News @ M-Media

Blog

  • ရုရှားတွင် အစ္စလာမ့်နည်းကျ ဘဏ်တစ်ခု ပထမဆုံး ဖွင့်လှစ်

    ရုရှားတွင် အစ္စလာမ့်နည်းကျ ဘဏ်တစ်ခု ပထမဆုံး ဖွင့်လှစ်

    မတ် ၂၇၊ ၂၀၁၆
    M-Media

    kazan

    – ရုရှားနိုင်ငံတွင် အစ္စလာမ့်ဘဏ္ဍာရေးလုပ်ငန်းများအတွက် ၀န်ဆောင်မှုပေးမည့် ပထမဆုံး ဘဏ်တစ်ခုကို ကာဇန်မြို့တွင် ကြာသာပတေးနေ့က ဖွင့်လှစ်လိုက်ပြီဟု သိရသည်။

    အနောက်တိုင်းမှ ငွေကြေးများ ရုရှားသို့ စီးဝင်၍မရအောင် ပိတ်ဆို့မှုများ ပြုလုပ်ထားသောကြောင့် အဆိုပါဘဏ်ကို အရှေ့တောင်အာရှနှင့် အရှေ့အလယ်ပိုင်းမှ ရန်ပုံငွေထောက်ပံ့ပေးမှုအောက်တွင် လည်ပတ်မည်ဖြစ်သည်။

    “ကျွန်တော်တို့ဟာ ခက်ခဲတဲ့အခြေအနေကို ဖြတ်သန်းနေရပါတယ်။ အဲဒီလို မလွယ်ကူတဲ့ စီးပွားရေး အခြေအနေတွေက နည်းသစ်လမ်းသစ်တွေ ရှာဖွေဖို့အတွက် ကျွန်တော်တို့ကို တွန်းအားပေးနေပါတယ်။ အစ္စလာမ့်နည်းကျ ဘဏ်လုပ်ငန်းကို လက်ခံဆောင်ရွက်တာဟာ ဒါက ပထမဆုံးပါ။ ရုရှားရဲ့ ဘဏ်လုပ်ငန်း စည်းမျဉ်းစည်းကမ်းတွေနဲ့ အညီဖြစ်အောင်၊ အစ္စလာမ့်နည်းကျ ဘဏ်လုပ်ငန်းနဲ့လည်း ဆန့်ကျင်မှုမရှိအောင် ၀န်ဆောင်မှုပေးဖို့ ကျွန်တော်တို့ ဆောင်ရွက်ရပါမယ်” ဟု ကာဇန်မြို့တည်ရှိရာ တာတာစတန် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ သမ္မတဖြစ်သူ ရုစ်တမ် မီနီခါနော့ဗ်က ပြောကြားခဲ့သည်။

    ထို့ပြင် အဆိုပါ အစ္စလာမ့်နည်းကျ ဘဏ်လုပ်ငန်းမှာ မိမိတို့နိုင်ငံအတွင်းသို့ ဘဏ္ဍာရေးဈေးကွက်အသစ် ရောက်ရှိလာစေရန် ဆွဲဆောင်နိုင်လိမ့်မည်ဟုလည်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    ယခုဖွင့်လှစ်လိုက်သည့် အစ္စလာမ့်နည်းကျ ဘဏ်လုပ်ငန်းမှာ တစ်ဦးချင်း၊ စီးပွားရေးလုပ်ငန်းနှင့် နိုင်ငံရပ်ခြား ရင်းနှီးမြှု ပ်နှံသူများအတွက်ပါ ၀န်ဆောင်မှုပေးမည်ဖြစ်သည်။ တာတာစတန်ဒေသ၏ ဘဏ္ဍာရေးဝန်ကြီးဖြစ်သူ အာရ်တမ် ဇက်ဒူနော့ဗ်က အနောက်နိုင်ငံများမှာ ငွေကြေးဆက်သွယ်မှု မလုပ်ခြင်းကြောင့် ရုရှားမှာ မွတ်စလင်နိုင်ငံများ အပါအ၀င် အခြားသောရင်းမြစ်များမှ ဘဏ္ဍာရေးအထောက်အပံ့များကို ရရှိအောင် ဆောင်ရွက်နေရသည်ဟု ပြောကြားခဲ့သည်။

    အစ္စလာမ့်နည်းကျ ဘဏ္ဍာရေးလုပ်ငန်းမှာ ကမ္ဘာပေါ်တွင် အလျင်အမြန်ကြီးထွားလာသည့် လုပ်ငန်းဖြစ်ပြီး နှစ်စဉ် ၁၅ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းအထိ တိုးတက်နေသည်ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

    လက်ရှိအချိန်တွင် ရုရှား၏ ဘဏ်လုပ်ငန်းဥပဒေအရ အစ္စလာမ့်နည်းကျ ဘဏ်လုပ်ငန်းများ အပြည့်အ၀ဆောင်ရွက်ရန်အတွက် မလွယ်ကူသေးသော်လည်း အဆိုပါဥပဒေများကို ပြင်ဆင်ရန်လည်း ဆွေးနွေးနေကြပြီဖြစ်သည်။

    Ref: IINA

  • ကြက်တောင်ချန်ပီယံ ကိုစိုးမြင့်တင် (ခ) ကိုစိုးမြင့်

    ကြက်တောင်ချန်ပီယံ ကိုစိုးမြင့်တင် (ခ) ကိုစိုးမြင့်

    မတ် ၂၆ ၊ ၂၀၁၆
    M-Media
    U Soe Myint
    ဦးဘဦး+ဒေါ်တင်ဦးတို့၏ သားသမီး(၃)ယောက်အနက် အငယ်ဆုံးဖြစ်သည်။ မန္တလေးဇာတိ ဖြစ်သည်။

    ဒိုင်အိုစီဇင်ကျောင်း (ယခု အ.ထ.က- ၁၀)တွင် ပညာသင်ကြားခဲ့ပြီး ကြက်တောင်အားကစား၌ ထူးချွန်၍ အောင်ကလပ်တွင် ကြက်တောင်ရိုက် စတင်ဆည်းပူးခဲ့သည်။

    ၁၉၈၂ခု တိုင်းနှင့်ပြည်နယ် အားကစားပြိုင်ပွဲ၊ ၁၉၈၃ခု လူငယ်တံခွန်စိုက် တစ်ဦးချင်း ကြက်တောင်ရိုက်ပြိုင် ပွဲတွင် ပထမဆု ရရှိခဲ့သည်။

    ၁၉၈၄ မှ ၁၉၈၇ အထိ ကြက်တောင်ရိုက်ကစားခဲ့ရာ ၁၉၈၇တွင် မြန်မာ့လက်ရွေးစင် ဖြစ်ခဲ့သည်။

    ၁၉၈၉တွင် ထိုင်းနိုင်ငံ အာရှအားကစားပြိုင်ပွဲသို့ အရွေးခံရသော်လည်း အကြောင်းကြောင်းကြောင့် မသွားရောက်ခဲ့ရပါ။ ထိုနှစ်မှာပင် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူ၌ အရှေ့တောင်အာရှအားကစားပွဲသို့ သွားရောက် ယှဉ်ပြိုင်ခဲ့သည်။

    ဇနီးဒေါ်ခင်ညိုလှိုင်နှင့် သားသမီး နှစ်ဦး ထွန်းကားခဲ့သည်။

    *2008 ခုနှစ်ထုတ် မန္တလေးမြို့လုံးဆိုင်ရာ မဟာတမန်တော်နေ့ စိန်ရတု မဂ္ဂဇင်း မှ ကူးယူဖော်ပြသည်။

  • အစ္စလာမ်ကမ္ဘာမှ ပြဿနာများမှာ မွတ်စလင်များ မစည်းလုံးခြင်းကြောင့်ဖြစ်သည်ဟု အီရန်သမ္မတပြော

    အစ္စလာမ်ကမ္ဘာမှ ပြဿနာများမှာ မွတ်စလင်များ မစည်းလုံးခြင်းကြောင့်ဖြစ်သည်ဟု အီရန်သမ္မတပြော

    မတ် ၂၆၊ ၂၀၁၆
    M-Media

    Iran 2

    – အစ္စလာမ်ကမ္ဘာတွင် လက်ရှိဖြစ်ပွားနေသည့် ပြဿနာများနှင့် ပဋိပက္ခများ၏ နောက်ကွယ်မှ အဓိက အကြောင်းအရင်းမှာ မွတ်စလင်များအကြား စည်းလုံးညီညွှတ်မှု မရှိခြင်းကြောင့်ဖြစ်သည်ဟု အီရန်သမ္မတ ဟာဆန် ရူဟာနီက ပြောကြားလိုက်သည်။

    ပါကစ္စတန်သို့ ရောက်ရှိနေသည့် ရူဟာနီမှာ ယနေ့တွင် မြို့တော်အစ္စလာမ်မာဘတ်၌ ဓမ္မပညာရှင်၊ တတ်သိပညာရှင်များနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်းဖြစ်ပြီး ရှီယိုက်နှင့် စွန်နီမွတ်စလင်များ ထိခိုက်ခံစားနေရသည့် ပြဿနာများကို ဖြေရှင်းရန် တစ်ခုတည်းသော ကုသနည်းမှာ စည်းလုံးညီညွတ်ခြင်းပင်ဖြစ်သည်ဟု ဆိုသည်။

    ထို့ပြင် အစ္စလာမ့်နိုင်ငံများမှ ဘာသာရေးကျောင်းများမှာ အစ္စလာမ်ဘာသာဝင်များအကြား ညီညွတ်ရေးကို သင်ကြားသင့်ပြီး၊ မွတ်စလင်များအနေဖြင့် လက်ရှိ အစ္စလာမ်ကမ္ဘာတွင် ဖြစ်ပွားနေသည့် ပြဿနာများကို ကျော်လွှားချင်ပါက မွတ်စလင်လူ့အဖွဲ့အစည်းများအကြား စည်လုံးညီညွတ်ရေး ရရှိရန် ကြိုးစားခြင်းမှတစ်ပါး အခြား ရွေးချယ်စရာမရှိဟု အီရန်သမ္မတက ထပ်လောင်းပြောကြားခဲ့သည်။

    အစ္စလာမ်သာသနာမှာ အလယ်အလတ်လမ်းစဉ်ကို ပြသထားကာ ကိုယ်ကျင့်တရားကောင်းမွန်ရန် သွန်သင်ထားသည့် သာသနာဖြစ်ကြောင်း၊ ရှီယိုက်မွတ်စလင်များ၏ သဘာဝမှာ စွန်နီမွတ်စလင်များအား စိန်ခေါ်မှုတွင် အခြေမခံကြောင်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    ရှီယိုက်နှင့် စွန်နီမွတ်စလင်အုပ်စုတို့အကြား သဘောထားကွဲလွဲအောင် လုပ်ဆောင်သူများမှာ အဆိုပါ အုပ်စုနှစ်ခုစလုံး ပျက်ဆီးရန် ဆောင်ရွက်ခြင်းမှလွဲ၍ အခြား ရည်ရွယ်ချက်မရှိဟုလည်း ရူဟာနီက သတိပေးခဲ့သည်။

    “ကျွန်တော်တို့ရဲ့ အစ္စလာမ်ဆိုတဲ့ အမှတ်သညာကို အားကောင်းအောင် ပြုလုပ်ရပါမယ်” ဟု ပါကစ္စတန်သို့ ၂ ရက်ကြာ အလည်အပတ်ခရီးစဉ်အဖြစ် ရောက်ရှိနေသည့် အီရန်သမ္မတက ထည့်သွင်းပြောကြားခဲ့ပြီး အစ္စလာမ်၏ စွမ်းပကားကို အသုံးချရန်နှင့် စည်းလုံးညီညွတ်မှုကို အားကောင်းအောင်ဆောင်ရွက်ရန် လိုအပ်သည်ဟုလည်း ဆိုသည်။

    ထိုကဲ့သို့ စည်းလုံးညီညွတ်မှုမှာ အစ္စလာမ်ခေါင်းစဉ်အောက်ရှိသည့် အုပ်စုများ လေးစားမှုမခံရသမျှ ကာလပတ်လုံး ရရှိ မည်မဟုတ်ဟုလည်း ၎င်းက သတိပေးခဲ့သည်။

    အစ္စလာမ်သာသနာ၏ စစ်မှန်သော သင်ကြားမှုများကို မြှင့်တင်ရေးနှင့် ပတ်သက်၍ ရူဟာနီက ” ရန်သူတွေကို ရင်ဆိုင်ဖို့အတွက် ကုရ်အာန်ကျမ်းတော်မြတ်ရဲ့ သင်ကြားမှုအစစ်အမှန်ကို မြှင့်တင်ဖော်ဆောင်ပေးဖို့ လိုပါတယ်” ဟု ထည့်သွင်းပြောကြားခဲ့သည်။

    ထို့ပြင် မွတ်စလင်များအနေဖြင့် သိပ္ပံနှင့် အသိပညာများကို ရှာဖွေဆည်းပူးခြင်းအားဖြင့်သာ ၎င်းတို့၏ စွမ်းအားတိုးမြှင့်သင့်ကြောင်း၊ အစ္စလာမ်၏ စွမ်းပကားကို အားကောင်းစေရန်အတွက် မွတ်စလင် အမျိုးသား၊ အမျိုးသမီး ပညာရှင်များအားလုံး အတူတကွ ဆောင်ရွက်ရမည်ဖြစ်ကြောင်း အီရန်သမ္မတက နိဂုံးချုပ် ပြောကြားခဲ့သည်။

    “အစ္စလာမ်ဆိုတဲ့သစ်ပင်ကြီးက အသီးအပွင့်တွေ မသီးပွင့်နိုင်တာကို ရန်သူတွေက လိုချင်ကြတာပါ။ မွတ်စလင်အနေနဲ့ စစ်မှန်တဲ့ အစ္စလာမ်ကို ပြန်လည်ရှင်သန်လာအောင် လုပ်ဆောင်ဖို့ လိုအပ်ပါတယ်”

    Ref: Press TV

  • ယခုနှစ် ဟဂ်ျရာသီအတွက် ဘေးအန္တရာယ်ကင်းရှင်းရေးကို ဆော်ဒီက တိုးမြှင့်ဆောင်ရွက်မည်

    ယခုနှစ် ဟဂ်ျရာသီအတွက် ဘေးအန္တရာယ်ကင်းရှင်းရေးကို ဆော်ဒီက တိုးမြှင့်ဆောင်ရွက်မည်

    မတ် ၂၆၊ ၂၀၁၆
    M-Media

    hajj

    – ယခုနှစ် ဟဂ်ျရာသီမှာ မီးဘေး၊ ရေဘေး၊ စက်ကိရိယာအန္တရာယ်၊ သဘာဝနဲ့ လူလုပ်အန္တရာယ်တွေ အပါအ၀င် ဖြစ်ပေါ်နိုင်တဲ့ အရေးပေါ်အခြေအနေတွေအတွက် အစီအစဉ်တစ်ခုရေးဆွဲဖို့ ဆော်ဒီအစိုးရဌာန အများအပြား စုဝေးပြီး နှစ်ရက်တာ အလုပ်ရုံဆွေးနွေးပွဲတစ်ခုကို ဒီတစ်ပတ်အတွင်းမှာ ကျင်းပခဲ့တယ်လို့ သိရပါတယ်။

    အဲဒီဆွေးနွေးပွဲမှာ မနှစ်က မက္ကာနဲ့ မြင့်မြတ်တဲ့နေရာတွေမှာ ဖြစ်ပျက်ခဲ့တဲ့ ကိစ္စတွေကို ဦးတည်ဆွေးနွေးခဲ့ပြီး ဖြစ်ခဲ့တာတွေကို သင်ခန်းစာယူကာ ဘေးအန္တရာယ်ကင်းရှင်းရေး အစီအစဉ်အသစ်မှာ ထည့်သွင်းစီစဉ်သွားမှာ ဖြစ်တယ်လို့ မဒီနာမြို့ပြကာကွယ်ရေး အထွေထွေဒါရိုက်တာ ဗိုလ်ချုပ် ဆူလိုင်မန်က ပြောကြားခဲ့ပါတယ်။

    လာမယ့်ဟဂ်ျရာသီမှာ ကြုံတွေ့နိုင်တဲ့ အန္တရာယ်တွေ နည်းသထက်နည်းဖို့ အစိုးရဌာနတွေအားလုံး ပူးပေါင်းဆောင်ရွက်ရေး အလွန်အရေးကြီးတယ်လို့လည်း ဆူလိုင်မန်က ဆိုပါတယ်။

    ဒီလိုဆွေးနွေးမှုရဲ့ အဓိကရည်ရွယ်ချက်ကတော့ ဟဂ်ျခရီးစဉ် လာရောက်ကြမယ့် သူတွေအတွက် သက်တောင့်သက်သာရှိပြီး အရည်အသွေးမြင့် ၀န်ဆောင်မှုတွေ ပေးဖို့ဖြစ်ပြီး ဘုရင်ကြီးရဲ့ ကိုယ်စားလှယ်တွေလည်း ဒီအစည်းအဝေးမှာ တက်ရောက်ပါဝင်ခဲ့ပါတယ်။ ဒါ့ကြောင့် ဒီနှစ် ဟဂ်ျခရီးစဉ်မှာ ဘေးအန္တရာယ်ဆိုင်ရာ အစီအမံတွေကို ပိုပြီးတွေ့လာရဖို့ ရှိပါတယ်။

    Ref; ArabNews

  • နယူးဇီလန်၏ ထိပ်တန်းနည်းပညာတက္ကသိုလ်မှ ပညာသင်ဆုကို မြန်မာနိုင်ငံဖွားတစ်ဦး ရရှိ

    နယူးဇီလန်၏ ထိပ်တန်းနည်းပညာတက္ကသိုလ်မှ ပညာသင်ဆုကို မြန်မာနိုင်ငံဖွားတစ်ဦး ရရှိ

    မတ် ၂၆၊ ၂၀၁၆
    M-Media

    wintec

    – နယူးဇီလန်၏ ထိပ်တန်း နည်းပညာတက္ကသိုလ် Wintec မှ ချီးမြှင့်သည့် Gordon Chesterman ပညာတော်သင်ဆုကို မြန်မာနိုင်ငံမှ ဒုက္ခသည်အဖြစ် လာရောက်နေထိုင်သည့် ကျောင်းသူတစ်ဦးက ရရှိခဲ့သည်ဟု သိရသည်။

    အသက် ၂၇ နှစ်အရွယ် ဖြူဖြူလွင်ကျော်ဖြစ်ပြီး အသုံးချ သတင်းအချက်အလက် နည်းပညာ ဘာသာရပ်ဖြင့် ဘွဲ့ရရှိထားသူ ဖြစ်သည်။ မုဆိုးမဖြစ်သူ မိခင်နှင့် နေထိုင်ရသည့် သူမမှာ ၂၀၀၈ ခုနှစ်က မလေးရှားသို့ ဒုက္ခသည်အဖြစ် ရောက်ရှိခဲ့ပြီးနောက် ၂၀၁၃ ခုနှစ်တွင် နယူးဇီလန်၌ နေရာချထားပေးခြင်း ခံခဲ့ရသည်။

    ထို့နောက် Wintec ၏ အင်္ဂလိပ်ဘာသာစကား သင်ကြားပေးသည့်အစီအစဉ်ကို တက်ရောက်ခဲ့သည်။ သူမမှာ မြန်မာနိုင်ငံတွင် ကွန်ပျူတာတက္ကသိုလ်မှ ဘွဲ့ရခဲ့သူဖြစ်ပြီး Wintec တွင် အသုံးချ သတင်းအချက်အလက်နည်းပညာ အထူးပြုဖြင့် တက်ရောက်ကာ နယူးဇီလန်၌ ထပ်မံဘွဲ့ရခဲ့သည်။

    “ဒီနယ်ပယ်မှာ အလုပ်အကိုင်အခွင့်အလမ်း ကောင်းမွန်တယ်ဆိုတာ ကျွန်မသိပါတယ်။ ကွန်ပျူတာနဲ့ပတ်သက်ပြီး ကျွန်မ အခြေခံ တတ်ကျွမ်းထားပြီး ဖြစ်ပေမယ့် မြန်မာနိုင်ငံက ပညာရေးက ဒီမှာနဲ့မတူပါဘူး။ ကျွန်မရဲ့ အိပ်မက်က ၀ဘ်ဆိုက်ဖန်တီးသူတစ်ယာက် ဖြစ်ဖို့ပါ။ ကျွန်မရဲ့ ကျွမ်းကျင်မှုကို အကူအညီဖြစ်စေမယ့် အခွင့်အလမ်း နယူးဇီလန်မှာ ရတဲ့အတွက် ကျေနပ်မိပါတယ်။ အခုတော့ ဒီနေရာကို ကျွန်မရဲ့ ဇာတိလို့ ခံစားရပါပြီ။ ဒီ ပညာတော်သင်ဆုဟာ ကျွန်မရဲ့ဘ၀ကို ပြောင်းလဲပေးမှာပါ။ ဒါက ကျွန်မကို ယုံကြည်မှုမြင့်မားစေတယ်။ ကျွန်မ ရှေ့ဆက်လျှောက်ဖို့၊ ကျွန်မရဲ့ လေ့လာမှုကို အဆုံးသတ်နိုင်ဖို့ လိုအပ်နေတဲ့ အားတစ်ခုလည်း ဖြစ်ပါတယ်” ဟု ဖြူဖြူလွင်ကျော်က ပြောကြားခဲ့သည်။

    ကန်ဒေါ်လာ ၁၅၀၀၀ တန်ဖိုးရှိ ပညာတော်သင်ဆုအား ဗုဒ္ဓဟူးနေ့က ဂေါ်ဒွန်ချက်စတာမန်ကိုယ်တိုင် ချီးမြှင့်ပေးခဲ့ခြင်းဖြစ်ပြီး၊ ဖြူဖြူလွင်ကျော်၏ ပညာရပ်အပေါ် စိတ်ဝင်စားမှု၊ လူ့အဖွဲ့အစည်းအား ကူညီမှု၊ ခေါင်းဆောင်မှုစွမ်းရည် ရှိမှုတို့အတွက် အထင်ကြီး လေးစားခဲ့ရသည်ဟု ချက်စတာမန်က ပြောကြားခဲ့သည်။

    Ref: Wintec