News @ M-Media

Blog

  • သူရဦးအောင်ကို၏ ဘာသာခြားများအပေါ်မှတ်ချက်စကားကြောင့် အဲန်အဲလ်ဒီက သူနှင့် တွေ့ဆုံခဲ့ကြောင်း အမည်မဖော်လိုသူ အဲန်အဲလ်ဒီအမတ်တစ်ဦးဆို

    သူရဦးအောင်ကို၏ ဘာသာခြားများအပေါ်မှတ်ချက်စကားကြောင့် အဲန်အဲလ်ဒီက သူနှင့် တွေ့ဆုံခဲ့ကြောင်း အမည်မဖော်လိုသူ အဲန်အဲလ်ဒီအမတ်တစ်ဦးဆို

    M-Media
    ဧပြီ ၇ ၊ ၂၀၁၆
    Thura U Aung Ko
    သာသနာရေးနဲ့ ယာဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကိုရဲ့ မွတ်စလင်မ်တွေနဲ့ ပတ်သတ်တဲ့ မှတ်ချက်စကားအပေါ်မှာ စိုးရိမ်ပူပန်မှု ရှိပါတယ်လို့ အမျိုးသားဒီမိုကရေစီပါတီဝင် ၀ါရင့်ပါလီမန်အမတ်တစ်ဦးက မြန်မာတိုင်းမ်စ်ကို ပြောဆိုလိုက်ပါတယ်။

    ဧပြီလတစ်ရက်နေ့ ၊ ဗွီအိုအေအင်တာဗျူးမှာ သူရဦးအောင်ကိုက မွတ်စလင်မ်တွေနဲ့ ဟိန္ဒူဘာသာဝင်အများစုတွေဟာ ဧည့်နိုင်ငံသားတွေလို့ ပြောဆိုခဲ့ပါတယ်။ ဒါကြောင့် နိုင်ငံသားဖြစ်ခြင်းဟာ ဘာသာကိုးကွယ်မှုနဲ့ မဆိုင်ဘူးဆိုတဲ့ မှတ်ချက်တွေ အများအပြား ထွက်ပေါ်လာခဲ့သလို ဧပြီ ၃ မှာတော့ မွတ်စလင်မ်အဖွဲ့ ငါးဖွဲ့ကနေ နိုင်ငံတော် သမ္မတထံ စာပို့ ကန့်ကွက်ခဲ့ပါတယ်။

    အမည်မဖော်လိုတဲ့ NLD ပါလီမန်အမတ်ရဲ့ အဆိုအရ သူတို့ပါတီအနေနဲ့ အစောပိုင်းမှာ သူရဦးအောင်ကိုရဲ့ မှတ်ချက်ကို စိုးရိမ်ပူပန်စရာမှတ်ချက်ဆိုပြီး လွှတ်တော်မှာ ပြောဆိုတင်ပြဖို့ ပြင်ဆင်ခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာတော့ NLD ရဲ့ စိုးရိမ်ပူပန်မှု မှတ်ချက်ဟာ လွှတ်တော်အထိမရောက်ခဲပါဘူး။ NLD က သူရဦးအောင်ကိုနဲ့ တွေ့ဆုံဆွေးနွေးခဲ့တဲ့အကြောင်း၊ သူရဦးအောင်ကိုက သူအဆင်ပြေတဲ့အချိန်တစ်ချိန်ကျရင် လူထုကို ရှင်းလင်းဖြေကြားပေးမယ်လို့ ပြောခဲ့ကြောင်း NLD ပါလီမန်အမတ်က ဆိုပါတယ်။

    NLD ပါလီမန်အမတ်က ဒီလိုကိစ္စမျိုးကို အထူးတလည်မလုပ်လိုကြောင်း၊ တခါတလေမှာ မရည်ရွယ်ဘဲလည်းပြောမိတတ်ကြောင်း မြန်မာတိုင်းမ်စ်ကို ပြောပြထားပါတယ်။ သူရဦးအောင်ကိုရော၊ သူရဲ့ သာသနာရေးဝန်ကြီးဌာနကိုပါ တစုံတရာမှတ်ချက်ပေးဖို့ ဆက်သွယ်ခဲ့တာ၊ ဆက်သွယ်လို့မရဘူးလို့ မြန်မာတိုင်းမ်စ်က ဖော်ပြထားပါတယ်။

    သာသနာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးထွန်းညွှန့်ကတော့ သူရဦးအောင်ကိုအနေနဲ့ ဘာသာပေါင်းစုံက ခေါင်းဆောင်တွေကို တွေ့ဆုံဖို့ရှိတယ်လို့ ဆိုပေမယ့် ရက်စွဲအတိအကျကိုတော့ မပြောပြခဲ့ပါဘူး။ ဘာသာပေါင်းစုံက ခေါင်းဆောင်တွေကို ချက်ချင်းတွေ့ဖို့ အစီအစဉ်လည်း မရှိကြောင်း သိရပါတယ်။

    NLD ရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဝင်းထိန်ကတော့ သူရဦးအောင်ကိုက ဦးဝီရသူကို ဆုံးမစကားတွေ ပြောဖို့ တွေ့ခဲ့တာလို့ ထင်ကြောင်း၊ တစ်စုံတစ်ရာစိုးရိမ်ပူပန်မှု မရှိတဲ့အကြောင်း ပြောပါတယ်။

    NGO အဖွဲ့ တစ်ခုဖြစ်တဲ့ Equality Myanmar ရဲ့ ဒါရိုက်တာ ဦးအောင်မျိးဝင်းကတော့ သူရဦးအောင်ကိုရဲ့ လှုပ်ရှားမှုတွေဟာ စိုးရိမ်စရာဖြစ်နေကြောင်း၊ အဲန်အဲလ်ဒီအနေနဲ့ ဘာသာရေးကဏ္ဍပြဿနာတွေမှာ ခက်ခက်ခဲခဲ ကိုင်တွယ်စရာ အနေအထားကို ပြသနေကြောင်း၊ တည်ငြိမ်အေးချမ်းရေးကို ခြိမ်းခြောက်တဲ့ ဘာသာရေးဆိုင်ရာ အခြေအနေတင်းမာမှုတိုင်းကို နိုင်ငံတော်အစိုးရက ကာကွယ်ရမယ့်အကြောင်း ပြောခဲ့ပါတယ်။

    Ref: mmtimes

  • ဆီးရီးယားပြည်သူ ၃၀၀ ကျော်ကို IS ပြန်ပေးဆွဲထား

    ဆီးရီးယားပြည်သူ ၃၀၀ ကျော်ကို IS ပြန်ပေးဆွဲထား

    ဧပြီ ၇၊ ၂၀၁၆
    M-Media

    is

    – ဆီးရီးယားနိုင်ငံ ဒမတ်စကတ်မြို့အနီးရှိ ဘိလပ်မြေစက်ရုံအား တနင်္လာနေ့က IS ၏ ၀င်ရောက်တိုက်ခိုက်မှုအတွင်း အလုပ်သမား ၃၀၀ ကျော်ကို ပြန်ပေးဆွဲခဲ့ည်ဟု ဆီးရီးယားနိုင်ငံပိုင် သတင်းဌာနက ယနေ့တွင် ဖော်ပြခဲ့သည်။

    Badia Cement စက်ရုံဖြစ်ပြီး ပိုင်ရှင်နှင့် ကျန်ရစ်ခဲ့သည့် မိသားစုများကမူ အလုပ်သမားများနှင့် ဆက်သွယ်၍မရဟု ပြောကြားခဲ့သည်။ ပျောက်ဆုံးနေသောသူများ၏ အရေအတွက်နှင့် ပတ်သက်၍ ကွဲလွဲမှုများရှိနေကာ အချို့ရင်းမြစ်များက ၂၅၀ ဦးဟု ဖော်ပြခဲ့သည်။

    ဆီးရီးယားလုံခြုံရေးသတင်းရင်းများကမူ IS ၏ ဘိလပ်မြေစက်ရုံသို့ တိုက်ခိုက်မှုအတွင်း အနီးရှိလေတပ်စခန်းနှင့် ဓာတ်အားပေးစက်ရုံတို့ကိုလည်း အစိုးရထံမှ သိမ်းဆည်းရန် ကြိုစားခဲ့ပြီး မအောင်မြင်ခဲ့ဟု ဆိုသည်။

    Ref: Aljazeera

  • နိုင်ငံအတွင်းရှိ စားသောက်ဆိုင်များကို ဟာလာအသိအမှတ်ပြုလက်မှတ် ထုတ်ပေးရန် တောင်ကိုရီးယား စီစဉ်

    နိုင်ငံအတွင်းရှိ စားသောက်ဆိုင်များကို ဟာလာအသိအမှတ်ပြုလက်မှတ် ထုတ်ပေးရန် တောင်ကိုရီးယား စီစဉ်

    ဧပြီ ၇၊ ၂၀၁၆
    M-Media

    halal

    – ခရီးသွားဧည့်သည်များကို ဟာလာအစားအသောက်များ ၀န်ဆောင်မှုပေးနိုင်ရန်အတွက် တောင်ကိုရီးယား ခရီးသွားလာရေးအဖွဲ့ KTO မှာ နိုင်ငံအတွင်းရှိ စားသောက်ဆိုင်များအား ဟာလာလ်အသိအမှတ်ပြုလက်မှတ် ထုတ်ပေးနိုင်ရေး ကြိုးပမ်းနေသည်ဟု သိရသည်။

    စားသောက်ဆိုင်များ၏ အစားသောက် ချက်ပြုတ်တည့်ခင်းမှုကို အခြေခံ၍ သြဂုတ်လအတွင်း ဟာလာအသိအမှတ်ပြုလက်မှတ်များ ထုတ်ပေးရန် စီစဉ်နေခြင်းဖြစ်သည်။ အဆင့် ၅ ဆင့် သတ်မှတ်ထားသည့် အဆိုပါ အသိအမှတ်ပြုလက်မှတ်ကို ကိုရီးယားမွတ်စလင်အသင်းက ထုတ်ပေးသွားမည်ဖြစ်သည်။

    KTO ကမူ နိုင်ငံအတွင်းရှိ စားသောက်ဆိုင် ၂၀၀ ခန့်ကို ဟာလာအသိအမှတ်ပြုလက်မှတ် ထုတ်ပေးရန် ရည်ရွယ်ထားပြီး ထိုအစီအစဉ်မှာ မြင့်တက်လာသော မွတ်စလင်ခရီးသွားများ၏ ဟာလာအစားအသောက် တောင်းဆိုမှုကို ဖြည့်ဆည်းပေးရန်လည်း ဖြစ်သည်။

    ပြီးခဲ့သည့်နှစ်အတွင်းက တောင်ကိုရီးယားသို့ မွတ်စလင်ခရီးသွား ၇၄၀၀၀၀ ခန့် လာရောက်ခဲ့ပြီး ယခုနှစ်တွင် ၈ သိန်းကျော် လာရောက်မည်ဟု ခန့်မှန်းထားသည်။

    ဟာလာဆိုသည်မှာ အသားများတွင် အစ္စလာမ့်နည်းကျ လှီးဖြတ်ထားမှုကို ရည်ညွှန်းပြီး အခြားသော အစားသောက်များတွင် သန့်ရှင်းမှု၊ ကျန်းမာရေးနှင့် ညီညွတ်မှုကို ရည်ညွှန်းသည်။

    Ref: IINA

  • ကမ္ဘာလုံးဆိုင်ရာ အဟာရပြည့်ဝရေး ၁၀ နှစ် စီမံကိန်း ကုလစတင်

    ကမ္ဘာလုံးဆိုင်ရာ အဟာရပြည့်ဝရေး ၁၀ နှစ် စီမံကိန်း ကုလစတင်

    ဧပြီ ၇၊ ၂၀၁၆
    M-Media

    un goal

    – အဟာရချို့တဲ့မှုကို နာတာရှည်ခံစားနေရတဲ့ ကမ္ဘာပေါ်က လူ သန်း ၈၀၀ နီးပါးနဲ့ အနည်းဆုံးသော အဟာရကိုသာ ရရှိတဲ့ လူသန်းနှစ်ထောင်ကျော်ရဲ့ ဒုက္ခသုက္ခတွေကို သတိပြု အာရုံစိုက်လာဖို့ ကုလမဂ္ဂက တိုက်တွန်းဆော်သြလိုက်ပြီး ‘အာဟာရပြည့်ဝရေး ဆယ်စုနှစ်စီမံချက်’ တစ်ခုကို  စတင်လိုက်တယ်လို့လည်း ကြေငြာခဲ့ပါတယ်။

    ကုလရဲ့ ပြီးခဲ့တဲ့ တစ်ပတ်မှာပြုလုပ်တဲ့ အစည်းဝေးမှာ ဒီစီမံချက်ကို အတည်ပြုလိုက်တာဖြစ်ပြီး စီမံကိန်းကို ဦးဆောင်လုပ်ကိုင်ပေးဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် (WHO) နဲ့ အစားအစာနဲ့ စိုက်ပျိုးမွေးမြူရေးအဖွဲ့ချုပ် (FAO) တို့ကိုလည်း တိုက်တွန်းခဲ့ကာ အခြားသော ကုလအဖွဲ့အစည်းတွေလည်း ပူးပေါင်းဆောင်ရွက်ကြမှာ ဖြစ်ပါတယ်။

    စီမံကိန်းမှာ အဓိကထား ဆောင်ရွက်မှာကတော့ ကမ္ဘာတစ်ဝှမ်း ငတ်မွတ်ခေါင်းပါးမှု လျှော့ချရေးနဲ့ အဟာရ အပြည့်အ၀ရရှိရေးတို့ဖြစ်ပြီး အခြားဆောင်ရွက်မယ့် ကိစ္စတွေမှာ လူစဉ်မမှီဘဲ ကျုံလှီသေးကွေးနေတဲ့ အသက်ငါးနှစ်အောက် ကလေးငယ် ၁၅၉ သန်းနဲ့ ပေါင်မပြည့်တဲ့ကလေးငယ် ခန့်မှန်းခြေ သန်းငါးဆယ်လောက်ကို အကူအညီပေးရေးလည်း ပါဝင်မှာဖြစ်ပါတယ်။

    ကမ္ဘာမှာ လူပေါင်း သန်း ၁၉၀၀ လောက်ဟာ ကိုယ်အလေးချိန်လွန်ကဲနေပြီး သန်း ၆၀၀ လောက်ဟာ အ၀လွန်နေကြပါတယ်။

    “အခုစီမံကိန်းဟာ ရေရှည်တည်တံ့မယ့် ဖွံ့ဖြိုးတိုးတက်ရေးမှာ အဟာရပြည့်ဝမှုကို အဓိကထားပြီး အစားအစာဖူလှုံရေးနဲ့ အဟာရပြည့်ဝရေးကို ၂၀၃၀ ရည်မှန်းချက်ပြည့်မီရေးအတွက် မဖြစ်မနေလုပ်ဆောင်ရမယ်ဆိုတာကို နားလည်ဖို့ ဖြစ်ပါတယ်” လို့ စီမံကိန်းမှာ ပါဝင်မယ့် FAO အဖွဲ့ရဲ့ အထွေထွေဒါရိုက်တာ ဂျို့စ် ဂရာဇီယာနို ဒါဆေးလ်ဗားက ပြောကြားခဲ့ပါတယ်။

    “ကလေးတွေဟာ လိုအပ်တဲ့ အာဟာရဓာတ် အပြည့်အ၀မရဘူးဆိုရင် ကျောင်းပညာရေးရဲ့ အကျိုးကျေးဇူးလည်း ခံစားနိုင်မှာ မဟုတ်ပါဘူး၊ အာဟာရမမျှတမှုကြောင့် အလုပ်သမားတွေ နာတာရှည်ဝေဒနာ စွဲကပ်နေမယ်ဆိုရင် စီးပွားရေးဖွံ့ဖြိုးမှုဟာလည်း သူတို့ကို အကျိုးသက်ရောက်မှုရှိမှာ မဟုတ်ပါဘူး။ ဒါ့ကြောင့်မို့လို့ ကျွန်တော်တို့ဟာ အဟာရပြည့်ဝရေး ဆယ်စုနှစ်စီမံချက်ကို ကြိုဆိုရမှာ ဖြစ်ပြီး အောင်မြင်အောင် ကူညီလုပ်ဆောင်ပေးရမှာ ဖြစ်တယ်”

    Ref : IINA

  • ဖီဖာ၏ ကမ္ဘာ့အဆင့်သတ်မှတ်ချက်တွင် အာဂျင်တီးနား ထိပ်ဆုံးရောက်၊ မြန်မာက ၁၂ ဆင့်ကျ

    ဖီဖာ၏ ကမ္ဘာ့အဆင့်သတ်မှတ်ချက်တွင် အာဂျင်တီးနား ထိပ်ဆုံးရောက်၊ မြန်မာက ၁၂ ဆင့်ကျ

    ဧပြီ ၇၊ ၂၀၁၆
    M-Media

    fifa

    – ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာက နိုင်ငံအသင်းများ၏ ကမ္ဘာ့အဆင့်ကို ယနေ့တွင် ထုတ်ပြန်လိုက်ပြီး အာဂျင်တီးနားအသင်းက ကမ္ဘာ့နံပါတ် ၁ နေရာကို ရယူနိုင်ခဲ့သည်ဟု သိရသည်။

    ဘယ်လ်ဂျီယံအသင်းမှာ ပြီးခဲ့သည့်နိုဝင်ဘာက ၎င်းတို့ဘောလုံးသမိုင်းကြောင်းတွင် ပထမဆုံးအဖြစ် ကမ္ဘာ့နံပါတ် ၁ နေရာကို ရရှိခဲ့ပြီး ၅ လတာ ကြာမြင်ခဲ့ပြီးနောက် ယခုကဲ့သို့ စွန့်လွှတ်ခဲ့ရခြင်းဖြစ်သည်။ ယခုအဆင့်သတ်မှတ်ချက်အတွက် ၂၀၁၈ ခုနှစ် ရုရှားကမ္ဘာ့ဖလား ခြေစစ်ပွဲ ၅၁ ပွဲ၊ တိုက်ကြီးများအလိုက် ခြေစစ်ပွဲ ၆၀နှင့် နိုင်ငံတကာခြေစမ်းပွဲ ၆၀ စုစုပေါင်း ၁၇၁ ပွဲအပေါ်မူတည်၍ တွက်ချက်ခဲ့ခြင်းဖြစ်သည်။

    အာဂျင်တီးနားမှာမူ ကိုပါအမေရိကဖလား ဆီးမီးဖိုင်နယ်သို့ ရောက်ရှိခဲ့ပြီးနောက် ၂၀၁၅ ခုနှစ် ဇူလိုင်လတွင် ကမ္ဘာ့အဆင့် ၁ နေရာကို ရရှိခဲ့သည်။ သို့သော်လည်း နောက်ပိုင်းတွင် ဘယ်လ်ဂျီယံကို ဖယ်ပေးခဲ့ရပြီးနောက် ယခုတစ်ကြိမ် ထပ်မံရယူနိုင်ခဲ့ခြင်းဖြစ်သည်။

    ချီလီကမူ ၂ ဆင့်တက်ကာ အဆင့် ၃ သို့ ရောက်လာခဲ့ပြီး၊ ကမ္ဘာ့ဖလားချန်ပီယံ ဂျာမနီကမူ တစ်ဆင့်ကျကာ အဆင့် ၅ တွင်ရှိနေသည်။ ဘောလုံးဘိုးအေ အင်္ဂလန်က တစ်ဆင့်ကျကာ အဆင့် ၁၀ သို့ ရောက်ရှိခဲ့သည်။ မြန်မာကမူ ယခင်က အဆင့် ၁၅၄ ရှိရာမှ ၁၂ ဆင့်ကျဆင်းခဲ့ကာ ၁၆၆ တွင်ရှိနေသည်။

    Ref: Fifa.com