News @ M-Media

Blog

  • သီလ၀ါ အထူးစီးပွားရေးဇုန်တွင် တတိယမြောက် ဂျပန်ဘဏ် ဖွင့်လှစ်မည်

    သီလ၀ါ အထူးစီးပွားရေးဇုန်တွင် တတိယမြောက် ဂျပန်ဘဏ် ဖွင့်လှစ်မည်

    ဧပြီ ၈၊ ၂၀၁၆
    M-Media

    သီလ၀ါအထူးစီးပွားရေးဇုန် ဖွင့်လှစ်ခဲ့စဉ်က

    – ဂျပန်နိုင်ငံမှ ဘဏ်လုပ်ငန်းတစ်ခုဖြစ်သော Sumitomo Mitsui Banking Corp မှာ လာမည့်ဇူလိုင်လ၌ သီလ၀ါ အထူးစီးပွားရေးဇုန်တွင် ဘဏ်ခွဲတစ်ခု ဖွင့်လှစ်မည်ဟု သိရသည်။

    အဆိုပါ ဘဏ်လုပ်ငန်းကို မြန်မာအစိုးရက မကြာသေးမီကမှ လုပ်ကိုင်ခွင့်ပြုလိုက်ခြင်းဖြစ်သည်။ လက်ရှိတွင် သီလ၀ါ အထူးစီးပွားရေးဇုန်အတွင်း Mizuho Financial Group ဘဏ္ဍာရေလုပ်ငန်းမှ Mizuho ဘဏ်၊ Mitsubishi UFJ Financial Group လုပ်ငန်းမှ Tokyo-Mitsubishi UFJ ဘဏ်တို့ကို ဖွင့်လှစ်လုပ်ကိုင်လျက် ရှိနေသည်။

    အဆိုပါ ဘဏ်လုပ်ငန်းအားလုံးမှာ စီးပွားရေးဇုန်အတွင်း ဂျပန်စီးပွားရေးလုပ်ငန်းများ ချဲ့ထွင်ရေးကို ထောက်ပံ့အားပေးရန် အဆင်သင့် ဖြစ်နေကြပြီဖြစ်သည်။

    သီလ၀ါအထူးစီးပွားရေးဇုန်တွင် ကုမ္ပဏီပေါင်း ၅၀ ကျော် လုပ်ငန်းဆောင်ရွက်ရန် အစီအစဉ်ရှိနေပြီး ထိုအထဲမှ အများစုမှာ ဂျပန်နိုင်ငံမှဖြစ်သည်။ မြန်မာနိုင်ငံတွင် ၂၀၁၄ ခုနှစ်မှစ၍ ၀င်ရောက်လုပ်ကိုင်နေသည့် နိုင်ငံခြား ဘဏ်များမှာ ၉ ခုအထိ ရှိလာပြီဖြစ်သည်။

    Ref: Asia.nikkei

  • နိုင်ငံရေးကျဉ်းသားအများပြား လွတ်မြောက်လာကြသော်လည်း ဂွင်ဆင် တရားစွဲဆိုခံထားရသည့် ကိုဇော်ဇော်လတ်နှင့် မပွင့်ဖြူလတ်တို့ ထောင်ဒဏ် ၂ နှစ် ထပ်မံချမှတ်ခံရ

    နိုင်ငံရေးကျဉ်းသားအများပြား လွတ်မြောက်လာကြသော်လည်း ဂွင်ဆင် တရားစွဲဆိုခံထားရသည့် ကိုဇော်ဇော်လတ်နှင့် မပွင့်ဖြူလတ်တို့ ထောင်ဒဏ် ၂ နှစ် ထပ်မံချမှတ်ခံရ

    ဧပြီ ၈ ၊ ၂၀၁၆
    M-Media
    မိုးစက်

    zaw 2
    ချမ်းအေးသာစံမြို့နယ်တရားရုံးတွင် ယနေ့တွင် တွေ့ရသည့် ကိုဇော်ဇော်လတ်နှင့် မပွင့်ဖြူလတ်

    မန္တလေး။ ။မြန်မာတစ်နိုင်ငံလုံးတွင် မတရားဖမ်းဆီး အကျဉ်းချခံထားရသည့် နိုင်ငံရေးအကျဉ်းသားများနှင့် ကျောင်းသားများကို လွှတ်ပေးနေချိန်တွင် မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇ (၁) ဖြင့် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ကိုဇော်ဇော်လတ်နှင့် မပွင့်ဖြူလတ်တို့ကို ထောင်ဒဏ် ၂ နှစ် ထပ်မံချမှတ်လိုက်တယ်လို့ သိရပါတယ်။

    ဒီနေ့ညနေပိုင်းမှာ မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် တရားရုံးကနေ ကိုဇော်ဇော်လတ်နှင့် မပွင့်ဖြုလတ်တို့ကို မတရားအသင်း ဆက်သွယ်မှု ဥပဒေ ပုဒ်မ၁၇/၁ နဲ့ နောက်ထပ် ၂ နှစ် ချမှတ်ခဲ့တာပါ။ ကိုဇော်ဇော်လတ်နှင့် မပွင့်ဖြူလတ်တို့သည်ဖေဖော်ဝါရီလကလည်း လ၀ကပုဒ်မ ၁၃ /၁ဖြင့် ထောင်ဒဏ် ၂နှစ် ချမှတ်ခံခဲ့ရပါတယ်။

    မတရားအသင်းဆက်သွယ်မှု ပုဒ် ၇၁/၁ ဟာ ၂၀၁၃ ခုနှစ်က ကချင်လက်နက်ကိုင်တပ်ဖွဲ့ တပ်စွဲရာ ကချင်ပြည်နယ် လိုင်ဇာမြို့ကိုသွားရောက်ခဲ့မှုအတွက် ၂ နှစ်ကျော်ကြာမှ စွဲဆိုခဲ့တာဖြစ်ပြီး၊ တရားမ၀င်နယ်စပ်ဖြတ်ကျော် ပုဒ်မဖြစ်တဲ့ ပုဒ်မ ၁၃/၁ ကတော့ ၂၀၁၅ ခုနှစ်မှာ ချင်းပြည်နယ်သို့အသွား မြန်မာ-အိန္ဒိယ ချစ်ကျည်ရေးတံတားမှာ ဓာတ်ပုံရိုက်ကူးမှုအတွက် စွဲဆိုခဲ့တာဖြစ်ပါတယ်။

    ဒါပေမယ့် ကိုဇော်ဇော်လတ်ကတော့ သူတို့ဟာ အဲဒီခရီးစဉ် ၂ ခုစလုံးအတွက် စစ်တပ်အပါအ၀င် အာဏာပိုင်အဆင့်ဆင့်ရဲ့ ခွင့်ပြုချက် ရရှိခဲ့ပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးနဲ့ ငြိမ်းချမ်းရေးအတွက် ရည်ရွယ်သွားရောက်ခဲ့တာဖြစ်တယ်လို့ တရားရုံးမှာ ထွက်ဆိုခဲ့ပါတယ်။ ၎င်းရဲ့ Facebook စာမျက်နှာမှာတော့ အဆိုပါ ခရီးစဉ်နှစ်ခုအတွင်း အာဏာပိုင်တွေနဲ့ တွဲရိုက်ခဲ့တဲ့ ဓာတ်ပုံတွေကိုလည်း လွှင့်တင်ခဲ့ပါတယ်။

    ကိုဇော်ဇော်လတ်နဲ့ မပွင့်ဖြူလတ်တို့ဟာ အစ္စလာမ်ဘာသာဝင်တွေဖြစ်ကြပြီး အမျိုးသားရေးအစွန်းရောက်အုပ်စုက ဆိုရှယ်မီဒီယာမှာ ၎င်းတို့ကို ဘာသာရေးအရ စော်ကားတိုက်ခိုက်မှု ပြုလုပ်ပြီးနောက်ပိုင်း ဦးသိန်းစိန်အစိုးရက ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ ၎င်းတို့နဲ့အတူ အဆိုပါခရီးစဉ်တွေကို သွားရောက်ခဲ့သူ အခြားဘယ်သူ့ကိုမှ ဖမ်းဆီးခြင်းမရှိခဲ့ပါဘူး။

    တရားလိုအဖြစ်ဆောင်ရွက်တဲ့ မြို့နယ်လ၀ကဦးစီးမှူးက တရားစွဲဆိုတဲ့အကြောင်းအရာတွေကို မိမိအနေဖြင့် သိရှိခြင်းမရှိဘဲ အထက်အမိန့်အရသာ တရားစွဲဆိုခဲ့တာဖြစ်တယ်လို့ ရုံးတော်မှာ ထွက်ဆိုခဲ့ပါတယ်။

    ယနေ့ ဧပြီလ ၈ ရက်နေ့မှာ အမျိုးသားပညာရေး ဥပဒေ (မူကြမ်း)နဲ့ ပတ်သတ်ပြီး သပိတ်မှောက်ဆန္ဒပြခဲ့လို့ သမ္မတဦးသိန်းစိန်အစိုးရလက်ထပ်က အကြမ်းဖက်ဖြိုခွင်းခံခဲ့ရပြီး လက်ရှိတရားရင်ဆိုင်နေရတဲ့ ကျောင်းသား၊ ကျောင်းသူ များနဲ့ ဝန်းရံပြည်သူများအမှုပိတ်သိမ်းလွှတ်ပေးဖို့ ပြည်ထောင်စု၊တိုင်း၊ခရိုင်၊မြို့နယ်တရားသူကြီး အဆင့်ဆင့်ညွှန်ကြားထားတယ်လို့ သိရပါတယ်။

  • ကော်ဖီသောက်ခြင်းက ဆီးကြိတ်ကင်ဆာဖြစ်နိုင်ချေကို လျော့ကျစေ

    ကော်ဖီသောက်ခြင်းက ဆီးကြိတ်ကင်ဆာဖြစ်နိုင်ချေကို လျော့ကျစေ

    ဧပြီ ၈၊ ၂၀၁၆
    M-Media

    coffee

    – တစ်နေ့ကော်ဖီနှစ်ခွက် သောက်သုံးခြင်းက ဆီးကြိတ်ကင်ဆာဖြစ်နိုင်ချေ ၂.၅ ရာခိုင်နှုန်း လျှော့ချပေးတယ်လို့ တရုတ်နိုင်ငံက ပြုလုပ်ခဲ့တဲ့ သုတေသနတစ်ခုအရ သိရပါတယ်။

    ရှန်ဟိုင်းမြို့ရှိ Tongji တက္ကသိုလ်ဆေးရုံက ကမ္ဘာတစ်ဝှမ်း အမျိုးသား ၅၅၀၀၀ ကျော်ကို ကောက်ယူခဲ့တဲ့ စစ်တမ်းကို အခြေပြုလေ့လာထားတာပါ။ သုတေသီတွေက ကော်ဖီနဲ့ ဆီးကြိတ်ကင်ဆာ ဆက်နွယ်မှု ၁၃ ခုကို လေ့လာခဲ့တာဖြစ်ပြီး နောက်ဆုံးမှာ ကော်ဖီဟာ ဒီရောဂါအန္တရာယ်ကို လျော့ကျစေတယ်လို့ ကောက်ချက် ချနိုင်ခဲ့ပါတယ်။

    ကော်ဖီသောက်တတ်တဲ့သူတွေမှာ ဆီးကြိတ်ကင်ဆာဖြစ်လာလို့ရှိရင် သေဆုံးနိုင်ချေ ၂၄ ရာခိုင်နှုန်းလောက်နည်းပါးတယ်လို့လည်း လေ့လာမှုအရ တွေ့ရှိခဲ့ရပါတယ်။

    ဒါဟာ ကင်ဆာဆဲလ်ကြီးထွားမှုကို ဟန့်တားနိုင်တဲ့ ကာဖီစတောနဲ့ ကာဝီရော ဒြပ်ပေါင်းများအပါအ၀င် ဓာတ်တိုးဆန့်ကျင်ပစ္စည်းနဲ့ ရောင်ရမ်းမှုဆန့်ကျင်ပစ္စည်း စတဲ့ဒြပ်ပေါင်းအများအပြား ကော်ဖီထဲမှာ ပါရှိတာကြောင့်ပဲ ဖြစ်ပါတယ်။

    Ref: IINA

  • မတ်လအတွက် ပရီးမီးယားလိဂ် အကောင်းဆုံးဆုများကို ဟယ်ရီကိန်းနှင့် ရာနီယေးရီတို့ ရရှိ

    မတ်လအတွက် ပရီးမီးယားလိဂ် အကောင်းဆုံးဆုများကို ဟယ်ရီကိန်းနှင့် ရာနီယေးရီတို့ ရရှိ

    ဧပြီ ၈၊ ၂၀၁၆
    M-Media

    harry

    – မတ်လအတွက် ပရီးမီးယားလိဂ် အကောင်းဆုံးကစားသမားဆုကို စပါးတိုက်စစ်မှူး ဟယ်ရီကိန်းက ရရှိခဲ့ပြီး နည်းပြဆုကိုမူ လက်စတာနည်းပြ ရာနီယေးရီက ရရှိခဲ့သည်။

    ကိန်းမှာ မတ်လအတွင်း စပါးအတွက် ၅ ဂိုးသွင်းယူပေးခဲ့ပြီး အာဆင်နယ်နှင့် ၂ ဂိုးစီသရေကျခဲ့သည့်ပွဲတွင် ၁ ဂိုး အက်စတွန်ဗီလာနှင့် ဘုန်းမောက်တို့ပွဲတွင် ၂ ဂိုးစီတို့ ဖြစ်ကြသည်။ လက်ရှိတွင် ကိန်းမှာ ပရီးမီးယားလိဂ် ဂိုးသွင်းအများဆုံးစာရင်းတွင် ၂၂ ဂိုးဖြင့် ထိပ်ဆုံး၌ ရပ်တည်နေသည်။

    ရာနီယေးရီကမူ မတ်လအတွင်း ၀က်ဖို့ဒ်၊ နယူးကာဆယ်နှင့် ခရစ်တယ်ပဲလေ့စ်တို့အား အနိုင်ကစားပြီး ၀က်စ်ဘရွန်းနှင့် သရေကျကာ လက်စတာအတွက် အများဆုံးရရှိနိုင်သည့် ၁၂ မှတ်တွင် ၁၀ မှတ်ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သည်။

    ရာသီကုန်ရန် ၆ ပွဲသာလိုတော့သည့်အချိန်တွင် လက်စတာမှာ ဒုတိယနေရာမှ စပါးအသင်းအား ၇ မှတ်ဖြတ်ကာ အမှတ်ပေးဇယားအား ဦးဆောင်ထားနိုင်သည်။ ရာနီယေးရီမှာ ယခုနှစ်အတွင်း ဒုတိယမြောက်အဖြစ် တစ်လတာအကောင်းဆုံးနည်ပြအဖြစ် ရွေးချယ်ခံရခြင်းဖြစ်သည်။

    Ref : Goal

  • သွေးမနှောခြင်းက အဓိကလား တိုင်းပြည်အပေါ် သစ္စာရှိခြင်းက အဓိကလား

    သွေးမနှောခြင်းက အဓိကလား တိုင်းပြည်အပေါ် သစ္စာရှိခြင်းက အဓိကလား

    ဧပြီ ၈ ၊ ၂၀၁၆
    M-Media
    ဂျက်ဖရီတင်အုန်း(R.I.T) ရေးသည်။
    aung_san-u_raschid-
    ယနေ့ကမ္ဘာပေါ်တွင် နိုင်ငံပေါင်း ၂၃၀ကျော်၊ လူဦးရေသန်းပေါင်း ၇၀၀၀ကျော်၊ ဘာသာစကားပေါင်း ၆၀၀၀ကျော်နှင့် လူမျိုးနွယ်ပေါင်း ၅၀၀၀ကျော် ရှိကြသည်။ လူမျိုးနွယ်တစ်ခုတည်းရှိသော၊ ဘာသာစကားတစ်ခုတည်းပဲရှိသော၊ ကိုးကွယ်ယုံကြည်မှု တစ်ခုတည်းပဲရှိသော၊ နိုင်ငံဟူသည် ကမ္ဘာပေါ်မှာမရှိတော့ပြီ။

    လူရှိလျှင် ထိုသူ၏အမျိုးအနွယ် (လူသားမျိုးနွယ်) ရှိနေပေမည်။ ကမ္ဘာကြီး၏သက်တမ်းသည် နှစ်သန်းပေါင်းများစွာ ကြာခဲ့ပြီဖြစ်သည်။ နေရာ၊ ဒေသ ခေတ်ကာလအလိုက်၊ နိုင်ငံအလိုက်၊ ပေါ်ပေါက်လာသော လူသားတို့အား “ဆောင်ရန်၊ ရှောင်ရန်”၊ ကျင့်ရန်၊ကြံရန်၊ ဘ၀လမ်းညွှန်များကို လက်တွေ့ဟောပြော၊ ပို့ချပြသခဲ့သော၊ ဂင်္ဂါဝါနူ၊ သဲစုတစ်မျှသော၊ မနုဿ လူဘုရားများ ပွင့်ပေါ်ခဲ့ကြသောကြောင့်၊ ဘာသာတရား အသီးသီး ဖြစ်ပေါ်ခဲ့ကြသည်။ လူသားသည် ပထမ၊ ထိုလူသား၏ယုံကြည်မှု ဘာသာတရား
    သည် ဒုတိယဖြစ်သည်။

    ထူးဆန်းသည်မှာ မြန်မာနိုင်ငံတွင် မည်သည့်ဘာသာတရားမျှ မူလရင်းမြစ်အနေဖြင့် စတင်ခဲ့ခြင်း မရှိဘဲ၊ ရေခြား၊ မြေခြား၊ နိုင်ငံရပ်ခြားများမှ မြန်မာနိုင်ငံသို့၊ ရောက်ရှိပြန့်နှံ့လာခြင်းဖြစ်သည်။ ဒါကြောင့်လည်း လူသိအများဆုံးကိုးကွယ်ယုံကြည်ရာ ဘာသာတရားများဖြစ်သည့် ခရစ်ယာန်ဘာသာ၊ အစ္စလာမ်ဘာသာ၊ ဟိန္ဒိုဘာသာ၊ ဗုဒ္ဓဘာသာ၊ ဆစ်ခ်ဘာသာ၊ ဂျိမ်းဘာသာတရားများသည်၊ “ဧည့်ဘာသာတရားများ” ဖြစ်သည်။ ဘာသာတရားကို လူတစ်စု၊ လူတစ်ဖွဲ့၊ နိုင်ငံတစ်ခုက လက်ဝါးကြီးအုပ်၍ မရပြီ။

    ယနေ့ကမ္ဘာပေါ်တွင် ခရစ်ယာန်ဘာသာဝင်ဦးရေသန်းပေါင်း ၂၀၀၀ ကျော်ရှိသည်။ အစ္စလာမ်ဘာသာဝင် ဦးရေသန်းပေါင်း ၁၈၀၀ ကျော်၊ ဟိန္ဒူဘာသာဝင်ဦးရေသန်းပေါင်း ၁၀၀၀ ကျော်၊ ဗုဒ္ဓဘာသာဝင်ဦးရေ သန်းပေါင်း ၅၀၀ ကျော်ရှိသည်။ မည်သည့်ဘာသာတရားမျှ လက်ခံခြင်းမရှိသည့် ဘာသာမဲ့ဦးရေသန်း၁၀၀၀ ကျော်သည်လည်း ကွန်မြူနစ်နိုင်ငံများဖြစ်သည့် တရုတ်နိုင်ငံ၊ ရုရှားနိုင်ငံ၊ ဗီယင်နမ်နိုင်ငံ၊ ကျူးဘားနိုင်ငံ စသည်တို့တွင် ရှိနေသည်။

    အများပြည်သူလူထုအတွက်၊ တိုင်းပြည်အတွက်၊ ဆောင်ရွက်လိုသူတွေဟာ “ငါနှင့် ငါသာ၊ နှိုင်းစရာ၊ ငါနှင့် မတူ၊ ငါ့ရန်သူ” ဟူသော  စိတ်ဓာတ်မျိုးကို၊ ရှောင်ရှားသင့်ပေသည်။ လူမျိုးကိုကြည့်၍၊ ကိုးကွယ်သည့်ဘာသာတရားကိုကြည့်၍၊ လူ့ဂုဏ်သိက္ခာ အဆင့်အတန်းကို၊ မခွဲခြားနိုင်ပေ။ ဤအချက်ကို ကမ္ဘာ့အင်အားအကြီးဆုံးစံပြ ဒီမိုကရေစီနိုင်ငံတော်ကြီးတစ်ခုဖြစ်သည့် အမေရိကန်နိုင်ငံက မီးမှောင်းထိုးပြခဲ့သည်။

    အမေရိကန်သမ္မတကြီး ဘားရက်အိုဘားမားသည် အစ္စလာမ်ဘာသာဝင် ကင်ညာနိုင်ငံသားနှင့် ခရစ်ယာန် အမေရိကန် သူတို့မှ မွေးဖွားသော သွေးနှောကပြား ဖြစ်သော်လည်း၊ လူဦးရေသန်းပေါင်း ၃၅၀ ကျော်က သမ္မတသက်တမ်း(၂)ကြိမ် တိုင်တိုင် နိုင်ငံ့ဦးသျှောင်အဖြစ် ခန့်အပ်တာဝန်ပေးခြင်းသည် ဘာသာလူမျိုး မခွဲခြားသော၊ အသားအရောင်မခွဲခြားသော၊ အရည်အချင်းရှိသူကို နေရာပေးသော၊ လူ့ဂုဏ်သိက္ခာရှိသော လူ့အဖွဲ့အစည်းကြီးတစ်ရပ်ဖြစ်ကြောင်း၊ ကမ္ဘာကို သက်သေပြနေသည်။

    မကြာခင်က တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်တစ်ဦးက မတ်လ ၁၄ ရက်၊ ပြည်သူ့လွှတ်တော် အစည်းအဝေး ပြင်ပတွင်၊ ဘီဘီစီသတင်းဌာန၏ မေးမြန်းမှုကိုဖြေကြားရာတွင် “အဓိကတော့၊ လူမျိုးခြားပေါ့၊ လူမျိုးခြားက ကျွန်တော်တို့နိုင်ငံမှာ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊  လူမှုရေး၊ လေးခုရှိတာပေါ့၊ နိုင်ငံရေးနှင့် အုပ်ချုပ်ရေးကျတော့ အဓိက နိုင်ငံရဲ့လျှို့ဝှက်ချက်တွေ ရှိတယ်။ဒီလိုနေရာမျိုးကို လူမျိုးခြားတွေသွားပေးရင် ကျွန်တော်တို့နိုင်ငံ လုံခြုံရေးအတွက် အန္တရာယ်ရှိတာပေါ့” ဟု
    ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့်ပတ်သတ်လို့ ဘီဘီစီသတင်းထောက်ကို ဖြေကြားခဲ့ပါတယ်။

    မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာဝင်မဟုတ်သော လူများကို လူဝင်မှု့ကြီးကြပ်ရေး (လ၀က) က၊ “သွေးနှော” ဟု သတ်မှတ်ကြသည်။

    နိုင်ငံရေး၊ အုပ်ချုပ်ရေးတွင် သွေးနှောကပြားများ ပါဝင်ပတ်သက်နေခဲ့သည်မှာ ပဒေသရာဇ်ခေတ် အဆက် ဆက်တွင်သာမက၊ အင်္ဂလိပ်ကိုလိုနီခေတ်တွင်လည်းကောင်း၊ ဖဆပလအစိုးရခေတ်တွင်လည်းကောင်း၊ မုချဧကန်တွေ့ရှိကြ ရမည် ဖြစ်သည်။ မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီ (မဆလ)ပါတီ ဥက္ကဌကြီးလည်းဖြစ် ရဲဘော်၃ကျိပ်ဝင်တစ်ဦးလည်းဖြစ်သူ သခင်ရှုမောင်(ခေါ်) ဗိုလ်ချုပ်ကြီးနေ၀င်းသည် တရုတ်ကပြားသွေး နှော တစ်ဦးဖြစ်သည်။ တပ်မတော်တွင် ကာကွယ်ရေးဦးစီးချုပ်အနေဖြင့် တာဝန်ထမ်းဆောင်ခဲ့သည်။

    မဆလတစ်ပါတီခေတ်တွင်ပင်၊ သမ္မတတာဝန်လည်း ထမ်းဆောင်ခဲ့သည့် ဗိုလ်ချုပ်ကြီးတာဝန်လည်းထမ်းဆောင်ခဲ့ဖူးသူ၊ ဦးစန်းယုဟာ ကပြားသွေးနှော တရုတ်လူမျိုးဖြစ်ပါတယ်။ နအဖ စစ်အစိုးရလက်ထက် စစ်ထောက်လှမ်းရေးမှူး နံပါတ် ၃ အဆင့်ရှိ ဗိုလ်ချုပ်ကျော်သိန်းသည်လည်း တရုတ်ကပြား၊ သွေးနှော တစ်ဦး ဖြစ်ပါတယ်။ နေပြည်တော်ဝန်ကြီးလို့ လူသိများတဲ့ ဗိုလ်မှူးကြီးသိန်းညွန့်သည်လည်းကောင်း၊  သမ္မတရုံးဝန်ကြီး ဦးအောင်မင်းတို့သည်လည်း တရုတ်သွေးနှောများ ဖြစ်ကြပါတယ်။ န၀တစစ် အစိုးရခေတ် ဗိုလ်မှူးချုပ် အေဘဲလ်သည် လည်း၊ ခရစ်ယာန်ဘာသာဝင် သွေးနှောတစ်ဦးဖြစ်ပါသည်။ မဆလခေတ်၊  ပညာရေးဒုတိယ၀န်ကြီး ဒေါက်တာမောင်ဒီသည် ပသီလူမျိုး အစ္စလာမ်ဘာသာဝင် မိဘများမှမွေးဖွားခဲ့ သော်လည်း ဆရာသည် ဗုဒ္ဓဘာသာကိုးကွယ်ခဲ့သည်။ မြန်မာ့ဂုဏ်ဆောင်၊ ကမ္ဘာ့ဂုဏ်ဆောင် ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်သည် ဖခင်ပသီလူမျိုး အစ္စလာမ်ဘာသာဝင်နှင့် ဗမာ-ဗုဒ္ဓဘာသာဝင် မိခင်မှမွေးဖွားခဲ့သော ကပြားသွေးနှောဖြစ်သော်လည်း၊ မြန်မာ့အကျိုး၊ ကမ္ဘာ့အကျိုး ကို သက်ဆုံးတိုင်တာဝန်ကျေခဲ့သူ ဖြစ်ခဲ့ပါတယ်။

    ထို့ကြောင့်အမေရိကသုတေသီ ၀ီလျှံရောဘတ်က “လူမျိုးတစ်မျိုး၊ ကိုးကွယ်တဲ့ဘာသာတစ်ခုခု၊ ရုပ်ဆင်း အင်္ဂါ အသွင်သဏ္ဍန် တစ်ရပ်ကိုကြည့်၍ ခွဲခြားဆက်ဆံနေသူများဟာ အဆိပ်မှိုင်းမိထားသူများ” ဖြစ်ကြောင်း ဝေဖန်ခဲ့ဖူးသည်။

    ကမ္ဘာပေါ်တွင် လူတစ်ယောက်၊ တစ်စုတစ်ဖွဲ့၏ဥပဒေမဲ့လုပ်ရပ် လူသားမဆန်မှုလုပ်ရပ်ကြောင့် ထိုကျူးလွန် သူ၏ ဘာသာတရား ကို ဝေဖန်၊ ကဲ့ရဲ့၊ ပြစ်တင်၊ ရှုတ်ချနေပါက “ရေပေါ်အရုပ်ရေးသလို”သာဖြစ်တော့ မည်။ ဥပမာ ပဒေသရာဇ်ခေတ်တွင် ထီးနန်းအာဏာ အတွက် သားဖြစ်သူက ဖခင်ရင်းကိုလုပ်ကြံခဲ့သည့် ဖြစ်ရပ်များ၊ ကနောင်မင်းသားကြီးလို လူတော်ကို တူအရင်းခေါက်ခေါက်က လုပ်ကြံခဲ့သည့် ဖြစ်ရပ်များ၊ အနော်ရထာမင်းထီးနန်းအာဏာအတွက် စိုးရိမ်ရဟူသော ပုဏ္ဏားများ၏ဟောကိန်းကြောင့် ကိုယ်ဝန်သည်များ၊ သုံးလသားယောကျာ်းလေးများ၊ ၅နှစ်သားကလေးများ၏ အသက်များ၊ ကြက်ပျောက်၊ ငှက်ပျောက်၊ ပျောက်ခဲ့ရပုံများ၊ လွတ်လပ်ရေး ဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီး လုပ်ကြံခံခဲ့ရခြင်း တို့သည် ဘာသာခြား၊ လူမျိုးခြား၊ သွေးနှောများ က လုပ်ကြံခဲ့ခြင်းမဟုတ်ပေ။ ဘာသာတူ၊ လူမျိုးတူကို၊ ဘာသာတူ၊ လူမျိုးတူကပင် ရာထူးအာဏာ၊ အာဃာ၊ အတ္တစိတ် လွန်ကဲမှုတွေကို ရှေ့တန်း တင်မိခဲ့၍ မြန်မာ့သမိုင်းဆိုးမွေများ ကျန်ရစ်ခဲ့ပေသည်။

    ထို့ကြောင့် နိုင်ငံချစ်စိတ်ရှိခြင်း၊ သစ္စာရှိခြင်း၊ နိုင်ငံ့အကျိုးသယ်ပိုးထမ်းရွက်ခြင်းတို့သည် လူမျိုး၊ ကိုးကွယ် သည့်ဘာသာတရား၊ သွေးနှောခြင်း၊ မနှောခြင်းတို့နှင့် လုံးဝ၊ လုံးဝသက်ဆိုင်ခြင်းမရှိကြောင်း၊ သမိုင်းတွေ က ပြောပြနေသည်။ သမိုင်းမှန်တွေကို၊ လေ့လာဖို့ အချိန်တန်ပြီ။ မတ်လ ၃၁ ရက်နောက်ပိုင်း ဒီမိုကရေစီ အစိုးရသစ်တစ်ရပ် ပေါ်ထွက်လာမည်။ လူသစ်၊ မူသစ်၊ စနစ်သစ်၊ ဥပဒေသစ်တွေ ပေါ်ထွက်လာတော့ မည်။ လူ့အခွင့်အရေးစံချိန်၊ စံညွှန်းနှင့် ကိုက်ညီမှုမရှိသော၊ နိုင်ငံတကာစံချိန်၊ စံညွှန်းနှင့် ကိုက်ညီမှုမရှိ
    သော၊ မြန်မာပြည်သူလူထုအတွက်၊ အကျိုးမရှိသော ဥပဒေများကို ဖျက်သိမ်းတော့မည်။ အလားအလာ၊ ကောင်းပေတည်း။ ကျောက်ခေတ်၊ ကြေးခေတ်၊ သံခေတ်၊ ခေတ်အဆက်ဆက်က “အင်အားကြီးသူ၊ အနိုင်ယူ” အင်အားသည်၊ အမှန်တရားဆိုသော ကြီး၊ နိုင်၊ ငယ်၊ ညှင်း စိတ်ကို ဖျောက်ဖျက်ချိန်တန်ပါပြီ။

    ညီညွှတ်ခြင်းသည် အင်အား၊ စည်းလုံးခြင်းသည်၊ ခွန်အားဟူသော ပြည်ထောင်စုစိတ်ဓာတ်ကို နှလုံးပိုက် ကာ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံအဖြစ်မှ လွတ်ကင်းအောင် ကြိုးပမ်းကြပါစို့ဟု တိုက်တွန်းလိုက်ပါသည်။

    ဂျက်ဖရီတင်အုန်း(R.I.T)