News @ M-Media

Blog

  • ဗဟိုအာဖရိကတွင် ကုလတပ်များ၏ လိင်ပိုင်းဆိုင်ရာကျူးလွန်မှုအတွက် ပထမဆုံး ခုံရုံးတင်

    ဗဟိုအာဖရိကတွင် ကုလတပ်များ၏ လိင်ပိုင်းဆိုင်ရာကျူးလွန်မှုအတွက် ပထမဆုံး ခုံရုံးတင်

    ဧပြီ ၅၊ ၂၀၁၆
    M-Media

    cong

    – ပဋိပက္ခများဖြစ်ပွားရာ ဗဟိုအာဖရိကနိုင်ငံတွင် အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားမှုများရှိခဲ့သည်ဟု စွပ်စွဲခံရသည့် ကုလငြိမ်းချမ်းရေးတပ်ဖွဲ့မှ ကွန်ဂိုစစ်သား ၃ ဦးကို ယမန်နေ့က ကွန်ဂိုနိုင်ငံ တရားရုံးတွင် ကြားနာခဲ့သည်ဟု သိရသည်။

    နိုင်ငံမြောက်ပိုင်းမြို့တော် ကင်ရှာဆာရှိ စစ်အကျဉ်းထောင်တွင် ကြားနာခဲ့ခြင်းဖြစ်ပြီး၊ ဗဟိုအာဖရိကနိုင်ငံတွင် တပ်ဖြန့်ထားသော ကုလ၏ MINUSCA တပ်ဖွဲ့ဝင်များနှင့် ပြင်သစ်တပ်ဖွဲ့ဝင်များ၏ လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခံရသည်ဟု လူ ၁၀၀ ကျော်က တိုင်ကြားမှုအတွက် ပထမဆုံး တရာစွဲဆိုမှုလည်း ဖြစ်သည်။

    ကွန်ဂို၏ တရားရေးဝန်ကြီး အလက်ဇစ် သမ်ဘွေ မာဝမ်ဘာက မိမိတို့မှာ ပွင့်လင်းမြင်သာရှိသည့် ကြားနာမှုကို လိုချင်ပြီး စစ်သားအနည်းငယ်၏လုပ်ရပ်ကြောင့် မိမိတို့စစ်တပ်တစ်ခုလုံးကို အထင်မှား၍မရဟု ပြောကြားခဲ့သည်။

    ဗဟိုအာဖရိကရှိ ကုလတပ်ဖွဲ့များက လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွင် ခွေးဖြင့် အတင်းအဓမ္မ လိင်ဆက်ဆံခိုင်းခြင်းလည်း ပါဝင်သည်။ ယခုကြားနာသူ စစ်သား ၃ ဦးကမူ အပြစ်မရှိကြောင်း လျှောက်လှဲခဲ့သည်။

    Ref: Aljazeera

  • ၂၀၁၀ ခုနှစ် BP ကုမ္ပဏီ၏ ရေနံယိုဖိတ်မှုအတွက် နစ်နာကြေး ကန်ဒေါ်လာ ဘီလီယံ ၂၀ ပေးရမည်

    ၂၀၁၀ ခုနှစ် BP ကုမ္ပဏီ၏ ရေနံယိုဖိတ်မှုအတွက် နစ်နာကြေး ကန်ဒေါ်လာ ဘီလီယံ ၂၀ ပေးရမည်

    ဧပြီ ၅၊ ၂၀၁၆
    M-Media

    oil 2

    – အမေရိကန်လောင်စာကုမ္ပဏီကြီးတစ်ခုဖြစ်သော BP အနေဖြင့် ၂၀၁၀ ခုနှစ်တွင် မက္ကဆီကို ပင်လယ်ကွေ့၌ ရေနံယိုဖိတ်မှုအတွင်း ထိုခိုက်နစ်နာမှုများကို ပြန်လည်ပြင်ဆင်ပေးရန်အတွက် နစ်နာကြေး ကန်ဒေါ်လာ ၂၀ ဘီလီယံ ပေးအပ်ရန် လူဝီစီယားနားပြည်နယ် တရားရုံးက ယမန်နေ့တွင် နောက်ဆုံး အတည်ပြုလိုက်သည်ဟု သိရသည်။

    အဆိုပါ ပြန်လည်ပြင်ဆင်ရေး အစီအစဉ်ကို ပြီးခဲ့သည့်နှစ် ဇူလိုင်လက ကြေငြာခဲ့ခြင်းဖြစ်ပြီး အများပြည်သူ ရေသန့်ရှင်းရေးအက်ဥပဒေအရ ဒဏ်ငွေ ၅.၅ ဘီလီယံ ပေးဆောင်ရမည်ဖြစ်သည်။

    ထို့ပြင် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုကို ပြန်လည်အဖတ်ဆယ်ရန်နှင့် ရေနံယိုဖိတ်မှုကြောင့် နစ်နာမှုများရှိသည်ဟု တက္ကဆက်ပြည်နယ်၊ မစ္စစီပီပြည်နယ်၊ အလာဘားမားပြည်နယ်၊ ဖလော်ရီဒါပြည်နယ်နှင့် လူဝီစီယားပြည်နယ်တို့က တိုင်ကြားမှုများကြောင့် ပေးဆောင်ရမည်များကို ထည့်သွင်းတွက်ချက်ပါက ကန်ဒေါ်လာ ၂၀.၈ ဘီလီယံအထိ ကုန်ကျသွားမည်ဟု အမေရိကန်တရားရေးဌာက ခန့်မှန်းထားသည်။

    အဆိုပါ နစ်နာကြေးများကို ၁၆ နှစ်အတွင်း အပြီးအပြတ် ပေးချေရမည်ဖြစ်သည်။ ၂၀၁၀ ခုနှစ်က BP က ဆောင်ရွက်သည့် ကမ်းလွန်ရေနံတူးဖော်စင်တွင် ဖြစ်ပွားခဲ့သော ပေါက်ကွဲမှုကြောင့် အလုပ်သမား ၁၁ ဦး သေဆုံးခဲ့ပြီး ရေနံဂါလံ သန်းပေါင်း ၁၃၄ သန်း ယိုဖိတ်ခဲ့သည်။ ထိုသို့ ယိုဖိတ်မှုမှာ ရေနံထုတ်လုပ်မှုသမိုင်းတွင် ရေပြင်အတွင်း အကြီးမားဆုံး ရေနံယိုဖိတ်မှုလည်း ဖြစ်သည်။

    Ref: Aljazeera

  • အစ္စရေးထောင်များတွင် ဖမ်းဆီးခံထားရသည့် ပါလက်စတိုင်းကလေးငယ် ၂၅၀ ရှိနေ

    အစ္စရေးထောင်များတွင် ဖမ်းဆီးခံထားရသည့် ပါလက်စတိုင်းကလေးငယ် ၂၅၀ ရှိနေ

    ဧပြီ ၅၊ ၂၀၁၆
    M-Media

    pales

    – ၁၈ နှစ်အောက် ပါလက်စတိုင်း ကလေးငယ် အနည်းဆုံး ၂၄၁ ယောက်ဟာ လက်ရှိမှာ အစ္စရေးအကျဉ်းထောင်များနဲ့ ထိန်းသိမ်းရေးစခန်းတွေမှာ ရှိနေတယ်လို့ ပါလက်စတိုင်း လူ့အခွင့်အရေးအဖွဲ့ဖြစ်တဲ့ “ဖမ်းဆီးခံထားရသူများနှင့် လွတ်မြောက်လာသူများဆိုင်ရာ ကော်မရှင်” က ပြောဆိုလိုက်ပါတယ်။

    တနင်္ဂနွေက ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာမှာ အဲဒီလို ဖော်ပြထားတာဖြစ်ပြီး ပုဒ်မအမျိုးမျိုးတပ်ပြီး ဖမ်းဆီးထားရတဲ့ ပါလက်စတိုင်းကလေးငယ် ၉၄ ယောက်ကို ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းမြို့ဖြစ်တဲ့ ဘီအစ်သူနီယားမှာရှိပြီး အစ္စရေးက ချုပ်ကိုင်ထားတဲ့ အိုဖာအကျဉ်းထောင်မှာ အကျဉ်းချထားတာဖြစ်ကာ ကျန်တဲ့သူတွေကိုတော့ တခြားအကျဉ်းထောင်တွေမှာ ထိန်းသိမ်းထားတယ်လို့ ဆိုပါတယ်။

    အစီရင်ခံစာထဲမှာ ပါလက်စတိုင်းအကျဉ်းသား ၂၂ ယောက်ဟာ အသက် ၁၆ အောက်သာ ရှိသေးပြီး၊ အဲဒီထဲက ၂ ယောက်ကတော့ သေနတ်ပစ်အဖမ်းခံရတာကြောင့် စိုးရိမ်ရတဲ့အခြေအနေ ရှိနေတယ်လို့လည်း ထည့်သွင်းဖော်ပြထားပါတယ်။ တစ်ချို့ပါလက်စတိုင်းအကျဉ်းသားတွေကတော့ ဘာအမှုမှမရှိဘဲ ထိန်းသိမ်းရေးစခန်းတွေမှာ ၈ နှ စ်၊ ၁၀ နှစ်၊ ၁၁ နှစ်လောက် ထိန်းသိမ်းခံထားရတယ်လို့ ဆိုပါတယ်။

    “ဖမ်းဆီးခံထားရသူများနှင့် လွတ်မြောက်လာသူများဆိုင်ရာ ကော်မရှင်” က မတ်လမှာ အစ္စရေးအာဏာပိုင်တွေဟာ အိုဖာအကျဉ်းထောင်မှာရှိတဲ့ အရွယ်မရောက်သေးတဲ့ အကျဉ်းသားတွေကို အစ္စရေး ရှက်ကယ် ၈၅၀၀၀ (ကန်ဒေါ်လာ ၂၂၄၇၄ ဒေါ်လာ) ဒဏ်ရိုက်ခဲ့တာကိုလည်း ထောက်ပြခဲ့ပါတယ်။

    အစ္စရေးအကျဉ်းထောင်တွေမှာ ပါလက်စတိုင်းပြည်သူ ၆၅၀၀ ကျော်ရှိနေပြီး၊ ဘာအမှုမှမရှိဘဲ ထိန်းသိမ်းထားသူတွေဟာ ရာနဲ့ချီရှိနေပါတယ်။ ထိန်းသိမ်းရေးစခန်းမူဝါဒနဲ့ ကြမ်းတမ်းတဲ့ ထောင်တွင်းအခြေအနေတွေကြောင့် ပါလက်စတိုင်းအကျဉ်းသားတွေဟာလည်း မကြာခဏ အစာငတ်ဆန္ဒပြလေ့ ရှိပါတယ်။

    Ref: Presstv

  • မက်ဆီမှာ ရော်နယ်ဒိုထက်သာသည်ဟု ပီကေးပြော

    မက်ဆီမှာ ရော်နယ်ဒိုထက်သာသည်ဟု ပီကေးပြော

    ဧပြီ ၅၊ ၂၀၁၆
    M-Media

    messi 1

    – ရီးယဲလ်တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒိုမှာ လူသားသက်တမ်းတွင် အကောင်းဆုံးကစားသမား ဖြစ်သော်လည်း မိမိ၏အသင်းဖော် လီယွန်နယ်မက်ဆီက ပိုကောင်းကာ အခြားကမ္ဘာမှလာသူ ဖြစ်သည်ဟု ဘာကာနောက်ခံလူ ဂျရတ်ပီကေးက ချီးကျူးပြောဆိုလိုက်သည်။

    မက်ဆီနှင့် ရော်နယ်ဒို နှစ်ဦးစလုံးမှာ လက်ရှိတွင် ကမ္ဘာပေါ်၌ အကောင်းဆုံး ကစားသမားများဖြစ်သည်ဟု သတ်မှတ်ခြင်း ခံထားရပြီး လွန်ခဲ့သည့် ၈ နှစ်လုံးလုံး ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆု Ballon D’Or ကို ၎င်းတို့နှစ်ဦးကသာ သိမ်းပိုက်ထားခဲ့သည်။

    ရော်နယ်ဒို၊ မက်ဆီတို့နှင့်အတူ ကစားခဲ့ဖူးသည့် ပီကေးကမူ မက်ဆီကို ပိုမို အသားပေးပြောကြားခဲ့သည်။

    “သူတို့နှစ်ယောက်စလုံးဟာ တစ်မူထူးခြားတဲ့ ကစားသမားတွေ ဖြစ်ပါတယ်။ ကျွန်တော်တို့ပြောနေတာက ကမ္ဘာ့အကောင်းဆုံ ဘောလုံးသမားတွေအကြောင်း မဟုတ်ပါဘူး။ အားကစားသမိုင်းတစ်လျှောက်မှာ အကောင်းဆုံး ကစားသမားတွေ အကြောင်းပါ။ မက်ဆီမှာ ဘယ်သူ့ဆီမှာမှမရှိတဲ့ ပါရမီမျိုးရှိတယ်လို့ ကျွန်တော် အမြဲတမ်း ပြောခဲ့ဖူးပါတယ်။ ကျွန်တော့်အတွက်တော့ ခရစ္စတီယာနိုက လူသားထုတစ်ရပ်လုံးမှာ အကောင်းဆုံးလို့ဆိုရင် မက်ဆီကတော့ အခြားကမ္ဘာက လာသူပါပဲ” ဟု ပီကေးက ထည့်သွင်းပြောကြားခဲ့သည်။

    Ref: Goal

  • အရှေ့တောင်အာရှမွတ်စ်လင်မ်များ မိမိတို့၏ကိုယ်ပိုင်ယဉ်ကျေးမှုများကို တန်ဖိုးထားရန် လစ်ဗျားသံအမတ်ကြီး တိုက်တွန်း

    အရှေ့တောင်အာရှမွတ်စ်လင်မ်များ မိမိတို့၏ကိုယ်ပိုင်ယဉ်ကျေးမှုများကို တန်ဖိုးထားရန် လစ်ဗျားသံအမတ်ကြီး တိုက်တွန်း

    ဧပြီ ၅၊ ၂၀၁၆

    M-Media
    libya
    ယူအေအီးနိုင်ငံဆိုင်ရာ လစ်ဗျားသံအမတ်ကြီး ဒေါက်တာ Aref Ali Nayed

    – ဒေအတွင်းရှိ အစ္စလာမ်သာသနာကို အာရပ်မှုပြုနေသည့်အချိန်တွင် မလေးလူမျိုးများအနေဖြင့် အစ္စလာမ်ဘာသာကို ပိုမိုအလေးထားကြောင်း သက်သေပြရန်အတွက် မိမိတို့၏ ကိုယ်ပိုင်ယဉ်ကျေးမှုကို မစွန့်လွှတ်သင့်ဟု Channel NewsAsia နှင့်ပြုလုပ်သောအင်တာဗျူးတစ်ခုတွင်ယူအေအီးနိုင်ငံဆိုင်ရာ လစ်ဗျားသံအမတ်ကြီး ဒေါက်တာ Aref Ali Nayed က ပြောကြားခဲ့သည်။

    အရှေ့တောင်အာရှမွတ်စ်လင်မ်တို့သည် အာရဗ်အစဉ်အလာများကို အစားထိုးမည့်အစား ၎င်းတို့၏ ကိုယ်ပိုင်ယဉ်ကျေးမှုထုံးတမ်းများကိုသာ တန်ဖိုးထားကျင့်သုံးသင့်ကြောင်းလည်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    “စာသင်ခန်းတွေ၊ ရွာငယ်တွေမှာ ရာစုနှစ်ပေါင်းများစွာ သင်ကြားလာတဲ့ သက်ဆိုင်ရာဓလေ့ထုံးတမ်းတွေအပေါ် မလေးရှား၊ အင်ဒိုနီးရှား၊ စင်္ကာပူနဲ့ ဘရူနိုင်းနိုင်ငံများအနေနဲ့ တကယ်ကို တန်ဖိုးထားခဲ့ကြမယ်လို့ ကျွန်တော် ယူဆပါတယ်။ မလေးလူမျိုးတစ်ဦးက အရဗီစကားတစ်ချို့ကို အငှားသုံးပြီး မိမိဟာ ပိုမိုအစ္စလာမ်ပီသကြောင်းပြသဖို့ မိမိရဲ့ဘာသာစကား၊ ပြောဆိုပုံ၊ ၀တ်စားဆင်ယင်ပုံများကို ဘာကြောင့် စွန့်လွှတ်ကျောခိုင်းရမှာလဲဗျ” ဟူ၍ မတ်လ ၂၈ ရက်၌ တင်ဆက်သည့် Channel NewsAsia ၏ အင်တာဗျူးဆွေးနွေးခန်းတွင် ပြောကြားလိုက်ခြင်းဖြစ်သည်။

    Dr Nayed သည် ကမ္ဘာ့သြဇာအကြီးမားဆုံး ထိပ်တန်းမွတ်စ်လင်မ် ၅၀ ဦးအနက် အပါအ၀င်အဖြစ် ဂျော်ဒန်နိုင်ငံ၊ The Royal Aal al-Bayt တက္ကသိုလ်၊ အစ္စလာမ့်ဒဿနဆိုင်ရာ ကျွမ်းကျင်သူများအဖွဲ့မှ သတ်မှတ်ထားခြင်းခံရသူဖြစ်သည်။

    ၎င်းပြင် သူသည် Kalam Research and Media ကျွမ်းကျင်ပညာရှင်များအဖွဲ့တည်ထောင်သူနှင့် ဒါရိုက်တာလည်း ဖြစ်သည်။ အစ္စလာမ်၌ အာရပ်မှုပြုခြင်းနှင့် အရှေ့တောင်အာရှရှိ ယဉ်ကျေးမှုဓလေ့များဆိုင်ရာ သူ၏မှတ်ချက်များက အငြင်းပွားဖွယ်ရာ ဖြစ်စေခဲ့သည်။

    မကြာသေးမီ မလေးရှား၏ The Star နှင့်ပြုလုပ်သည့် အင်တာဗျူးတစ်ခု၌လည်း အလားတူမှတ်ချက်မျိုး ပေါ်ထွက်ခဲ့ဖူးပြီး ဂျိုဟိုးနယ်စားက အာရပ်နည်းလမ်းကို တုပနေခြင်းအစား မိမိတို့၏ကိုယ်ပိုင်ယဉ်ကျေးမှု၌ စွဲမြဲကြရန် သတိပေးခဲ့ခြင်းဖြစ်သည်။

    အာရဗ်ဖြစ်ရန်မလို၊ မွတ်စ်လင်မ်ကောင်းတစ်ဦးဖြစ်ရန်သာလိုသည်

    ကမ္ဘာတစ်ဝှမ်း တက္ကသိုလ်ကြီးများတွင် အစ္စလာမ့်အဘိဓမ္မာ၊ ဒဿန၊ နာမ်ပိုင်းတရားများအား ပို့ချပေးနေသည့် အစ္စလာမ့်ပညာရှင် Dr Nayed က အာရပ်ဘာသာရေးဆရာများထံမှ သာသနာ့သွန်သင်ချက်များအပေါ် မဆင်မခြင်လက်ခံခြင်း မပြုရန်ကိုလည်း သတိပေးခဲ့သည်။

    အရှေ့တောင်အာရှရှိ ဘာသာရေးပညာရှင်တို့သည် မိမိတို့ထံရှိသော တန်ဖိုးတရားတို့ကို တန်ဖိုးထားလေးစားရန်သာမက မိမိတို့၏အနာဂတ်မျိုးဆက်များနှင့်လက်တွဲ၍ ဖွံ့ဖြိုးအောင် ဆောင်ရွက်ကြရန်ကိုလည်း သူက တိုက်တွန်းခဲ့သည်။

    ရှိုက်ခ် Abdallah bin Bayyah ကဲ့သို့သော အစ္စလာမ်ရေးရာပညာရှင်များသည် ယူအေအီး၌ နာမည်ကောင်းတွင်ကြသော်လည်း ဒေါက်တာ Nayed က “ကလေးငယ်တွေကို အာရပ်နိုင်ငံအချို့ဆီ လွှတ်ဖို့ မလိုအပ်ပါဘူး။ အဲ့ဒီကသူတွေဟာ အစ္စလာမ့်သရုပ်မှန်နဲ့ တော်တော်ကွာဟနေတဲ့ ပုံဟန်တွေကိုသာ သင်ကြားပေးနေကြတာပါ။ ကံမကောင်းအကြောင်းမလှစွာ အာရဗီစာအုပ်တိုက်ထွက် စာပေတော်တော်များများထဲမှာ နိုင်ငံရေးကိစ္စတွေ သွတ်သွင်းထားကြတယ်။ ပြီးတော့ သာသနာ့ပညာများကိုလည်း တစ်ပြုံတစ်ကျင်းသော စည်းမျဉ်းတွေအဖြစ် ပြောင်းလဲထားကြတယ်။ ဒါဟာ တကယ့်ကို အန္တရာယ်များလွန်းပါတယ်” ဟုလည်း ထည့်သွင်းပြောကြားသွားသည်။

    သက်ဆိုင်ရာဒေသန္တရရိုးရာဓလေ့များသည် အစ္စလာမ့်ယုံကြည်ချက်ကို မြဲမြံစေခြင်းနှင့် သက်ဆိုင်ခြင်းရှိမရှိ မေးမြန်းရာ Dr Nayed က ပြတ်သားသည့်အမြင်တစ်ရပ်အား ဤသို့ ထည့်သွင်းပြောဆိုခဲ့သည်။

    “စင်္ကာပူနိုင်ငံသားဖြစ်စေ၊ မလေးဖြစ်စေ၊ အင်ဒိုနီးရှားဖြစ်စေ ပထမဦးဆုံးအနေနဲ့ မိမိကိုယ်၌က မွတ်စ်လင်မ်ကောင်းတစ်ဦး ဖြစ်နေရပါမယ်။ သို့မှသာလျှင် လောကတစ်ခွင်လုံးနဲ့သက်ဆိုင်နေတဲ့ အစ္စလာမ်ကို ကိုယ်စားပြုနိုင်ပါလိမ့်မယ်။ ဒါကြောင့် မိမိတို့ရဲ့ ဒေသန္တရဆိုင်ရာအမွေအနှစ်အပေါ် တန်ဖိုးထားလေးစားခြင်းဆိုတာ ကမ္ဘာလောကနဲ့သီးခြားဆန်တဲ့သဘော မသက်ရောက်ပါဘူး”

    – CNA/kc