News @ M-Media

Blog

  • နိုဘယ်ဆုရှင် ၇ ဦး အင်ဒိုနီးရှားတွင် ငြိမ်းချမ်းရေးအကြောင်း ဟောပြောမည်

    နိုဘယ်ဆုရှင် ၇ ဦး အင်ဒိုနီးရှားတွင် ငြိမ်းချမ်းရေးအကြောင်း ဟောပြောမည်

    ဧပြီ ၁၄၊ ၂၀၁၆
    M-Media

    – နိုဘယ်ဆုရှင် ၇ ဦး အင်ဒိုနီးရှားသို့ လာရောက်လည်ပတ်မည့် ခရီးစဉ်အတွင်း ဒေသတွင်းတက္ကသိုလ်တွေမှာ မိန့်ခွန်းပြောကြားမယ့် အစီအစဉ်လည်း ပါဝင်မှာဖြစ်တယ်လို့ နိုင်ငံတကာငြိမ်းချမ်းရေးဖောင်ဒေးရှင်းက အင်္ဂါနေ့မှာ ပြောကြားလိုက်ပါတယ်။

    ဖောင်ဒေးရှင်းရဲ့ အကြံပေးဘုတ်အဖွဲ့ဥက္ကဌ လက်ချင်စတိန်း အိမ်ရှေ့မင်းသား အဲဖရက်က ဂျကာတာမှာရှိတဲ့ ၎င်းရဲ့ ရုံးခန်းမှာ အင်ဒိုနီးရှား ဒုသမ္မတ ယူဆွဖ် ကာလာနဲ့ တွေ့ဆုံပြီးနောက် ဒီလို ကြေငြာလိုက်တာဖြစ်ပါ
    တယ်။

    “ကျွန်တော်တို့ဟာ ငြိမ်းချမ်းရေး မြှင့်တင်ပေးချင်ပြီး အင်ဒိုနီးရှားကနေလည်း သင်ယူချင်ပါတယ်။ အင်ဒိုနီးရှားဆိုတာ ခေတ်မီ မွတ်စလင်နိုင်ငံတစ်ခုဖြစ်ပြီး ငြိမ်းချမ်းရေးအတွက် စံနမူနာယူစရာတစ်ခုလည်း ဖြစ်ပါတယ်။ အင်ဒိုနီးရှားကနေ ကျွန်တော်တို့ သင်ယူရမှာတွေ အများကြီးရှိပါတယ်” လို့ မင်းသားက ပြောကြားခဲ့ပါတယ်။

    နိုဘယ်ဆုရှင်တွေဟာ နောက်နှစ်ကျရင် အင်ဒိုနီးရှားလာကြမှာဖြစ်တယ်လို့လည်း ဒီအစီအစဉ်မှာ ဥက္ကဌအဖြစ်ဆောင်ရွက်မယ့် အင်ဒိုဒုသမ္မတ ယူဆွဖ် ကာလာက ထည့်သွင်းပြောကြားခဲ့ပါတယ်။ ဖောင်ဒေးရှင်းဥက္ကဌ အူဝီ မိုရာဝက်ဇ်ကတော့ နိုဘယ်ဆုရှင်တွေအနေနဲ့ အင်ဒိုနီးရှားရဲ့ လူငယ်မျိုးဆက်တွေကို စိတ်အားထက်သန်စေနိုင်မယ်လို့ မျှော်လင့်တယ်လို့ ပြောကြားခဲ့ပါတယ်။

    အင်ဒိုနီးရှားကို လာရောက်မယ့် နိုဘယ်ဆုရှင်တွေထဲမှာ စီးပွားရေးသိပ္ပံ၊ ငြိမ်းချမ်းရေး၊ ဆေးပညာ၊ ရူပဗေဒနဲ့ ဓာတုဗေဒ စတဲ့ နိုဘယ်ဆုတွေ ဆွတ်ခူးထားသူအများစု ပါဝင်မှာဖြစ်ပါတယ်။

    Ref: IINA

  • ရော်နယ်ဒိုအတွက် မိမိဝမ်းနည်းမိသည်ဟု ဘိုင်ယန်နည်းပြ အရွှန်းဖောက်

    ရော်နယ်ဒိုအတွက် မိမိဝမ်းနည်းမိသည်ဟု ဘိုင်ယန်နည်းပြ အရွှန်းဖောက်

    ဧပြီ ၁၄၊ ၂၀၁၆
    M-Media

    byern

    – ဆီမီးဖိုင်နယ်တွင် ဘင်ဖီကာအသင်းနှင့် တွေ့ဆုံချင်သည့် ရီးယဲလ်တိုက်စစ်မှူး ရော်နယ်ဒို၏ အိပ်မက်အား ဖျက်ဆီးမိခဲ့သည့်အတွက် မိမိအနေဖြင့် ၀မ်းနည်းမိသည်ဟု ဘိုင်ယန်မြူးနစ်နည်းပြ ပက် ဂွာဒီယိုလာက အရွှန်းဖောက် ပြောကြားလိုက်သည်။

    ယနေ့မနက်က ကစားခဲ့သည့် ကွာတားဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်တွင် ဘိုင်ယန်မှာ ဘင်ဖီကာအား ၂ ဂိုးစီသရေကစားခဲ့ပြီး နှစ်ကျော့ပေါင်း ၃ ဂိုး ၂ ဂိုးဖြင့် ဆီမီးဖိုင်နယ်သို့ တက်ရောက်သွားခဲ့ပြီဖြစ်သည်။

    ရီးယဲလ်မှာလည်း ဗုဒ္ဓဟူးနေ့မနက်ပိုင်းတွင် ၀ုလ်ဖ်ဘာ့ဂ်အသင်းအား ၃ ဂိုးပြတ်ဖြင့် အနိုင်ရရှိကာ နှစ်ကျော့ပေါင်း ၃ ဂိုး ၂ ဂိုးဖြင့် ဆီမီးတက်သွားခဲ့ပြီး ထိုပွဲ၏ ဟက်ထရစ်ရှင် ရော်နယ်ဒိုကမူ ဆီမီးဖိုင်နယ်တွင် ဘင်ဖီကာနှင့် တွေ့ဆုံချင်သည်ဟု ပွဲအပြီးတွင် ပြောကြားခဲ့သည်။

    ဂွာဒီယိုလာကမူ ရော်နယ်ဒို၏ ဆန္ဒကို မဖြည့်ဆည်းနိုင်ခဲ့သည့်အတွက် ၀မ်းနည်းမိသည်ဟု ဆိုသည်။

    “ရော်နယ်ဒိုက ဆီးမီးဖိုင်နယ်မှာ ဘင်ဖီကာနဲ့ တွေ့ချင်တယ်ဆိုတာ ကျွန်တော် သိပါတယ်။ သူ့အတွက် ကျွန်တော်ဝမ်းနည်းမိပါတယ်” ဟု ဂွာဒီယိုလာက ပြောကြားခဲ့သည်။

    ထို့ပြင် မိမိအနေဖြင့် ရာသီကုန်တွင် မန်စီးတီးသို့ ပြောင်းရွှေ့မည်ဖြစ်သည့်အတွက် ယခုနှစ် ချန်ပီယံလိဂ်တွင် ဗိုလ်စွဲနိုင်ခဲ့ပါကလည်း ဘိုင်ယန်ပရိတ်သတ်များ၏ ကျေနပ်မှုကို ရရှိမည်မဟုတ်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    Ref: Goal

  • မွတ်စလင်ဆန့်ကျင်ရေးကို ကန့်ကွက်သည့် လှုပ်ရှားမှုတစ်ခုကို အမေရိကန် အမျိုးသမီးတစ်ဦး စတင်

    မွတ်စလင်ဆန့်ကျင်ရေးကို ကန့်ကွက်သည့် လှုပ်ရှားမှုတစ်ခုကို အမေရိကန် အမျိုးသမီးတစ်ဦး စတင်

    ဧပြီ ၁၄၊ ၂၀၁၆
    M-Media

    us

    – အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်ရဲ့ စိန့်သြဂတ်စတင်းကမ်းခြေမှာ ထောင်ထားတဲ့ အစ္စလာမ်ဆန့်ကျင်ရေးကြော်ငြာဘုတ်အတွက် ဆန့်ကျင်တဲ့ လှုပ်ရှားမှုတစ်ခုကို မွတ်စလင်မဟုတ်သူ အမျိုးသမီးတစ်ဦးက စတင်လိုက်တယ်လို့ သိရပါတယ်။

    ဘက်ကီ ၀ီလီယံဆိုတဲ့ အမျိုးသမီးဖြစ်ပြီး အစ္စလာမ်ဘာသာကို သက်ဝင်ယုံကြည်သူတွေအပေါ် မိမိတို့လူ့အဖွဲ့စည်းက ပေးချင်တဲ့သတင်းစကားက ဒီလို အမုန်းတရားမျိုးမဟုတ်ဘူးလို့ သူမက ထည့်သွင်းပြောကြားခဲ့ပါတယ်။

    “ဒါဟာကျမကို စိတ်အနှောင့်အယှက်ဖြစ်စေပါတယ်။ ကျွန်မသမီးနဲ့ ထိုင်နေတုန်းမှာ ဘယ်လို တွေးမိလဲဆိုတော့ ‘တကယ်လို့ ဒါဟာ ကျွန်မတို့ သက်ဝင်ယုံကြည်တဲ့ ဘာသာတရားဖြစ်နေရင် ကျွန်မ သမီးကို ဘယ်လိုရှင်းပြရမလဲ ဆိုတာပါပဲ’ ”

    ဒါ့ကြောင့်သူမဟာ ပြီးခဲ့တဲ့ စနနေ့ကစပြီး ဒီလို အမုန်းတရား ပြန့်နှံ့စေတဲ့ လုပ်ဆောင်မှုတွေကို ရပ်တန့်ဖို့ တိုက်တွန်းစာတစ်စောင်ကို ရေးသားက အွန်လိုင်းကနေ ဖြန့်ချီခဲ့ပြီး အဲဒီ တိုက်တွန်းစာမှာ လူပေါင်း၂၀၀၀ ကျော်က လက်မှတ်ရေးထိုးခဲ့ပါတယ်။ အဲ့ဒီထဲက တစ်ချို့တွေဟာ အိန္ဒိယလို ဝေးလံတဲ့နေရာတွေကလည်း ပါဝင်ပါတယ်။

    စိန့်သြဂတ်စတင်း အစ္စလာမ့်စင်တာက ရှေ့ဆောင်အီမာမ်ဖြစ်သူ အနတ်စ် ဘန်ဂျီလွန်ကတော့ ဒီလိုအမုန်းတရားကို ပြန့်နှံ့စေတဲ့ ကြော်ငြာဆိုင်းဘုတ်အတွက် မိမိတို့အနေနဲ့ အံအားသင့်ခဲ့ရကြောင်း၊ ဘယ်သူက ငွေကြေးစိုက်ထုတ်ပေးလဲဆိုတာ မသိရကြောင်း ပြောကြားခဲ့ပါတယ်။

    ဒီလုပ်ရပ်ကို မွတ်စလင်မဟုတ်တဲ့ အမျိုးသမီးက ဆန့်ကျင်တယ်ဆိုတဲ့ အခြေအနေမျိုးဟာ မိမိရဲ့ နှလုံးသားကို ကိုင်လှုပ်လိုက်သလို ဖြစ်ခဲ့တယ်လို့လည်း ရှေ့ဆောင်အီမာမ်က ထည့်သွင်းပြောကြားခဲ့ပါတယ်။

    “ကျွန်တော် သူမနဲ့ မဆုံတွေ့ဖူးပါဘူး။ သူတို့တွေဟာ ကျွန်တော်နေတဲ့ စိန့်သြဂတ်စတင်းက အကြင်နာ မေတ္တာနဲ့ ပြည့်ဝတဲ့ လူတွေပါပဲ။ ဒီလို မွတ်စလင်မဟုတ်တဲ့လူတစ်ယောက်ရဲ့လုပ်ရပ်မျိုးကို တွေ့မြင်လိုက်ရတာဟာ စိန့်သြဂတ်စတင်းမှာ နေထိုင်တဲ့သူတွေရဲ့ အကြင်နာတရားကို သက်သေပြလိုက်တာပါပဲ” လို့ အနတ်စ်က ပြောကြားခဲ့ပါတယ်။

    ဘက်ကီ ၀ီလီယံကတော့ မတရားတဲ့ အဖြစ်အပျက်တစ်ခုကို မြင်တွေ့ပြီဆိုရင် ငြိမ်မနေသင့်ဘူးလို့ မှတ်ချက်ပြုခဲ့ပါတယ်။

    “မတရားတဲ့အဖြစ်အပျက်တစ်ခုခုကို ရှင်တို့မြင်တွေ့လိုက်ရတဲ့အခါ မတရားလုပ်ခံရတဲ့သူဘက်က ရပ်တည်ပြီး တစ်ခုခုလုပ်ပါ။ ဘယ်လောက်သေးငယ်တဲ့လုပ်ရပ်ဖြစ်ဖြစ် ကိစ္စမရှိပါဘူး”

    Ref: IINA

  • Large Blue ခူကောင်တို့၏ မာယာ

    Large Blue ခူကောင်တို့၏ မာယာ

    ဧပြီ ၁၃ ၊ ၂၀၁၆
    M-Media
    အေးထွန်း ရှာဖွေတင်ဆက်သည်။
    Large Blue
    အင်္ဂလန်က Large Blue Butterfly ( Maculinea arion) လိပ်ပြာမတွေဟာ သူတို့ရဲ့ ဥတွေကို စမုံဖြူပင် (Thyme Plant) တွေပေါ် ဥဥချတယ်။ ဆိုတော့ ဥကပေါက်လာတဲ့ လိပ်ပြာသားလောင်း ခူကောင်တွေဟာ စမုံဖြူပန်းတွေကို စားတယ်။ ဒီလိုနဲ့ ကာလတစ်ခုကြာလာပြီဆိုရင် သူတို့ဟာ Myrmica ပုရွက်ဆိတ်တွေကို စားတယ်။ တိတိကျကျ ပြောရရင် သူတို့ဟာ ပုရွက်ဆိတ်ဟန်ဆောင်ပြီး ပုရွက်ဆိတ်တွေကို စားတာ။

    ညမှောင်ပျိုးစအချိန်မှာ ခူကောင်တွေဟာ အပင်ပေါ်ကနေ လှိမ့်ချလိုက်တယ်။ Myrmica ပုရွက်ဆိတ်တွေအလာကို စောင့်နေတာ။ ပုရွက်ဆိတ်တွေလာပြီဆိုရင် ဒီခူကောင်တွေအတွက် ဂွင်တည့်သွားပြီ။ သူတို့ဟာ ပုရွက်ဆိတ်တစ်ကောင်ရဲ့ ကိုယ်ဟန်အနေအထား (Posture) အဖြစ် ပြောင်းလိုက်ပြီး သူတို့ဟာ ပုရွက်ဆိတ်တွေဖြစ်ကြောင်း ပုရွက်ဆိတ်အစစ်တွေကို ယုံကြည်စေတယ် ။

    ပြီးတော့ သူတို့ရဲ့ ခန္ဓာကိုယ်မှာပါဝင်တဲ့ ဝတ်ရည်ထုတ်အင်္ဂါ (Nectary Organ) တွေကနေ ဝတ်ရည်ချိုတွေ ထုတ်ပြီး ပုရွက်ဆိတ်တွေကို တစ်နာရီကျော်ကျော် ကြာအောင် တိုက်ကျွေးပြန်လေရဲ့ ။ဆိုတော့ ပုရွက်ဆိတ်တွေက ယုံကြည်သွားပြီး ဒီခူကောင်တွေကို သူတို့အသိုက်ဆီ ခေါ်သွားတော့တာပဲ ။

    ပုရွက်ဆိတ်အသိုက်ထဲ ရောက်လာတဲ့ ဒီခူကောင်တွေဟာ ပုရွက်ဆိတ်တွေကို ၉လ ၁၀လကြာအောင် လိမ်လည်ထားတယ်။ သူတို့ ဒီလောက်ကြာအောင် ဘယ်လိုနည်းပညာသုံးပြီး လိမ်လည်ထားနိုင်ပါလိမ့်။

    အသံ နဲ့၊ ဟုတ်တယ်၊ အသံနဲ့ လိမ်လည်ထားတာ။ ဘာအသံလဲ သိလား။ ပုရွက်ဆိတ်ဘုရင်မရဲ့ အသံ။ ဟုတ်တယ်၊ သူတို့တွေဟာ ပုရွက်ဆိတ်ဘုရင်မတွေ အသုံးပြုလေ့ရှိတဲ့ အသံကို တုပ အသံပြုပြီး ပုရွက်ဆိတ်တွေကို လိမ်လည်ထားတယ်။

    ပုရွက်ဆိတ်သိုက်ထဲမှာ အဲဒီခူကောင်တွေဟာ လိပ်ပြာမဖြစ်တစ်ဖြစ်အရွယ် (Pupal Stage) တိုင်အောင် ၉လ-၁၀လ တိုင်တိုင် နေပြီး ပုရွက်ဆိတ်သားလောင်းလေးတွေကို စားသောက်နေတာ ။ ခူကောင်တစ်ကောင်ကို ပုရွက်ဆိတ်သားလောင်း ၂၃၀ ခန့်ထိ ပေါ့။

    သူတို့တွေဟာ လိပ်ပြာအဖြစ် အရွယ်ရောက်လာပြီဆိုတာနဲ့ ပုရွက်ဆိတ်တွေ မရိပ်မိအောင် အသိုက်ကနေ ချက်ချင်းထွက်ခွါသွားတော့တာပဲ။

    ( The Insects: An Outline of Entomology By P. J. Gullan and P. S. Cranston , Pg. 17 )

    တကယ်ပဲ ဖြစ်ရပ်မှန်တွေဟာ ပုံပြင်တွေထက် ပိုဆန်းကျယ်နေလေရဲ့။

  • အိုအိုင်စီညီလာခံတွင် အကြမ်းဖက်ဝါဒတိုက်ဖျက်ရေး အဓိကထား ဆွေးနွေးမည်

    အိုအိုင်စီညီလာခံတွင် အကြမ်းဖက်ဝါဒတိုက်ဖျက်ရေး အဓိကထား ဆွေးနွေးမည်

    ဧပြီ ၁၃၊ ၂၀၁၆
    M-Media

    oic

    – အစ္စလာမ်မစ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ချုပ် (အိုအိုင်စီ) က တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့မှာ ၎င်းတို့ရဲ့ ပုံမှန်စည်းဝေးပွဲတစ်ခုကို စတင်ကျင်းပနေပြီး ပါလက်စတိုင်းကိစ္စ၊ အဖွဲ့ဝင်နိုင်ငံများအကြား ပဋိပက္ခများနဲ့ အကြမ်းဖက်နှိမ်နင်းရေး စတာတွေကို အလေးထား ဆွေးနွေးသွားမယ်လို့ သိရပါတယ်။

    ၁၃ ကြိမ်မြောက် အိုအိုင်စီ ပုံမှန်ညီလာခံကို တနင်္လာနေ့မှာ စတင်ခဲ့ပြီး ပထမနေ့မှာ ဆွေးနွေးမယ့်အကြောင်းအရာတွေကို သတ်မှတ်ခဲ့ကာ အင်္ဂါနဲ့ ဗုဒ္ဓဟူးနေ့တွေမှာ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ ဆွေးနွေးပွဲတွေ ပြုလုပ်မှာဖြစ်ပါတယ်။

    ကြာသပတေးနဲ့ သောကြာနေ့မှာတော့ တူရကီသမ္မတ အာဒိုဂန်က ဦးဆောင်ကျင်းပတဲ့ အဲဒီ ထိပ်သီးအစည်းအဝေးကို နိုင်ငံ့ခေါင်းဆောင် ၃၀ ကျော် တက်ရောက်မှာ ဖြစ်ပါတယ်။ ဧည့်သည်တော်အဖြစ် တက်ရောက်မယ့်သူတွေထဲမှာ ဆော်ဒီဘုရင် ဆလ်မန်လည်း ပါဝင်မှာဖြစ်ပြီး အခမ်းအနားအတွက် အစ္စတန်ဘူတစ်မြို့လုံးမှာ လုံခြုံရေးကို အမြင့်ဆုံး ချထားပါတယ်။

    ဆော်ဒီဘုရင်ကြီးဟာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း အီဂျစ်ကို သွားရောက်ခဲ့ရာမှာ အစ္စလာမ်ကမ္ဘာစည်းလုံးညီညွတ်ဖို့၊ အကြမ်းဖက်ဝါဒကို ပူးပေါင်းတိုက်ဖျက်တို့အတွက် တိုက်တွန်းဆော်သြခဲ့ပါတယ်။

    Ref: Arab News