News @ M-Media

Blog

  • အရှေ့တောင်အာရှမွတ်စ်လင်မ်များ မိမိတို့၏ကိုယ်ပိုင်ယဉ်ကျေးမှုများကို တန်ဖိုးထားရန် လစ်ဗျားသံအမတ်ကြီး တိုက်တွန်း

    အရှေ့တောင်အာရှမွတ်စ်လင်မ်များ မိမိတို့၏ကိုယ်ပိုင်ယဉ်ကျေးမှုများကို တန်ဖိုးထားရန် လစ်ဗျားသံအမတ်ကြီး တိုက်တွန်း

    ဧပြီ ၅၊ ၂၀၁၆

    M-Media
    libya
    ယူအေအီးနိုင်ငံဆိုင်ရာ လစ်ဗျားသံအမတ်ကြီး ဒေါက်တာ Aref Ali Nayed

    – ဒေအတွင်းရှိ အစ္စလာမ်သာသနာကို အာရပ်မှုပြုနေသည့်အချိန်တွင် မလေးလူမျိုးများအနေဖြင့် အစ္စလာမ်ဘာသာကို ပိုမိုအလေးထားကြောင်း သက်သေပြရန်အတွက် မိမိတို့၏ ကိုယ်ပိုင်ယဉ်ကျေးမှုကို မစွန့်လွှတ်သင့်ဟု Channel NewsAsia နှင့်ပြုလုပ်သောအင်တာဗျူးတစ်ခုတွင်ယူအေအီးနိုင်ငံဆိုင်ရာ လစ်ဗျားသံအမတ်ကြီး ဒေါက်တာ Aref Ali Nayed က ပြောကြားခဲ့သည်။

    အရှေ့တောင်အာရှမွတ်စ်လင်မ်တို့သည် အာရဗ်အစဉ်အလာများကို အစားထိုးမည့်အစား ၎င်းတို့၏ ကိုယ်ပိုင်ယဉ်ကျေးမှုထုံးတမ်းများကိုသာ တန်ဖိုးထားကျင့်သုံးသင့်ကြောင်းလည်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    “စာသင်ခန်းတွေ၊ ရွာငယ်တွေမှာ ရာစုနှစ်ပေါင်းများစွာ သင်ကြားလာတဲ့ သက်ဆိုင်ရာဓလေ့ထုံးတမ်းတွေအပေါ် မလေးရှား၊ အင်ဒိုနီးရှား၊ စင်္ကာပူနဲ့ ဘရူနိုင်းနိုင်ငံများအနေနဲ့ တကယ်ကို တန်ဖိုးထားခဲ့ကြမယ်လို့ ကျွန်တော် ယူဆပါတယ်။ မလေးလူမျိုးတစ်ဦးက အရဗီစကားတစ်ချို့ကို အငှားသုံးပြီး မိမိဟာ ပိုမိုအစ္စလာမ်ပီသကြောင်းပြသဖို့ မိမိရဲ့ဘာသာစကား၊ ပြောဆိုပုံ၊ ၀တ်စားဆင်ယင်ပုံများကို ဘာကြောင့် စွန့်လွှတ်ကျောခိုင်းရမှာလဲဗျ” ဟူ၍ မတ်လ ၂၈ ရက်၌ တင်ဆက်သည့် Channel NewsAsia ၏ အင်တာဗျူးဆွေးနွေးခန်းတွင် ပြောကြားလိုက်ခြင်းဖြစ်သည်။

    Dr Nayed သည် ကမ္ဘာ့သြဇာအကြီးမားဆုံး ထိပ်တန်းမွတ်စ်လင်မ် ၅၀ ဦးအနက် အပါအ၀င်အဖြစ် ဂျော်ဒန်နိုင်ငံ၊ The Royal Aal al-Bayt တက္ကသိုလ်၊ အစ္စလာမ့်ဒဿနဆိုင်ရာ ကျွမ်းကျင်သူများအဖွဲ့မှ သတ်မှတ်ထားခြင်းခံရသူဖြစ်သည်။

    ၎င်းပြင် သူသည် Kalam Research and Media ကျွမ်းကျင်ပညာရှင်များအဖွဲ့တည်ထောင်သူနှင့် ဒါရိုက်တာလည်း ဖြစ်သည်။ အစ္စလာမ်၌ အာရပ်မှုပြုခြင်းနှင့် အရှေ့တောင်အာရှရှိ ယဉ်ကျေးမှုဓလေ့များဆိုင်ရာ သူ၏မှတ်ချက်များက အငြင်းပွားဖွယ်ရာ ဖြစ်စေခဲ့သည်။

    မကြာသေးမီ မလေးရှား၏ The Star နှင့်ပြုလုပ်သည့် အင်တာဗျူးတစ်ခု၌လည်း အလားတူမှတ်ချက်မျိုး ပေါ်ထွက်ခဲ့ဖူးပြီး ဂျိုဟိုးနယ်စားက အာရပ်နည်းလမ်းကို တုပနေခြင်းအစား မိမိတို့၏ကိုယ်ပိုင်ယဉ်ကျေးမှု၌ စွဲမြဲကြရန် သတိပေးခဲ့ခြင်းဖြစ်သည်။

    အာရဗ်ဖြစ်ရန်မလို၊ မွတ်စ်လင်မ်ကောင်းတစ်ဦးဖြစ်ရန်သာလိုသည်

    ကမ္ဘာတစ်ဝှမ်း တက္ကသိုလ်ကြီးများတွင် အစ္စလာမ့်အဘိဓမ္မာ၊ ဒဿန၊ နာမ်ပိုင်းတရားများအား ပို့ချပေးနေသည့် အစ္စလာမ့်ပညာရှင် Dr Nayed က အာရပ်ဘာသာရေးဆရာများထံမှ သာသနာ့သွန်သင်ချက်များအပေါ် မဆင်မခြင်လက်ခံခြင်း မပြုရန်ကိုလည်း သတိပေးခဲ့သည်။

    အရှေ့တောင်အာရှရှိ ဘာသာရေးပညာရှင်တို့သည် မိမိတို့ထံရှိသော တန်ဖိုးတရားတို့ကို တန်ဖိုးထားလေးစားရန်သာမက မိမိတို့၏အနာဂတ်မျိုးဆက်များနှင့်လက်တွဲ၍ ဖွံ့ဖြိုးအောင် ဆောင်ရွက်ကြရန်ကိုလည်း သူက တိုက်တွန်းခဲ့သည်။

    ရှိုက်ခ် Abdallah bin Bayyah ကဲ့သို့သော အစ္စလာမ်ရေးရာပညာရှင်များသည် ယူအေအီး၌ နာမည်ကောင်းတွင်ကြသော်လည်း ဒေါက်တာ Nayed က “ကလေးငယ်တွေကို အာရပ်နိုင်ငံအချို့ဆီ လွှတ်ဖို့ မလိုအပ်ပါဘူး။ အဲ့ဒီကသူတွေဟာ အစ္စလာမ့်သရုပ်မှန်နဲ့ တော်တော်ကွာဟနေတဲ့ ပုံဟန်တွေကိုသာ သင်ကြားပေးနေကြတာပါ။ ကံမကောင်းအကြောင်းမလှစွာ အာရဗီစာအုပ်တိုက်ထွက် စာပေတော်တော်များများထဲမှာ နိုင်ငံရေးကိစ္စတွေ သွတ်သွင်းထားကြတယ်။ ပြီးတော့ သာသနာ့ပညာများကိုလည်း တစ်ပြုံတစ်ကျင်းသော စည်းမျဉ်းတွေအဖြစ် ပြောင်းလဲထားကြတယ်။ ဒါဟာ တကယ့်ကို အန္တရာယ်များလွန်းပါတယ်” ဟုလည်း ထည့်သွင်းပြောကြားသွားသည်။

    သက်ဆိုင်ရာဒေသန္တရရိုးရာဓလေ့များသည် အစ္စလာမ့်ယုံကြည်ချက်ကို မြဲမြံစေခြင်းနှင့် သက်ဆိုင်ခြင်းရှိမရှိ မေးမြန်းရာ Dr Nayed က ပြတ်သားသည့်အမြင်တစ်ရပ်အား ဤသို့ ထည့်သွင်းပြောဆိုခဲ့သည်။

    “စင်္ကာပူနိုင်ငံသားဖြစ်စေ၊ မလေးဖြစ်စေ၊ အင်ဒိုနီးရှားဖြစ်စေ ပထမဦးဆုံးအနေနဲ့ မိမိကိုယ်၌က မွတ်စ်လင်မ်ကောင်းတစ်ဦး ဖြစ်နေရပါမယ်။ သို့မှသာလျှင် လောကတစ်ခွင်လုံးနဲ့သက်ဆိုင်နေတဲ့ အစ္စလာမ်ကို ကိုယ်စားပြုနိုင်ပါလိမ့်မယ်။ ဒါကြောင့် မိမိတို့ရဲ့ ဒေသန္တရဆိုင်ရာအမွေအနှစ်အပေါ် တန်ဖိုးထားလေးစားခြင်းဆိုတာ ကမ္ဘာလောကနဲ့သီးခြားဆန်တဲ့သဘော မသက်ရောက်ပါဘူး”

    – CNA/kc

  • အငြင်းပွားပင်လယ်ပြင်အနီး အမေရိကန်နဲ့ ဖိလစ်ပိုင် စစ်ရေးလေ့ကျင့်

    အငြင်းပွားပင်လယ်ပြင်အနီး အမေရိကန်နဲ့ ဖိလစ်ပိုင် စစ်ရေးလေ့ကျင့်

    ဧပြီ ၅၊ ၂၀၁၆
    M-Media

    us phi

    – ပိုင်ဆိုင်မှုအငြင်းပွားနေတဲ့ တောင်တရုတ်ပင်လယ်မှာ ၀င်ရောက်စွက်ဖက်ခြင်းမပြုဖို့ တရုတ်က သတိပေးထားပေမယ့် အမေရိကန်၊ ဖိလစ်ပိုင်နဲ့ သြစတေးလျတပ်ဖွဲ့ဝင် ထောင်ပေါင်းများစွာဟာ တောင်တရုတ်ပင်လယ်အနီးမှာ စစ်ရေးလေ့ကျင့်မှုကို စတင်လိုက်ပါတယ်။

    Balikatan လို့ အမည်ပေးထားကာ ၁၂ ရက်တာကြာမြင့်မယ့် အဲဒီ စစ်ရေးလေ့ကျင့်မှုကို ယမန်နေ့က စတင်ခဲ့တာဖြစ်ပြီး အမေရိကန်စစ်သား ၅၀၀၀ ၊ ဖိလစ်ပိုင်စစ်သား ၄၀၀၀၊ သြစတေးလျစစ်သား ၈၀ ပါဝင်မှာဖြစ်ပါတယ်။ အဲဒီ စစ်ရေးလေ့ကျင့်မှုဟာ နှစ်စဉ် ပုံမှန်ပြုလုပ်နေကျ စစ်ရေးလေ့ကျင့်မှုတစ်ခုလည်း ဖြစ်ပါတယ်။

    တရုတ်နိုင်ငံပိုင်သတင်းဌာန Xinhua ကတော့ ယမန်နေ့က သတင်းမှာ “စစ်ရေးလေ့ကျင့်မှုကို ဦးဆောင်သူ ဖိလစ်ပိုင်အနေနဲ့ ဒေသတွင်း အရေးကိစ္စတွေမှာ မသက်ဆိုင်တဲ့ အပြင်လူတွေကို ဆွဲသွင်းဖို့ ကြိုးစားနေပါတယ်” လို့ ဖော်ပြခဲ့ပါတယ်။

    ပစိဖိတ်ဒေသ အမေရိကန်ရေတပ်ရဲ့ တပ်မှူးဖြစ်သူ ဒုတိယဗိုလ်ချုပ်ကြီး ဂျွန် တူးလန်က အဆိုပါ စစ်ရေးလေ့ကျင့်မှုတွေဟာ နှစ်နိုင်ငံကြား ရေပြင်လုံခြုံရေးနဲ့ ဒေသတွင်း အေးချမ်းတည်ငြိမ်မှုကို အထောက်အကူပေးလိမ့်မယ်လို့ ဖိလစ်ပိုင်သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

    “ကျွန်တော်တို့ရဲ့ မဟာမိတ်ဆက်ဆံရေးဟာ တောင့်တင်းခိုင်မာပါတယ်။ အရှေ့တောင်အာရှရဲ့ ငြိမ်းချမ်းရေးဟာ ကျွန်တော်တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုအပေါ် မူတည်နေပါတယ်”

    ဖိလစ်ပိုင်ဟာ အမေရိကန်နဲ့ သဘောတူညီချက်အရ (တောင်တရုတ်ပင်လယ်က အငြင်းပွားကျွန်းစုများထဲမှ တစ်ခုအပါအ၀င်) အမေရိကန်စစ်သားတွေကို အနည်းဆုံးစစ်အခြေစိုက်စခန်းငါးခုမှာ ထားရှိဖို့ ပြင်ဆင်နေပါတယ်။

    တောင်တရုတ်ပင်လယ်မှာ တရုတ်ရဲ့ အချုပ်အခြာအာဏာကို ထိခိုက်စေတဲ့လုပ်ရပ်ကို ကျူးလွန်တဲ့ မည်သည့်နိုင်ငံကိုမဆို တရုတ်က ပြင်းထန်စွာ သတိပေးထားပြီး ဖြစ်ပါတယ်။ အမေရိကန်နဲ့ ဖိလစ်ပိုင်တို့ကတော့ ၎င်းစစ်ရေးလေ့ကျင့်မှုတွေဟာ တရုတ်ကို ရည်ရွယ်လုပ်ဆောင်နေတာ လုံးဝမဟုတ်တဲ့အကြောင်း ခိုင်မာစွာ ပြောဆိုထားပါတယ်။

    တရုတ်ကလည်း အမေရိကန်ကို တောင်တရုတ်ပင်လယ်အရေးမှာ တင်းမာမှုတွေ မြင့်တက်လာအောင်နဲ့ ဒေသတွင်းအရေးကိစ္စတွေမှာ ၀င်ရောက်နှောင့်ယှက်နေတယ်လို့လည်း စွပ်စွဲပြောဆိုထားပါတယ်။ တစ်ဖက်ကလည်း အမေရိကန်က တရုတ်ကို အငြင်းပွားကျွန်းစုတွေမှာ လူလုပ်ကျွန်းတွေ တည်ဆောက်ခြင်းဖြင့် တောင်တရုတ်ပင်လယ်ကို စိုးမိုးရေးအစီအစဉ်တွေ ပြုလုပ်နေတယ်လို့ စွပ်စွဲထားပါတယ်။

    Ref: Presstv

  • နိုင်ငံရေး အကျဉ်းသားများ၊ကျောင်းသားများ လွတ်မြောက်ရေး တောင်းဆို

    နိုင်ငံရေး အကျဉ်းသားများ၊ကျောင်းသားများ လွတ်မြောက်ရေး တောင်းဆို

    ဧပြီ ၅ ၊ ၂၀၁၆
    M-Media
    12919204_482307978640396_1079804749_n.png
    နိုင်ငံရေး အကျဉ်းသားများလွတ်မြောက်ရေး၊ မတရားသဖြင့် တရားစွဲ ဆိုခံထားရတဲ့ ကျောင်းသားများ၊ နိုင်ငံရေး အင်အားစုများလွတ်မြောက်ရေး၊ ပြည်ပရောက်ဒီမိုကရေစီအင်အားစုများ အမိနိုင်ငံတော် သို့ပြန်လာခွင့်ရနိုင်ရေး၊ သမ္မတ ဦးထင်ကျော် ဦးဆောင်တဲ့အရပ်သား အစိုးရလက်ထက်မှာ ဘာသာလူမျိုး ကျောသား ရင်သား မခွဲခြားဘဲ ငြိမ်းချမ်းရေး ဖွံ့ဖြိုးရေးများ ဆောင်ရွက်ပေးစေရေးများအတွက် ရည်ရွယ်၍  အရပ်ဘက် ဒီမိုကရေစီ အင်အားစုများ၊ မေတ္တာ ကမ်ပိန်း၊ Social Alliance အစရှိတဲ့ အရပ်ဖက်လူမှု အဖွဲ့စည်းများစုပေါင်း၍ှ ဧပြီလ ၄ ရက်နေ့ မနက် ၈ နာရီခွဲမှာ ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံရေးမှာ ငှက်လွှတ် ဆုတောင်းပွဲ အခမ်းအနားတရပ်ကို ပြုလုပ်ခဲ့ပါတယ်။

    12920884_482308075307053_1827732417_n12921152_482307945307066_1953685210_n.png

    ဇော်ဇော်(CJ) ဓါတ်ပုံနှင့် သတင်း ပေးပို့သည်။

  • နိုင်ငံရေး သမားများနှင့် နိုင်ငံတော်ကို အသေသတ် နေသည့် နာမ ဝိသေသနနှင့် ကြိယာ ဝိသေသနများ

    နိုင်ငံရေး သမားများနှင့် နိုင်ငံတော်ကို အသေသတ် နေသည့် နာမ ဝိသေသနနှင့် ကြိယာ ဝိသေသနများ

    ဧပြီ ၅ ၊ ၂၀၁၆
    M-Media
    မောင်သမာဓိ ရေးသည်။

    မူရင်း မြန်မာ ဝေါဟာရများနှင့် နိုင်ငံရေး စကားလုံးများတွင် မလိုလား အပ်သော နာမဝိသေသနနှင့် ကြိယာ ဝိသေသနများ ထပ်မံ ပေါင်းထည့် ခြင်းဖြင့် မလိုလားအပ်သော အရေး အခင်းများနှင့် နိုင်ငံအတွင်း ကြီးမားသော ပြဿနာများ ဖြစ်ပေါ်စေ ခဲ့သည်ကို သင်ခန်းစာ ယူသင့်ကြပါပြီ။

    ၁။ လူတော် လူကောင်းနှင့် လူကောင်း လူတော်။
    ————————————————-
    မြန်မာနိုင်ငံ၏ စစ်အာဏာရှင် စံနစ်ကို စတင်ခဲ့သူ ဦးနေဝင်းက မူလ တစ်လုံးတည်း ရှိသော မြန်မာ စကားလုံး (လူတော်လူကောင်း) ကို (လူတော်) နှင့် (လူကောင်း) ဟူ၍နှစ်လုံး ခွဲပြစ်ရုံမက တစ်လုံးနှင့် တစ်လုံး နာမ ဝိသေသန အဖြစ် အပြန်အလှန် အထူးပြုသည့် အဓိပ္ပါယ်ကို ဖွင့်ဆိုသည့် အပြင် မူလ စကားလုံးကို ပြောင်းပြန် လှန်ကာ (လူကောင်း လူတော်) ဟူ၍ အရေးအသားကိုပါ ပြောင်းပြန် လုပ်ပြီး သည့် သကာလ မြန်မာ နိုင်ငံကိုလည်း ဇောက်ထိုး မိုးမျှော် ဖြစ်အောင် အံ့သြဖွယ် လုပ်ဆောင် နိုင်ခဲ့ပေသည်။
    ဤစကားသည် စာရေးသူ တီထွင်၍ ပြောသော စကားမဟုတ်ပါ။ စင်္ကာပူ ဝါရင့် ခေါင်းဆောင် ကြီး လီကွမ်ယုက အရှေ့တောင် အာရှတွင် အခြေခံကောင်းများ ရှိပြီးဖြစ်သော ချမ်းသာ ကြွယ်ဝသည့် မြန်မာ နိုင်ငံကို သဘောဆိုးဖြင့် တမင်ဖျက်ဆီးမယ်ဆိုရင်တောင်မှ ဤမျှ မပျက်ဆီးနိုင်၍ စစ်ဗိုလ်ချုပ် များ မည့်သို့ စီမံ ခန့်ခွဲခဲ့သည်ကို သူဥာဏ်မမှီပါဟု ဆိုပါသည်။

    ဤ လူကောင်းလူတော် ဟူသည့် ပုဒ်မဖြင့် လူတော်သော်လည်း မကောင်း သူနှင့် လူ အရင်က တော်ပြီး နောက်မှ ကောင်းလာသူများဟု တံဆိပ်ကပ် ကာ နိုင်ငံ ဝန်ထမ်းများကို အရေး ယူခြင်းဖြင့် အရည် အချင်း ရှိသူ လူတော်လူကောင်း များကို ဖယ်ထုပ်ကာ စစ်အာဏာရှင် စနစ်အား ကျိုးနွံမည့် လူကောင်းလူတော် များ သာ ကျန်အောင် ဖြုတ် ထုတ် သတ် လုပ် ခဲ့ခြင်းကြောင့် ကမ္ဘာပေါ်တွင် အဆင်းရဲဆုံး တိုင်းပြည် ဖြစ်ခဲ့ရခြင်းသည် လီကွမ်ယု ဥာဏ် မမှီလိုက်သော လျှို့ဝှက်ချက်ပင် ဖြစ်သည်။

    Nice and Clever man

    သို့သော် အမှားများကို သိသောကြောင့် အမှန် ပြင်သည့် အနေဖြင့် ယနေ့ ဧပြီလ ၄ ရက်နေ့ထုတ် ကြေးမုံ သတင်းစာ စာမျက်နှာ ၁၉ တွင် (လူတော်လူကောင်း) ဟူ၍ သုံးနှုံးထား သည်ကို ကြည်နူးစွာ ဖတ်ရှု့ လိုက် ရပါသည်။

    ၂။ သွေးနှော တံဆိပ်ကပ်၍ နာမ်ကို နာမ်နှင့် အထူးပြုခြင်း။
    —————————————————-
    အစ္စလာမ် ဘာသာကိုးကွယ်သူ နိုင်ငံသားများကို သွေးနှော ဟူသည့် နာမ်နာမ ဝိသေသန တစ်ခု ကပ်ကာ ခိုးဝင် နိုင်ငံသားများ အဖြစ်ပုံဖေါ်ပြီး လူမျိုး အမည်များတွင် ဗမာပြည်တွင် ဗမာမှ မွေးသူ များကို ဗမာ လူမျိုးအမည် သီးသန့် အတပ် မခံဘဲ နိုင်ငံခြား တိုင်းပြည် အမည်များဖြစ်သည့် အိန္ဒိယ၊ ပါကစ္စတန်၊ ဘင်္ဂါလီ စသည့် တို့ကို နာမ် နာမ ဝိသေသန အဖြစ် ရှေ့မှ ထည့် ၍ အိန္ဒိယ မြန်မာ၊ ပါကစ္စတန် မြန်မာ၊ ဘင်္ဂါလီ မြန်မာ စသည်ဖြင့် လူဝင်မှု ကြီးကြပ်ရေး ဌာနမှ အတင်း အကြပ် ရေးသွင်းကာ မြန်မာ နိုင်ငံသား မွတ်ဆလင်တို့၏ (Identity) ကို စနစ်တကျ ဖျက်ဆီး လာခဲ့ သောကြောင့် အစ္စလာမ်ဘာသာ ကိုးကွယ် သူများကို ပြည်သူ အများက နိုင်ငံခြားသား အဖြစ် ရှု့မြင်နေကြ ပါတော့သည်။

    စစ်ဗိုလ်ချုပ်များသည် အမှန် တကယ် ပြည်ပ အားမကိုးသူ၊ ပြည်ပကို အထင် မကြီးသူများ ဖြစ်လျှင် မြန်မာ ကပြားမျာ၏ အမည်ကို မြန်မာ အိန္ဒိယ၊ မြန်မာ ပါကစ္စတန်၊ မြန်မာ ဘင်္ဂါလီ၊ မြန်မာ တရုတ် ဟူ၍ ကိုယ့် လူမျိုး အမည် မြန်မာကို ရှေ့က နာမ်နာမ ဝိသေသန နေရာတွင် ထားရန် ညွှန်ကြားမည် ဆိုလျှင် တော်သေး သည်ဟု ဆိုရပါမည်။

    အကောင်းဆုံးက မြန်မာနိုင်ငံတွင် မွေးသူတိုင်းကို နာမ ဝိသေသန မပါဘဲ မြန်မာဟု သာ ခေါ်ဆိုမည်  ဆိုလျှင် နိုင်ငံသားအားလုံး စည်းလုံး ညီညွတ် နေကြ ပါလိမ့်မည်။

    ၃။ န.ဝ.တ ခေတ် မြန်မာ့ သမိုင်း အမှန် ရေးစွဲရေး အဖွဲ့။
    ——————————————————–
    သမိုင်းဟူသည် အထောက်အထား ခိုင်မာစွာဖြင့် အမှန်များကိုသာ ရေးရသည့် ဘာသာရပ် တစ်ခု ဖြစ်၍ ရေးစွဲဟူသည့် ကြိယာရှေ့တွင် အမှန် ဆိုသော ကြိယာ ဝိသေသန တစ်ခုကို အဆစ် ထည့်ထားခြင်းဖြင့် လုပ်ကြံ သမိုင်းများကို ရေးစွဲတော့မည် ဖြစ်ကြောင်း နိုင်ငံရေး ဝါရင့် ဦးသုဝေက ထောက်ပြ ဖူးပါသည်။

    ဦးသုဝေ၏ ခန့်မှန်းချက်က မှန်ပါသည်။  မြန်မာ မွတ်ဆလင် တို့၏ သမိုင်း၊ ရခိုင် သမိုင်းနှင့် ရိုဟင်ဂျာ သမိုင်းတို့ကို စိတ်ထင်ရာရေးပြီး ဝါဒ ဖြန့်ဖြူးခဲ့တာ ကြာလာသောအခါ မြန်မာ မွတ်ဆလင် များကို ဧည့်သည်များ အဖြစ် သာသနာရေး ဝန်ကြီး သူရ ဦးအောင်ကိုက အမှတ်မှားပြီး ဝန်ကြီးချုပ် ဦးနုခေတ် ရွေးကောက်ခံ ပါလီမန်က တိုင်းရင်း သား အဖြစ် အသိအမှတ် ပြုခဲ့သော ရိုဟင်ဂျာကို ခိုးဝင်သူ အဖြစ် သတ်မှတ် ဆက်ဆံ ပါတော့သည်။

    ထို့ကြောင့် မလိုအပ်သော ကြိယာဝိသေသန အမှန်ကို ဖြုတ်ပြီး တာဝန်ယူမှု တာဝန်ခံမှု အပြည့်ရှိသော မြန်မာ့ သမိုင်း ရေးစွဲရေး အဖွဲ့ ဟု အမည် ပေးမှသာ မြန်မာ့ သမိုင်း အမှန်များ ကို ပြည်သူများ ဖတ်ခွင့် ရကြပါ လိမ့်မည်။

    ၄။ ပြည်တွင်းနေ အစ္စလာမ် ဘာသာဝင်။
    ——————————————–
    ဦးကျော်ဆန်း ပြန်ကြားရေး ဝန်ကြီး အဖြစ် တာဝန်ထမ်းဆောင်စဉ် ၂၀၁၂ ခု တောင်ကုတ် လူသတ် ပွဲနှင့် ပတ်သက်၍ အုပ်စုဖွဲ့ အသတ်ခံရ သူ ခရီးသွား ၁၀ ဦးကို မွတ်ဆလင် ကုလား များဟု အစိုးရသတင်းစာမှ ရေးသားဖေါ်ပြ ပြီး ဝေဖန်မှုများ ဆူညံလာသောအခါ ပြည်တွင်းနေ အစ္စလာမ် ဘာသာဝင် ၁၀ ဦး ဟု အမှား ပြင်ဆင် ပေးပါ သည်။

    ခရီးသွား ၁၀ ဦး အုပ်စုဖွဲ့ အသတ်ခံရပါတယ်လို့ ရေးရင် မီဒီယာ ကျင့်ဝတ် (conflict sensitive media ethics) အရ လုံလောက်နေတာကို ခရီးသွား ၁၀ ဦးရှေ့မှာ မွတ်ဆလင်ကုလား နဲ့ ပြည်တွင်းနေ အစ္စလာမ် ဘာသာဝင် ဆိုတဲ့ နာမ် နာမ ဝိသေသနတွေ ထည့်လိုက်ခြင်းဖြင့် မြန်မာနိုင်ငံရဲ့ မြို့အတော်တော် များများ ပြာပုံ ဖြစ်သွားကြပါတယ်။ ပြည်သူတွေရဲ့ အိုးအိမ်တွေ မီးလောင် ဆုံးရှုံးတယ် ဆိုတာ တကယ်တော့ တိုင်းပြည်ရဲ့ asset ပြိုကွဲတာဖြစ်လို့ တိုင်းပြည် ဆင်းရဲသွားတာဘဲ ဖြစ်တယ်။

    မလိုအပ်တဲ့ နာမ ဝိသေသန တွေဟာ တိုင်းပြည်ကို မီးလောင်တိုက် သွင်းသလို ဖြစ်စေခဲ့တာကို လည်း နိုင်ငံရေးသမားတွေနဲ့ သတင်းသမားတွေ သင်ခန်းစာ ယူသင့်တယ်။

    ၅။ တိုင်းရင်းသား ကိုးကွယ်သောဘာသာနှင့် ဧည့်နိုင်ငံသား ကိုးကွယ်သောဘာသာများ။
    —————————————————-
    အစိုးရ အဖွဲ့ဝင် ဝန်ကြီးများ အနေဖြင့် မြန်မာ နိုင်ငံတွင် ကိုးကွယ်နေကြသော ဘာသာများကို ၂၀၀၈ ဖွဲ့စည်းပုံ ဥပဒေ ပုဒ်မ ၃၆၂ တွင် ပြဌာန်းထားသည့် အတိုင်း မလိုအပ်သော နာမ ဝိသေသန အပိုများ မထည့်ဘဲ ခရစ်ယာန် ဘာသာ သာသနာ၊ အစ္စလာမ် ဘာသာ သာသနာ၊ ဟိန္ဒူဘာသာ သာသနာနှင့် နတ်ကိုးကွယ်သော ဘာသာဟု သုံးနှုံး ကြမည်လျှင် စိတ်အချရဆုံးနှင့် နိုင်ငံ အတွက် အန္တရာယ် အကင်းဆုံး ဖြစ်ပါလိမ့်မည်။

    VOA အစီအစဉ်မှူး ဒေါ်ခင်စိုးဝင်း၏ အင်တာဗျူးတွင် တိုင်းရင်းသား ကိုးကွယ်သော ခရစ်ယာန် ဘာသာ၊ ဧည့်နိုင်ငံသား ကိုးကွယ်သော အစ္စလာမ်နှင့် ဟိန္ဒူ ဘာသာ စသည်ဖြင့် သုံးနှုံး ဖြေကြားခဲ့သော ယဉ်ကျေးမှုနှင့် သာသနာရေး ဝန်ကြီး သူရ ဦးအောင်ကိုမှာ ဖြေရှင်ချက်များ ထုတ်လို့ မဆုံးဖြစ်နေသည်ကို နိုင်ငံရေး သမားများ သင်ခန်းစာ  ယူသင့်သည်။

    တကယ်တော့ ၂၀၀၈ ဖွဲ့စည်းပုံ ပုဒ်မ ၃၄၈ အရ လူမျိုး ဇာတိ ကိုးကွယ်ရာ ဘာသာ များကို အကြောင်း ပြု၍ ခွဲခြားဆက်ဆံမှု မပြုရဆိုသော ပြဌာန်းချက်ကို သာသနာရေး ဝန်ကြီးကိုယ်တိုင် အမှုမဲ့ အမှတ်မဲ့ ဖြစ်သွား ပုံရသည်။

    FB_IMG_1459699877212

    ထို့ကြောင့် နိုင်ငံရေးနှင့် ပတ်သက်သော ဝေါဟာရ စကားလုံးများကို တရားဝင် ပြဌာန်းထားသော ဖွဲ့စည်းပုံ ဥပဒေ အတိုင်း သုံးနှုံးခြင်းကသာ အကောင်းဆုံးဖြစ်ကြောင်း NLD အစိုးရ အဖွဲ့ကို စေတနာဖြင့် အကြံပြု လိုက်ရပါသည်။

    လေးစားစွာဖြင့်

    မောင်သမာဓိ

  • နယ်ပယ်အသီးသီးမှ ကမ္ဘာ့ထိပ်တန်းပုဂ္ဂိုလ်များ၏ ငွေကြေးမသမာမှုမှတ်တမ်းများ ပေါ်ထွက်လာ

    နယ်ပယ်အသီးသီးမှ ကမ္ဘာ့ထိပ်တန်းပုဂ္ဂိုလ်များ၏ ငွေကြေးမသမာမှုမှတ်တမ်းများ ပေါ်ထွက်လာ

    ဧပြီ ၄၊ ၂၀၁၆
    M-Media

    tax evading

    – ကမ္ဘာ့ခေါင်းဆောင်များ၊ အာဏာရှင်များ၊ စီးပွားရေးသမားများ၊ မင်းသားမင်းသမီးများ၊ အားကစားသမားများနှင့် ရာဇ၀တ်အဖွဲ့အစည်းများ၏ ငွေကြေးခ၀ါချမှုများ၊ အခွန်ရှောင်မှုများ၊ ပိတ်ဆို့မှုများအား ကျော်လွှားမှုများနှင့် ပတ်သက်သည့် အထောက်အထား စာရွက်စာတမ်းများကို ပနားမားအခြေစိုက် ဥပဒေရေးရာလုပ်ငန်း Mossack Fonseca က ယမန်နေ့တွင် ဖော်ထုတ်လိုက်သည်ဟု သိရသည်။

    Mossack Fonseca က အမည်မဖော်သည့် ရင်းမြစ်မှ ၎င်းတို့ရရှိသည့် အဆိုပါ စာရွက်စာတမ်းများကို သတင်းဌာနများသို့ ပေးပို့ခဲ့ခြင်းဖြစ်ပြီး အမေရိကန်ရှိ အကျိုးအမြတ်မယူသော International Consortium of Investigative Journalism (ICIJ) အဖွဲ့ကမူ ထိုမှတ်တမ်းများတွင် လက်ရှိနှင့် ယခင် နိုင်ငံ့ခေါင်းဆောင် ၁၂ ဦးခန့် စီးပွားရေးသမားများ၊ နိုင်ငံရေးသမား၊ ရာဇ၀တ်ကောင်များ၊ မင်းသားမင်းသမီးများနှင့် အားကစားသမားများစုစုပေါင်း ၁၄၃ ဦးခန့်မှာ နိုင်ငံရပ်ခြား လုပ်ငန်းများနှင့် ဆက်သွယ်ကာ ငွေကြေးခ၀ါချမှုလုပ်ငန်းများ လုပ်ဆောင်ခဲ့သည်ကို ဖော်ပြထားသည်ဟု ဆိုသည်။

    ထိုမသမာမှုများတွင် ပါဝင်နေသည့် လက်ရှိခေါင်းဆောင်များမှာ အာဂျင်တီးနား သမ္မတ မူရီစီယို မက်ခ်ရီ၊ အိုက်စလန် ၀န်ကြီးချုပ် ဆစ်ဂ်မွန်ဒူရ် ဒါဗီယို ဂွန်လက်ဂ်ဆန်နှင့် ယူကရိန်းသမ္မတ ပီထရို ပိုရိုရှန်ကိုတို့ ဖြစ်ကြသည်။

    ပေါက်ကြားလာသည့် ထိုမှတ်တမ်းများအရ ငွေကြေးခ၀ါချမှုများ၊ အခွန်ရှောင်မှုများကို လုပ်ဆောင်ပေးနေသည့် နိုင်ငံခြားကုမ္ပဏီများမှာ ၁၄၀ ခန့်ရှိပြီး နိုင်ငံရေးသမားများ၊ အစိုးရ၀န်ထမ်းများ၊ ၎င်းတို့၏ မိသားစုများနှင့် ပတ်သက်နေသည်ကိုလည်း တွေ့ရှိခဲ့ရသည်။

    ရုရှားသမ္မတ ပူတင်၏ မိသားစု မသမာသည့်နည်းလမ်းဖြင့် ချမ်းသာမှုများ၊ ပူတင်၏ အနီးကပ်သူငယ်ချင်း ဆာဂျီ ရိုလ်ဒူဂင်က နိုင်ငံပိုင်ငွေကြေးများကို နိုင်ငံခြား ဘဏ်များတွင် ဖွက်ထားမှုများအကြောင်းကိုလည်း ထိုစာရွက်စာတမ်းများကို ကိုးကား၍ သတင်းဌာနများက ဖော်ပြကြသည်။

    ထို့ပြင် တရုတ်သမ္မ ဇီဂျင်ပင်း၏ ယောက်ဖ၊ မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇတ်၏သား မိုဟာမက် နဇီဖွဒ်ဒင်း၊ ပါကစ္စတန်ဝန်ကြီးချုပ် နာဝဇ်ရှရစ်ဖ်၏ သားသမီးများ၊ ကမ္ဘောဒီယား တရားရေးဝန်ကြီး အန် ဗောင် ဗသ်ဟာနာ၊ ဆော်ဒီဘုရင်တို့၏ ငွေကြေးခ၀ါချမှုများကိုလည်း ထိုမှတ်တမ်းများတွင် တွေ့ခဲ့ရသည်။

    စပိန်တွင် အခွန်ရှောင်မှုဖြင့် စစ်ဆေးမေးမြန်းမှုများကို ခံနေရသည့် ဘာစီလိုနာတိုက်စစ်မှူး မက်ဆီနှင့် ၎င်း၏ ဖခင်တို့မှာ ပနားမားရှိ လောင်စာဆီကုမ္ပဏီ Mega Star Enterprises Inc ကိုလည်း လျှို့ဝှက် ပိုင်ဆိုင်ထားကြောင်း မီဒီယာများက ထည့်သွင်းဖော်ပြခဲ့ကြသည်။

    Mossack Fonseca ကမူ ၎င်းတို့ရှိခဲ့သည့် စာရွက်စာတမ်း အထောက်အထားများအတွက် စစ်မှန်ကြောင်းကို တာဝန်ယူသည်ဟု ပြောကြားခဲ့သည်။

    Ref : Aljazeera