News @ M-Media

Blog

  • ရိုဟင်ဂျာများအား ငြှင်းပမ်းနှိပ်စက်မှုမှာ လူမျိုးတုံးသတ်ဖြတ်မှုအဖြစ် မှတ်ယူ၍မရဟု အမေရိကန်ပြော

    ရိုဟင်ဂျာများအား ငြှင်းပမ်းနှိပ်စက်မှုမှာ လူမျိုးတုံးသတ်ဖြတ်မှုအဖြစ် မှတ်ယူ၍မရဟု အမေရိကန်ပြော

    မတ် ၂၂၊ ၂၀၁၆
    M-Media

    rohingya

    – မြန်မာအစိုးရမှာ ရိုဟင်ဂျာများကို ငြှင်းပမ်းနှိပ်စက်မှုများ ပြုလုပ်နေသော်လည်း ထိုအပြုအမူများက လူမျိုးတုံး သတ်ဖြတ်မှုအဖြစ် မှတ်ယူ၍မရဟု အမေရိကန်အစိုးရက ယမန်နေ့တွင် ကြေငြာလိုက်သည်။

    “သူတို့တွေဟာ ငြှင်းပမ်းနှိပ်စက်မှုကို ခံနေရတယ်ဆိုတာ မေးစရာမလိုပေမယ့် ဒါဟာ လူမျိုးတုံးသတ်ဖြတ်မှုအဆင့်လို့ ကျွန်တော်တို့ မသတ်မှတ်ပါဘူး” ဟု အမေရိကန်အစိုးရမှ ပြောရေးဆိုခွင့်ရှိသူ ဂျွန် ကီရ်ဘီက ပြောကြားခဲ့သည်။

    ကွန်ဂရက်တို့ တင်သွင်းသော အစီရင်ခံစာတွင် ရိုဟင်ဂျာများအပေါ် ငြှင်းပမ်းမှုများအတွက် အမေရိကန်အစိုးရက အလွန်အမင်း စိုးရိမ်မိသည်ဟု ဖော်ပြထားသည်။

    ရခိုင်ပြည်နယ်တွင် ၂၀၁၂ ခုနှစ်က ဖြစ်ပွားခဲ့သည့် အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် သိန်းနှင့်ချီသော ရိုဟင်ဂျာများမှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပြီး ဆင်းရဲမွဲတေမှုနှင့် နှိပ်စက်မှုများကို ဆက်လက် ခံစားနေရသည်။ နိုင်ငံတကာအသိုင်းအ၀ိုင်းကမူ ထိုကိစ္စအတွက် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန် တိုက်တွန်းခဲ့ကြပြီး အချို့က လူမျိုးတုံးသတ်ဖြတ်မှုအတွက် ထင်ရှားသည့် အထောက်အထားများ ရှိနေသည်ဟုပင် ပြောကြားခဲ့သည်။

    အမေရိကန်နှင့် ဥရောပသမဂ္ဂတို့ကမူ ဒေါ်အောင်ဆန်းစုကြည်၏ အစိုးရသစ်လက်ထက်တွင် ရိုဟင်ဂျာများ၏ အခြေအနေများမှာ တိုးတက်လာမည်ဟု မျှော်လင့်ကြောင်း၊ သို့မှသာ ထိုင်းနှင့် အခြားနိုင်ငံများသို့ ရွှေ့ပြောင်းအခြေချသူများ ထွက်ပြေးမှု လျော့ကျသွားမည်ဖြစ်ကြောင်း ယမန်နေ့က ပြောကြားခဲ့သည်။

    အမေရိကန်ကွန်ဂရက်မှာ မြန်မာနိုင်ငံရှိ ဗုဒ္ဓဘာသာအစွန်းရောက်များက ရိုဟင်ဂျာများအပေါ် ရက်စက်ကြမ်းကြုတ်မှုများ ကျူးလွန်ခြင်း ရှိ၊ မရှိကို အစိုးရ၊ လူ့အခွင့်အရေးအဖွဲ့များနှင့် ဆွေးနွေးညှိနှိုင်းကာ ကွန်ဂရက်သို့ အစီရင်ခံစာတင်သွင်းရန် ပြီးခဲ့သည့်နှစ်က နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီအား ညွှန်ကြားခဲ့သည်။ ထို့ပြင် အစ္စလာမ့်မစ်အစွန်းရောက်များက ခရစ်ယာန်နှင့် ဘာသာရေးအုပ်စုများအား ကျူးလွန်မှုကို လူမျိုးတုံးသတ်ဖြတ်မှုအဖြစ် သတ်မှတ်၍ ရ၊ မရ အစီရင်ခံစာ ပေးပို့ရန်လည်း ပါဝင်ခဲ့ပြီး အစီရင်ခံစာ တင်သွင်းရမည့် နောက်ဆုံးရက်ကို မတ်လ ၁၇ ရက်နေ့အဖြစ် သတ်မှတ်ခဲ့သည်။

    ဂျွန်ကယ်ရီမှ တင်သွင်းသော အစီရင်ခံစာတွင် IS အဖွဲ့မှာ ခရစ်ယာန်များ၊ ယာဇီဒီများနှင့် ရှီယိုက်မွတ်စလင်များကို လူမျိုးတုံး သတ်ဖြတ်နေသည်ဟု ထည့်သွင်းဖော်ပြထားသည်။

    Ref: Reuters

  • ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပရိတ်သတ်များကို ထူးခြားသည့်နည်းလမ်းများဖြင့် နေရာထိုင်ခင်းပေးမည်

    ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပရိတ်သတ်များကို ထူးခြားသည့်နည်းလမ်းများဖြင့် နေရာထိုင်ခင်းပေးမည်

    မတ် ၂၂၊ ၂၀၁၆
    M-Media

    quata

    – အရှေ့အလယ်ပိုင်း၏ ဖော်ရွေမှုနှင့် မိတ်ဆွေပီသမှုကို ပြသရန်အတွက် ၂၀၂၂ ကမ္ဘာဖလားပြိုင်ပွဲအတွင်း ဘောလုံးကွင်းနားရှိ သဲကန္တာရများတွင် အာရပ်လူမျိုးများ၏ ရိုးရာဖြစ်သော မြေစိုက်တဲများကို ထိုးပေးကာ ပရိတ်သတ်များအား ထားရှိသွားမည်ဟု ကာတာနိုင်ငံက ကြေငြာလိုက်သည်။

    ၂၀၂၂ ခုနှစ် ဒီဇင်ဘာလတွင် ကျင်းပရန် စီစဉ်ထားသည့် အဆိုပါကမ္ဘာဖလားပွဲတွင် ကမ္ဘာတစ်ဝှမ်းမှ ပရိတ်သတ်ပေါင်း ၅ သိန်းဝန်းကျင် လာရောက်မည်ဟု ခန့်မှန်းထားပြီး၊ ဆောက်လုပ်ပေးမည့်တဲများမှာလည်း ဆန်းသစ်ကာ အာရပ်တို့၏ ယဉ်ကျေးမှုကို ရောင်ပြန်ဟပ်မည်ဖြစ်သည်။

    “ဒီကမ္ဘာဖလားရဲ့ အဓိကကိစ္စဟာ အရှေ့အလယ်ပိုင်းရဲ့ ဖော်ရွေမှုနဲ့ မိတ်ဆွေပီသမှုကို ပြသဖို့ပါပဲ။ ဒါ့ကြောင့် ၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလားမှာ ထူးခြားတဲ့ အတွေ့အကြုံကို ပရိတ်သတ်တွေ ရရှိစေဖို့အတွက် ကြယ်တာယာအောက်မှာ အိပ်စက်ခြင်းဆိုတဲ့ အခြေအနေကို ဖန်တီးပေးဖို့ ကျွန်တော်တို့ ဆန်းစစ်မှုတွေ ပြုလုပ်နေတာပါ” ဟု ကာတာ ကမ္ဘာ့ဖလား ကျင်းပရေး ဗဟိုကော်မတီက ထုတ်ပြန်သော ကြေငြာချက်တွင် ဖော်ပြထားသည်။

    ထို့ပြင် ပရိတ်သတ် ၁၂၀၀၀ ၀န်းကျင်ကိုလည်း ပြိုင်ပွဲကာလအတွင်း ဇိမ်ခံသင်္ဘောများတွင် နေရထိုင်ခင်းပေးရန် အစီအစဉ်ရှိနေသည်ဟု ကာတာ ခရီးသွားလာရေး အာဏာပိုင်အဖွဲ့ QTA က ပြောကြားခဲ့သည်။

    ကမ္ဘာ့ဖလား အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့် ရရှိပြီးကတည်းက ကာတာမှာ အခြေခံအဆောက်အဦးများ မြှင့်တင်ခြင်း၊ ဟိုတယ်များနှင့် လူနေအဆောက်ဦးများ ဆောက်လုပ်ခြင်းတို့ကို ဒေါ်လာ ဘီလီယံပေါင်းများစွာ အကုန်ခံ၍ ဆောင်ရွက်နေသည်။

    Ref : Aljazeera

  • ကွန်ဂိုဒုသမ္မတဟောင်းကို စစ်ရာဇ၀တ်မှု ကျူးလွန်သူအဖြစ် ICC သတ်မှတ်

    ကွန်ဂိုဒုသမ္မတဟောင်းကို စစ်ရာဇ၀တ်မှု ကျူးလွန်သူအဖြစ် ICC သတ်မှတ်

    မတ် ၂၂၊ ၂၀၁၆
    M-Media

    congo

    – ကွန်ဂိုဒုတိယသမ္မတဟောင်း ဂျီယန် ပီယာရီ ဘမ်ဘာမှာ လွန်ခဲ့သည့် ဆယ်စုနှစ်တစ်ခုအရင်က ကျူးလွန်ခဲ့သည့် စစ်ရာဇ၀တ်မှုများနှင့် လူသားထုအပေါ်ကျူးလွန်သည့် ရာဇ၀တ်မှုများအတွက် အပြစ်ရှိကြောင်း တွေ့ရှိရသည်ဟု နိုင်ငံတကာ ရာဇ၀တ်မှုဆိုင်ရာ တရားရုံး ICC က ဆုံးဖြတ်လိုက်သည်။

    ဘမ်ဘာမှာ စစ်သား ၁၅၀၀ ပါဝင်သည့် တပ်ဖွဲ့တစ်ခုကို ကွပ်ကဲစဉ်က ထိုတပ်သားများ ကျူးလွန်ခဲ့သည့် လူသတ်မှု၊ မုဒိမ်းကျင့်မှု၊ လုယက်မှုများနှင့်ပတ်သက်၍ တာဝန်ရှိမှုအတွက် ကြားနာစစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီးနောက် ယမန်နေ့က ထိုကဲ့သို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

    စွဲချက်များတွင် လူသားထုအပေါ်ကျူးလွန်သည့် ရာဇ၀တ်မှု နှစ်ခု၊ စစ်ရာဇ၀တ်မှု ၃ ခုတို့ ပါဝင်ပြီး ထိုစဉ်က ဗဟိုအာဖရိကနိုင်ငံတွင် ဖြစ်ပွားသည့် ပြည်တွင်းစစ်အတွင်း သမ္မတ အန်ဂီဖီလစ် ပါတက်ဆီဘက် ဘမ်ဘာ၏ ပြည်သူ့စစ်များက ပါဝင်ခဲ့ရာတွင် ကျူးလွန်ခဲ့မှုများဖြစ်သည်။

    ၅ နှစ်ကျော်ကြာ ကြားနာစစ်ဆးခဲ့ရသည့် ဘမ်ဘာ၏ အမှုတွဲမှာ ပဋိပက္ခများအတွင်း စစ်သားများ၏ လိင်ပိုင်းဆိုင်ရာ စော်ကားမှုအတွက် နိုင်ငံတကာရာဇ၀တ်ခုံရုံးတွင် ပထမဆုံး ကြားနာမှုလည်း ဖြစ်သည်။ လူ့အခွင့်အရေးအဖွဲ့များကမူ ထိုဆုံးဖြတ်ချက်ကို ကြိုဆိုခဲ့သည်။

    ဘမ်ဘာမှာ ငွေကြေးကြွယ်ဝသည့် စီးပွားရေးသမားတစ်ဦးဖြစ်ပြီး ၎င်းဦးဆောင်သည့် ကွန်ဂိုလွတ်မြောက်ရေးလှုပ်ရှားမှု (MLC) ၏ ပြည်သူ့စစ်အဖွဲ့နှင့် နိုင်ငံရေးပါတီမှာ ၂၀၀၀ ပြည့်နှစ်းများတွင် ကွန်ဂိုနိုင်ငံ၌ လွှမ်းမိုးခဲ့သည်။

    ယခုကဲ့သို့ စစ်ရာဇ၀တ်မှုနှင့် လူသားထုအပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများအတွက် အပြစ်ရှိကြောင်း တွေ့ရှိခဲ့ရသည့် ဘမ်ဘာမှာ အနည်းဆုံး ထောင်ဒဏ် နှစ် ၃၀ မှ တစ်သက်တစ်ကျွန်းအထိ ကျခံရဖွယ်ရှိနေသည်။

    Ref: Aljazeera

  • ကမ္ဘာကြီးက လက်စတာအကြောင်းပြောနေသည်ကို ရာနီယေးရီ ပီတိဖြစ်နေ

    ကမ္ဘာကြီးက လက်စတာအကြောင်းပြောနေသည်ကို ရာနီယေးရီ ပီတိဖြစ်နေ

    မတ် ၂၂၊ ၂၀၁၆
    M-Media

    Leicester 4

    – မိမိအသင်း ပရီးမီးယားလိဂ်ဖလား ရရှိနိုင်မည့်အကြောင်း ကမ္ဘာကြီးက ပြောနေကြသည်ကို ကြည့်ရသည်မှာ နှစ်ထောင်းအားရ ဖြစ်ရသည်ဟု လက်စတာနည်းပြ ကလော်ဒီယို ရာနီယေးရီက ပြောကြားလိုက်သည်။

    ကစားရန် ၇ ပွဲ ကျန်ရှိသည့်အချိန်တွင် လက်စတာမှာ ဒုတိယနေရာမှ စပါးအား ၅ မှတ်ဖြတ်၍ ဦးဆောင်ထားပြီး ပရီးမီးယားလိဂ်တွင် သမိုင်းသစ်ရေးထိုးနိုင်မည့် အလားအလာ ရှိနေသည်။ ရာနီယေးရီကမူ ၎င်း၏အသင်း ထိုအခြေအနေအတွက် ကျေနပ်နေသည်။

    “တစ်လောတုန်းက ကျွန်တော် အီတလီပြန်သွားတဲ့အခါ လူတိုင်းက လက်စတာအကြောင်း ပြောနေကြပါတယ်။ ပုပ်ရဟန်းမင်းကြီးက ကျွန်တော်တို့ကို အားပေးမလားဆိုတာ ကျွန်တော် မသိပါဘူး။ ဒါပေမယ့် အခုအချိန်မှာ လက်စတာဟာ ဘယ်နေရာရှိနေလဲဆိုတာ ကမ္ဘာကြီးက သိနေပါတယ်။ ကျွန်တော် CNN ကိုလည်း ဖွင့်ကြည့်ပြီး အဲဒီမှာလည်း လက်စတာအကြောင်းပဲ ပြောနေကြပါတယ်” ဟု ရာနီယေးရီက ပြောကြားခဲ့သည်။

    Ref: Goal

  • ပင်လယ်ကွေ့ဒေသတွင် သမိုင်းသစ်ရေးထိုးနေသည့် အိုမန်တင်းနစ်မယ်

    ပင်လယ်ကွေ့ဒေသတွင် သမိုင်းသစ်ရေးထိုးနေသည့် အိုမန်တင်းနစ်မယ်

    မတ် ၂၁၊ ၂၀၁၆
    M-Media

    oman 1

    – အိုမန်နိုင်ငံမှ အမျိုးသမီးတင်းနစ်မယ်ဖြစ်သော ဖာတမာ အလ်-နဘ်ဟာနီ (Fatma Al Nabhani) တစ်ယောက် သူမ၏ အားကစားသမားဘ၀ တစ်လျှောက်လုံးတွင် နယ်ပယ်အသစ်သို့ ရွက်လွှင့်နေသူဖြစ်သည်။

    အသက် ၂၄ နှစ်အရွယ်သာရှိသေးပြီး မြို့တော် မူစကတ် (Muscat) တွင် မွေးဖွားကြီးပြင်းသည့် အလ်-နဘ်ဟာနီက လက်ရှိအချိန်တွင် ပင်လယ်ကွေ့နိုင်ငံများမှ အိုလံပစ်ပြိုင်ပွဲသို့ ၀င်ရောက်ယှဉ်ပြိုင်သော ပထမဆုံးအမျိုးသမီးဖြစ်မည့် လမ်းကြောင်းပေါ်တွင် ရှိနေလေ၏။

    ဘရာဇီးလ်နိုင်ငံ ရီယိုဒီဂျနေရိုးတွင်ပြုလုပ်မည့် အဆိုပါ အိုလံပစ်ပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်ခွင့်ရပါက သူမအတွက် မည်မျှလောက် အဓိပ္ပါယ်ရှိမည်နည်းဟု မေးမြန်းသည့်အခါတွင် သူမ၏ မျက်လုံးအစုံက ၀င်းလက်တောက်ပကာ “အရမ်း အဓိပ္ပါယ်ရှိတာပေါ့ရှင်” ဟု မေးခွန်းမဆုံးခင် အပြုံးတစ်ပိုင်းဖြင့် ဖြေကြားခဲ့သည်။

    အိုလံပစ်ပြိုင်ပွဲ ကျင်းပရန် ၃ လခန့်လိုနေသေးပြီး အလ်-နဘ်ဟာနီ ၀င်ရောက်ယှဉ်ပြိုခွင့်ရရန်အတွက် အဆင့်မှာ ၆၀ ခန့် ခုန်တက်ရန် လိုအပ်နေသေးသည်။ သို့သော်လည်း ပင်လယ်ကွေ့ဒေသတွင်တော့ သူမက သမိုင်းသစ်ရေးနေသူဖြစ်သည်။

    ပင်လယ်ကွေ့နိုင်ငံများတွင် အမျိုးသမီးများအတွက် တင်းနစ်ကွင်းများက လိုအပ်မှ အသုံးပြုသည့်နေရာများ ဖြစ်နေသည်မှာ ၁၀ စုနှစ်နှစ်ခုခန့် ကြာမြင့်နေပြီဖြစ်သည်။ ဒူဘိုင်းနှင့် ဒိုဟာနိုင်ငံများက ထိပ်တန်း တင်းနစ်ပြိုင်ပွဲ ၅ ခုကို နှစ်စဉ် ကျင်းပနေပြီး အလ်-နဘ်ဟာနီက အခွင့်ထူးခံအဖြစ် ၀င်ရောက်ယှဉ်ပြိုင်ခွင့်ရကာ ကမ္ဘာ့အကောင်းဆုံး တင်းနစ်မယ်များနှင့် လက်ရည်စမ်းခွင့် ရရှိလေသည်။

    အလ်-နဘ်ဟာနီ၏ တင်းနစ်မယ်ဘ၀ကို မိသားစုကလည်း အားပေးသည်။ အစ်ကို ၂ ဦးစလုံးမှာ ဖရော်ဖက်ရှင်နယ် တင်းနစ်သမားများဖြစ်ပြီး မိခင်ဖြစ်သူက သူမ၏ နည်းပြအဖြစ် ဆောင်ရွက်သည်။ နဘ်ဟာနီတစ်ယောက် အသက် ၄ နှစ်အရွယ်ကပင် တင်းနစ်ရိုက်တံကို စကိုင်ခဲ့ပြီး တစ်ဖြည်းဖြည်းဖြင့် အငယ်တန်း တင်းနစ်မယ်ဘ၀ကို ရောက်လာခဲ့ကာ အငယ်တန်းကမ္ဘာ့အဆင့် ၃၃ အထိ ရရှိခဲ့သည်။

    “ကျွန်မ ကံကောင်းတာက အစ်ကိုကြီးတွေကလည်း တင်းနစ်သမားတွေဆိုတော့ သူတို့နဲ့ ကစားဖြစ်တာပေါ့။ ကျွန်မ အစ်ကိုတွေသာ တင်းနစ်မကစားဘူးဆိုရင် ကျွန်မ ဘယ်သူနဲ့မှ ကစားဖြစ်မှာ မဟုတ်ပါဘူး” ဟု သူမက ဖွင့်ဟ ပြောကြားခဲ့သည်။

    အရပ် ၅ ပေ ၇ လက်မသာရှိသောကြောင့် နဘ်ဟာနီတစ်ယောက် ပြိုင်ဘက်များထက် အရပ်တွင် တစ်ပန်းရှုံးနေသည်။ သို့သော်လည်း သူမ၏ အားပါသည့်လက်ပြန်ရိုက်ချက်များက အားသာချက်တစ်ခု ဖြစ်နေပြီး၊ ကွင်းအတွင်းတွင်လည်း သူမက အားနှင့်မာန်နှင့် ကစားသည်။

    လက်ရှိအချိန်တွင် ကမ္ဘာ့အဆင့် ၃၆၇ ရှိနေသည့် နဘ်ဟာနီမှာ ပရော်ဖက်ရှင်နယ် တင်းနစ်ခရီးလမ်းကို တစ်ကိုယ်တည်းသာ လျှောက်လှမ်းခဲ့ရခြင်း ဖြစ်သည်။

    “ဘယ်သူမှ ကစားမယ့်သူမရှိဘဲ တစ်ယောက်တည်း လေ့ကျင်ရတာ တော်တော်ခက်ပါတယ်။ ကမ့်ဝင်ဖို့၊ လေ့ကျင့်ဖို့ အမြဲတမ်း နိုင်ငံခြားကို သွားနေရတယ်”

    သူမ ထူးချွန်ပေါက်မြောက်ရန်အတွက် မသေချာမှုများလည်း ရှိနေသည်။ ဒေသအတွင်း အားကစားဘက်တွင် အတုယူစရာ အမျိုးသမီးများ မရှိခြင်းက တင်းနစ်မယ်တစ်ဦးအဖြစ် သူမ၏ ရပ်တည်မှုကို ခက်ခဲစေသည်ဟု နဘ်ဟာနီက ၀န်ခံခဲ့သည်။

    “ငယ်ငယ်တုန်းကဆို အတုယူစရာ အမျိုးသမီးတစ်ယောက်လောက် ရှိချင်ခဲ့တယ်။ အရှေ့အလယ်ပိုင်း ဒါမှမဟုတ် ပင်လယ်ကွေ့နိုင်ငံတွေထဲက အမျိုးသမီး တစ်ဦးဦးဟာ ဒီလို အတုယူစရာ ရှိခဲ့မယ်ဆိုရင်တော့ ကျွန်မဟာ သူ့ထက်ပိုကောင်းအောင် လုပ်နိုင်မယ်လို့ နှလုံးသွင်းလို့ရမှာပေါ့။ ဒါပေမယ့် တစ်ယောက်တည်းဖြစ်နေတာကြောင့် လုပ်နိုင်မှာလား၊ မလုပ်နိုင်ဘူးလားဆိုတာကို မသိနိုင်ဘူးလေ။ ခက်ခဲတာပေါ့”

    oman 2
    မိခင်ဖြစ်သူ ဟာဒီယာနှင့်အတူ

    နဘ်ဟာနီအား ကွင်းတွင်း၊ ကွင်းပြင်တွင် အကြီးမားဆုံး ထောက်ပံ့ပေးသူကတော့ မိခင်ကြီး ဟာဒီယာ မိုဟာမက် (Hadia Mohammed) ဖြစ်သည်။ ဟာဒီယာမှာ သူမ၏ စိတ်ဓာတ်ခွန်းအားတိုးရာ အဓိက ရင်းမြစ်တစ်ခုလည်း ဖြစ်လေသည်။

    ယခုနှစ် ကာတာအိုပင်းတင်းနစ်ပြိုင်ပွဲ သမီးဖြစ်သူ၏ ပထမအဆင့်ပွဲတွင် ဟီဂျဘ်နှင့် ခြုံထည်အနက်ကို ၀တ်ဆင်ထားသည့် ဟာဒီယာတစ်ယောက် ကွင်းဘေးမှထိုင်ကာ အသံသြဇာကောင်းကောင်းဖြင့် ညွှန်ကြားခဲ့သည်။

    နဘ်ဟာနီက စပေးဘောရိုက်မည့်အခါတိုင်း ဟာဒီယာက မျက်လုံးမှိတ်ကာ သမီးအတွက် တိုးတိုးလေး ဆုတောင်းပေးလေ့ရှိသည်။ အမှားဖြစ်သည့်အခါတွင်လည်း အသံကျယ်ကျယ်ဖြင့် သတိပေးရန် သူမက ၀န်မလေး။ အမှတ်တစ်မှတ်ရရှိတိုင်း ၎င်းတို့သားအမိနှစ်ဦးက မျက်လုံးဖြင့် ဆက်သွယ်စကားပြောကြသည်။

    ဟာဒီယာမှာ အငြိမ်းစား အားကစားဆရာမတစ်ဦးဖြစ်ပြီး သမီးဖြစ်သူ အသက် ၁၆ နှစ်အရွယ်ကတည်းက နည်းပြခဲ့သူဖြစ်ကာ ဝေဖန်မှုများ၊ ဆန့်ကျင်မှုများကို အန်တုခဲ့သူလည်း ဖြစ်သည်။

    “ကျွန်မ အားလုံးကို ရင်ဆိုင်ခဲ့တယ်။ ‘မိန်းကလေးက အားကစားလုပ်လို့မှမရဘဲ’ ဆိုတဲ့ စကားတွေကို ကျွန်မက ဆန့်ကျင်တယ်။ အစပိုင်းမှာတော့ ကျွန်မကို တောပြောတောင်ပြော ပြောကြတာပေါ့လေ။ ဒါပေမယ့် ကျွန်မလုပ်တာက မှားနေတယ်လို့ မခံစားရဘူး။ ဘာသာရေးနဲ့ဆန့်ကျင်တာ၊ ယဉ်ကျေးမှုနဲ့ ဆန့်ကျင်တာကို ကျွန်မတို့ လုပ်နေတာမှ မဟုတ်တာ။ ကျွန်မတို့ အားကစားလုပ်နေတာရှင့်” ဟု ဟာဒီယာက ပွင့်ပွင့်လင်းလင်းပင် ပြောကြားခဲ့သည်။

    ဘာသာတရားကိုင်းရှိုင်းသည့် ပတ်ဝန်းကျင်တွင် ကြီးပြင်းလာသည့်အတွက်ကြောင့် နဘ်ဟာနီတစ်ယောက် တင်းနစ်ကွင်းအတွင်း အိနြေ္ဒသိက္ခာရှိသည့် ၀တ်စုံမျိုးကိုပင် ၀တ်ဆင်သည်။ Nike က သူမအတွက် လက်ဇကအင်္ကျီနှင့် စကတ်အောက်တွင် ဒူးခေါင်းအထိဖုံးသော ဘောင်းဘီကို ဖန်တီးပေးသည်။ ထိုဝတ်စုံကို သူမ အသက် ၁၈ နှစ်အရွယ်မှစတင်ကာ ၀တ်ဆင်ခဲ့ခြင်း ဖြစ်သည်။

    “ကစားတဲ့အခါမှာ သက်တောင့်သက်သာရှိအောင် ကျွန်မ ကြိုးစားပါတယ်။ ကျွန်မ ကိုယ်ပိုင်လမ်းကြောင်း ဖောက်နေပေမယ့် ကျွန်မ ကြီးပြင်းလာတဲ့ဒေသကိုလည်း ကျွန်မ အလေးထားပါတယ်” ဟု နဘ်ဟာနီက ပြောကြားခဲ့သည်။

    နဘ်ဟာနီ၏ ထိုကဲ့သို့ ကြိုးပမ်းအားထုတ်မှုများက တစ်နစ်ကစားသမားအပေါ် စိတ်ဝင်စားသည့် အိုမန်အမျိုးသမီးများထံ စိမ့်ဝင်ပြန့်နှံ့ခြင်းမရှိဟု သူမ၏ မိခင်က ရှုမြင်နေသည်။ တကယ်တော့ အိုမန်တင်းနစ်အဖွဲ့ချုပ်မှာ အမျိုးသမီးအသင်းအတွက် ၂ နှစ်တာ ကြိုးပမ်းခဲ့ပြီးနောက် ကစားသမား အလုံအလောက်မရသောကြောင့် ၎င်းတို့၏ စီမံကိန်းကို ရပ်ဆိုင်းခဲ့ရသည်။

    oman 3

    ထိုအတွက် မိဘများနှင့် ၎င်းတို့၏ ယဉ်ကျေးမှု စိတ်အခံကို ဟာဒီယာက အပြစ်တင်သည်။ ကံကောင်းထောက်မစွာဖြင့် မိဘများ၏ အားပေးထောက်ခံမှု အပြည့်အ၀ရခဲ့သော နဘ်ဟာနီက အခြားသူများ အတုယူရန် ဥပမာတစ်ခု ဖြစ်မည်ဟု မျှော်လင့်ရသည်။

    တင်းနစ်အပြင် သူမ၏ အစ်ကိုများနှင့် ငါးမျှားရသည်ကိုလည်း နဘ်ဟာနီက နှစ်သက်သည်။ ၄ ကီလိုဂရမ်ရှိ တူနာငါကြီးက သူမ ဖမ်းမိသမျှငါးထဲတွင် အကြီးဆုံးအဖြစ် မှတ်တမ်းဝင်ထားသည်။ သို့သော်လည်း အိုလံပစ်ပြိုင်ပွဲတွင် သမိုင်းဝင်ယှဉ်ပြိုင်ခွင့်အတွက် မျှော်မှန်းချက်နှင့်အတူ နဘ်ဟာနီတစ်ယောက် သြဂုတ်လ၌ ဘရာဇီးလ်ရေပြင်တွင် ငါးမျှားခွင့် ရရှိကောင်း ရရှိနိုင်ပေလိမ့်မည်။

    Ref: Aljazeera

    (Fatma Al Nabhani: Oman’s top female tennis player ဆောင်းပါးကို လေးမောင်က ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)