်။
    .
    ထို့အပြင် ဦးရဲမြင့်ဟာ ရန်ကုန် အထွေထွေရောဂါကု ဆေးရုံသစ်ကြီးမှာ လည်းကောင်း၊ ပုဂ္ဂလိက ဆေးရုံဖြစ်တဲ့ ဗဟိုစည် ဆေးရုံတို့မှာလည်းကောင်း ခွဲစိတ်ကုဆရာဝန်ကြီးအဖြစ် လူနာပေါင်း များစွာရဲ့ အသက်ကို ကယ်တင်ခဲ့သူလည်း ဖြစ်ပါတယ်။
    .
    အသက် (၇၉) နှစ်အရွယ်ရှိပြီဖြစ်တဲ့ ပါမောက္ခ ဒေါက်တာဦးရဲမြင့်ဟာ ဧပြီလ (၂၀) ရက်နေ့ နံနက်မှာ ကွယ်လွန်သွားခဲ့ပြီး  မသေဆုံးမီ သူ့ ကိုယ်ခန္ဓာကို ရန်ကုန်ဆေးတက္ကသိုလ် (၁) ကို လှူဒါန်းထားခဲ့သူလည်း ဖြစ်ပါတယ်။

  • ဒုက္ခသည်များအတွက် စခန်း ၃ ခုကို တူရကီက ထပ်မံ ဖန်တီးပေးမည်

    ဒုက္ခသည်များအတွက် စခန်း ၃ ခုကို တူရကီက ထပ်မံ ဖန်တီးပေးမည်

    ဧပြီ ၂၁၊ ၂၀၁၆
    M-Media

    – ဆီးရီးယားဒုက္ခသည်တွေအတွက် နိုင်ငံတောင်ပိုင်း ဟာတေးနဲ့ ခရာမန်မာရက်စ်ပြည်နယ်တွေမှာ ဒုက္ခသည်စခန်း ၃ ခု တည်ဆောက်နေတယ်လို့ တူရကီ အိမ်ယာ ဖွံ့ဖြိုးတိုးတက်ရေး စီမံခန့်ခွဲမှုအဖွဲ့ TOKI က ပြီးခဲ့တဲ့တစ်ပတ်မှာ ပြောကြားခဲ့ပါတယ်။

    “ကမ္ဘာ့အကြီးစား ယာယီစခန်းတွေကို ကျွန်တော်တို့ တည်ဆောက်နေပြီး ဒါဟာ ရက်စက်ကြမ်းကြုတ်မှုတွေကနေ လွတ်မြောက်ရာလွတ်မြောက်ကြောင်း ထွက်ပြေးလာကြသူတွေအတွက် ကျွန်တော်တို့ရဲ့ ဖြူတဲ့ အားထုတ်ကြိုးပမ်းမှုပါပဲ” လို့ TOKI အကြီးအကဲ အာဂွန် တူရန်က အဖွဲ့ရဲ့ ကြေငြာချက်မှာ ပြောဆိုခဲ့ကာ အဲဒီစခန်းတွေဟာ ဆီးရီးယားဒုက္ခသည် ၄ သောင်းလောက်ကို နေရာထိုင်ခင်း ပေးနိုင်မှာဖြစ်တယ်လို့လည်း ဆိုပါတယ်။

    စခန်းတွေမှာ ကျန်းမာရေးဌာနတွေ၊ အားကစားကွင်းတွေ၊ ကျောင်းတွေ၊ ပြန်လည်ထူဌာနတွေနဲ့ ဗလီဝတ်ကျောင်းတော်တွေလည်း ပါဝင်မှာဖြစ်ပါတယ်။

    တူရကီနိုင်ငံဟာ နိုင်ငံတွင်းမှာ ဆီးရီးယားဒုက္ခသည် ၂.၇၄ သန်းကျော်ကို လက်ခံထားပြီး ဆီးရီးယားဒုက္ခသည် အရေအတွက်အများဆုံး လက်ခံထားတဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။ ဆီးရီးယားဒုက္ခသည်တွေအတွက် တူရကီရဲ့ ကူညီထောက်ပံ့မှုဟာ ဒေါ်လာ ၉ ဘီလီယံနီးပါးလောက်ရှိနေပြီး အဲ့ဒီပမာဏဟာ နိုင်ငံတကာအဖွဲ့အစည်းတွေကနေ လက်ခံရရှိတဲ့ ငွေကြေးထက် အဆ ၂၀ များတယ်လို့ အစိုးရက ထုတ်ပြန်တဲ့ မှတ်တမ်းတွေအရ သိရပါတယ်။

    Ref: IINA