News @ M-Media

Blog

  • တက္ကသိုလ်နန္ဒမိတ် (အစောဆုံး စစ်မှတ်တမ်း ဘာသာပြန် စာအုပ်ရေးသူ)

    တက္ကသိုလ်နန္ဒမိတ် (အစောဆုံး စစ်မှတ်တမ်း ဘာသာပြန် စာအုပ်ရေးသူ)

    ဧပြီ ၁၆ ၊ ၂၀၁၆
    M-Media
    nandar mate
    မူရင်းစာအုပ်အမည်မှာDefeat into victory ဖြစ်သည်။ ဖီးလ်မာရှယ် ဗိုလ်ချုပ်ကြီး ဆာဝီလျံဆလင်း၏ အတွေ့ အကြုံမှတ်တမ်းဖြစ်သည်။ ဒုတိယကမ္ဘာစစ်အတွင်း မဟာမိတ်တို့ တိုက်ခိုက်သော မြန်မာပြည် စစ်မြေပြင်နှင့် ပတ်သက်၍ အပြည့်စုံဆုံးစာအုပ်ပင်ဖြစ်သည်။ ဤစာအုပ်တွင် ဆလင်းသည်မြန်မာနိုင်ငံတော်လှန်ရေး အင်အားစုများအကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်း အကြောင်းတို့ကိုလည်း ဖြည့်သွင်းရေးသား ထားသည်။

    COB5633တက္ကသိုလ်နန္ဒမိတ်သည် ဤစာအုပ်ကို ပြန်ဆိုရာတွင် အတော်ပင် အကျဉ်းချုံး၍ ပြန်ဆိုထားသော်လည်း ဤစာအုပ် အလျင်က ဤမျှပြည့်စုံသော စစ်မှတ်တမ်း ဘာသာပြန်စာအုပ် မရှိခဲ့သဖြင့် အထူးပင်အောင်မြင်မှုရရှိသည်။ ဤစာအုပ်ကြောင့် ပင် နောက်ပိုင်းတွင် မြန်မာနိုင်ငံနှင့်ပတ်သက်သော စစ်ဘာသာပြန်စာအုပ်များ အများအပြားပေါ် ထွက်လာခဲ့ခြင်းဖြစ်သည်။ တက္ကသိုလ်နန္ဒိမိတ်ကိုယ်တိုင်လည်း နောက်ထပ် စစ်စာအုပ်များစွာ ပြန်ဆိုခဲ့သည်။[ဘာသာပြန်စာပေစာတမ်းများ -ဒုတိယတွဲ၊ ဘာသာပြန် သုတ(ဝိဇ္ဇာ)စာပေ၊ နတ်နွယ်၊ လှသမိန်၊ ရန်ကုန်၊ စာပေဗိမာန်၊ ၁၉၉၀၊ စာ-၄၅-၄၆]

    တက္ကသိုလ်နန္ဒမိတ် ( ၈ မတ် ၁၉၂၂ – ၁၅ နိုဝင်ဘာ ၁၉၆၈) သည် သံတွဲခရိုင် တောင်ကုတ်ဇာတိဖြစ်သည်။ အဖ မြို့ပိုင် ဦးမောင်မောင်ကြီး အမိဒေါ်ရွှေတို့၏ သားဖြစ်သည်။ အမည်ရင်းမှာ မုဟမ္မဒ်အလီခေါ် ဦးတင်အောင်ဖြစ်သည်။ ၁၉၄၆ တွင် သံတွဲ အစိုးရအထက်တန်းကျောင်းမှ အင်္ဂလိပ်စာဂုဏ်ထူးဖြင့် ဆယ်တန်းအောင်သည်။ ရန်ကုန်တက္ကသိုလ်တွင် ဆက်လက် ပညာသင်ခဲ့သည်။ ဂျပန်ခေတ်အတွင်း ဖက်ဆစ်ဆန့်ကျင်ရေးလုပ်ငန်းများတွင် ကထိကဦးကျော်ရင်နှင့် အတူပါဝင်ခဲ့သည်။ တိုးတက်ရေးသတင်းစာ၊ ရောင်ခြည်ဂျာနယ်၊ ရုင်ရှင်ပဒေသာမဂ္ဂဇင်း၊ နဝဒေးမဂ္ဂဇင်း၊ စုံထောက်မဂ္ဂဇင်း၊ စစ်ပြန်မဂ္ဂဇင်းတို့တွင် အယ်ဒီတာအဖြစ် မြဝတီမဂ္ဂဇင်းတွင် အယ်ဒီတာချုပ်အဖြစ် ဆောင်ရွက်ခဲ့သည်။

    ၁၉၄၂ – သံတွဲမြို့ ကျောင်းသားသမဂ္ဂအမှုဆောင်အဖြစ် ဆောင်ရွက်ခဲ့။ နယ်ချဲ့မောင်းထုတ်ရေး ကျောင်းသားလှုပ် ရှားမှုတွင် ပါဝင်ခဲ့။

    ၁၉၄၅ – ၄၆ – သံတွဲမြို့၊ အစိုးရအထက်တန်းကျောင်းမှ တက္ကသိုလ်ဝင်စာမေးပွဲကို အင်္ဂလိပ်စာဂုဏ်ထူးဖြင့် အောင်မြင်ခဲ့။

    ၁၉၄၆ – ရန်ကုန်တက္ကသိုလ်တွင် တက်ရောက်ပညာသင်ကြားခဲ့။

    ၁၉၄၇ – ဒီဇင်ဘာလထုတ် ဂျာနယ်ကျော် (တွဲ-၁၁၊ အမှတ်-၃)ပါ ”မောင်တို့ရခိုင်ပြည်” ကဗျာသည် အစောဆုံး စာပေလက်ရာဖြစ်သည်။

    ၁၉၄၉ – ၅၀ – ရန်ကုန်တက္ကသိုလ် နှစ်ပတ်လည်စာစောင်၊ မြန်မာစာကဏ္ဍတွဲဖက်စာတည်း။ ရန်ကုန်တက္ကသိုလ် ရခိုင်ကျောင်းသူ၊ ကျောင်းသားများအသင်း ဒု-ဥက္ကဌ။ ရန်ကုန်တက္ကသိုလ် ရခိုင်ကျောင်းသူ ကျောင်းသားများအသင်း မဂ္ဂဇင်းအယ်ဒီတာ၊ ရန်ကုန်တက္ကသိုလ် ဗမာမွတ်စလင်ကျောင်းသူ၊ ကျောင်းသားများအသင်း မဂ္ဂဇင်းအယ်ဒီ တာ။ ရန်ကုန်တက္ကသိုလ် ရခိုင်အသင်းကြီးမှ ကြီးမှူးကျင်းပသော ၀တ္ထုတိုပြိုင်ပွဲတွင် ”မောင်တင်အောင်(၀ိဇ္ဇာ- အထက်တန်း)” အမည်ဖြင့်”ကဗျာတကျော့” ၀တ္ထုတို ပထမဆုရခဲ့။ ထိုနှစ်မှာပင် ရန်ကုန်တက္ကသိုလ်နှစ်လည်စာ စောင် (တွဲ-၁၊ အမှတ်-၃)၌ ”ကိုယ်ပျောက်ဆေးလုံး ပြဇာတ်”။ တော်ဝင်မဂ္ဂဇင်း၊ ရခိုင်ကျောင်းသူ၊ ကျောင်းသားများအသင်း မဂ္ဂဇင်းတို့တွင် ‘ခေတ်၏ကြေးမုံ’ (တေးကြို)ကဗျာကို ရေးသားခဲ့။

    ၁၉၅၀ – ပြည့်နှစ်တွင် ၀ိဇ္ဇာတန်းနောက်ဆုံးနှစ်စာမေးပွဲ မဖြေတော့ဘဲ ကျောင်းထွက်ခဲ့။ ပထမဆုံးလုံးချင်း ”နန္ဒာပုလဲ” ၀တ္ထုကို ရေးသားထုတ်ဝေ။(ဂျပန်ခေတ်တွင် ဂျပန်တော်လှန်ရေးလုပ်ငန်းကို မန္တလေးတက္ကသိုလ် ပါမောက္ခချုပ်ဦးကျော်ရင်နှင့်အတူ လက်တွဲလုပ်ဆောင်ခဲ့။) တက္ကသိုလ်မှထွက်ပြီးနောက်တိုးတက်ရေးသတင်းစာ တွင် လက်ထောက်အယ်ဒီတာ။

    ၁၉၅၃ – ၀ါးခယ်မမြို့ အစိုးရအထက်တန်းကျောင်း၌ အထက်တန်းပြဆရာ။

    ၁၉၅၄ – မြ၀တီမဂ္ဂဇင်းတိုက်ထုတ် ”ရောင်ခြည်ဂျာနယ်” အယ်ဒီတာ။ ထိုနှစ်မှာပင် မြ၀တီမဂ္ဂဇင်း တာဝန်ခံ စာတည်း၊ စာတည်းချုပ်တာဝန်များကို (၁၉၆၀)ပြည့်နှစ်အထိဆောင်ရွက်ခဲ့။ ”မောင်ကြီးလာပါဟေ့” လုံးချင်းဝတ္ထုထွက်။

    ၁၉၅၆ – ”ပန်းတိုင်းမွှေးပါစေ” ၀တ္ထုထွက်။

    ၁၉၆၀ -ရုပ်ရှင်ပဒေသာမဂ္ဂဇင်း အယ်ဒီတာ၊ န၀ဒေးမဂ္ဂဇင်း စာတည်းချုပ်၊ စာရေးဆရာမိုးဝေနှင့်အတူ ”စုံထောက်မဂ္ဂဇင်း”ကို အယ်ဒီတာအဖြစ်ကိုယ်တိုင်ဦးစီးထုတ်ဝေခဲ့။ ”ရွှေပြည်ကြီး” မြန်မာရာဇ၀င်နောက်ခံဝတ္ထုနှင့်”ပန်းဖွက်တမ်း” ရခိုင်ဓလေ့ရိုးရာအချစ်ဝတ္ထုတို့ကို ရေးသားထုတ်ဝေခဲ့။

    ၁၉၆၁ – သွေးသစ္စတာ၊ စောကြိုလှဲ့ပါ၊ ချစ်သောနီနီ၊ အချစ်လမ်းကလေးဝင်္ကပါ၊ မိုးတိမ်ကိုမျှော်၊ မိုးတိမ်ကိုမှာ စသော ပင်ကိုယ်ရေးဝတ္ထုများအပြင် စာပေဆောင်းပါများကို စုစည်းကာ ”စာရေးချင်သောသူများသို့” စာပေဆိုင်ရာ စာအုပ်များထုတ်ဝေခဲ့။

    ၁၉၆၃ – ”စစ်ကြောင်းချီသော်” စစ်ဝတ္ထုထုတ်ဝေ။ ”နန္ဒာပုလဲ” ဒု အကြိမ်ထွက်။ ”စာရေးချင်သောသူများသို့” ဒု အကြိမ်ထွက်။

    ၁၉၆၄ – ချင်းတွင်းကျော်လျှင်၊ သွေးကိုလမ်းခင်း၍၊ သင်ကြားပေးပါလေဦးဆရာ စာအုပ်များထွက်။ ”မောင်ကြီး လာပါဟေ့” ၀တ္ထု ဒုတိယအကြိမ်ထွက်။

    ၁၉၆၅- ဂျပန်တော်လှန်ရေးတိုက်ပွဲ။ အသက်ကိုဖက်ရွက်ပမာ၊ အင်ဖာတိုက်ပွဲ၊ ကလိန်စေ့ငြမ်းဆင်၊ မြန်မာ ပြည်စစ်မြေပြင်၊ မန္တလေးကိုဖြတ်၍တိုက်ပွဲအဆင့်ဆင့်စသော ဘာသာပြန်လုံးချင်း စာအုပ်များထွက်ရှိ။

    ၁၉၆၆- သွေးချောင်းစီးတိုက်ပွဲ၊ သံလွင်မြစ်ကမ်းတိုက်ပွဲ၊ လက်တကမ်းတိုက်ပွဲ၊တတိယမီးကျည်၊ စစ်ပြေး။ စင်ရယ် စနစ်ရယ် လူသားရယ်။ ဇက်တပ်ဖွဲ့စသောဘာသာပြန်လုံးချင်းများထွက်ခဲ့။ ”ရွှေပြည်ကြီးနှင့်အခြားဝတ္ထုတိုများ”စာအုပ်ထွက် ”စာရေးချင်သောသူများသို့” (တ)အကြိမ်ထွက်။

    ၁၉၆၇ -အသေခံတပ်စု၊ ဆိုက်ပန်ကျွန်းတိုက်ပွဲ၊ ထောင့်ကိုးရာလေးဆယ့်နှစ်၊ပန်းပါစစ်ကြောင်း၊ မြ၀တီစစ်ကြောင်း၊မြစ်ကြီးနားတိုက်ပွဲ၊ မိန်းမသုတေသန(၁၊၂)၊ ယုံကြည်ချက်အတွက် အသက်စွန့်သူများ စသောလုံးချင်းစာအုပ်များထွက်ရှိခဲ့။

    ၁၉၆၈ – ဗန္ဓုလခံတပ်၊ စောနန္ဒာ၊ မိုးတိမ်ကိုစေ စသောစာအုပ်များထွက်။

    ၁၉၆၉ – သိပ္ပံစုံထောက်၊ သုံးရောင်ခြယ်တစ္ဆေသင်္ဘော ဘာသာပြန်လုံးချင်းများထွက်။

    ၁၉၇၁ – ဘ၀သစ္စာမေတ္တာလှိုင်း၊ တသိမ့်သိမ့်ဒွန် စာအုပ်များ ထွက်။ ‘မြန်မာပြည်စစ်မြေပြင်’ ဒုအကြိမ်ထွက်။

    ၁၉၇၇ – ဆယ်ပြည်ထောင်ချော့တော့မပြုံး၊ တောင်တကာ့တော ဆန်ကောနဲ့ကျားထောင် ၀တ္ထုများထွက်။

    ၁၉၈၁ – သေမင်းနောက်သို့ ခြေရာကောက်သော် (၂-တွဲ)ထွက်။

    ၁၉၈၂ – တိုင်တန်းနစ် (၂-တွဲ)၊ သွေးစက်ခြေရာ(၂-တွဲ) ဘာသာပြန် စာအုပ်များထွက်။

    ၁၉၈၃ – တစ်သောင်းမှာတစ်ယောက်၊ သန်းခေါင်ယံခုနှစ်မီးနစ် စာအုပ်များထွက်။

    ၁၉၈၄ – မဟာခရီးရှည်၊ မိုးပြိုမပြို၊ အတွေ့စိမ်းစိမ်း၊ ဟစ်တလာ့ အမွေ၊ စသောစာအုပ်များထွက်။

    ၁၉၈၅ – တိုက်ဖွန်၊ နောင်ဥဒါန်းဘယ်မကြေစရာ၊ ဘီလူးစည်းလူ့စည်း (၂တွဲ) စသောဘာသာပြန်လုံးချင်းများ ထွက်။

    ၁၉၈၆ – သံမဏိသစ္စာ၊ ၃၄-အရှေ့၊ ဘာသာပြန်လုံးချင်းများထွက်။

    ၁၉၈၆ – နိုဝင်ဘာ (၁၅)ရက်၊ စနေနေ့ ည (၁၀း၀၅)နာရီအချိန်တွင် အင်းစိန်မြို့ရွာမအရှေ့၊ အောင်မင်္ဂလာလမ်း သွယ်၊ အိမ်အမှတ် (၉၉၁)တွင် ကွယ်လွန်၊ကွယ်လွန်ချိန်တွင် ဇနီးဒေါ်သန်းနုနှင့် သမီးစောသီတာနန္ဒမိတ်၊ စောစန္ဒာနန္ဒမိတ်၊ သား ဇေယျာနန္ဒမိတ်၊ စိန္တာနန္ဒမိတ်၊ ဥက္ကနန္ဒမိတ်တို့ကျန်ရစ်ခဲ့။

    nurse 1947

    ထင်ရှားသောစာအုပ်အချို့
    (၁) နန္ဒာပုလဲ၊
    (၂) မြ၀တီစစ်ကြောင်း
    (၃) ပန်းပါစစ်ကြောင်း
    (၄) ရွှေပြည်ကြီး
    (၅) ယုံကြည်ချက်အတွက် အသက်စွန့်သူများ
    (၆) ဗန္ဓုလခံတပ်
    (၇) မြန်မာပြည်စစ်မြေပြင်
    (၈) သံလွင်တိုက်ပွဲ
    (၉) မြစ်ကြီးနားတိုက်ပွဲ
    (၁၀) မန္တလေးကိုဖြတ်၍
    (၁၁) စာရေးချင်သောသူများသို့
    (၁၂) တတိယမီးကျည်
    (၁၃) သန်းခေါင်ယံခုနှစ်မီးနှစ်
    (၁၄) အင်ဖာတိုက်ပွဲ
    (၁၅) တိုင်တန်းနစ် (၂-တွဲ)
    (၁၆) သုံးရောင်ခြယ်တစ္ဆေသင်္ဘော

    စာညွှန်း ။ ။
    1. မလိခ။ မြန်မာ ဝတ္ထု အညွှန်း (၁)။ စာ ၁၉၈ – ၂ဝ၉။
    2. မလိခ။ မြန်မာ စာပေ အဘိဓာန် (၂)။ စာ ၃ဝ၉။
    3. မောင်ကျော်သာ။ တစေ့ တစောင်း စာရေး ဆရာ တို့၏ အကြောင်း။ စာ ၁ဝ၉ – ၁၂၄။
    4. နတ်နွယ်။ မိမိနှင့် စာရေး ဆရာများ။ စာ ၃၃၈ – ၃၄ဝ။
    5. စာရေး ဆရာများ။ တက္ကသိုလ် နန္ဒမိတ် သို့မဟုတ် ကောင်းကင်နှင့် မြေကြီးကို တောင်းခံသူ (၂ဝဝ၄)။
    6. မြန်မာ့ စွယ်စုံကျမ်း နှစ်ချုပ် (၁၉၈၇)။ စာ ၁၇၁ – ၁၇၂။]
    7. ပထမ မြန်မာမွတ်စလင်မ်များ (မောင်သန်းဝင်း-မြန်မာစာ)

  • စပါးကျော်တက်မည်ကို မစိုးရိမ်ဟု အာဆင်ဝင်းဂါးပြော

    စပါးကျော်တက်မည်ကို မစိုးရိမ်ဟု အာဆင်ဝင်းဂါးပြော

    ဧပြီ ၁၆၊၂၀၁၆
    M-Media

    winger 6

    – စပါးအသင်းအနေဖြင့် အမှတ်ပေးဇယားတွင် မိမိတို့အထက်ဖြင့် ရာသီသိမ်းမည်ကို မိမိအနေဖြင့် စိုးရိမ်မှုမရှိဟု အာဆင်နယ်နည်းပြ အာဆင်ဝင်းဂါးက ပြောကြားလိုက်သည်။

    စပါးမှာ အာဆင်နယ်၏ ခါးသီးသော မြို့ခံပြိုင်ဘက်ဖြစ်ပြီး လက်ရှိတွင် တစ်ပွဲပိုကစားကာ တတိယနေရာမှ အာဆင်နယ်အား ၆ မှတ်ဖြတ်၍ ဒုတိယနေရာတွင် ရှိနေသည်။ အာဆင်နယ်ကို ၀င်းဂါးကိုင်တွယ်လာသည့် နှစ် ၂၀ အတွင်း စပါးမှာ အာဆင်နယ်၏အထက်ဖြင့် တစ်ကြိမ်မှ ရာသီမသိမ်းနိုင်ခဲ့ပေ။

    သို့သော်လည်း လက်ရှိတွင် အာဆင်နယ်အား ကျော်ဖြတ်ရန် အခြေအနေကောင်းနေသည်။

    “စပါးအနောက်ကို ကျွန်တော်တို့ မရောက်သေးပါဘူး။ ဒါပေမယ့် စပါးကတော့ နှစ်ပေါင်းများစွာ ကျွန်တော်တို့ အနောက်မှာ ရှိနေခဲ့ပါတယ်။ ပြီးတော့ သူတို့ ရုန်းကန်ခဲ့ရပါတယ်။ တစ်ကယ့်အမှန်တရားကတော့ ဒါပါပဲ” ဟု ၀င်းဂါးက ပြောကြားခဲ့သည်။

    ထို့ပြင် လာမည့်အပြောင်းအရွှေ့တွင် အသင်းက ငွေကြေးအမြောက်အများသုံးစွဲမည်ဟု ပရိတ်သတ်များအနေဖြင့် မျှော်လင့်မထားရန်လည်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

    Ref: Goal

  • မိုက်ခရိုချစ်ပ်ဖြင့် လေဖြတ်သည့်လူနာကို ပြန်လည်လှုပ်ရှားစေနိုင်

    မိုက်ခရိုချစ်ပ်ဖြင့် လေဖြတ်သည့်လူနာကို ပြန်လည်လှုပ်ရှားစေနိုင်

    ဧပြီ ၁၆၊ ၂၀၁၆
    M-Media

    nerve

    – အာရုံကြောဖြတ်လမ်းနည်းပညာလို့ သိထားကြတဲ့ နည်းလမ်းသစ်တစ်ခုကနေ လေဖြတ်နေတဲ့ လူနာတစ်ဦးကို ပြန်လည်လှုပ်ရှားနိုင်အောင် အမေရိကန် သိပ္ပံပညာရှင်တွေက ဆောင်ရွက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

    အီယန် ဘူရ်ခါ့တ်လို့ခေါ်တဲ့ အဲဒီ လွန်ခဲ့တဲ့ ၅ နှစ်က ရေဆင်းကူးရာကနေ အာရုံကြောမကြီး ပျက်ဆီးပြီး ရင်ဘတ်အောက်ပိုင်း လုံးဝလှုပ်လို့ မရတော့တာပါ။ သိပ္ပံပပညာရှင်တွေကတော့ သူ့ရဲ့ ဦးနှောက်ထဲကို ချစ်ပ်ပြားလေး တစ်ခု ၂၀၁၄ ခုနှစ်ကတည်းက ချိတ်ဆက်ထားခဲ့ပြီး နှစ်နှစ်ကြာ လေ့ကျင့်ကာ အနည်းငယ်ချိန်ညှိပေးလိုက်ရာကနေ ကောင်းမွန်တဲ့ ဒီလိုရလဒ်မျိုးကို မြင်တွေ့လာရတာ ဖြစ်ပါတယ်။

    လူနာအနေနဲ့ လက်ကို လှုပ်ရှားချင်တဲ့အခါ ဘယ်ဦးနှောက်အစိတ်အပိုင်းကို အသုံးပြုရသလဲဆိုတာ အဲဒီ မိုက်ခရို ချစ်ပ်ပြားလေးကနေတစ်ဆင့် လေ့လာနိုင်ခဲ့တာပါ။

    လူနာရဲ့လက်မှာလဲ ကွန်ပျူတာနဲ့ ချိတ်ဆက်ထားတဲ့ လျှပ်စစ်ဆားကစ်တစ်ခုကို တပ်ဆင်ထားပြီး ဦးနှောက်က လက်ကို လှုပ်ချင်တယ်လို့ ခိုင်းစေတဲ့အခါ ဦးနှောက်ထဲက မိုက်ခရိုချစ်ပ်ပြားကနေတစ်ဆင့် ကွန်ပျူတာကို သတင်းပို့ကာ လက်ကို လှုပ်ရှားစေတာဖြစ်ပါတယ်။

    လေဖြတ်ဝေဒနာကို ခံစားရသူတစ်ဦး အခုလိုနည်းလမ်းနဲ့ ၎င်းရဲ့လက်ကို ပြန်လည်ထိန်းချုပ်လာနိုင်တာဟာ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။ ယခုအချိန်အထိတော့ ဓာတ်ခွဲခန်းမှာသာ စမ်းသပ်နိုင်ပါသေးတယ်။

    အဲဒီ လူနာဟာ အကြွေးဝယ်ကဒ်ထည့်သုံးတဲ့စက်ကို အသုံးပြုလာနိုင်တဲ့အပြင် ဂစ်တာတီးတဲ့ ကွန်ပြူတာဂိမ်းကိုပါ ကိုယ်တိုင် ကစားလာနိုင်ပြီ ဖြစ်ပါတယ်။ နောက်ပြီး ပုလင်းတွေ၊ ဖန်ခွက်တွေကို ကိုင်ကာ ကိုယ်တိုင် ငှဲ့ထည့်နိုင်တဲ့ အဆင့်ကိုလည်း ရောက်ရှိလာပြီဖြစ်ပါတယ်။

    Source: Al Jazeera

  • အသင်းမအောင်မြင်သော်လည်း ကစားသမားများ ထွက်ခွာမည်မဟုတ်ဟု ဗန်ဂါးလ်ပြော

    အသင်းမအောင်မြင်သော်လည်း ကစားသမားများ ထွက်ခွာမည်မဟုတ်ဟု ဗန်ဂါးလ်ပြော

    ဧပြီ ၁၆၊ ၂၀၁၆
    M-Media

    man u

    – မန်ယူအနေဖြင့် လာမည့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်မရပါက အသင်းရှိ ကစားသမားများ အစုလိုက်အပြုံလိုက် ထွက်သွားမည်ဟု မိမိအနေဖြင့် မမျှော်လင့်ကြောင်း နည်းပြဗန်ဂါးလ်က ပြောကြားလိုက်သည်။

    ပြီးခဲ့သည့်နှစ်က အဆင့် ၄ ဖြင့် ရာသီသိမ်းခဲ့သည့် မန်ယူမှာ ကစားရန် ၆ ပွဲသာကျန်ရှိသည့် လက်ရှိအချိန်တွင် စတုတ္ထနေရာမှ မန်စီးတီးထက် ၄ မှတ်လျော့ကာ အဆင့် ၅ နေရာတွင် ရှိနေပြီး လာမည့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိရေးအတွက် ရုန်းကန်နေရသည်။

    ရာသီကုန်တွင် ဗန်ဂါးလ်နေရာ၌ မော်ရင်ဟိုဖြင့် အစားထိုးမည်ဟု သတင်းများထွက်ပေါ်နေပြီး မန်ယူအသင်းသမား အများအပြားမှာလည်း အသင်းမှ ထွက်ခွာချင်နေသည်ဟု သတင်းများက ဖော်ပြကြသည်။ သို့သော်လည်း ဗန်ဂါးလ်ကမူ ထိုကဲ့သို့ မယူဆပေ။

    “ဘယ်ကစားသမားကမှ အသင်းကနေ ထွက်မသွားချင်ဘူးလို့ ကျွန်တော်ထင်ပါတယ်။ မန်ယူရဲ့ လိုက်လျောမှုကို မကျေနပ်နိုင်တဲ့ နာမည်ကြီးကစားသမာတွေကို အခြားအသင်းက ကမ်းလှမ်းလာတာမျိုးဆိုရင်တော့ တစ်မျိုးပေါ့လေ။ ဒါပေမယ့် ဒါကလည်း ဘုတ်အဖွဲ့အပေါ်မှာ မူတည်ပါတယ်။ ဘယ်ကစားသမားက အသင်းကနေ ထွက်သွားရမလဲဆိုတာကို သူတို့ ဆုံးဖြတ်မှာပါ” ဟု ဗန်ဂါးလ်က ပြောကြားခဲ့သည်။

    Ref: Goal

  • ရ၀မ်ဒါပြည်တွင်းစစ်နှင့် လူမျိုးတုန်းသတ်ဖြတ်မှုတွင် အစ္စရေးလက်ချက်မကင်း

    ရ၀မ်ဒါပြည်တွင်းစစ်နှင့် လူမျိုးတုန်းသတ်ဖြတ်မှုတွင် အစ္စရေးလက်ချက်မကင်း

    ဧပြီ ၁၆၊ ၂၀၁၆
    M-Media

    rawanda

    – ၁၉၉၀ ပြည့်နှစ်တွေက ရ၀မ်ဒါနိုင်ငံမှာဖြစ်ပွားခဲ့တဲ့ ပြည်တွင်းစစ်နဲ့ လူမျိုးတုန်းသတ်ဖြတ်မှုအတွင်းမှာ အစ္စရေးက လက်နက်တင်ပို့ခဲ့မှုနဲ့ပတ်သက်တဲ့ အထောက်အထားတွေကို ထုတ်ပြန်ဖို့ တောင်းဆိုချက်ကို အစ္စရေး တရားရုံးချုပ်က ပယ်ချလိုက်ပါတယ်။

    လွန်ခဲ့တဲ့ ၂ နှစ်က ပရော်ဖက်ဆာ ယာအီရ် အူရွန်နဲ့ ရှေ့နေ အီတေး မက်တို့က သတင်းအချက်အလက် လွတ်လပ်ခွင့်အရ ၁၉၉၀ ခုနှစ်ကနေ ၁၉၉၅ ခုနှစ်အထိ ဖြစ်ပွားခဲ့တဲ့ ရ၀မ်ဒါ ပြည်တွင်းစစ်မှာ အစ္စရေးရဲ့ လက်နက်တင်ပို့မှုအတွက် စာရွက်စာတမ်းတွေကို အများပြည်သူသိအောင် ထုတ်ပြန်ဖို့ အစ္စရေး ကာကွယ်ရေးဝန်ကြီးဌာနကို တောင်းဆိုခဲ့တာပါ။

    ၁၉၉၄ ခုနှစ်မှာဖြစ်ပွားခဲ့တဲ့ ရက် ၁၀၀ လူမျိုးတုန်းသတ်ဖြတ်မှုမှာ လူပေါင်း ၈ သိန်းကနေ ၁ သန်းအထိ သေဆုံးခဲ့ကြပြီး အများစုကတော့ တွတ်ဆီလူမျိုးတွေ ဖြစ်ကြပါတယ်။ အဲဒီလူမျိုးတုန်းသတ်ဖြတ်မှုမှာ အစ္စရေးလုပ် ၅.၅၆ မမ ကျည်ဆံတွေ၊ ရိုင်ဖယ်တွေ၊ လက်ပစ်ဗုံးတွေ အသုံးပြုခဲ့တယ်လို့ စွပ်စွဲခံထားရပါတယ်။

    ဒါပေမယ့် ဒီကိစ္စနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကတော့ ထွက်လာခဲ့ခြင်းမရှိပဲ ယာအီရ် အူရွန်နဲ့ အီတေး မက်တို့ရဲ့ တောင်းဆိုချက်ကိုလည်း အစ္စရေး ကာကွယ်ရေးဝန်ကြီးဌာနနဲ့ တဲလ်အဗီး ခရိုင်တရားရုံးတို့က ငြင်းပယ်ခဲ့ပြီး ဒီလို အထောက်အထားတွေ ထုတ်ပြန်လိုက်ရင် အစ္စရေးရဲ့ လုံခြုံရေးနဲ့ နိုင်ငံတကာ ဆက်ဆံရေးတွေကို ထိခိုက်သွားနိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။

    အစ္စရေး တရားရုံးချုပ်ကလည်း ရ၀မ်ဒါလူမျိုးတုန်းသတ်ဖြတ်မှုမှာ အစ္စရေးက လက်နက်တွေတင်ပို့ခဲ့တဲ့ အသေးစိတ် အချက်အလက်ကို ထုတ်ပြန်ဖို့ကိစ္စကို ပယ်ချခဲ့ပါတယ်။

    မစ္စတာ မက်ကတော့ ဒီဆုံးဖြတ်ချက်ဟာ မှားယွင်းပြီး အကျင့်ပျက်တဲ့ ဆုံးဖြတ်ချက်မျိုးဖြစ်ကာ ကြားနာမှုအတွင်းမှာလည်း အစ္စရေးက ရ၀မ်ဒါလူမျိုးတုန်းသတ်ဖြတ်မှုအတွင်း လက်နက်တွေ တင်ပို့ခဲ့တယ်ဆိုတာကို မငြင်းခဲ့ဘူးလို့ ထောက်ပြခဲ့ပါတယ်။ နောက်ပြီး မိမိအနေနဲ့ ဒီကိစ္စအဖြစ်မှန် ပေါ်ထွက်လာဖို့အတွက် ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ထည့်သွင်းပြောကြားခဲ့ပါတယ်။

    Ref: Independent