News @ M-Media
Blog
  • အကြမ်းဖက်အဖွဲ့များ နျူလက်နက်မရစေရန် အိုဘားမား သတိပေး
    အကြမ်းဖက်အဖွဲ့များ နျူလက်နက်မရစေရန် အိုဘားမား သတိပေး
    ဧပြီ ၂၊ ၂၀၁၆
    M-Media
    obama
    – IS ကဲ့သို့အဖွဲ့များ နျူလက်နက်မရရှိရေးအတွက် ကြိုးပမ်းသွားရမည်ဟု အမေရိကန်သမ္မတ ဘာရက် အိုဘားမားက ကမ္ဘာ့ခေါင်းဆောင်များကို ယမန်နေ့က တိုက်တွန်းပြောကြားလိုက်သည်။
    လက်ရှိတွင် အကြမ်းဖက်အဖွဲ့အစည်းများက နျူလက်နက်များကို မရရှိသေးသော်လည်း အလ်ကိုင်းဒါးအဖွဲ့မှာ ထိုလက်နက်များ ရရှိရန် အချိန်အတော်ကြာကတည်းက ကြိုးစားနေပြီး IS အဖွဲ့ကလည်း ဆီးရီးယားနှင့် အီရတ်တို့တွင် အဆိပ်ဓာတ်ငွေ့များအပါအ၀င် ဓာတုလက်နက်များကို အသုံးပြုခဲ့သည်ဟု အမေရိကန်သမ္မတက ထပ်လောင်းပြောကြားခဲ့သည်။
    “ဒီ စိတ်မနှံသူတွေလက်ထဲ နျူဗုံး ဒါမှမဟုတ် နျူကလီးယားပစ္စည်းတွေ ရောက်သွားပြီဆိုရင် အပြစ်မဲ့ပြည်သူတွေကို များနိုင်သမျှ များများသတ်မယ်ဆိုတာ အသေအချာပါပဲ။ ကျွန်တော်တို့ ကမ္ဘာကြီးကို ပြောင်းလဲသွားစေမှာပါ”
    အဆိုပါထိပ်သီးအစည်းအဝေးသို့ နိုင်ငံပေါင်း ၅၀ ကျော်မှ ခေါင်းဆောင်များ တက်ရောက်ခဲ့ကြပြီး အိုဘား၏ စတုတ္ထနှင့် နောက်ဆုံး အစည်းအဝေးဖြစ်သည်။ ထိုအစည်းအဝေးတွင် နျူလက်နက်ဖြင့် တိုက်ခိုက်မှုများ ဖြစ်မလာရေး ကာကွယ်တားဆီးရန် ဆွေးနွေးခဲ့ကြသည်။
    Ref: Aljazeera
  • ပရီးမီးယားလိဂ်ကို အရယူရန် မျှော်မှန်းနေသည်ဟု စပါးကစားသမားပြော
    ပရီးမီးယားလိဂ်ကို အရယူရန် မျှော်မှန်းနေသည်ဟု စပါးကစားသမားပြော
    ဧပြီ ၂၊ ၂၀၁၆
    M-Media
    spur 1
    – ပရီးမီးယားလိဂ်ဖလားအား စိန်ခေါ်နိုင်သည်ဆိုသည့် အခြေအနေက မိမိတို့အသင်း၏ အနေအထားကို ပြောင်းလဲပစ်လိုက်ပြီး မိမိတို့မှာ ဒုတိယနေရာဖြင့် ကျေနပ်နိုင်မည်မဟုတ်ဟု စပါးကစားသမား အဲရစ်ဒီယာရ်က ပြောကြားလိုက်သည်။
    ပိုချက်တီနို၏ စပါးအသင်းမှာ ရာသီအစက ထိပ်ဆုံး ၄ သင်းစာရင်းဝင်ရန်သာ ရည်မှန်းခဲ့သော်လည်း ယခုတွင် လက်စတာ၏နောက် ဒုတိယနေရာတွင် ရှိနေကာ ၁၉၆၁ ခုနှစ်နောက်ပိုင်း အင်္ဂလိပ်အမှတ်ပေးဖလားကို ပထမဆုံးရရှိနိုင်မည့် အခြေအနေနှင့် နီးစပ်လာခဲ့သည်။
    “ကြီးကျယ်တဲ့သီတင်းပတ်အချို့ ပြီးဆုံးသွားပြီးဖြစ်သလို၊ နောက်ထပ် ကြီးကျယ်တဲ့ သီတင်းပတ်တွေလည်း ရောက်လာဖို့ ရှိနေပါတယ်။ ဒီပွဲ (ယခုတစ်ပတ် လီဗာပူးလ်နဲ့ပွဲ) ဟာ ဖောင်ဖျက်ကစားရမယ့် ၇ ပွဲထဲက ပထမဆုံးပွဲပါ။ ကျွန်တော်တို့ ရှေ့ဆက်လျှောက်ဖို့ မျှော်လင့်ထားပြီး၊ တစ်ရာသီလုံး လုပ်ခဲ့သလို တစ်ပွဲချင်းစီသွားမှာပါ။ တော်တော်လေး ခက်ခဲမယ့်ပွဲတစ်ပွဲ ဖြစ်မှာဖြစ်ပြီး ဘယ်သူ့ကိုမှ အားမပေးတဲ့ ပရိတ်သတ်တွေအတွက်လည်း ပွဲကောင်းတစ်ပွဲဖြစ်မှာပါ” ဟု ဒီယာရ်က ပြောကြားခဲ့သည်။
    ထို့ပြင် ယခုအချိန်တွင် မိမိတို့မှာ ရည်မှန်းချက်ကြီးမားသည့် ကစားသမားအဖွဲ့၊ ရည်မှန်းချက်ကြီးမားသည့် နည်းပြတို့ ရှိနေပြီး စွမ်းဆောင်နိုင်သလောက် အကောင်းဆုံး စွမ်းဆောင်သွားမည်ဟု ထည့်သွင်းပြောကြားခဲ့သည်။
    Ref: Goal
  • ကာဇက်စတန်တွင် အစိမ်းရောင် စွမ်းအင်ပြပွဲကို ၂၀၁၇ ခုနှစ်တွင် ကျင်းပမည်
    ကာဇက်စတန်တွင် အစိမ်းရောင် စွမ်းအင်ပြပွဲကို ၂၀၁၇ ခုနှစ်တွင် ကျင်းပမည်
    ဧပြီ ၁၊ ၂၀၁၆
    M-Media
    green energy
    – ကမ္ဘာကြီးပူနွေးလာမှုကို သတိပြုမိစေဖို့၊ ရုပ်ကြွင်းလောင်စာတွေ မှီခိုမှုကို လျော့ချကာ ပြန်ပြည့်ဖြိုးမြဲ စွမ်းအင်အပေါ် အဓိကထား သုံးစွဲရေး အသိပညာပေးဖို့အတွက် ၂၀၁၇ အစိမ်းရောင်စွင်းအင်ပြပွဲ (Expo 2017) ကို ကာဇက်စတန်နိုင်ငံမှာ ကျင်းပပြုလုပ်သွားမယ်လို့ သိရပါတယ်။
    ပြပွဲကျင်းပရေး ကော်မရှင်အဖွဲ့ဝင် ရာပီလ် ဇိုရှီဘာယက်ဗ်က ကာဇက်စတန်မှာ အရံရုပ်ကြွင်းလောင်စာ အများအပြား ရှိနေတာကြောင့် ဒီလိုပြပွဲပြုလုပ်တာဟာ ထူးဆန်းနေပေမယ့် စွမ်းအင်ပြဿနာအတွက် ရေရှည်တည်တံ့နိုင်မယ့် ကမ္ဘာလုံးဆိုင်ရာ အဖြေကို ရှာဖွေဖို့အတွက် စိတ်နှစ်မြှုပ်ထားတယ်လို့ ပြောကြားခဲ့ပါတယ်။
    အဲဒီ Expo 2017 ပြပွဲရဲ့ ခေါင်းစဉ်ကိုတော့ “အနာဂတ်စွမ်းအင်” လို့ အမည်ပေးထားပြီး ၂၀၁၇ ခုနှစ် ဇွန်လကနေ စက်တင်ဘာလအထိ မြို့တော် အက်စ်တာနာမှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။
    ကာဇက်စတန်မှာ အလွန်ကြီးမားတဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့သိုလှောင်ထားမှုတွေ ရှိနေပေမယ့်လည်း ၂၀၅၀ ခုနှစ်မှာ တိုင်းပြည်ရဲ့စွမ်းအင်လိုအပ်ချက် ၅၀ ရာခိုင်နှုန်းကို ပြန်ပြည့်ဖြိုးမြဲ စွမ်းအင်ရင်းမြစ်တွေကနေ ထုတ်သုံးနိုင်ရမယ်လို့ ပန်းတိုင်ချမှတ်ထားတဲ့အကြောင်း ဇိုရှီဘာယက်ဗ်က ထည့်သွင်းပြောကြားခဲ့ပါတယ်။
    ၎င်းက စွမ်းအင်လုံခြုံရေးဆိုတာ တိုင်းပြည်အတော်များများက စိုးရိမ်ပူပန်မှုပိုလာတဲ့ ကိစ္စတစ်ခုဖြစ်ပြီး အစိုးရတွေအနေနဲ့လည်း နောင်လာမယ့် ဆယ်စုနှစ်တွေမှာ နိုင်ငံသားတွေ၊ စီးပွားရေးလုပ်ငန်းတွေအတွက် စွမ်းအင်လိုအပ်ချက်တွေကို ဘယ်လိုရင်ဆိုင်မလဲဆိုပြီး ပူပန်နေရတယ်လို့ ဆိုပါတယ်။
    “ကမ္ဘာကြီးမှာလည်းပဲ ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုတွေကို နှစ်တိုင်းနှစ်တိုင်းမှာ ရှင်းရှင်းလင်းလင်းတွေ့မြင်နေရပါတယ်။ ဒါ့ကြောင့် အနာဂတ်မှာ ကျွန်တော်တို့မျိုးဆက်တွေကို ဘယ်လိုထားခဲ့ရမလဲဆိုပြီး ပူပန်ကြောင့်ကြမှုတွေလည်း တိုးလာနေပါတယ်”
    အဲဒီ Expo 2017 ပြပွဲဟာဆိုရင် ကာဇက်စတန်ရဲ့ ပထမဆုံးနဲ့ အကြီးဆုံး နိုင်ငံတကာအဆင့် အခမ်းအနားတစ်ရပ်ဖြစ်လာမှာ ဖြစ်ပြီး ဗဟိုအာရှမှာ ပထမဆုံးအကြိမ် ကျင်းပတာလည်း ဖြစ်ပါတယ်။ အဲဒီပြပွဲဟာ နိုင်ငံတကာရဲ့ စိတ်ဝင်စားမှုကို အမြင့်ဆုံးရရှိပြီး မလေးရှားအပါအ၀င် နိုင်ငံပေါင်း ၇၀ ကျော်က တက်ရောက်ပါဝင်ဖို့ စာရင်းပေးထားပြီး ဖြစ်ပါတယ်။
    ဇိုရှီဘာဗာယက်ဗ်ဟာ မလေးရှားကို နောက်တပတ်ထဲမှာ သွားရောက်လည်ပတ်ဖို့ ရှိနေပြီး မလေးရှား စွမ်းအင်ဝန်ကြီးဌာနရဲ့ အစိမ်းရောင်နည်းပညာနဲ့ ရေအရင်းအမြစ်ဆိုင်ရာ အထွေထွေ ၀န်ကြီး လူတွတ်ဂီးနဲ့ တွေ့ဆုံမှာဖြစ်ပါတယ်။ ၂၀၁၇ ပြပွဲမှာ မလေးရှားနိုင်ငံက ပါဝင်မယ့်အခန်းကဏ္ဍနဲ့ပက်သက်လို့ အသေးစိတ်ကို ဧပြီလ ၄ ရက်နေ့မှာ တွေ့ဆုံဆွေးနွေးမှာ ဖြစ်ပါတယ်။
    Ref: IINA
  • မဒီနာအစ္စလာမ့်တက္ကသိုလ်၏ နိုင်ငံတကာ ရိုးရာယဉ်ကျေးမှုပြပွဲတွင် မြန်မာနိုင်ငံမှ ၀င်ရောက်ပြသ
    မဒီနာအစ္စလာမ့်တက္ကသိုလ်၏ နိုင်ငံတကာ ရိုးရာယဉ်ကျေးမှုပြပွဲတွင် မြန်မာနိုင်ငံမှ ၀င်ရောက်ပြသ
    ဧပြီ ၁၊ ၂၀၁၆
    M-Media
    madina 14
    – ဆော်ဒီအာရေဗျနိုင်ငံ မဒီနာမြို့ရှိ မဒီနာအစ္စလာမ့်တက္ကသိုလ် Islamic University Of Medinah မှ ကျင်းပသော ကမ္ဘာ့နိုင်ငံများ၏ ရိုးရာယဉ်ကျေးမှု ပြပွဲတွင် မြန်မာနိုင်ငံမှ ကျောင်းသားများကလည်း မြန်မာ့ယဉ်ကျေးမှုဆိုင်ရာ ဓလေ့ထုံးတမ်းများကို ၀င်ရောက်ပြသခဲ့သည်ဟု သိရသည်။
    ပဉ္စမအကြိမ်မြောက်ကျင်းပသည့် အဆိုပါ ရိုးရာယဉ်ကျေးမှုပြပွဲကို မတ်လ ၂၉ ရက်နေ့မှ ဧပြီလ ၄ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ကမ္ဘာ့နိုင်ငံပေါင်း ၆၄ ခုက ၀င်ရောက်ပြသခဲ့ကြသည်။
    အဆိုပါပြပွဲမှာ နိုင်ငံတကာမှ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းများ၊ ၀တ်စားဆင်ယင်မှုများ၊ ရိုးရာအစားအသောက်များ၊ အထင်ကရနေရာများ၊အနုသုခုမလက်ရာများကို တစ်နေရာတည်းတွင် လေ့လာနိုင်စေရန် မဒီနာအစ္စလာမ့်တက္ကသိုလ်မှ ရည်ရွယ်ကျင်းပခြင်းဖြစ်ပြီး အခမ်းအနားကို မဒီနာမြို့တော်ဝန် မင်းသား ဖိုင်ဆယ် ဘင် ဆလ်မန်က တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။
    madina 11
    မြန်မာနိုင်ငံမှ ကျောင်းသားများကမူ ကရ၀ိတ်နန်းတော်ပုံစံတူ တည်ဆောက်ကာ မြန်မာနိုင်ငံပြခန်းတစ်ခုကို ပြုလုပ်ထားပြီး ကရင်လူမျိုးနှင့် ဗမာလူမျိုးတို့၏ ရိုးရာဝတ်စုံကို ၀တ်ဆင်ကာ၊ ဗမာလူမျိုး၏ ရိုးရာအကဖြစ်သော ဦးရွှေရိုးအကဖြင့် ဖျော်ဖြေခဲ့ကြသည်။
    madina 3
    ထို့ပြင် ရိုးရာမုန့်ပြသမှုတွင်လည်း မြန်မာအဖွဲ့မှာ မုန့်လက်ဆောင်း၊ မုန့်လုံးရေပေါ်၊ ကောက်ညှင်းကျည်တောက်၊ ဘိန်းမုန့် စသည့် မုန့်မျိုးစုံကို ထည့်သွင်းပြသထားက လာရောက်ကြည့်ရှုသူများက မြိန်ယှက်စွာ သုံးဆောင်ခဲ့ကြသည်။ မြန်မာနိုင်ငံပြခန်းအတွင်း မြန်မာနိုင်ငံရှိ အထင်ကရနေရာများ၊ အဆောက်ဦးများ၊ ရှုခင်းများ၏ ဓာတ်ပုံများကိုလည်း ခင်းကျင်းပြသခဲ့သည်။
    နိုင်ငံတကာမှ ရိုးရာယဉ်ကျေးမှုပြပွဲနှင့်အတူ ဆိုင်ခန်းပေါင်း ၄၅၀ ကျော်ပါသည့် ၃၃ ကြိမ်မြောက် စာအုပ်ပြပွဲကြီးကိုလည်း အဆိုပါ မဒီနာအစ္စလာမ့်တက္ကသိုလ်တွင် တစ်ပြိုင်နက်တည်း ခင်းကျင်းပြသလျက်ရှိနေသည်။
    Ref and Photo Credit : Facebook pages of လှမ်းလာခဲ့ပါမဒီနာ, Ko Lwin Moe၊ Mg Khin and Paing Phyoewai
  • ဆားအရသာ ပေးစွမ်းနိုင်သည့် ဓာတ်ခဲသုံးခက်ရင်းကို ဂျပန်ပညာရှင်များ တီထွင်
    ဆားအရသာ ပေးစွမ်းနိုင်သည့် ဓာတ်ခဲသုံးခက်ရင်းကို ဂျပန်ပညာရှင်များ တီထွင်
    ဧပြီ ၁၊ ၂၀၁၆
    M-Media
    fork
    – တကယ့်ဆားအစစ်ကို ထည့်စရာမလိုဘဲ ဆားအရသာကို ပေးစွမ်းနိုင်တဲ့ ခက်ရင်းတစ်ခုကို ဂျပန်နိုင်ငံ တိုကျိုမြို့ သုတေသနပညာရှင်တွေက ဖန်တီးထုတ်လုပ်လိုက်ပါတယ်။
    ဓာတ်ခဲအသုံးပြုထားတဲ့ အဲဒီခက်ရင်းဟာ လျှော့ရိုက်တဲ့နည်းနဲ့ ဆားအရသာ၊ အချဉ်အရသာနဲ့ အခြားသော အစားအစာ အရသာအမျိုးမျိုးတို့ကို ခံစားနိုင်စေမှာ ဖြစ်ပါတယ်။ ဒီခက်ရင်းကို စမ်းသပ်သုံးစွဲနေတုန်းသာရှိပြီး ဆားလျှော့သူတွေနဲ့ ဆားမထည့်ဘဲ စားသုံးသူတွေ တစ်ဦးချင်းစီအတွက် တီထွင်ထားဖြစ်တယ်လို့ ဆိုပါတယ်။
    “အရသာပေးစွမ်းနိုင်ဖို့ လျှပ်စစ်အသုံးပြုတဲ့ နည်းပညာပါ” လို့ တိုကျိုတက္ကသိုလ်ရဲ့ သုတေသီတစ်ဦးဖြစ်သူ ဟီရိုမီ နာကာမူရာက ပြောပါတယ်။ ၎င်းက ပြည်တွင်းစားသောက်မှုပုံစံကို တိုးတက်စေဖို့ ရည်ရွယ်ထားတဲ့ “ဆားမဲ့ စားသောက်ဆိုင်” လို့အမည်ပေးထားတဲ့ စီမံကိန်းကို ဆောင်ရွက်နေသူလည်း ဖြစ်ပါတယ်။
    “အဲ့ဒီခက်ရင်းဟာ လုံးဝ အရသာရှိပြီး ကျန်းမာရေးနဲ့ညီညွှတ်တဲ့ အစားအစာကို စားသုံးလိုသူတွေရဲ့ ဆန္ဒကို ကျေနပ်နိုင်စေမှာပါ”
    ခက်ရင်းလက်ကိုင်မှာ ပြန်လည်အားသွင်းလို့ရတဲ့ ဘက်ထရီတစ်လုံးနဲ့ လျှပ်စစ်ပတ်လမ်းကြောင်းတစ်ခု တပ်ဆင်ထားပြီး ဘက်ထရီသက်တမ်းဟာ ၆ နာရီခန့် ခံမှာဖြစ်ကာ စထုတ်တဲ့ပုံစံမှာတော့ ရေစိုမခံပါဘူး။
    အသုံးပြုသူတွေအနေနဲ့ လက်ကိုင်ပေါ်က ခလုပ်ကိုနှိပ်ပြီး ခက်ရင်းနဲ့ အစားအစာကို ပါးစပ်ထဲထည့်သွင်းရမှာဖြစ်ကာ အရသာအတွက် ညင်သာတဲ့ လျှပ်စီးကြောင်းတစ်ခုကို လျှာဆီ ပို့ဆောင်ပေးမှာ ဖြစ်ပါတယ်။ ခက်ရင်းကို ခံတွင်းထဲ တော်တော်ဝေးတဲ့အထိ ထိုးထည့်မယ်ဆိုရင် ပါးစပ်ထဲမှာ မနှစ်မြို့ဖွယ်ကောင်းတဲ့ သတ္တုအရသာတစ်ခု ဖြစ်စေမယ်လို့ သုတေသီတွေက သတိပေးထားပါတယ်။
    လက်ရှိမှာတော့ ယင်းကိရိယာမှာ ဆားငံမှုကို အဆင့်သုံးဆင့် ထားရှိပါတယ်။ ဒီနည်းပညာအတွက် ကန်ဒေါ်လာ ၁၇.၇ ဒေါ်လာ ကုန်ကျခဲ့ပြီး ခက်ရင်းအတွက် ကုန်ကျစားရိတ်ကတော့ သီးခြားဖြစ်ပါတယ်။
    Ref: IINA