News @ M-Media
Blog
  • ကမ္ဘာကြီးက လက်စတာအကြောင်းပြောနေသည်ကို ရာနီယေးရီ ပီတိဖြစ်နေ
    ကမ္ဘာကြီးက လက်စတာအကြောင်းပြောနေသည်ကို ရာနီယေးရီ ပီတိဖြစ်နေ
    မတ် ၂၂၊ ၂၀၁၆
    M-Media
    Leicester 4
    – မိမိအသင်း ပရီးမီးယားလိဂ်ဖလား ရရှိနိုင်မည့်အကြောင်း ကမ္ဘာကြီးက ပြောနေကြသည်ကို ကြည့်ရသည်မှာ နှစ်ထောင်းအားရ ဖြစ်ရသည်ဟု လက်စတာနည်းပြ ကလော်ဒီယို ရာနီယေးရီက ပြောကြားလိုက်သည်။
    ကစားရန် ၇ ပွဲ ကျန်ရှိသည့်အချိန်တွင် လက်စတာမှာ ဒုတိယနေရာမှ စပါးအား ၅ မှတ်ဖြတ်၍ ဦးဆောင်ထားပြီး ပရီးမီးယားလိဂ်တွင် သမိုင်းသစ်ရေးထိုးနိုင်မည့် အလားအလာ ရှိနေသည်။ ရာနီယေးရီကမူ ၎င်း၏အသင်း ထိုအခြေအနေအတွက် ကျေနပ်နေသည်။
    “တစ်လောတုန်းက ကျွန်တော် အီတလီပြန်သွားတဲ့အခါ လူတိုင်းက လက်စတာအကြောင်း ပြောနေကြပါတယ်။ ပုပ်ရဟန်းမင်းကြီးက ကျွန်တော်တို့ကို အားပေးမလားဆိုတာ ကျွန်တော် မသိပါဘူး။ ဒါပေမယ့် အခုအချိန်မှာ လက်စတာဟာ ဘယ်နေရာရှိနေလဲဆိုတာ ကမ္ဘာကြီးက သိနေပါတယ်။ ကျွန်တော် CNN ကိုလည်း ဖွင့်ကြည့်ပြီး အဲဒီမှာလည်း လက်စတာအကြောင်းပဲ ပြောနေကြပါတယ်” ဟု ရာနီယေးရီက ပြောကြားခဲ့သည်။
    Ref: Goal
  • ပင်လယ်ကွေ့ဒေသတွင် သမိုင်းသစ်ရေးထိုးနေသည့် အိုမန်တင်းနစ်မယ်
    ပင်လယ်ကွေ့ဒေသတွင် သမိုင်းသစ်ရေးထိုးနေသည့် အိုမန်တင်းနစ်မယ်
    မတ် ၂၁၊ ၂၀၁၆
    M-Media
    oman 1
    – အိုမန်နိုင်ငံမှ အမျိုးသမီးတင်းနစ်မယ်ဖြစ်သော ဖာတမာ အလ်-နဘ်ဟာနီ (Fatma Al Nabhani) တစ်ယောက် သူမ၏ အားကစားသမားဘ၀ တစ်လျှောက်လုံးတွင် နယ်ပယ်အသစ်သို့ ရွက်လွှင့်နေသူဖြစ်သည်။
    အသက် ၂၄ နှစ်အရွယ်သာရှိသေးပြီး မြို့တော် မူစကတ် (Muscat) တွင် မွေးဖွားကြီးပြင်းသည့် အလ်-နဘ်ဟာနီက လက်ရှိအချိန်တွင် ပင်လယ်ကွေ့နိုင်ငံများမှ အိုလံပစ်ပြိုင်ပွဲသို့ ၀င်ရောက်ယှဉ်ပြိုင်သော ပထမဆုံးအမျိုးသမီးဖြစ်မည့် လမ်းကြောင်းပေါ်တွင် ရှိနေလေ၏။
    ဘရာဇီးလ်နိုင်ငံ ရီယိုဒီဂျနေရိုးတွင်ပြုလုပ်မည့် အဆိုပါ အိုလံပစ်ပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်ခွင့်ရပါက သူမအတွက် မည်မျှလောက် အဓိပ္ပါယ်ရှိမည်နည်းဟု မေးမြန်းသည့်အခါတွင် သူမ၏ မျက်လုံးအစုံက ၀င်းလက်တောက်ပကာ “အရမ်း အဓိပ္ပါယ်ရှိတာပေါ့ရှင်” ဟု မေးခွန်းမဆုံးခင် အပြုံးတစ်ပိုင်းဖြင့် ဖြေကြားခဲ့သည်။
    အိုလံပစ်ပြိုင်ပွဲ ကျင်းပရန် ၃ လခန့်လိုနေသေးပြီး အလ်-နဘ်ဟာနီ ၀င်ရောက်ယှဉ်ပြိုခွင့်ရရန်အတွက် အဆင့်မှာ ၆၀ ခန့် ခုန်တက်ရန် လိုအပ်နေသေးသည်။ သို့သော်လည်း ပင်လယ်ကွေ့ဒေသတွင်တော့ သူမက သမိုင်းသစ်ရေးနေသူဖြစ်သည်။
    ပင်လယ်ကွေ့နိုင်ငံများတွင် အမျိုးသမီးများအတွက် တင်းနစ်ကွင်းများက လိုအပ်မှ အသုံးပြုသည့်နေရာများ ဖြစ်နေသည်မှာ ၁၀ စုနှစ်နှစ်ခုခန့် ကြာမြင့်နေပြီဖြစ်သည်။ ဒူဘိုင်းနှင့် ဒိုဟာနိုင်ငံများက ထိပ်တန်း တင်းနစ်ပြိုင်ပွဲ ၅ ခုကို နှစ်စဉ် ကျင်းပနေပြီး အလ်-နဘ်ဟာနီက အခွင့်ထူးခံအဖြစ် ၀င်ရောက်ယှဉ်ပြိုင်ခွင့်ရကာ ကမ္ဘာ့အကောင်းဆုံး တင်းနစ်မယ်များနှင့် လက်ရည်စမ်းခွင့် ရရှိလေသည်။
    အလ်-နဘ်ဟာနီ၏ တင်းနစ်မယ်ဘ၀ကို မိသားစုကလည်း အားပေးသည်။ အစ်ကို ၂ ဦးစလုံးမှာ ဖရော်ဖက်ရှင်နယ် တင်းနစ်သမားများဖြစ်ပြီး မိခင်ဖြစ်သူက သူမ၏ နည်းပြအဖြစ် ဆောင်ရွက်သည်။ နဘ်ဟာနီတစ်ယောက် အသက် ၄ နှစ်အရွယ်ကပင် တင်းနစ်ရိုက်တံကို စကိုင်ခဲ့ပြီး တစ်ဖြည်းဖြည်းဖြင့် အငယ်တန်း တင်းနစ်မယ်ဘ၀ကို ရောက်လာခဲ့ကာ အငယ်တန်းကမ္ဘာ့အဆင့် ၃၃ အထိ ရရှိခဲ့သည်။
    “ကျွန်မ ကံကောင်းတာက အစ်ကိုကြီးတွေကလည်း တင်းနစ်သမားတွေဆိုတော့ သူတို့နဲ့ ကစားဖြစ်တာပေါ့။ ကျွန်မ အစ်ကိုတွေသာ တင်းနစ်မကစားဘူးဆိုရင် ကျွန်မ ဘယ်သူနဲ့မှ ကစားဖြစ်မှာ မဟုတ်ပါဘူး” ဟု သူမက ဖွင့်ဟ ပြောကြားခဲ့သည်။
    အရပ် ၅ ပေ ၇ လက်မသာရှိသောကြောင့် နဘ်ဟာနီတစ်ယောက် ပြိုင်ဘက်များထက် အရပ်တွင် တစ်ပန်းရှုံးနေသည်။ သို့သော်လည်း သူမ၏ အားပါသည့်လက်ပြန်ရိုက်ချက်များက အားသာချက်တစ်ခု ဖြစ်နေပြီး၊ ကွင်းအတွင်းတွင်လည်း သူမက အားနှင့်မာန်နှင့် ကစားသည်။
    လက်ရှိအချိန်တွင် ကမ္ဘာ့အဆင့် ၃၆၇ ရှိနေသည့် နဘ်ဟာနီမှာ ပရော်ဖက်ရှင်နယ် တင်းနစ်ခရီးလမ်းကို တစ်ကိုယ်တည်းသာ လျှောက်လှမ်းခဲ့ရခြင်း ဖြစ်သည်။
    “ဘယ်သူမှ ကစားမယ့်သူမရှိဘဲ တစ်ယောက်တည်း လေ့ကျင်ရတာ တော်တော်ခက်ပါတယ်။ ကမ့်ဝင်ဖို့၊ လေ့ကျင့်ဖို့ အမြဲတမ်း နိုင်ငံခြားကို သွားနေရတယ်”
    သူမ ထူးချွန်ပေါက်မြောက်ရန်အတွက် မသေချာမှုများလည်း ရှိနေသည်။ ဒေသအတွင်း အားကစားဘက်တွင် အတုယူစရာ အမျိုးသမီးများ မရှိခြင်းက တင်းနစ်မယ်တစ်ဦးအဖြစ် သူမ၏ ရပ်တည်မှုကို ခက်ခဲစေသည်ဟု နဘ်ဟာနီက ၀န်ခံခဲ့သည်။
    “ငယ်ငယ်တုန်းကဆို အတုယူစရာ အမျိုးသမီးတစ်ယောက်လောက် ရှိချင်ခဲ့တယ်။ အရှေ့အလယ်ပိုင်း ဒါမှမဟုတ် ပင်လယ်ကွေ့နိုင်ငံတွေထဲက အမျိုးသမီး တစ်ဦးဦးဟာ ဒီလို အတုယူစရာ ရှိခဲ့မယ်ဆိုရင်တော့ ကျွန်မဟာ သူ့ထက်ပိုကောင်းအောင် လုပ်နိုင်မယ်လို့ နှလုံးသွင်းလို့ရမှာပေါ့။ ဒါပေမယ့် တစ်ယောက်တည်းဖြစ်နေတာကြောင့် လုပ်နိုင်မှာလား၊ မလုပ်နိုင်ဘူးလားဆိုတာကို မသိနိုင်ဘူးလေ။ ခက်ခဲတာပေါ့”
    oman 2
    မိခင်ဖြစ်သူ ဟာဒီယာနှင့်အတူ
    နဘ်ဟာနီအား ကွင်းတွင်း၊ ကွင်းပြင်တွင် အကြီးမားဆုံး ထောက်ပံ့ပေးသူကတော့ မိခင်ကြီး ဟာဒီယာ မိုဟာမက် (Hadia Mohammed) ဖြစ်သည်။ ဟာဒီယာမှာ သူမ၏ စိတ်ဓာတ်ခွန်းအားတိုးရာ အဓိက ရင်းမြစ်တစ်ခုလည်း ဖြစ်လေသည်။
    ယခုနှစ် ကာတာအိုပင်းတင်းနစ်ပြိုင်ပွဲ သမီးဖြစ်သူ၏ ပထမအဆင့်ပွဲတွင် ဟီဂျဘ်နှင့် ခြုံထည်အနက်ကို ၀တ်ဆင်ထားသည့် ဟာဒီယာတစ်ယောက် ကွင်းဘေးမှထိုင်ကာ အသံသြဇာကောင်းကောင်းဖြင့် ညွှန်ကြားခဲ့သည်။
    နဘ်ဟာနီက စပေးဘောရိုက်မည့်အခါတိုင်း ဟာဒီယာက မျက်လုံးမှိတ်ကာ သမီးအတွက် တိုးတိုးလေး ဆုတောင်းပေးလေ့ရှိသည်။ အမှားဖြစ်သည့်အခါတွင်လည်း အသံကျယ်ကျယ်ဖြင့် သတိပေးရန် သူမက ၀န်မလေး။ အမှတ်တစ်မှတ်ရရှိတိုင်း ၎င်းတို့သားအမိနှစ်ဦးက မျက်လုံးဖြင့် ဆက်သွယ်စကားပြောကြသည်။
    ဟာဒီယာမှာ အငြိမ်းစား အားကစားဆရာမတစ်ဦးဖြစ်ပြီး သမီးဖြစ်သူ အသက် ၁၆ နှစ်အရွယ်ကတည်းက နည်းပြခဲ့သူဖြစ်ကာ ဝေဖန်မှုများ၊ ဆန့်ကျင်မှုများကို အန်တုခဲ့သူလည်း ဖြစ်သည်။
    “ကျွန်မ အားလုံးကို ရင်ဆိုင်ခဲ့တယ်။ ‘မိန်းကလေးက အားကစားလုပ်လို့မှမရဘဲ’ ဆိုတဲ့ စကားတွေကို ကျွန်မက ဆန့်ကျင်တယ်။ အစပိုင်းမှာတော့ ကျွန်မကို တောပြောတောင်ပြော ပြောကြတာပေါ့လေ။ ဒါပေမယ့် ကျွန်မလုပ်တာက မှားနေတယ်လို့ မခံစားရဘူး။ ဘာသာရေးနဲ့ဆန့်ကျင်တာ၊ ယဉ်ကျေးမှုနဲ့ ဆန့်ကျင်တာကို ကျွန်မတို့ လုပ်နေတာမှ မဟုတ်တာ။ ကျွန်မတို့ အားကစားလုပ်နေတာရှင့်” ဟု ဟာဒီယာက ပွင့်ပွင့်လင်းလင်းပင် ပြောကြားခဲ့သည်။
    ဘာသာတရားကိုင်းရှိုင်းသည့် ပတ်ဝန်းကျင်တွင် ကြီးပြင်းလာသည့်အတွက်ကြောင့် နဘ်ဟာနီတစ်ယောက် တင်းနစ်ကွင်းအတွင်း အိနြေ္ဒသိက္ခာရှိသည့် ၀တ်စုံမျိုးကိုပင် ၀တ်ဆင်သည်။ Nike က သူမအတွက် လက်ဇကအင်္ကျီနှင့် စကတ်အောက်တွင် ဒူးခေါင်းအထိဖုံးသော ဘောင်းဘီကို ဖန်တီးပေးသည်။ ထိုဝတ်စုံကို သူမ အသက် ၁၈ နှစ်အရွယ်မှစတင်ကာ ၀တ်ဆင်ခဲ့ခြင်း ဖြစ်သည်။
    “ကစားတဲ့အခါမှာ သက်တောင့်သက်သာရှိအောင် ကျွန်မ ကြိုးစားပါတယ်။ ကျွန်မ ကိုယ်ပိုင်လမ်းကြောင်း ဖောက်နေပေမယ့် ကျွန်မ ကြီးပြင်းလာတဲ့ဒေသကိုလည်း ကျွန်မ အလေးထားပါတယ်” ဟု နဘ်ဟာနီက ပြောကြားခဲ့သည်။
    နဘ်ဟာနီ၏ ထိုကဲ့သို့ ကြိုးပမ်းအားထုတ်မှုများက တစ်နစ်ကစားသမားအပေါ် စိတ်ဝင်စားသည့် အိုမန်အမျိုးသမီးများထံ စိမ့်ဝင်ပြန့်နှံ့ခြင်းမရှိဟု သူမ၏ မိခင်က ရှုမြင်နေသည်။ တကယ်တော့ အိုမန်တင်းနစ်အဖွဲ့ချုပ်မှာ အမျိုးသမီးအသင်းအတွက် ၂ နှစ်တာ ကြိုးပမ်းခဲ့ပြီးနောက် ကစားသမား အလုံအလောက်မရသောကြောင့် ၎င်းတို့၏ စီမံကိန်းကို ရပ်ဆိုင်းခဲ့ရသည်။
    oman 3
    ထိုအတွက် မိဘများနှင့် ၎င်းတို့၏ ယဉ်ကျေးမှု စိတ်အခံကို ဟာဒီယာက အပြစ်တင်သည်။ ကံကောင်းထောက်မစွာဖြင့် မိဘများ၏ အားပေးထောက်ခံမှု အပြည့်အ၀ရခဲ့သော နဘ်ဟာနီက အခြားသူများ အတုယူရန် ဥပမာတစ်ခု ဖြစ်မည်ဟု မျှော်လင့်ရသည်။
    တင်းနစ်အပြင် သူမ၏ အစ်ကိုများနှင့် ငါးမျှားရသည်ကိုလည်း နဘ်ဟာနီက နှစ်သက်သည်။ ၄ ကီလိုဂရမ်ရှိ တူနာငါကြီးက သူမ ဖမ်းမိသမျှငါးထဲတွင် အကြီးဆုံးအဖြစ် မှတ်တမ်းဝင်ထားသည်။ သို့သော်လည်း အိုလံပစ်ပြိုင်ပွဲတွင် သမိုင်းဝင်ယှဉ်ပြိုင်ခွင့်အတွက် မျှော်မှန်းချက်နှင့်အတူ နဘ်ဟာနီတစ်ယောက် သြဂုတ်လ၌ ဘရာဇီးလ်ရေပြင်တွင် ငါးမျှားခွင့် ရရှိကောင်း ရရှိနိုင်ပေလိမ့်မည်။
    Ref: Aljazeera
    (Fatma Al Nabhani: Oman’s top female tennis player ဆောင်းပါးကို လေးမောင်က ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)
  • နိုက်ဂျီးရီးယားနွယ်ဖွား အာဆင်နယ်လူငယ် ကစားသမားကို အင်္ဂလန်က လိုချင်နေ
    နိုက်ဂျီးရီးယားနွယ်ဖွား အာဆင်နယ်လူငယ် ကစားသမားကို အင်္ဂလန်က လိုချင်နေ
    မတ် ၂၁၊ ၂၀၁၆
    M-Media
    arsenal
    – ယခုတစ်ပတ် အာဆင်နယ်အသင်းနှင့် ပရီးမီးယားလိဂ် ပထမဆုံး ပွဲဦးထွက်ကစားကာ ခြေစွမ်းပြ တစ်ဂိုးသွင်းယူနိုင်ခဲ့သည့် လူငယ်ကစားသမား အဲလက်စ် ၀ိုဘီကို အင်္ဂလန်လက်ရွေးစင်အသင်းအတွက် ကိုယ်စားပြုကစားနိုင်ရန် အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် FA က ကြိုးပမ်းနေသည်ဟု The Mirror သတင်းဌာနက ဖော်ပြခဲ့သည်။
    အသက် ၁၉ နှစ်အရွယ်ရှိ ၀ိုဘီမှာ နိုက်ဂျီးရီးယားတွင် မွေးဖွားခဲ့သူဖြစ်ပြီး နိုက်ဂျီးရီးယားအသင်းနှင့် ချစ်ကြည်ရေးပွဲ ၂ ပွဲ ကစားထားကာ အင်္ဂလန် ယူ ၁၆၊ ယူ ၁၇ နှင့် ယူ ၁၈ တို့တွင်လည်း ပါဝင်ကစားခဲ့ဖူးသူ ဖြစ်သည်။ လက်ရှိအချိန်တွင် အာဖရိကနိုင်ငံများဖလားပွဲအတွက် နိုက်ဂျီးရီးယားနည်းပြ ဒန်နီယဲလ် အေမိုကာချီက ရွေးချယ်ထားသည့် လူစာရင်းတွင် ၀ိုဘီမှာ ပါဝင်သည်။
    သို့သော်လည်း လာမည့် သောကြာနေ့ အီဂျစ်အသင်းနှင့် မကစားမီတွင် အင်္ဂလန်က ၎င်းအား ခေါ်ယူနိုင်ခွင့်ရှိနေသည်။ အာဆင်ဝင်းဂါးကလည်း ၀ိုဘီအနေဖြင့် အင်္ဂလန်မှ ခေါ်ယူမှုကို လက်ခံစေလိုသည်။ အင်္ဂလန်က ၀ိုဘီအား ရွေးချယ်သော်လည်း လတ်တလော လက်ရွေးစင်အသင်းတွင် ပါဝင်နိုင်မည်မဟုတ်ချေ။
    Ref: Goal
  • အပူချိန် အလွန်မြင့်မားမှုကြောင့် မလေးရှားရှိ စာသင်ကျောင်းတစ်ချို့ ပိတ်ထားမည်
    အပူချိန် အလွန်မြင့်မားမှုကြောင့် မလေးရှားရှိ စာသင်ကျောင်းတစ်ချို့ ပိတ်ထားမည်
    မတ် ၂၁၊ ၂၀၁၆
    M-Media
    malay 2
    – အပူလှိုင်းဖြတ်မှုကြောင့် နိုင်ငံမြောက်ပိုင်း ကဒါဟ် နှင့် ပါရ်လစ်ပြည်နယ်များရှိ စာသင်ကျောင်းများကို ၂ ရက်တာ ပိတ်ထားမည်ဟု မလေးရှား ပညာရေးဝန်ကြီး မဟ်ဒ်ဇီရ် ခါလစ်က ယနေ့တွင် ကြေငြာလိုက်သည်။
    အင်္ဂါနေ့နှင့် ဗုဒ္ဓဟူးနေ့တို့ကို ပိတ်သွားမည်ဖြစ်ပြီး၊ ပုံမှန်အပူချိန် ၂၇ ဒီဂရီ ဆဲလ်စီးယက်စ်သာ ရှိသည့် မလေးရှားတွင် လက်ရှိအပူချိန်မှာ ၃၀ ဒီဂရီ ကျော်လွန်နေပြီး ထိုကဲ့သို့ အပူချိန် မြင့်တက်မှုမှာ အလ်နီညိုရာသီဥတုကြောင့်ဖြစ်သည်။
    မလေးရှား သဘာဝသယံဇာတနှင့် ပတ်ဝန်းကျင်ဆိုင်ရာ ၀န်ကြီးဌာနက အကယ်၍ အပူချိန်မှာ ၇၂ နာရီကျော်သည်အထိ ၃၇ ဒီဂရီ ဆဲလ်စီးယက်စ်သို့ ရောက်ရှိနေပါက စာသင်ကျောင်းများကို ပိတ်ပစ်ရန် ပြီးခဲ့သည့်တစ်ပတ်တွင် ညွှန်ကြားခဲ့သည်။
    Ref: Channelnewsasia
  • မြောက်ကိုရီးယားက ဒုံးကျည်များ ပင်လယ်ထဲသို့ ပစ်လွှတ်ပြန်
    မြောက်ကိုရီးယားက ဒုံးကျည်များ ပင်လယ်ထဲသို့ ပစ်လွှတ်ပြန်
    မတ် ၂၁၊ ၂၀၁၆
    M-Media
    north 2
    – မြောက်ကိုရီးယားမှာ ယနေ့နေ့လည်ပိုင်းက တာတိုပစ် ဒုံးကျည် ၄ စင်းကို ဂျပန်ပင်လယ်ပြင်သို့ ပစ်လွှတ်ခဲ့သည်ဟု တောင်ကိုရီးယား စစ်တပ်က ပြောကြားလိုက်သည်။
    နိုင်ငံအရှေ့ပိုင်း ဟမ်ဟန်းမြို့အနီးမှ ဒေသစံတော်ချိန် ညနေ ၃ နာရီ မနစ် ၂၀ မတိုင်ခင် ပစ်လွှတ်ခဲ့ခြင်းဖြစ်ပြီး ကိုရီးယားကျွန်းစွယ်တွင် ရှိနေသော တင်းမာမှုများမှာ ဆက်လက် မြင့်တက်လာဖွယ်ရှိနေသည်။
    ဇန်န၀ါရီ ၆ ရက်နေ့တွင် မြောက်ကိုရီးယားက စတုတ္ထအကြိမ်မြောက် နျူစမ်းသပ်မှု ပြုလုပ်ခဲ့ပြီး၊ သိပ်မကြာခင် တားမြစ်ထားသော ဒုံးကျည်ကို အသုံးပြု၍ ဂြိုဟ်တုတစ်ခု လွှတ်တင်မှုတို့ကြောင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ယခုလအစောပိုင်းက မြောက်ကိုရီးယားအပေါ် ပိုမိုပြင်းထန်သည့် ပိတ်ဆို့မှုများ ပြုလုပ်ခဲ့သည်။
    အမေရိကန်နှင့် တောင်ကိုရီးယားတို့ ပူးတွဲပြုလုပ်သော စစ်ရေးလေ့ကျင့်မှုကို မကျေနပ်သည့်အတွက် နျူလက်နက်ဖြင့် တိုက်ခိုက်မည်ဟု မြောက်ကိုရီးယားက မကြာသေးမီက ခြိမ်းခြောက်ထားခဲ့ပြီး နောက်ပိုင်းတွင် ဒုံးကျည်ပစ်လွှတ်မှုများ တရစပ် ပြုလုပ်လာခဲ့သည်။
    Ref: Channelnewsasia