News @ M-Media

Blog

  • ပုံရိပ်အသုံးပြုမှုကို မကျေနပ်၍ ဆမ်ဆောင်းကို ပီလီတရားစွဲ

    ပုံရိပ်အသုံးပြုမှုကို မကျေနပ်၍ ဆမ်ဆောင်းကို ပီလီတရားစွဲ

    မတ် ၃၁၊ ၂၀၁၆
    M-Media

    pele

    – မိမိနှင့် အလွန်တူညီသည့် ပုံရိပ်တစ်ခုအား သုံးစွဲမှုအတွက် တောင်ကိုရီးယားမှ Samsung ကုမ္ပဏီကို ဂန္တ၀င် ဘရာဇီးလ်တိုက်စစ်မှူး ပီလီက တရားစွဲဆိုလိုက်ပြီး နစ်နာကြေး ကန်ဒေါ်လာ သန်း ၃၀ ကို တောင်းဆိုလိုက်သည်။

    Samsung ၏ တီဗီကြော်ငြာတစ်ခုတွင် ပီလီနှင့်ဆင်သည့် လူမည်းတစ်ဦး၏ ရုပ်ပုံနှင့်အတူ ပီလီ၏ နာမည်ကျော် နောက်ပြန်ကန်ချက် (bicycle kick) ကိုပါ ထည့်သွင်းအသုံးပြုထားခြင်း ဖြစ်သည်။

    ၁၉၇၁ ခုနှစ်တွင် ဘောလုံးလောကမှ အနားယူခဲ့ပြီး အသက် ၇၁ နှစ်အရွယ်ရှိပြီဖြစ်သည့် ပီလီကမူ ထိုကဲ့သို့ အသုံးပြုမှုအတွက် Samsung မှာ မိမိထံမှာ နှုတ်ဖြင့်လည်းကောင်း၊ စာဖြင့်လည်းကောင်း တရားဝင် သဘောတူညီချက် ရယူခဲ့ခြင်းမရှိဟု ပြောကြားခဲ့သည်။

    ထိုကဲ့သို့ တရားစွဲဆိုမှုအတွက် ပီလီမှာ NBA ကစားသမားဟောင်း မိုက်ကယ်ဂျော်ဒန်၏ ကျောနံပါတ် ၂၃ နှင့် နာမည်တို့အား အသုံးပြုမှုအတွက် ၂၀၀၉ ခုနှစ်တွင် ကုန်စုံဆိုင်တစ်ခုအား တရားစွဲဆိုမှုကို ဆောင်ရွက်ပေးခဲ့သည့် ဥပေဒေ အကျိုးဆောင်အဖွဲ့အား ငှားရမ်းခဲ့သည်။

    မိုက်ကယ်ဂျော်ဒန်မှာ ထိုအမှုအတွက် ကန်ဒေါ်လာ ၉ သန်း နီးပါး တရားဝင်ရရှိခဲ့ပြီး နောက်ကွယ်တွင် ထိုထက်များသောပမာဏဖြင့် ပြေလည်ခဲ့သည်ဟု သတင်းများ ထွက်ပေါ်ခဲ့သည်။

    Ref : Goal

  • ပါလက်စတိုင်းတစ်ဦးအား တမင်တကာ ပစ်သတ်ခဲ့သည့် စစ်သားကို အစ္စရေးက အရေးမယူမှု ကုလရှုတ်ချ

    ပါလက်စတိုင်းတစ်ဦးအား တမင်တကာ ပစ်သတ်ခဲ့သည့် စစ်သားကို အစ္စရေးက အရေးမယူမှု ကုလရှုတ်ချ

    မတ် ၃၁၊ ၂၀၁၆
    M-Media

    pales 3

    – ဒဏ်ရာရနေသူ ပါလက်စတိုင်းအမျိုးသားတစ်ဦးအား အစ္စရေးစစ်သားက အနီးကပ် ပစ်ခတ်သတ်ဖြတ်မှုကို ကုလသမဂ္ဂက ယမန်နေ့တွင် ရှုတ်ချပြောဆိုလိုက်ပြီး ထိုလုပ်ရပ်မှာ တရားလက်လွတ်သတ်ဖြတ်သည့် ထင်ရှားသောဖြစ်ရပ်တစ်ခုဟု ပြောကြားလိုက်သည်။

    အစ္စရေးစစ်သား၏ ထိုလုပ်ရပ်အား မှတ်တမ်းတင်ထားသော ဗီဒီယို ပြီးခဲ့သည့်တစ်ပတ်က ထွက်ပေါ်လာပြီးနောက် ကျူးလွန်သူကို အပြစ်ပေးရန် အစ္စရေးအပေါ် ကမ္ဘာတစ်ဝှမ်းမှ ဖိအားများ ပေးခဲ့သော်လည်း အစ္စရေးစစ်ခုံရုံးကမူ အထောက်အထားမပြည့်စုံဟုဆိုကာ အင်္ဂါနေ့က ပယ်ချခဲ့သည်။

    “ဒဏ်ရာအပြင်းအထန်ရနေတဲ့ လူတစ်ယောက်ဟာ ရန်မူနိုင်တဲ့ အနေအထား မရှိတော့တာ ထင်ရှားပါတယ်။ ဒီဗီဒီယိုက တရားလက်လွတ်သတ်ဖြတ်မှု လက္ခဏာတွေအားလုံးနဲ့ အကျုံးဝင်နေပါတယ်။ ဥပဒေကို လက်တလုံးခြားလုပ်သူတွေက ဒီကိစ္စအပေါ် ဘယ်လိုပဲ ဆောင်ရွက်ပါစေ၊ အသက်အန္တရာယ် ခြိမ်းခြောက်နိုင်စွမ်းမရှိတဲ့ လူတစ်ယောက်ကို သတ်ဖြတ်တာက လူသတ်မှုပါပဲ” ဟု တရားလက်လွတ်သတ်ဖြတ်ခြင်း၊ ဥပဒေပ ဖမ်းဆီးချုပ်နှောင်ခြင်းနှင့် စိတ်ထင်တိုင်း ကျူးလွန်ခြင်းဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ခရစ္စတော့ဖ် ဟင်စ်က ပြောကြားခဲ့သည်။

    ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး၏ ပြောရေးဆိုခွင့်ရှိသူ မူပါ့တ် ကိုလ်ဗီလီကလည်း ပါလက်စတိုင်းတစ်ဦးကို ထိုကဲ့သို့ တရားလက်လွတ် သတ်ဖြတ်ခြင်းအတွင်း စိုးရိမ်မိသည်ဟု ယမန်နေ့တွင် ပြောကြားခဲ့သည်။

    Ref: Aljazeera

  • ပဲခူးမြို့က ဘာသာပေါင်းစုံ ချစ်ကြည်ရေး တရားပွဲ ဘယ်သူတွေ ဟောပြောမလဲ?

    ပဲခူးမြို့က ဘာသာပေါင်းစုံ ချစ်ကြည်ရေး တရားပွဲ ဘယ်သူတွေ ဟောပြောမလဲ?

    မတ် ၃၀၊ ၂၀၁၆
    M-Media
    မိုးစက်
    Pago

    ပဲခူး။    ။ ငြိမ်းချမ်းရေးအတွက်ချစ်ကြည်ငြိမ်းချမ်းစွာအတူတကွလက်တွဲနေနိုင်ရေးကို ရည်ရွယ်ပြီး ဧပြီလ ၃ ရက်နေ့တွင် ပဲခူးမြို့၌ ဘာသာပေါင်းစုံချစ်ကြည်ရေးနှင့် ငြိမ်းချမ်းရေးတရားပွဲတစ်ရပ်ကို ပဲခူးမြို့ မဇင်း (၁) လမ်း ကျွန်းသာယာရပ်ကွက်တွင် ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။

    ကျွန်တော်တို့ ပဲခူး ဘာသာပေါင်းစုံငြိမ်းချမ်းရေး လူငယ်တွေကနေ စုပေါင်းပြီးတော့ ငြိမ်းချမ်းရေး  အတွက်ချစ်ကြည်ငြိမ်းချမ်းစွာအတူတကွ လက်တွဲနေနိုင်ရေး ဘာသာတခုနဲ့တခုအထင်လွဲ အမြင်လွဲမှုပပျောက်ရေး အစရှိတာတွေကို ရည်ရွယ်ပြီး အခုလို တရားပွဲကျင်းပရခြင်းဖြစ်တယ်လို့ ပဲခူးဘာသာပေါင်းစုံငြိမ်းချမ်းရေး လူငယ်တစ်ဦးဖြစ်သူ ကိုဝဏ္ဍထွန်းက ဆိုပါတယ်။

    အဆိုပါ ဘာသာပေါင်းစုံချစ်ကြည်ရေးနှင့် ငြိမ်းချမ်းရေး တရားပွဲတွင် ဘဒ္ဒန္တ သုန္ဒရ (ဓမ္မာစရိယ နယ်လှည့်သာသနာပြု ဓမ္မကထိက၊ သီရိစန္ဒာရုံကျောင်းတိုက် ပဲခူးမြို့)၊ အရှင်သာသနသီရိ (ကျမ်းပြု၊ စာချ၊ ဓမ္မာစရိယ (မြန်မာ့ဂုဏ်ထူး) အောင်ဇေယျပရိယတ္တိစာသင်တိုက်) ၊ ဒေါက်တာ အရှင်ဗညောသာသ (သဒ္ဒမ္မဇောတိက၊ ဓမ္မာစရိယ (M.A,Ph.D) ပန်းပျိုးလက်ကျောင်း ပဲခူးမြို့)၊ ၊ ခလီဖွာဦးသိန်းဝင်းအောင် (ဥပဇ္ဇျာဆရာတော်၊ K.A.F.T.G  အစ္စလာမ်ပရမတ္တမိသားစုအဖွဲ့ကြီး မန္တလေးမြို့)၊ အလ်ဟာဂ်ျ ရှိတ်ခ်ဒေါက်တာ ဆောင်းလွင်အောင် B.D.S (YGN) (Imamat Alazhar- Cairo) ရန်ကုန်မြို့၊ ဆရာဂျိမ်းစ်စည်သူ (ပဲခူးမြို့) နှင့် B.N Apparoa (ခ) ဆရာဦးသန်းဝင်း လူမှုကူညီရေးအသင်း ပဲခူးမြို့ တို့ကနေ တရားရေအေးများကို တိုက်ကျွေးကြမှာပဲ ဖြစ်ပါတယ်။

    ထိုတရားပွဲကို ဧပြီလ ၃ ရက်နေ့ ည ၇နာရီခွဲမှ စတင်ကာ ၁၀ နာရီထိ ပြုလုပ်ကျင်းပသွားမှာလည်း ဖြစ်ပါတယ်။

  • အမေရိကန်တွင် အကြီးဆုံးဖြစ်မည့် ဗလီဝတ်ကျောင်းတော်ကို လာမည့်စနေနေ့တွင် ဖွင့်လှစ်မည်

    အမေရိကန်တွင် အကြီးဆုံးဖြစ်မည့် ဗလီဝတ်ကျောင်းတော်ကို လာမည့်စနေနေ့တွင် ဖွင့်လှစ်မည်

    မတ် ၃၀၊ ၂၀၁၆
    M-Media

    us mosque

    – တူရကီသမ္မတ ရီဆက်ပ် တိုင်ယစ်ပ် အာဒိုဂန်မှာ အမေရိကန်ပြည်ထောင်စုတွင် အကြီးဆုံးဗလီဝတ်ကျောင်းတော် တစ်လုံးကို လာမည့် စနေနေ့တွင် လာရောက်ဖွင့်လှစ်ပေးမည်ဟု သိရသည်။

    Diyanet Center of America ဟု အမည်ပေးထားသည့် အဆိုပါ ဗလီဝတ်ကျောင်းတော်မှာ မေရီလန်းပြည်နယ်တွင်ရှိပြီး ဂန္တ၀င် အော်တိုမန် ဗိသုကာလက်ရာများဖြင့် တည်ဆောက်ထားခြင်းဖြစ်သည်။

    ထိုဗလီဝတ်ကျောင်းတော်ဆောက်လုပ်သည့် မြေနေရာကို တူရကီ သာသနာရေးဝန်ကြီးဌာနမှ ၁၉၉၀ ပြည့်နှစ်တွင် ၀ယ်ယူခဲ့ခြင်းဖြစ်ပြီး စတုရန်းမီတာ ၁၀၀ ခန့် ကျယ်ဝန်းသည့် ဗလီဝတ်ကျောင်းတော် အငယ်စားတစ်လုံးကိုသာ ဆောက်လုပ်ထားခဲ့သည်။ နောက်ပိုင်းတွင် အမေရိကတွင် အကြီးဆုံးဖြစ်မည့် ဗလီဝတ်ကျောင်းတော်ကြီး ဆောက်လုပ်ရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။

    “ဒီလိုဆောက်လုပ်မယ်လို့ ၂၀၀၉ ခုနှစ်မှာ ကြေငြာခဲ့ပြီးတဲ့နောက်ပိုင်း ကျွန်တော်တို့ဟာ အစ္စလာမ်ကမ္ဘာရဲ့ အယူအဆတွေကို ထင်ဟပ်စေမယ့် ခူလီယာစီမံကိန်း (အစ္စလာမ့် လူမှုအသိုက်အ၀န်း စီမံကိန်း) ကို စတင်ခဲ့တာပါ” ဟု စီမံကိန်း၏ ဗိသုကာပညာရှင်ဖြစ်သူ မူဟက်ရမ် ဟီလ်မီ ဆီနဲလ်ပ်က ပြောကြားခဲ့သည်။

    အော်တိုမန်အင်ပါယာ၏ မြို့တည်ဆောက်ပုံမှာ အလယ်ကောင်တွင် ဗလီဝတ်ကျောင်းတော်တစ်လုံး ထားရှိပြီးနောက် ပတ်ပတ်လည်တွင် မြို့တည်ခြင်းဖြစ်သည်။ ဆီနဲလ်ပ်ကမူ ၁၆ ရာစုနှင့် ၁၇ ရာစုက အော်တိုမန်အင်ပါယာ၏ ပုံစံမျိုး ထင်ဟပ်စေသည့် ဗိသုကာလက်ရာဖြင့် ဗလီဝတ်ကျောင်းတော်ကို တည်ဆောက်ခြင်းဖြစ်သည်ဟု ဆိုသည်။

    ထိုဗလီဝတ်ကျောင်းတော်၏ အရှေ့တွင် တူရကီအငွေ့အသက်လွှမ်းမိုးသည့် ပန်းခြံတစ်ခု၊ လက်ယာဘက်တွင် ဂန္တ၀င်နှင့် ခေတ်ပေါ်လက်ရာများကို သဟဇာတဖြစ်စွာ ဖော်ပြထားသည့် ယဉ်ကျေးမှုစင်တာတစ်ခု ပါဝင်မည်ဖြစ်သည်။ ထိုယဉ်ကျေးမှုစင်တာတွင် စာကြည့်တိုက်တစ်ခု၊ အစည်းအဝေးနှင့် ပြပွဲခန်းမများ၊ ညီလာခံခန်းမနှင့် ဧည့်ကြိုနေရာများ ပါရှိမည်ဖြစ်သည်။

    ထို့ပြင် အစ္စလာမ့်သုတေသနစင်တာတစ်ခုလည်း အဆိုပါဗလီဝတ်ကျောင်းတော် ပရ၀ုဏ်အတွင်း ပါဝင်မည်ဖြစ်ပြီး တူရကီမှ အမေရိကန်သို့ လာရောက်ပညာသင်ယူနေသည့် ဘွဲမရသေးသူများနှင့် ဘွဲ့ရပြီးသူ ကျောင်းသားများအတွက် အကြံပေးမှုများ ပြုလုပ်ပေးသွားမည်ဖြစ်သည်။

    ဗလီဝတ်ကျောင်းတော်၏ အောက်ဖက်တွင် စတုရန်းကီလိုမီတာ ၃၀၀ ကျယ်ဝန်းသည့် အစ္စလာမ့်အနုပညာလက်ရာပြတိုက်တစ်ခုလည်း ထည့်သွင်းထားကာ ပရ၀ုဏ်အတွင်းတွင် ဧည်သည့်များ နားနေရန် တူရကီရိုးရာအိမ်လေးများကိုလည်း ဆောက်လုပ်ပေးထားသည်။

    ပရ၀ုဏ်တစ်ခုလုံးမှာ စတုရန်းမီတာ ၆ သောင်း ကျယ်ဝန်းပြီး အမျိုးသားနှင့် အမျိုးသမီးများအတွက် တူရကီရိုးရာ ရေချိုးခန်းများ၊ ရေကူးကန်များ၊ ဘက်စုံသုံးနိုင်သည့် ခန်းမတစ်ခုနှင့် မိုးလုံလေလုံ အားကစားခန်းမတစ်ခုတို့လည်း ပါဝင်သည်။

    မင်နာရတ်နှစ်ခုပါဝင်သည့် အဆိုပါ ဗလီဝတ်ကျောင်းတော်၏ အကျယ်အ၀န်းမှာ ၈၇၉ စတုရန်းမီတာရှိပြီး လူပေါင်း ၃၀၀၀ နီးပါး တစ်ချိန်တည်း ၀တ်ပြုနိုင်သည်။

    Ref: IINA

  • အီရန်တွင် အမျိုးသမီးများနေ့ ကျင်းပ

    အီရန်တွင် အမျိုးသမီးများနေ့ ကျင်းပ

    မတ် ၃၀၊ ၂၀၁၆
    M-Media

    iran 4

    – အီရန်နိုင်ငံမှာ ယနေ့တွင် ကျရောက်သည့် နိုင်ငံလုံးဆိုင်ရာ “အမျိုးသမီးများနေ့” နှင့် “အမေများနေ့” အထိမ်းအမှတ်အဖြစ် အခမ်းအနားများ၊ ၀တ်ပြုဆုတောင်းမှုများ ကျင်းပပြုလုပ်ခဲ့ကြသည်ဟု သိရသည်။

    အဆိုပါ “အမျိုးသမီးများနေ့” နှင့် “အမေများနေ့” ကို တမန်တော် မုဟမ္မဒ်သခင် (ငြိမ်းချမ်းသာယာမှုအပေါင်း သက်ရောက်ပါစေ) ၏ သမီးတော်ဖြစ်သူ ဖာသွေမာဟ်သခင်မအား ဂုဏ်ပြုသောအားဖြင့် သခင်မ၏ မွေးရက်ဖြစ်သော အစ္စလာမ်ပြက္ခဒိန်မှ ဂျမာဒီလ်ဆာနီလ ၂၀ ရက်နေ့ကို သတ်မှတ်ထားခြင်းဖြစ်သည်။

    ဖာသွေမာဟ်သခင်မမှာ အစ္စလာမ့်ခလီဖာကြီး ၄ ဦးမှ နောက်ဆုံး ခလီဖာဖြစ်သော အလီသခင်၏ ဇနီးလည်းဖြစ်ပြီး ယခုဘ၀နှင့် နောင်တမလွန်တွင် မွတ်စလင်အမျိုးသမီးအားလုံး၏ စံနမူနာယူစရာ သီလသမာဓိနှင့်ပြည့်စုံသည့် အမျိုးသမီးအဖြစ် သတ်မှတ်ခံထားရသူဖြစ်သည်။

    “အမျိုးသမီးများနေ့” နှင့် “အမေများနေ့” တွင် အီရန်ပြည်သူများများမှာ အဘွားများ၊ မိခင်များ၊ ဇနီးများနှင့် အစ်မညီမများအား လက်ဆောင်များပေးကာ ဂုဏ်ပြုသည့်အခမ်းအနားများ၊ ဆုတောင်းပွဲများကို ပြုလုပ်ကြသည်။

    Ref: Press TV