News @ M-Media

Blog

  • ဗီဒီယိုဂိမ်းတွင် မွတ်စလင်ကစားသမား၏ အောင်ပွဲခံမှုအား ဘာသာရေးအရ မှားယွင်းဖော်ပြခဲ့မှုအတွက် EA က ပြန်လည်တောင်းပန်

    ဗီဒီယိုဂိမ်းတွင် မွတ်စလင်ကစားသမား၏ အောင်ပွဲခံမှုအား ဘာသာရေးအရ မှားယွင်းဖော်ပြခဲ့မှုအတွက် EA က ပြန်လည်တောင်းပန်

    Rမတ် ၂၄၊ ၂၀၁၆
    M-Media

    russia 2

    – နာမည်ကြီး ဗီဒီယိုဂိမ်းကုမ္ပဏီတစ်ခုဖြစ်သော EA မှ ပြီးခဲ့သည့်သီတင်းပတ်က ဖြန့်ချီသည့် ဘက်စုံကိုယ်ခံပညာသုံး အားကစားပြိုင်ပွဲဂိမ်း Ultimate Fighting Championship (UFC) 2 ဂိမ်းတွင် နာမည်ကြီး ရုရှား မွတ်စလင်အားကစားသမားတစ်ဦး၏ အောင်ပွဲခံမှုပုံစံအား ဘာသာရေးအရ မှားယွင်းဖော်ပြခဲ့ခြင်းအတွက် EA က ပြန်လည်တောင်းပန်လိုက်သည်ဟု သိရသည်။

    အဆိုပါ ကစားသမားမှာ UFC လိုက်ဝိတ်တန်းတွင် ရှုံးပွဲမရှိသေးသည့် စိန်ခေါ်သူ ခါဘစ် နူရ်မာဂိုမီဒေါ့ဗ်ဖြစ်ပြီး လိုက်ဝိတ်တန်းချန်ပီယံ ရာဖေးလ် ဒေါ့စ် အန်ဂျို့စ်အား အနိုင်ရရှိသည့် ဗီဒီယိုဂိမ်း၏ ဇာတ်ဝင်ခန်းတွင် ခရစ်ယာန်ဘာသာ ထုံးစံအတိုင်း ဆုတောင်းအောင်ပွဲခံမှုကို ထည့်သွင်းခဲ့ခြင်းဖြစ်သည်။

    အသက် ၂၇ နှစ်အရွယ် ရှိပြီဖြစ်ပြီး ဘာသာရေးကိုင်းရှိုင်းသူဖြစ်သည့် နူရ်မာဂိုမီဒေါ့ဗ်ကမူ မိမိ၏ ဘာသာရေးယုံကြည်ချက်အား ထိုကဲ့သို့ လွဲမှားစွာဖော်ပြမှုအတွက် စိတ်ကသိကအောက် ဖြစ်ရသည်ဟု Twitter စာမျက်နှာတွင် ရေးသားဖော်ပြခဲ့သည်။

    “ကျွန်တော်ဟာ မွတ်စလင်တစ်ယောက်ပါ။ ခရစ်ယာန်တစ်ယောက် မဟုတ်ပါဘူး။ EA အနေနဲ့ ကျွန်တော်ရဲ့ အောင်ပွဲခံမှုပုံစံကို ကျေဇူးပြုပြီး ပြန်လည်ပြင်ဆင်ပေးပါ။ ကျွန်တော့်မှာ မွတ်စလင် ပရိတ်သတ်တွေ အများကြီးရှိပါတယ်။ အဲဒီအတွက် လေးစားရပါမယ်” ဟု ရေးသားခဲ့ခြင်းဖြစ်သည်။

    ထို့ကြောင့် EA ကလည်း ချက်ခြင်းပင် မှားယွင်းကြောင်း ၀န်ခံခဲ့ပြီး နူရ်မာဂိုမီဒေါ့ဗ်အား ပြန်လည် တောင်းခဲ့သည်။

    “ဒီကိစ္စအတွက် ဂိမ်းဖန်တီးတဲ့အဖွဲ့ကို ကျွန်တော်တို့ အကြောင်းကြားပြီးပါပြီ။ နောက်ထပ် Update ထွက်တဲ့အခါ အောင်ပွဲခံမှုပုံစံကို ပြောင်းလဲပေးပါ့မယ်။ အဲဒီကိစ္စက ခင်ဗျားအတွက် အနှောက်အယှက်ဖြစ်သွားတယ်ဆိုရင်တော့ တောင်းပန်ပါတယ်” ဟု EA က Instagram မှ တစ်ဆင့် ပေးပို့သော တောင်းပန်စာတွင် ဖော်ပြထားသည်။

    ဘက်စုံကိုယ်ခံပညာသုံး အားကစားပြိုင်ပွဲ MMA တွင် ၂၂ ပွဲဆက်တိုက် ရှုံးပွဲမရှိစံချိန် တင်ထားနိုင်သည့် နူရ်မာဂိုမီဒေါ့ဗ်မှာ ထိုမက်ဆေ့ခ်ျကို screen shot ရိုက်၍ ပြန်လည် လွှင့်တင်ခဲ့သည်။

    “ကျွန်တော် ခရစ်ယာန်သာသနာအပေါ် ဆန့်ကျင်တာမဟုတ်ပါဘူး။ လူတိုင်းက ကိုယ်ပိုင် ဘ၀တည်ဆောက်မှုလမ်းစဉ်တွေ ရှိကြပါတယ်။ ကျွန်တော့်ရဲ့လမ်းစဉ်က အစ္စလာမ်ပါ။ ဂိမ်းထုတ်လုပ်သူတွေက အမှားလုပ်တယ်။ လူတိုင်းက မှားတတ်ကြပါတယ်။ ကျွန်တော်က မကျေနိုင်မချမ်းနိုင်ဖြစ်တာ မဟုတ်ပါဘူး။ သူတို့တောင်းပန်တယ်။ ပြင်ပေးမယ်လို့လည်း ကတိပေးတယ်။ နောက်တစ်ကြိမ်ကြရင် သူတို့ ဒါမျိုး မမှားဘဲ လူတိုင်းရဲ့ ဘာသာတရားကို သတိထားကြပါလိမ့်မယ်”

    Ref: IINA

  • တရုတ်နိုင်ငံတွင် မတော်တဆမှုကြောင့် လူ ၁၉ ဦးသေဆုံး

    တရုတ်နိုင်ငံတွင် မတော်တဆမှုကြောင့် လူ ၁၉ ဦးသေဆုံး

    မတ် ၂၄၊ ၂၀၁၆
    M-Media

    china

    – တရုတ်နိုင်ငံမြောက်ပိုင်း ရှန်ဇီပြည်နယ် ရှူဇူးမြို့ရှိ ကျောက်မီးသွေး မိုင်းတွင်းတစ်ခုတွင် မတော်တဆမှု ဖြစ်ပွားခြင်းကြောင့် အနည်းဆုံး လူ ၁၉ ဦး သေဆုံးခဲ့သည်ဟု တရုတ်အာဏာပိုင်များက ပြောကြားလိုက်သည်။

    အလုပ်သမား ၁၂၉ ဦးရှိသည့် အဆိုပါ မိုင်းတွင်းတွင် ယမန်နေ့ညပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လူ ၁၁၀ ကို ကယ်ထုတ်နိုင်ခဲ့သည်။ သို့သော်လည်း မီးလောင်ခြင်း၊ ဓာတ်ငွေ့စိမ့်၍ ပေါက်ကွဲခြင်း၊ သို့မဟုတ် ရေကြီးရေလျှံခြင်း စသဖြင့် မည်သည့် မတော်တဆမှု ဖြစ်သည်ဆိုသည်ကို အတိအကျ မသိရှိရသေးပေ။

    တရုတ်နိုင်ငံရှိ မိုင်းတွင်းများတွင် ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ ဆောင်ရွက်မှုများမှာ အလွန်အားနည်းသောကြောင့် မကြာခဏဆိုသလို မတော်မတဆမှုများ ဖြစ်ပွားလေ့ရှိသည်။

    ယခုလအစောပိုင်းကလည်း ဂျီလင်ပြည်နယ် အရှေ့မြောက်ပိုင်းရှိ ကျောက်မီးသွေးမိုင်းတွင်း တစ်ခုတွင် ဓာတ်ငွေ့ယိုစိမ့်ကာ ပေါက်ကွဲမှု ဖြစ်ပွားခဲ့သောကြောင့် အနည်းဆုံး ၁၂ ဦး သေဆုံးခဲ့သည်။ ၂၀၁၄ ခုနှစ်အတွင်း တရုတ်နိုင်ငံရှိ မိုင်းတွင်းများတွင် မတော်တဆမှုများကြောင့် သေဆုံးသူမှာ ၉၃၀ ဦး ရှိခဲ့ပြီး၊ ၂၀၀၂ ခုနှစ်ကမူ ၇၀၀၀ အထိ ရှိခဲ့သည်။

    Ref: Aljazeera

  • အကြမ်းဖက်ဝါဒအတွက် အစ္စလာမ်တွင် နေရာမရှိဟု ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ပြော

    အကြမ်းဖက်ဝါဒအတွက် အစ္စလာမ်တွင် နေရာမရှိဟု ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ပြော

    မတ် ၂၄၊ ၂၀၁၆
    M-Media

    – အစ္စလာမ်သာသနာတွင် စစ်သွေးကြွဝါဒနှင့် အကြမ်းဖက်ဝါဒတို့အတွက် နေရာမရှိဘဲ၊ အစ္စလာမ်၏အမည်ကို အလွဲသုံးစားလုပ်၍ အကြမ်းဖက်မှုများ ကျူးလွန်သူများကို တားဆီးရန်အတွက် မွတ်စလင်ပညာရှင်များနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟု ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိခ်ဟာဆီနာက ပြောကြားလိုက်သည်။

    “အစ္စလာမ်သာသနာမှာ စစ်သွေးကြွဝါဒနဲ့ အကြမ်းဖက်ဝါဒတွေအတွက် နေရာမရှိဘူးဆိုတာကို ပြည်သူတွေစိတ်ထဲမှာ ခိုင်မြဲလာအောင် ပညာရှင်တွေနဲ့ ပူးပေါင်းဆောင်ရွက်သွားပါမယ်။ အစ္စလာမ်က ငြိမ်းချမ်းရေး သာသနာပါ။ ဒါကို လူတွေ များများသိအောင် လုပ်ပေးကြပါ” ဟု ယခုတစ်ပတ်အတွင်း ဒါကာမြို့ Bangabandhu နိုင်ငံတကာညီလာခံစင်တာတွင် ပြုလုပ်ခဲ့သည့် နိုင်ငံလုံးဆိုင်ရာ အစ္စလာမ့်တရားဟောဆရာများ ညီလာခံတွင် ပြောကြားခဲ့သည်။

    ထို့ပြင် အစ္စလာမ့်ရေးရာ ပညာရှင်များနှင့် ဘင်္ဂလားဒေ့ရှ်ပြည်သူများအနေဖြင့် မွတ်စလင်အမည်ခံ အကြမ်းဖက်သမားများ၏ လုပ်ရပ်များကို ရှောင်ကျဉ်ကြရန်လည်း ၀န်ကြီးချုပ်က ထည့်သွင်းပြောကြားခဲ့သည်။

    “သတိကြီးကြီးထားပြီး သူတို့ရဲ့ လုပ်ရပ်တွေကို ရှောင်ကြပါ။ လက်တစ်ဆုပ်စာသော လူတွေအတွက် ကျွန်မတို့က အထိနာနေပါတယ်။ ဒါဟာ ကျွန်မတို့အတွက် တော်တော်လေး ထိခိုက်ပါတယ်”

    မွတ်စလင်အများစုရှိရာ နိုင်ငံများတွင် လူနည်းစုများအား တိုက်ခိုက်မှုများကိုလည်း ရှိခ် ဟာဆီနာက ရှုတ်ချခဲ့ပြီး မိမိတို့နိုင်ငံတွင် ကိုယ်ကျိုးအတွက် တိုင်းပြည်မငြိမ်သက်ဖြစ်အောင် လုပ်နေကြသူများ ရှိနေသည်ဟုလည်း ထည့်သွင်းပြောကြားခဲ့သည်။

    အကြမ်းဖက်ဝါဒအား တိုက်ဖျက်ရန်အတွက် ရှေဆောင်အီမာမ်များနှင့် အစ္စလာမ့်ဓမ္မဆရာများမှာ သာသနာတော်၏ စစ်မှန်သော သင်ကြားမှုများကို ပြန့်နှံ့အောင် ဆောင်ရွက်ရမည်ဖြစ်ပြီး သို့မှသာ ကျောင်းသား၊ ကျောင်းသူများမှာ ကိုယ်ကျင့်တရားနှင့် အကျင့်သိက္ခာများ တောင်ပြောင်လာလိမ့်မည်ဟု ၀န်ကြီးချုပ်က တိုက်တွန်းခဲ့သည်။

    Ref: IINA

  • ဆီးရီးယားမှ ရှေးဟောင်းမြို့တစ်ခုကို IS လက်မှ ပြန်သိမ်းနိုင်တော့မည်

    ဆီးရီးယားမှ ရှေးဟောင်းမြို့တစ်ခုကို IS လက်မှ ပြန်သိမ်းနိုင်တော့မည်

    မတ် ၂၄၊ ၂၀၁၆
    M-Media

    palmyra

    – ကမ္ဘာ့သမိုင်းအမွေအနှစ် နေရာအဖြစ် သတ်မှတ်ထားသည့် ဆီးရီးယားနိုင်ငံမှ ရှေးဟောင်း ပါလ်မိုင်ရာမြို့အား ဆီးရီးယားအစိုးရတပ်များက IS လက်အတွင်းမှ ပြန်လည် သိမ်းယူနိုင်တော့မည်ဟု ဆီးရီးယား လူ့အခွင့်အရေးဆိုင်ရာ စောင့်ကြည့်အဖွဲ့က ယမန်နေ့တွင် ပြောကြားလိုက်သည်။

    ရုရှား၏ လေကြောင်းမှ ကူညီပေးမှုဖြင့် ဆီးရီးယားစစ်တပ်နှင့် လက်ဘနွန်ပြည်သူ့စစ်များက ပြီးခဲ့သည့် ၂ ပတ်အရင်ကတည်းက ထိုးစစ်ဆင်နေကြခြင်းဖြစ်ပြီး မြို့နှင့် ၃ ကီလိုမီတာသာ ကွာဝေးတော့သည်ဟု နိုင်ငံပိုင် Ikhbariya TV က ဖော်ပြသည်။

    “ဘုရားသခင်အလိုတော်နဲ့ နောက်ထပ်နာရီအနည်းငယ်အတွင်းမှာပဲ မြို့တွင်းကိုဝင်ကာ မြို့ကို သိမ်းနိုင်တော့မှာပါ” ဟု အရာရှိတစ်ဦးက အဆိုပါတီဗီသို့ ပြောကြားခဲ့သည်။

    အဆိုပါ ပါလ်မိုင်ရာ ရှေးဟောင်းမြို့မှာ ၂၀၁၅ ခုနှစ် မေလကတည်းက IS ၏ လက်အတွင်းသို့ ကျရောက်ခဲ့ခြင်းဖြစ်သည်။ ထို့နောက် သြဂုတ်လတွင် ထိုမြို့အတွင်းမှ ရှေးဟောင်း အမွေအနှစ်များကို ဖျက်ဆီးခဲ့ကြပြီး နှစ်ပေါင်း ၂၀၀၀ ကျော် သက်တမ်းရှိသည့် Bel ဘုရားကျောင်းလည်း ပါဝင်ခဲ့သည်။

    Ref: Aljazeera

  • လက်စတာမှာ မည်သည့်ဖလားမှ ရမည်မဟုတ်ဟု နည်းပြပြော

    လက်စတာမှာ မည်သည့်ဖလားမှ ရမည်မဟုတ်ဟု နည်းပြပြော

    မတ် ၂၄၊ ၂၀၁၆
    M-Media

    lei

    – မိမိတို့အသင်းမှာ ယခုနှစ်တွင် မည်သည့်ဆုဖလားမှ ရရှိလိမ့်မည်မဟုတ်ဟု ပရီးမီးယားလိဂ်ကို ဦးဆောင်နေသည့် လက်စတာစီးတီးနည်းပြ ကလော်ဒီယို ရာနီယေးရီက ပြောကြားလိုက်သည်။

    ရာသီပြီးဆုံးရန် ၇ ပွဲသာ လိုတော့သည့်အချိန်တွင် လက်စတာမှာ ဒုတိယနေရာမှ စပါးအသင်းအား ၅ မှတ် ဖြတ်ထားနိုင်ပြီး ပရီးမီးယားလိဂ်ဖလား ရရှိနိုင်မည့် ယုံကြည်ချက်လည်း မြင့်တက်လာခဲ့သည်။ သို့သော်လည်း အီတလီရုပ်သံတစ်ခုနှင့် အင်တာဗျူးတွင် ရာနီယေးရီက အသင်း ဖလားရမှုနှင့် ပတ်သက်၍ ငြင်းဆိုသွားခဲ့သည်။

    “နိုး နိုး။ ကျွန်တော်တို့ ဖလားမရပါဘူး။ ဥရောပ၀င်ခွင့်အတွက်ပဲ ကျွန်တော်တို့ ကြိုးပမ်းနေတာပါ။ ဒါပါပဲ” ဟု ရာနီယေးရီက ပြောကြားခဲ့သည်။

    ထို့ပြင် ရာသီကုန်တွင် ချယ်ဆီးနည်းပြဖြစ်လာမည်ဟု ရေပန်းစားနေသည့် အန်တိုနီယို ကွန်တီ၏ အီတလီနည်းပြနေရာအား ရယူမည့်အလားအလာ ရှိသလားဟု မေးမြန်းရာတွင်လည်း ရာနီယေးရီက “မရှိပါဘူး။ ကျွန်တော် ဒီမှာ (လက်စတာမှာ) ပျော်နေပါတယ်။ သက်တမ်း ၃ နှစ် ကျန်ပါသေးတယ်” ဟု ဖြေကြားခဲ့သည်။

    Ref: Goal