News @ M-Media

Blog

  • အသိပညာ အကယ်ဒမီ- ကမ္ဘာ့လူ့အဖွဲ့အစည်းတွင် ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ (၁၃)

    အသိပညာ အကယ်ဒမီ- ကမ္ဘာ့လူ့အဖွဲ့အစည်းတွင် ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ (၁၃)

    မတ် ၁၈၊ ၂၀၁၆
    M-Media
    ရာဇာ တင်ဆက်သည်
    (အပတ်စဉ် သောကြာနေ့တိုင်း ဖော်ပြသွားပါမည်)
    house of wisdom
    ယနေ့ခေတ် သိပ္ပံဆိုင်ရာ အကယ်ဒမီများ၏ ရှေ့ပြေးဖြစ်သည့် အလယ်ခေတ် မွတ်စလင်များ၏ House of Wisdom (ပညာ့ရိပ်မြုံ) မှ မြင်ကွင်းတစ်ခုကို သရုပ်ဖော်ထားပုံ

    – လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၂၀၀ လောက်က အစ္စလာမ်ကမ္ဘာရဲ့ အထွန်းကားဆုံးမြို့ဖြစ်ခဲ့တဲ့ အီရတ်နိုင်ငံ ဘဂ္ဂဒတ်မြို့ဟာ ကမ္ဘာ့ထိပ်တန်းမြို့တစ်မြို့လည်း ဖြစ်ခဲ့ပါတယ်။ အသိပညာနဲ့ ယဉ်ကျေးမှုအဆီအနှစ်တွေ စုစည်းရာနေရာအဖြစ် နှစ်ပေါင်း ၅၀၀ လောက် ခေါင်းမော့ရင်ကော့နိုင်ခဲ့သလို၊ ခလီဖာ အလ်-ရရှစ်ဒ် (Al-Rashid)၊ အလ်-မာမွန် (Al-Mamun)နဲ့ အလ်-မွက်တာဖီ (Al-Muktafi) တို့ အုပ်စိုးစဉ်ကာလမှာ မြို့ရဲ့ ဂုဏ်သိက္ခာဟာ အလွန် ကြီးမားဝင့်ထည်ခဲ့ပါတယ်။

    ဘဂ္ဂဒတ်မြို့ ဒီလို ကမ္ဘာ့အထွပ်အထိပ်ကို ရောက်ရှိရတဲ့ အကြောင်းအရင်းကတော့ အုပ်စိုးသူ ဒီခလီဖာတွေဟာ ကမ္ဘာတစ်ဝှမ်းက ထူးခြားဆန်းပြားတဲ့ သိပ္ပံဆိုင်ရာ တီထွင်ကြံဆမှုတွေကို အာသာငမ်းငမ်း စုဆောင်းဖို့ စိတ်အားထက်သန်ခဲ့တာကြောင့်လည်း ဖြစ်ပါတယ်။ အဲဒီလို စာအုပ်စာပေတွေ၊ မွတ်စလင်ပညာရှင်တွေကို စုစည်းကာ ပညာ့ရိပ်မြုံ (House of Wisdom) လို့ခေါ်တဲ့ သမိုင်းတစ်လျှောက်မှာ အကြီးကျယ်ဆုံး အသိပညာအကယ်ဒမီတွေကို ဖန်တီးတည်ထောင်ခဲ့ပါတယ်။ အဲဒီပညာ့ရိပ်မြုံတွေဟာ အဂ္ဂဒတ်မြို့ရဲ့အင်အားကို နှစ်ဆတိုးစေခဲ့ပြီး ၀ိဇ္ဇာသိပ္ပံ၊ အနုပညာနဲ့ စာပေနယ်ပယ်တွေမှာလည်း ဌာနချုပ်ဖြစ်ခဲ့ပါတယ်။ ဒါတင်မကသေးဘဲ အနုပညာနဲ့ သိပ္ပံဆိုင်ရာ အသိပညာတွေ ဖွံ့ဖြိုးတိုးတက်မှုနဲ့ ပြန့်နှံ့ရာမှာ ပါဝင်ခဲ့တဲ့ ဒီအကယ်မီတွေရဲ့ အခန်းကဏ္ဍဟာလည်း တော်တော်လေး ကြီးမားခဲ့ပါတယ်။

    အဲဒီပညာ့ရိပ်မြုံတွေရဲ့ အရွယ်အစားကိုလိုက်ပြီး အမည်နှစ်မျိုး ခေါ်ဆိုကြပါတယ်။ ဟာရွန် အလ်-ရရှစ်ဒ်ရဲ့ လက်ထက် ဟောခန်းတစ်ခုပုံစံ ရှိတဲ့အချိန်မှာ ခီဇာနသ် အလ်-ဟစ်ကမဟ် (Khizanat al-Hikmah) လို့ခေါ်ပြီး၊ အလ်-မာမွန်လက်ထက် ပညာရေးအကယ်ဒမီကြီးအဖြစ် ပေါ်ပေါက်လာတဲ့အခါမှာတော့ ဘိုက်သ် အလ်-ဟစ်ကမဟ် (Bayt al-Hikmah) လို့ ခေါ်တွင်ခဲ့ပါတယ်။ ခီဇာနသ် အလ် ဟစ်ကမဟ် က Library of Wisdom (ပညာ့ဘဏ်တိုက်) လို့ အမည်ရပြီး ဘိုက်သ် အလ်-ဟစ်ကမဟ်ကတော့ House of Wisdom (ပညာ့ရိပ်မြုံ) လို့ အဓိပ္ပါယ်ရပါတယ်။ အဲဒီပညာ့ရိပ်မြုံတွေဟာ ဘာသာပေါင်းစုံနဲ့ ရေးသားထားတဲ့ သိပ္ပံပညာရပ်စာအုပ်မျိုးစုံကို ထားရှိရာ သိပ္ပံဆိုင်ရာအကယ်ဒမီတွေ ဖြစ်လာပါတော့တယ်။

    ခလီဖဟ် မိုဟာမက် အလ်-မဟ်ဒီ (Mohammad al-Mahdi) လက်ထက် စစ်ပွဲကနေ ပြန်လာတိုင်းမှာ သူဟာ လက်ရေးမူစာအုပ်စာတမ်းတွေကို ယူဆောင်လာလေ့ရှိပြီး သူနောက်ပိုင်း သားဖြစ်သူ အလ်-ဟာဒီ (Al-Hadi) ထီးနန်ဆက်ခံတဲ့အခါမှာလည်း ဒီလို စာအုပ်စာပေစုဆောင်းမှုတွေကို ဆက်လက်လုပ်ဆောင်ခဲ့ပါတယ်။ အလ်-ဟာဒီရဲ့သားဖြစ်ပြီး သက္ကရာဇ် ၇၈၆ ကနေ ၈၀၉ အထိ နန်းစံခဲ့တဲ့ ခလီဖာ ဟာရွန် အလ်-ရရှစ်ဒ် လက်ထက်မှာတော့ သိပ္ပံစာအုပ်စာတမ်းတွေ စုစည်းထားတဲ့ ‘သိပ္ပံအကယ်ဒမီ’ တစ်ခုကို တည်ထောင်ခဲ့ပါတယ်။ သက္ကရာဇ် ၈၁၃ ကနေ နောက်ထပ် နှစ်ပေါင်း ၂၀ ကြာ အုပ်စိုးခဲ့တဲ့ အလ်-မာမွန်လက်ထက်မှာလည်း အဲဒီ ပညာ့ရိပ်မြုံကို တိုးချဲ့ခဲ့ပြီး သိပ္ပံပညာရပ်တစ်ခုချင်းစီအတွက် ဌာနခွဲတစ်ခုစီကို သီးခြား ဖွဲ့စည်းထားရှိခဲ့ပါတယ်။ ဒါ့ကြောင့် အဲဒီ ပညာ့ရိပ်မြုံတွေဟာ အိုလမာ လို့ခေါ်တဲ့ ပညာရှင်တွေ၊ အနုပညာရှင်တွေ၊ ထင်ရှားတဲ့ ဘာသာပြန်ဆရာတွေ၊ စာရေးဆရာတွေ၊ စာပေပညာရှင်တွေ၊ ကဗျာဆရာတွေ၊ လက်မှုပညာရှင်တွေ ပြွတ်သိပ်ကျပ်ညပ်ရာ နေရာတစ်ခု ဖြစ်လာခဲ့ပါတော့တယ်။

    အလယ်ခေတ်က အဲဒီလို က၀ိကျော်တွေ နေ့စဉ်လိုလိုတွေ့ဆုံမှုကနေ ပညာရပ်ပိုင်းဆိုင်ရာ စာအုပ်တွေကို ဘာသာပြန်ဆိုတာ၊ ဖတ်ရှုဆွေးနွေးတာ၊ အကျယ်တ၀င့်ရေးသားချက်တွေလည်း ပေါ်ထွက်လာခဲ့ပါတယ်။ အဲဒီ ပညာ့ရိပ်မြုံဟာ အာရဘီ၊ ဖာရစီ၊ ဟီဘရူး၊ ဆီရီအက်၊ အာမေနစ်၊ ဂရိ၊ လက်တင်နဲ့ ရှေးဟောင်း အိန္ဒိယ သင်္ချာလက်ရေးမူ ကျမ်းကြီးတွေကို ဘာသာပြန်ဆိုရာမှာ အသုံးပြုခဲ့တဲ့ သက္ကတဘာသာစကား စသဖြင့် ဘာသာစကားပေါင်းစုံကို တတ်ကျွမ်းကြတဲ့ ကမ္ဘာတစ်ဝှမ်းက အသိပညာရှင်တွေ၊ အတတ်ပညာရှင်တွေ စုဝေးရာနေရာလည်း ဖြစ်ပါတယ်။

    ပညာရပ်ပိုင်းဆိုင်ရာ စာအုပ်တွေကို ဘာသာပြန်ဆိုရာမှာ ထင်ရှားသူတစ်ဦးကတော့ ယူဟန်နာ အစ်ဗနေ့ အလ်-ဘီထရစ် အလ်-တာရ်ဂျူမန် (Yuhanna ibn al-Bitriq al-Turjuman) ဖြစ်ပြီး၊ ဘုန်းတော်ကြီးရဲ့သား ယူဟန်နာလို့ သိကြပါတယ်။ သူဟာ ဆေးပညာထက် ဒဿနပိုင်းမှာ ပိုမိုကျွမ်းကျင်ပြီး အရစ္စတိုတယ် (Aristotle) ရေးသားခဲ့ကာ အခန်း ၁၉ ခန်းပါဝင်တဲ့ The Book of Animals (သတ္တ၀ါများဆိုင်ရာကျမ်း) ကို လက်တင်ဘာသာကနေ ပြန်ဆိုခဲ့ပါတယ်။ ဂရိသမားတော်တွေဖြစ်တဲ့ ဟစ်ပိုကရေးတီး (Hippocrates) နဲ့ ဂါလန် (Galen) တို့ရဲ့ စာအုပ်တွေကို ဘာသာပြန်ဆိုရာမှာတော့ ဟူနျန် အစ်ဗနေ့ အစ္စဟာ့က် (Hunayn ibn Ishaq) က နာမည်ကျော်ပါတယ်။

    ခလီဖာ အလ်-မာမွန်ဟာ ဒဿနိကနဲ့ သိပ္ပံဆိုင်ရာ စာအုပ်စာတမ်း ပေါကြွယ်ဝတဲ့ စစ္စလီစာကြည့်တိုက် (Library of Sicily) က စာအုပ်တွေအားလုံးကို ပို့ပေးဖို့ စစ္စလီဘုရင်ကို တောင်းဆိုခဲ့ပြီး၊ ဘုရင်ကလည်း စာကြည့်တိုက်က စာအုပ်တော်တော်များများကို ပေးပို့ခဲ့တယ်လို့ ပြောစမှတ်စတစ်ခုလည်း ရှိနေပါတယ်။

    စာအုပ်တွေကို သယ်ယူပို့ဆောင်ရာမှာလည်း ယနေ့ခေတ်နဲ့ မတူညီပါဘူး။ လေယာဉ်ပျံတွေမရရှိတဲ့ အဲဒီအချိန်တုန်းက အလ်-မာမွန်ဟာ အီရန်နိုင်ငံ ခူရာဆန် (Khurasan) ကနေ ဘဂ္ဂဒတ်မြို့ကို လက်ရေးနဲ့ ရေးသားထားတဲ့စာအုပ်တွေ၊ လက်ရေးမူတွေကို ရာနဲ့ချီတဲ့ ကုလားအုပ်တွေနဲ့တင်ဆောင်ကာ ပို့ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

    ဒါတင်မကသေးဘဲ အသုံးဝင်တဲ့ စာအုပ်တွေကို ဘာသာပြန်ဆိုဖို့အတွက် အလ်-မာမွန်ဟာ သူ့ဆီက သိပ္ပံပညာရှင်တွေကို စေလွှတ်ဖို့ ဘိုင်ဇန်တိုင်းအင်ပါယာ (Byzantine) ထံ ချဉ်းကပ်ခဲ့ပြီး သဘောတူညီချက် ရရှိခဲ့တာကြောင့် ဂရိတွေရဲ့ အသိပညာဆိုင်ရာ စာအုပ်၊ စာပေတွေကို ဆောင်ကျဉ်းနိုင်ခဲ့ပါတယ်။

    ခလီဖာ အလ်-မာမွန်ဟာ ပညာ့ရိပ်မြုံတည်ထောင်မှုကိုပဲ စီမံခဲ့တာမဟုတ်ပါဘူး။ သိပ္ပံပညာရှင်တွေနဲ့ တတ်သိပညာရှင်တွေရဲ့ ဆွေးနွေးပွဲတွေမှာလည်း ကိုယ်တိုင်ကိုယ်ကျ ပါဝင်ခဲ့ပါတယ်။ သူဟာ မာရ်ဆဒ် ဖာလာကီ (Marsad Falaki) လို့ခေါ်တဲ့ နက္ခတဗေဒစင်တာတစ်ခုကို တည်ဆောက်ခဲ့ပြီး၊ အဲဒီစင်တာကို အလ်-မာမွန်ရဲ့ သီးသန့် နက္ခတဗေဒပညာရှင်တွေဖြစ်တဲ့ ဂျူးလူမျိုး ဆနဒ် အစ်ဗနေ့ အလီ အလ်-ရဟူဒီ (Sanad ibn Ali al-Yahudi) နဲ့ မွတ်စလင်တစ်ဦးဖြစ်သူ ယဟ်ယာ အစ်ဗနေ့ အဘီ မန်ဆူရ် (Yahya ibn Abi Mansur) တို့က ကြီးကြပ်ကွပ်ကဲခဲ့ပါတယ်။

    အလ်-မာမွန်ဟာ သူ့ရဲ့ ဖခင်ဖြစ်သူထက်ပိုပြီး အဆင့်မြင့်ပညာဆိုင်ရာ ကျောင်းတွေ၊ စမ်းသပ်ခန်းတွေနဲ့ အထည်ချုပ်စက်ရုံတွေကို တည်ထောင်ခဲ့ပါတယ်။ သူရဲ့ နန်းစံသက်မှာ အဆင့်မြင့်ပညာသင်ကြားပေးတဲ့ နေရာတွေဟာ ၃၃၂ ခုအထိ ရှိလာခဲ့တယ်လို့ ရေးသားဖော်ပြခဲ့ကြပါတယ်။

    ဒါတင်မကသေးဘဲ ကမ္ဘာ့မြေပုံတစ်ခု ရေးဆွဲပေးဖို့အတွက်လည်း အလ်-မာမွန်က ပညာရှင်အုပ်စုတစ်ခုကို စေခိုင်းခဲ့ပြီး အဲဒီမြေပုံကို အလ်-မာမွန်မြေပုံ (al-Mamun’s Map) ဒါမှမဟုတ် အလ်-ဆူရာဟ် အလ်-မာမူနီယဟ် (Al-surah al-mamuniyah) လို့ ခေါ်တွင်ပါတယ်။ အဲဒီ မြေပုံဟာ တော်လမီ (Ptolemy)နဲ့ အခြားသော ဂရိပထ၀ီပညာရှင်တွေလက်ထက်က ရှိခဲ့တဲ့ မြေပုံတွေထက်ကို ပိုပြီး ကျယ်ပြန့် ပြည့်စုံခဲ့ပါတယ်။

    ပညာ့ရိပ်မြုံကနေ ထွန်းတောက်လာကြသူတွေထဲမှာ သင်္ချာပညာရှင်တွေဖြစ်ပြီး ဉာဏ်လှည့်စားကိရိယာတွေကို တီထွင်ခဲ့သူ မိုဟာမက်၊ အဟ်မဒ်နဲ့ အလ်-ဟာဆန်လို့ ခေါ်တဲ့ ဘနူမူဆာညီအစ်ကို၊ အလ်ဂျီဘရာရဲ့ဖခင်ကြီး အလ်-ခွာရစ်ဇ်မီ (Al-Khwarizmi)၊ ဂီတသင်္ကေတနဲ့ ဂီတသီအိုရီတွေကို တီထွင်ဖော်ထုတ်ခဲ့သူ အလ်-ကင်ဒီ (Al-Kindi)၊ ကျမ်းပြုသူဖြစ်တဲ့ ဆအစ်ဒ် အစ်ဗနေ့ ဟာရွန် အလ်-ကာသစ်ဘ် (Said ibn Harun al-Katib)၊ ၀ိဇ္ဇာသိပ္ပံဆိုင်ရာ စာအုပ်တွေကို ဘာသာပြန်ဆိုခဲ့ကြပြီး သမားတော်ကြီးတွေလည်းဖြစ်ကြတဲ့ ဟူနျန် အစ်ဗနေ့ အစ္စဟာက် အလ်-အီဘာဒီ (Hunayn ibn Ishaq al-Ibadi) နဲ့ ၎င်း၏သားဖြစ်သူ အစ္စဟာက် (Ishaq) တို့လည်း ပါဝင်ခဲ့ပါတယ်။ ဒီပုဂ္ဂိုလ်တစ်ဦးချင်းစီဟာ လက်တွေ့စမ်းသပ်မှုတွေကနေတစ်ဆင့် စူးစမ်း၊ လေ့လာ၊ ရှာဖွေဖော်ထုတ်ကာ ဒီနေ့ခေတ် ကျွန်တော်တို့ သိရှိနေကြတဲ့ ပညာရပ်တွေရဲ့အခြေခံ အသိပညာဗိမာန်ကြီးတွေကို တည်ဆောက်ခဲ့သူတွေဖြစ်တာကြောင့် အခုဖော်ပြနေတဲ့ “ကမ္ဘာ့လူ့အဖွဲ့အစည်းတွင် ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ” ကဏ္ဍမှာ သူတို့ရဲ့ အမည်တွေကို ထပ်ခါတစ်လဲလဲ တွေ့မြင်ရပါလိမ့်မယ်။

    ပညာ့ရိပ်မြုံ (House of Wisdom) ဆိုတဲ့နေရာမှာ အဘ္ဘာစစ်မင်းဆက် (Abbasid) လက်ထက်က တည်ဆောက်ခဲ့တဲ့ ပညာ့ရိပ်မြုံနဲ့ ဖာတီမိုက်မင်းဆက် (Fatimid) လက်ထက်က တည်ဆောက်ခဲ့တဲ့ ပညာ့ရိပ်မြုံ (ဒါရ် အလ်-ဟစ်ကမဟ်) တို့ဟာ မတူညီကြပါဘူး။ ဒါရ် အလ်-ဟစ်ကမဟ် (Dar al-Hikkmah) ကို ခလီဖာ အလ်-ဟာကင် (Al-Hakim) က သက္ကရာဇ် ၁၀၀၅ ခုနှစ်မှာ ကိုင်ရိုမြို့မှာ တည်ထောင်ခဲ့တာဖြစ်ပြီး နှစ်ပေါင်း ၁၆၅ နှစ်လောက် တည်တံ့ခဲ့ပါတယ်။ အစ္စလာမ်ကမ္ဘာရဲ့အရှေ့ခြမ်း အခြားသော မြို့တွေ့မှာလည်း သိပ္ပံစင်တာ (Dar al-Ilm) တွေကို တည်ထောင်ခဲ့ကြပြီး၊ အသိပညာစင်တာ (House of Knoledge) လို့ ပိုပြီးပြောလို့ရတဲ့ အဲဒီစင်တာတွေဟာ ၉ ရာစုနဲ့ ၁၀ ရာစုအတွင်း ဘဂ္ဂဒတ်တစ်ဝှမ်းမှာ အလျှိုလျှိုပေါ်ထွက်လာခဲ့ပါတယ်။

    ပြိုင်ဘက်ကင်းစင်တာ

    house of wisdom 2
    House of Wisdom

    ယူကေက Guardian သတင်းစာရဲ့ အရှေ့အလယ်ပိုင်း အယ်ဒီတာဖြစ်တဲ့ ဘရိုင်ယန် ၀ီတိတ်ကာ (Brian Whitaker) က အလယ်ခေတ် မွတ်စလင်ကမ္ဘာရဲ့ ပညာ့ရိပ်မြုံတွေဟာ လူသားဝါဒနဲ့ သင်္ချာ၊ နက္ခတဗေဒ၊ ဆေးပညာ၊ ဓာတုဗေဒ၊ သက္ကတဗေဒ၊ ပထ၀ီအပါအ၀င် သိပ္ပံပညာရပ်နယ်ပယ်မှာ ပြိုင်ဘက်ကင်းတဲ့စင်တာတွေ ဖြစ်ခဲ့တယ်လို့ ၂၀၀၄ ခုနှစ် စက်တင်ဘာလမှာ ထုတ်ဝေတဲ့ Guardian သတင်းစာမှာ ရေးသားဖော်ပြခဲ့ပါတယ်။ အဲဒီစင်တာတွေဟာ ပါရှား၊ အိန္ဒိယနဲ့  ဂရိတို့က ပညာရှင်တွေကို ဆွဲဆောင်နိုင်ခဲ့ကာ အရစ္စတိုတယ်၊ ပလေတို၊ ဟစ်ပိုကရေးတီး၊ ယူကလစ်၊ ပိုက်သာဂိုးရက်စ်နဲ့ အခြားသော ပညာရှင်ကြီးတွေ ရေးသားထားတဲ့ စာအုပ်စာပေတွေစုစည်းရာ၊ ကမ္ဘာတစ်ဝှမ်းက အသိပညာတွေစုဝေးရာ၊ ကိုယ်ပိုင်ရှာဖွေဖော်ထုတ်မှုတွေလုပ်ဆောင်ကာ ၀င့်ဝင့်ထည်ထည် ရပ်တည်ခဲ့ရာနေရာ ဖြစ်တယ်လို့လည်း သူက ထည့်သွင်းရေးသားခဲ့ပါတယ်။

    သိပ္ပံမြို့တော် ဘဂ္ဂဒတ်

    လွန်ခဲ့နှစ်ပေါင်းထောင်ချီအရင်က အီရတ်နိုင်ငံ ဘဂ္ဂဒတ်မြို့ဟာ ကမ္ဘာ့အကြီးဆုံးနဲ့ အချမ်းသာဆုံး မြို့တွေထဲက တစ်ခုဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ဒီမြို့ရဲ့ ကြွယ်ဝချမ်းသာမှုက ငွေကြေးသက်သက်တော့ မဟုတ်ခဲ့ပါဘူး။ နှစ်ပေါင်း ၂၀၀ လောက် ထိပ်တန်း သိပ္ပံအကယ်ဒမီ တည်ရှိရာနေရာ ဖြစ်ခဲ့ပြီး အဲဒီ အကယ်ဒမီကလည်း ကမ္ဘာတစ်ဝှမ်းက ပညာရှင်တွေကို ဆွဲဆောင်နိုင်ခဲ့ပါတယ်။ မွတ်စလင်လူ့အဖွဲ့အစည်းမှာ  သင်္ချာ၊ နက္ခဗေဒကနေ သတ္တဗေဒအထိ သုတေသနပြုလုပ်ရာ၊ တွေးခေါ်မျှော်မြင်ရာနဲ့ ဆွေးနွေးတိုင်ပင်ရာမှာလည်း အဓိကစင်တာအဖြစ် အသုံးတော်ခံခဲ့ပါသေးတယ်။

    ဒီအကယ်ဒမီက ပညာရှင်တွေဟာ သိပ္ပံ၊ ဆေးဘက်ဆိုင်နဲ့ ဒဿနိကဗဒေဆိုင်ရာ ကျမ်းကြီးကျမ်းငယ် အသွယ်သွယ်ကို ဖတ်ရှုတ်အသုံးချခဲ့ကြပါတယ်။ ပညာ့ရိပ်မြုံတွေကို တည်ဆောက်ခဲ့တဲ့ ခလီဖာတွေဟာလည်း ရှေးဟောင်းလူ့အဖွဲ့အစည်းတွေက ရေးသားမှုတွေ၊ ရှာဖွေတွေ့ရှိမှုတွေကို စုဆောင်းကာ ကမ္ဘာ့အဆင့် စာကြည့်တိုက်ကြီးတွေကိုလည်း တည်ဆောက်ပေးခဲ့ကြပါတယ်။ သက္ကရာဇ် ၇၈၆ ခုနှစ်မှာ နန်းစံခဲ့တဲ့ ခလီဖာ ဟာရွန် ရရှစ်ဒ်ဟာ သူ့ရဲ့ဖခင်နဲ့ အဖိုးဖြစ်သူတို့လက်ထက် စုဆောင်းပေးခဲ့တဲ့ လက်ရေးမူစာအုပ်တွေနဲ့ စာကြည့်တိုက်ကြီးတစ်ခုကို တည်ထောင်ခဲ့ပါတယ်။ နောက်ပိုင်း ဆယ်စုနှစ်တွေ ကြာပြီးတဲ့အချိန်မှာတော့ သူ့ရဲ့သားဖြစ်သူ အလ်-မာမွန်က စာကြည့်တိုက်မှာ ပညာရပ်ဆိုင်ရာဌာနခွဲတွေကို တိုးချဲ့ထည့်သွင်းခဲ့ပြီး ပိုမိုကြီးကျယ်တဲ့ စာကြည့်တိုက်ကြီးတစ်ခု ဖြစ်စေခဲ့ပါတယ်။ နောက်ပိုင်းမှာလည်း သူက ပညာရပ်တစ်ခုချင်းစီအတွက် လေ့လာရေးစင်တာတွေကို ထပ်ပေါင်းထည့်ခဲ့ပြီး ပညာရှင်တွေကို သုတေသန ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်စေနိုင်ခဲ့ကာ သက္ကရာဇ် ၈၂၉ ခုနှစ်မှာတော့ သုတေသနစင်တာတစ်တစ်ခုကို အလ်-မာမွန်က ထပ်မံတည်ဆောက်ခဲ့ပါတယ်။

    အဲဒီပညာ့ရိပ်မြုံကို ရောက်ရှိခဲ့တဲ့ ပညာရှင်တွေဟာ အာရဘီ၊ ပါရှန်၊ အာမေနစ်၊နဲ့ ဂရိ စတဲ့ ဘာသာစကားပေါင်းစုံကို ရေးသား၊ ပြောကြားကြပြီး၊ သက်ဆိုင်ရာပညာရှင်တွေ လေ့လာနိုင်ဖို့၊ ဆွေးနွေးနိုင်ဖို့နဲ့ ဒီအပေါ်မှာ ထပ်မံတိုးတက်အောင် ပြုလုပ်နိုင်ဖို့အတွက် ရှေးဟောင်းကျမ်းတွေကို အာရဘီဘာသာ ပြန်ဆိုတာကိုလည်း ကျွမ်းကျင်ပညာရှင်တွေက ပြုလုပ်ခဲ့ကြပါတယ်။ ဒီ ပညာ့ရိပ်မြုံက ထွန်းတောက်ခဲ့တဲ့ ပညာရှင်တွေထဲမှာ အရစ္စတိုတယ်ရဲ့ စာအုပ်တွေကို ဘာသာပြန်ခဲ့တဲ့ အလ်-ကင်ဒီ၊ ဟစ်ပိုကရေးတီးရဲ့ လက်ရာတွေကို ဘာသာပြန်ခဲ့တဲ့ ဟူနျန် အစ်ဗနေ့ အစ္စဟာက်တို့လည်း ပါဝင်ပါတယ်။ ခလီဖာ အလ်-မာမွန်ကတော့ ဘာသာပြန်ဆိုတဲ့ စာအုပ်အလေးအချိန်အတိုင်း ရွှေသားပေးမယ်ဆိုတဲ့ မက်လုံးနဲ့အတူ အဲဒီ ပညာ့ရိပ်မြုံက ပညာရှင်တွေ၊ ဘာသာပြန်တွေကို အားပေးမြှင့်တင်ပေးခဲ့ပါတယ်။

    အဲဒီ အောင်မြင်တဲ့ အသိပညာရွှေ့ပြောင်းရယူမှုစနစ်က နောက်ပိုင်း နှစ်အနည်းငယ်အကြာ ၁၂ ရာစု စပိန်နိုင်ငံမှာ ရောင်ပြန်ဟပ်ခဲ့ပါတယ်။ အဲဒီအချိန်တုန်းက တိုလေဒို (Toledo) မြို့ဟာ အသိပညာတွေကို ဘာသာပြန်ဆိုရာမှာ အချက်အချာနေရာဖြစ်ခဲ့ပြီး ဒီအချိန်မှာတော့ အာရဘီကနေ လက်တင်ဘာသာစကားကို ဘာသာပြန်ဆိုတာဖြစ်ပါတယ်။ မွတ်စလင်ပညာရှင်တွေရဲ့ တွေ့ရှိချက်တွေ၊ ရှေးဟောင်းဂရိတွေရဲ့ အရေးပါတဲ့စာအုပ်တွေကို ဘာသာပြန်ဆိုထားတာတွေက သိပ္ပံပညာရပ်တွေရဲ့ အသက်သွေးကြောဖြစ်လာခဲ့ကာ ခရစ်ယာန်ပညာရှင်တွေ၊ ဂျူးပညာရှင်တွေနဲ့ မွတ်စလင်ပညာရှင်တွေဟာလည်း တိုလေဒိုကို လှိမ့်ဝင်လာခဲ့ကြပါတယ်။ သူတို့တွေဟာ အတူစုပေါင်းပြီး ရှေးဟောင်းဂရိတွေစာအုပ်တွေ၊ မူရင်းအာရဘီစာအုပ်တွေကို လက်တင်နဲ့ အခြားသော ဥရောပဘာသာစကားတွေဆီ ပြန်ဆိုခဲ့ကြပါတယ်။ တိုလေဒိုနဲ့ အခြား ဥရောပတောင်ပိုင်းဒေသတွေမှာ အရစ္စတိုတယ်ရဲ့ စာအုပ်တစ်ချို့ကို မီခေးလ် သည် စတော့ (Michael the Scot) က လက်တင်ဘာသာစကားကို ပြန်ဆိုခဲ့ပါတယ်။ ခရီမိုနာဒေသ (Cremona) က ဂျရတ် (Gerard) ကလည်း အလ်-ဇဟ်ရာဝီ (Al-Zahrawi) ရဲ့ ဆေးကျမ်းကြီးတွေ၊ အလ်-ရာဇီ (Al-Razi) ရဲ့ ဓာတုဗေဒကျမ်းကြီးတွေကို ဘာသာပြန်ခဲ့ပါတယ်။

    အလယ်ခေတ် မွတ်စလင်တွေ တည်ထောင်ခဲ့တဲ့ အဲဒီပညာ့ရိပ်မြုံက အကျိုးတရားတွေဟာ တိုးတက်တဲ့ ဒီနေ့ခေတ်အထိ ရိုက်ခတ်နေဆဲ ဖြစ်ပါတယ်။ ‘အလ်ဂျီဘရာ’ ဆိုတဲ့ အသုံးအနှုန်းဟာ အလ်-ခွာရစ်ဇ်မီ (Al-Khwarizmi) ရေးသားခဲ့တဲ့ အလ်-ဂျဘာရ် ၀ါလ် မူကာဘာလာဟ် (Al-Jabr wal Muqabalah) ဆိုတဲ့စာအုပ်ခေါင်းစဉ်ကနေ ဆင်းသက်လာတာဖြစ်ပါတယ်။ အလ်-ခွာရစ်ဇ်မီဟာ အလ်ဂျီဘရာ ဘာသာရပ်ကို ၉ ရာစုအစောပိုင်း ပညာ့ရိပ်မြုံမှာ အလုပ်လုပ်နေချိန် ဖော်ထုတ်ရေးသားနိုင်ခဲ့တာ ဖြစ်ပါတယ်။ အလ်-ခွါရစ်ဇ်မီရဲ့ အလ်ဂျီဘရာအယူအဆတွေကို သူ့ကိုဆက်ခံတဲ့ အလ်-ကာရာဂျီ (Al-Karaji) က တိုးတက်အောင် ဆောင်ရွက်နိုင်ခဲ့ပြီး နောက်ဆုံးမှာ ပြီးပြည်စုံခဲ့တဲ့ ဒီဘာသာရပ်ဟာ နှစ်ပေါင်းရာနဲ့ချီပြီး ရှင်သန်ခဲ့ပါတယ်။ အဲဒီ ပညာရှင်ကြီးတွေဟာ ယနေ့ကွန်ပျူတာခေတ်မှာ မီခိုနေရတဲ့ သင်္ချာပညာရပ်ရဲ့ အခြေခံသဘောတရားကို ဖော်ထုတ်နိုင်ခဲ့သူတွေလည်း ဖြစ်ပါတယ်။

    ခလီဖာ အလ်-မာမွန်နဲ့ သူချန်ရစ်ခဲ့တဲ့ အသိပညာအမွေအနှစ်တွေဟာ ထင်ရှားပြီး၊ သူ့ကို ဂုဏ်ပြုတဲ့အနေနဲ့ လပေါ်က ချိုင့်ခွက်ကြီးတစ်ခုကိုလည်း အလ်မာနွန် (Almanon) လို့ အမည်ပေးထားပါတယ်။

    (ကိုးကား- National Geographic ၏ 1001 Inventions – The Enduring Legacy of Muslim Civilization)

    (ကမ္ဘာ့လူ့အဖွဲ့အစည်းတွင် ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ – တင်ဆက်ပြီးသမျှ အပိုင်းအားလုံးကို  ဤနေရာ တွင် ဖတ်ရှုနိုင်ပါသည်။)

     

     

  • ကျွန်တော်ဟာ လူမျိုးစွဲစိတ်ကို မေ့ဖျောက်ထားတဲ့ ကရင်စစ်စစ် တစ်ယောက်ပါ။

    ကျွန်တော်ဟာ လူမျိုးစွဲစိတ်ကို မေ့ဖျောက်ထားတဲ့ ကရင်စစ်စစ် တစ်ယောက်ပါ။

    Dave 5 10
    ရေးသူ မနှင်းဖြူ

    ကျွန်တော်ဟာ လူမျိုးစွဲစိတ်ကို မေ့ဖျောက်ထားတဲ့ ကရင်စစ်စစ် တစ်ယောက်ပါ။ ကျွန်တော့် အဘွားဟာ ကျွန်တော် ငယ်ငယ်ကတည်းက အစ အခု အသက်အရွယ်ရတဲ့အထိ အမြဲချည်ထည် အပိုင်းကလေးတွေဆိုရင် လွှင့်မပစ်ဘဲ စောင်ကလေးတွေ၊ ခေါင်းအုံးအဖုံး ကလေးတွေ ချူပ်ချူပ်နေတတ်တဲ့ အကျင့်ရှိတယ်။ ငယ်ငယ်ကတော့ အဲဒီလို စပ်ထားတဲ့ အထည်ကလေးတွေကို ကျွန်တော် သိပ်သဘောကျတာပေါ့။ ဒါပေမဲ့ အသက်ကြီးလာတော့ အဘွားကို ပင်ပင်းနေမှာ ၊ အဲဒါတွေ ချူပ်မနေပါနဲ့တော့ ၊ ချူပ်စရာမလိုတော့ပါဘူးလို့ ပြောမိတဲ့အခါ အဘွားက မျက်ရည်ကလေးတွေဝဲလို့ ငါချူပ်ပါရစေ၊ ငယ်ငယ်တုန်းက အချိန်တွေကို သတိရလို့ပါဆိုတော့ လည်း ဘာမှ ထပ်မပြောရက်တော့ဘူး။

    အဘွားတို့ ငယ်ငယ်က တစ်နိုင်ငံလုံး မငြိမ်းချမ်းဘူး၊ အဓိကတော့ KNU တွေနဲ့ စစ်တပ်ပေါ့။ ဘယ်သူတွေ ဘယ်လိုဆိုးတယ် ၊ ကောင်းတယ် ဘာမှ မသိနားမလည်ကြတဲ့ အဲဒီခေတ်အခါက စပ်တပ်လာပြီဟေ့ ဆိုတာနဲ့ ကရင်လူမျိုး ယောက်ျား၊ မိန်းမတွေဟာ တောင်ပေါ်ဘက်ကို တက်ပြေးရတာပဲ၊ မပြေးရင်သေမှာကိုး၊ တောင်ငူမှာ အခြေကျစပြုနေပြီဖြစ်တဲ့ အဘွားတို့ မိသားစုလည်း သံတောင်ဘက်ကို တက်ပြေးကြတယ်။ ရှိသမျှ ပစ္စည်းတွေ ထားခဲ့၊  ရွှေတွေ ၊ ငွေတွေဆိုတာလည်း ဘာမှ သုံးစားလို့ မရတဲ့ အခြေအနေမှ မဟုတ်တော့ဘဲ၊ ဆန်ပြုတ်ပြုတ်စားဖို့ ဆန်မရှိတော့ အခါ မျှစ်ချိုးတယ်၊ တောထဲက ရှိသမျှ အရွက်တွေ ပြုတ်စားတယ်။ စားစရာ မရှိတဲ့ အခါ ကလေးတွေ ဗိုက်ဆာလို့ ငိုကြရင် အမေတွေက မျက်ရည်တွေ ကျပြီ၊ ပါးစပ်ကို ပိတ်ထားရတယ်။ အသံဆူညံနေရင် နေရာကို ရိပ်မိသွားမစိုးလို့၊ အဲဒီအချိန်က စစ်ဒဏ်နဲ့ လူတွေအားလုံးက သွေးကြွနေကြတာ၊ ကရင်ဆိုတာနဲ့  သတ်ဆိုတာမျိုး၊ (နောက်ပိုင်း တောင်ငူမှာ အဓိကရုဏ်းဖြစ်ပြီး မွတ်စလင် ဘာသာဝငတွေ အစုလိုက် အပြုံလိုက် မိန်းမရော၊ ကလေးပါ မချန် အသတ်ခံရတာတွေဖြစ်တဲ့ အခါ အဘွားက မွတ်စလင် မိသားစုတွေ အများကြီးကို အိမ်ထဲမှာရော ၊ ခြံဝင်းထဲမှာပါ ဖွက်ထားခဲ့တာ၊ ငါတို့တုံးက ခံခဲ့ရတာကို ကိုယ်ချင်းစာလို့ တဲ့ )

    မျက်စိရှေ့မှာ သွေးသားရင်းတွေ ရက်ရက်စက်စက် အသတ်ခံနေရတာကို မြင်ခဲ့တွေ့ခဲ့ရတဲ့ ကရင်လူမျိုးသက်ကြီးရွယ်အို တချို့ရဲ့ နာကျည်းမှုတွေဟာ အခုအချိန်ထိ မပြေပျောက်နိုင်ကြသေးဘူး။  ကျွန်တော် အသက်ကြီးတဲ့ အချိန် ဒီအမုန်းတရားတွေကို ဖြေဖျောက်ပေးဖို့ ကြိုးစားကြည့်ပေမယ့်လည် ကျွန်တော့် မိသားစုထဲက လူတချို့တောင် ကျွန်တော့် အပြောအဆိုနဲ့ တွေးခေါ်မှုတွေကို ဘယ်လိုမှ နားလည်မပေးခဲ့ကြဘူး။ ကမ္ဘာမှာ ပြည်တွင်းစစ် အရှည်ကြာဆုံး ဟာ မြန်မာနိုင်ငံပဲ ဖြစ်မယ်ထင်ပါရဲ့။

    ပူပူလောင် ကွင်းပြင်ထဲ မိုးကာဖျင်ခေါ်မလား၊ တာလပတ်စခေါ်မလား အစကြီးတွေကို အမိုးလုပ်လို့ ဝါးကြမ်းခင်း ကလေးတွေပေါ်မှာ နေရချိန် အေးချမ်းတဲ့ ဒေသတွေက တိုင်းရင်းသားစစ်ပြေး ဒုက္ခသည်တွေ အပူဒဏ်မခံနိုင်ဘဲ ဖျားနာကြတဲ့အခါ ၊ မိသားစုအတွက်ပူပန်ရင်းတိုက်ပွဲဝင်နေကြတဲ့ တိုင်းရင်းသားလက်နက်တွေကို မြင်နေရတဲ့အခါ ဆေးလိပ်နဲ့ စားစရာ လေး အနည်းအပါးအတွက် နှစ်သိမ့်ကျေနပ်တဲ့ မျက်ဝန်းတွေနဲ့ အဝေးက မိသာားစုကို လွမ်းနေတဲ့ စစ်သားတချို့ရဲ့ စကားတွေကိုကြားရတဲ့အခါ၊ ဘယ်ဘက်ကိုမှ မတွေးနိုင်ဘဲ နာကျင်နေရတာ ချည်းပါပဲ။ နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေး ဆိုတဲ့စားသားအောက်မှာ ကလေးတွေနဲ့ အမေတွေ ငတ်နေကြတာ နယ်မြေကာကွယ်လိုစိတ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ သေနေရတာ အထက်အမိန့်ကလွဲလို ဘာမှမရတဲ့ အောက်ခြေစစ်သားတွေ လွင့်ကြွေနေရတာ ဥာဏ်မမှီဘူးဘဲ ဆိုချင်ဆိုပေါ့၊ တကယ်တော့ စစ်ဆိုတဲ့ အရာကို ကျွန်တော်ဘယ်လိုမှ နားလည်မပေးနိုင်သလို စစ်သွေးကြွနေကြသူတွေကိုလည်း မလိုလားတာတော့ အမှန်ပါပဲ။

    ဒီလှိုင်းဂျာနယ် အမှတ်(၅) အတွဲ(၁၀)မှ ကူးယူဖော်ပြသည်။

  • ဘာသာခြား သုံးယောက် အုပ်ချုပ်တဲ့ နိုင်ငံ

    ဘာသာခြား သုံးယောက် အုပ်ချုပ်တဲ့ နိုင်ငံ

    Phyo Ko Ko Naing ရေးသည်။

    Manmohan Singh , abdul kalam and sonia gandhi
    မွတ်ဆလင်သမ္မတ အဒူကာလမ်(၀ဲ) ဆစ်(ခ်)ဝန်ကြီးချုပ် မန်မိုဟန်ဆင်း(အလယ်) နှင့် ကွန်ဂရက်ပါတီ ဥက္ကဌ ဆိုနီယာ ဂန္ဒီ (ညာ)

    (၂၀၀၂ – ၂၀၀၇) ကာလမှာ အိန္ဒိယရဲ့ သမ္မတက သိပံ္ပပညာရှင် အဒူကလာမ်။ သူ့ ကို အိန္ဒိယ လူထုက သိပ်ချစ်ကြတယ်။ သူက ပါကစ္စတန်ရဲ့ အဏုမြူ ခြိမ်းခြောက်မှု အန္တရာယ်ကို မျှခြေလုပ်ဖို့ (Pokhran – II nuclear tests) ကို အောင်မြင်စွာ စမ်းသပ်ခဲ့တယ်။ ဒုံးကျည် လူသားလို့ တင်စားတယ်။ အိန္ဒိယ (Vision 2020) စီမံကိန်းကို ဖန်တီးခဲ့တဲ့ အဓိကလူ လည်း ဖြစ်တယ်။ သမ္မတ ဖြစ်တော့ အိမ်တော်ကို စာအုပ်သေတ္တာ နှစ်လုံးနဲ့ တက်လာပြီး တာဝန်က နားတော့ ဒီသေတ္တာ နှစ်လုံးပဲ ပြန်ယူဆင်းသွားတယ်။

    ဘဝရဲ့  နောက်ဆုံးနေ့ မှာ စာသင်ရင်း ရုတ်တရပ် နှလုံးခုန် ရပ်ပြီး ကမ္ဘာကြီးကနေ နှုတ်ဆက် သွားတယ်။ သူက အစ္စလာမ် ဘာသာဝင်။ ဒါပေမယ့် ဟိန္ဒူဘာသာ အဓိက ကိုးကွယ်တဲ့ မိခင်တိုင်းပြည် အတွက် နောက်ဆုံးနေ့ အထိ ပေးဆပ်ခဲ့တယ်။ သူနဲ့ ဘာသာတူ အစ္စလာမ်မစ် နိုင်ငံ ပါကစ္စတန်ရဲ့  အဏုမြူ ပါဝါ ကို သူ အတတ်ပညာနဲ့ ဟန့်တားပေးခဲ့တယ်။

    သူနဲ့ တာဝန် တွဲယူလိုက်ရတဲ့ ဝန်ကြီးချုပ်က မန်မိုဟန်ဆင်း။ “ဆင်း” က စီးပွားရေး ပညာရှင်။ သူ တာဝန် စယူချိန်မှာ အိန္ဒိယ ဂျီဒီပီက အမေရိကန် ဒေါ်လာ “၇၂၁.၆ ဘီလီယံ”။ သူ ဦးဆောင်မှုနဲ့ ဂျီဒီပီက “ဘီလီယံ ၁၀၀၀” ထိ စံချိန်တင် တက်လာတယ်။ သူ အနားယူတဲ့ အချိန်မှာ ဂျီဒီပီက “ဘီလီယံ ၂၀၆၆.၉” အထိ ဖြစ်သွားပြီ။ မိခင် နိုင်ငံကို စီးပွားပျက်ကပ်ကနေ ဆွဲထုတ်ခဲ့တဲ့ သူကတော့ ဈေးအပေါဆုံး Maruti 800 ပြည်တွင်းဖြစ် ကားလေးကို စီးတယ်။ ဂျဝါဟလာနေရူး နောက်ပိုင်း လူထုရဲ့ အနှစ်သက်ဆုံး ဝန်ကြီးချုပ်လို့  သိရတယ်။ သူကျတော့ ဆစ်(ခ်)ဘာသာဝင်။

    ဆစ်(ခ်) တွေနဲ့  ဟိန္ဒူတွေ ကြားမှာက ဘာသာရေး အမုန်းတရားတွေ ရှိတယ်။ ၁၉၈၄ ကဖြစ်ခဲ့တဲ့ ဆစ်(ခ်)တွေရဲ့ ခွဲထွက်ရေး လှုပ်ရှားမှုကို နှိမ်နင်းဖို့ အိန္ဒိယရဲ့  သမ္မတ အင်ဒီရာဂန္ဒီက အမိန့် ပေးခဲ့တယ်။ ဒါကို မကျေနပ်လို့ အင်ဒီရာကို သူရဲ့  ဆစ်(ခ်) ဘာသာဝင် သက်တော်စောင့် က လုပ်ကြံ သတ်ပစ်ခဲ့တယ်။ ဒီ အကျိုးဆက်ကြောင့် အဓိကရုဏ်းတွေ ဖြစ်ပွားပြီး အပြစ်မရှိတဲ့ ဆစ်(ခ်) ဘာသာဝင်တွေ ထောင်ပေါင်း များစွာ သတ်ခံရတယ်။ သောင်းဂဏန်း အိမ်ခြေယာမဲ့ ဖြစ်ကုန်တယ်။ ဒီနေ့ထိ ဟိန္ဒူနဲ့ ဆစ်(ခ်) တွေကြားမှ မပြေသေးတဲ့ အမုန်းတရား တွေ ရှိသေးတယ်။ ဒါပေမယ့် “ဆင်း” မှာတော့ မရှိဘူး။ ကားစုတ်လေး စီးတဲ့ ဆစ်(ခ်) ဝန်ကြီးချုပ်က ဟိန္ဒူ ဘာသာဝင် ၈၀ ရာခိုင်နှုန်း နေတဲ့ မိခင်နိုင်ငံ စီးပွားရေးကို ၃ ဆလောက် ဆွဲတင်သွားပြီး တာဝန်ကျေခဲ့တယ်။

    အဲချိန်တုန်းက အာဏာရပါတီ ခေါင်းဆောင်က ဆိုနီယာ ဂန္ဒီ။ သူကတော့ အထူးပြောစရာ မလိုပါဘူး။ ကမ္ဘာ သြဇာ အကြီးဆုံးလူ စာရင်းမှာ အမေစုနဲ့ နှစ်တိုင်း အတူပါနေကြ ခေါင်းဆောင်။ အမေစုလိုပဲ သရဖူ မဆောင်းတဲ့ မင်းဧကရာဇ်။ အင်ဒီရာဂန္ဒီရဲ့ ချွေးမ၊ နေရူးမျိုးဆက်နဲ့ အိန္ဒိယ လူထုရဲ့  နှလုံး သည်းပွတ်။ သူကတော့ ခရစ်ယာန် ဘာသာ ကိုးကွယ်တယ်။

    မဲပေးခွင့်ရှိတဲ့ လူရဲ့  ၈၀ ရာခိုင်နှုန်း ဟိန္ဒူ ဘာသာ ဖြစ်တဲ့ အိန္ဒိယကို အစ္စလာမ် သမ္မတ၊ ဆစ်(ခ်) ဝန်ကြီးချုပ်နဲ့ ခရစ်ယာန် ပါတီ ခေါင်းဆောင် တို့ က ပြိုင်တူ အုပ်ချုပ်ဖူးတယ်။ ဘာသာခြား သုံးယောက် ပေါင်းပြီး တိုင်းပြည် အကျိုး ကို စွမ်းစွမ်းတမန် ဆောင်ရွက်သွားတယ်။

    ဒီမိုကရေစီ နိုင်ငံမှာ လူနည်းစု ဘာသာဝင်ကို သမ္မတ တင်တာမရှိဘူး ပြောနေတဲ့ ဥာဏ်တော် စူးရောက်သူ တွေကို သိစေချင် တာက အနားမှာတင် ဘာသာခြား သုံးယောက်ကို ခေါင်းဆောင် ပြိုင်တူ တင်မြှောက်ခဲ့တဲ့ ကမ္ဘာ့ အကြီးဆုံး ဒီမိုကရေစီ နိုင်ငံ အိန္ဒိယက စံပြ ရှိတယ်။

    မြန်မာနိုင်ငံဆိုတာက ဗုဒ္ဓဘာသာ နိုင်ငံ။ ဗုဒ္ဓက ငါ၊ သူတပါး၊ ယောက်ျား၊ မိန်းမ ဆိုတဲ့ အတ္တ အစွဲတွေကို ဖြုတ်ခိုင်းတဲ့ အနတ္တ တရားကို ဖော်ထုတ်သူ။ သူ အဆုံးအမ အောက်မှာ နေမယ် ဆိုတဲ့ သူတွေက ဒုသမ္မတ တစ်ယောက်လောက် ကိုယ်နှင့် ဘာသာ မတူတာ ပါလာတာနဲ့ ကန့် ကွက် မယ် ဆိုတော့ ဗုဒ္ဓရဲ့ အနတ္တ တရား ကို ဆန့် ကျင် ဖျက်ဆီး နေတာလား (သို့ ) ဘာသာရေး အရေခြုံ လူယုတ်မာလား (သို့ ) ဥာဏ် မကောင်းလို့  တရားကို နားမလည် သေးတာလား လို့  မေးလည်း မေးချင်တယ်၊ မေးလည်း မေးရဲတယ်။

    တိုင်းပြည်ကို ကမ္ဘာအဆင်းရဲဆုံး ချောက်ထဲ ခုန်ဆင်းခဲ့အောင် ၁၉၆၂ ကနေ ဒီနေ့ထိ ဦးဆောင်သွားတာ တံဆိပ်ကပ် ဟန်ပြ ဗုဒ္ဓဘာသာတွေ ကြီးပဲ။ တိုင်းပြည်ရဲ့  အသွေး အသားတွေကို လှီးဖြတ်၊ အရိုးအဆစ် တွေကို ရိုက်ချိုး ချွတ် ရောင်းပြီး ကိုယ်ကျိုး ရှာခဲ့တာလည်း ဒီလို အမည်ခံကောင် တွေပဲ။ ဗုဒ္ဓရဲ့ ငါ မရှိတဲ့ အနတ္တ သာသနာ မှေးမှိန် သွားအောင် လုပ်ခဲ့တာ၊ နောင်ဘဝ ကောင်းစားရေး မျှော်လင့်ပြီး အပေးအယူနဲ့ ကုသိုလ်ပြုတဲ့ သင်္ချာ ဘာသာရေး ခေတ်စားအောင် လုပ်ခဲ့တာလည်း ဒီ ဗုဒ္ဓဘာသာ အရေခြုံ ဘာသာရေး ခေါင်းဆောင်တွေပါပဲ။

    စာရိတ္တကောင်းတဲ့ ဘာသာခြား ဒုသမ္မတ ဖြစ်လို့ တိုင်းပြည် မနစ်နာဘူး။ ဗုဒ္ဓဘာသာ ဖြစ်ပေမယ့် စာရိတ္တ မကောင်းတဲ့ သူခိုး ဒုသမ္မတ ဖြစ်ရင်သာ တိုင်းပြည် နစ်နာတယ်။

    မြင့်မြတ်သူတွေက ဘာသာတရားကို မေတ္တာတရား ပြန့်ပွားဖို့ သုံးတယ်။ အောက်တန်းကျတဲ့ ဘာသာရေး အရေခြုံတွေက အမုန်းတရား ဖြန့်ဖြူးဖို့ သုံးတယ်။ ကိုယ် ဖြစ်ချင်တဲ့ ဘဝ ကိုယ် ရွေးချယ်လို့ ရတယ်။

    Facebook လူမှုကွန်ယက်စာမျက်နှာမှာ လူကြိုက်များနေတဲ့ ဆောင်းပါး တပုဒ်ကို အမ်မီဒီယာ စာဖတ်ပရိတ်သတ် ဖတ်ရှု့နိုင်ဖို့ ထပ်ဆင့်မျှဝေဖော်ပြခြင်းဖြစ်ပါတယ်။

    မူရင်းလင့်ခ် Link

     

  • ကုလသမဂ္ဂ လူ့အခွင့်အရေး သုံးသပ်ချက် အပေါ် မြန်မာအစိုးရ တုံ့ပြန်ပုံ အလွန် စိတ်ပျက်ဖွယ်ရာကောင်းဟု နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့ချုပ် ထုတ်ပြန်

    ကုလသမဂ္ဂ လူ့အခွင့်အရေး သုံးသပ်ချက် အပေါ် မြန်မာအစိုးရ တုံ့ပြန်ပုံ အလွန် စိတ်ပျက်ဖွယ်ရာကောင်းဟု နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့ချုပ် ထုတ်ပြန်

    Karim-Lahidji
     
    မတ်၊ ၁၇ ။ ။ ကုလသမဂ္ဂ၏ မြန်မာနိုင်ငံအပေါ် ဒုတိယမြောက် ကမ္ဘာလုံးဆိုင်ရာ လူ့အခွင့်အရေး အခြေအနေ သုံးသပ်ချက်ကို မကြာမီ အာဏာလွှဲပြောင်းပေးရတော့မည့် မြန်မာအစိုးရ၏တုံ့ပြန်ပုံမှာ အလွန်ပင် စိတ်ပျက်စရာကောင်းကြောင်း နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့ချုပ် (FIDH) နှင့် ၎င်း၏ အဖွဲ့ဝင် အဖွဲ့အစည်းတစ်ခုဖြစ်သော ALTERSEAN -Burma တို့က ယနေ့ ထုတ်ပြန်လိုက်သော ပူးတွဲကြေညာချက်ထဲတွင် ဖော်ပြထားသည်။
    .
    ” လူ့အခွင့်အရေးဆိုင်ရာအကြံပြုထောက်ခံချက်တွေကို လိုက်လံလုပ်ဆောင်ခြင်းမပြုဘဲ ငြင်းပယ်ခဲ့တဲ့ ရာထူးက ထွက်ခွာတော့မယ့် မြန်မာအစိုးရရဲ့ လုပ်ဆောင်ချက်တွေဟာ အလွန်စိတ်ပျက်စရာပါပဲ ” ဟု FIDH ၏ ဥက္ကဌ ကာရင်မ်လာဟစ်ဂျီ က ပြောကြားသည်။
    .
    ထို့ပြင် မြန်မာအစိုးရသည် လူ့အခွင့်အရေးနှင့်ပတ်သတ်ပြီး ကုလသမဂ္ဂ၏ ကမ္ဘာလုံးဆိုင်ရာပုံမှန်သုံးသပ်ချက် (UPR) တွင် ညွှန်ကြားထားသည်များကို အပြောသာရှိပြီး အမှန်တကယ်လိုက်နာခဲ့ခြင်း မရှိကြောင်းနှင့် အစိုးရသစ်အနေဖြင့် ထိုအတိတ်ဖြစ်ရပ်များကို ချေဖျက်ကာ ထိရောက်သည့်လုပ်ဆောင်ချက်များ ဆောင်ရွက်ပြရန်လိုအပ်လိမ့်မည်ဟုလည်း ၎င်းက ပြောကြားသည်။
    .
    မြန်မာနိုင်ငံအပေါ် ဒုတိယအကြိမ်မြောက် UPR ကို ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ၊ ၆ ရက်နေ့ကပြုလုပ်ခဲ့သည်။ ထိုသို့ပြုလုပ် ရာတွင် လူ့အခွင့်အရေးနှင့် ပတ်သတ်ပြီး အခြားနိုင်ငံများက အကြံပြုထောက်ပြ ခဲ့သည့် ၂၈၁ ချက် အနက်မှ ၁၆၆ ချက်ကိုသာလက်ခံကြောင်း ၂၀၁၆ ခုနှစ်၊ မတ်လ၊ ၁၀ ရက်နေ့က ထုတ်ပြန်သည့် ကြေညာချက် ထဲတွင် မြန်မာ အစိုးရက ဖော်ပြထားသည်။
    .
    တိုင်းပြည်အတွင်း လူမျိုးရေးနှင့်ဘာသာရေးကို အခြေခံ၍ ခွဲခြားဆက်ဆံမှုများမရှိကြောင်း မြန်မာအစိုးရကငြင်းဆိုခဲ့ကာ မူစလင်အပါအ၀င် လူနည်းစုများအပေါ်တွင် အမုန်းပွားစေသည့် လုပ်ဆောင်ချက် များကို တားဆီးရန်နှင့် ၎င်းတို့၏ ရပိုင်ခွင့် များကို ကာကွယ်ပေးရန်တောင်းဆိုမှုများကို ပယ်ချခဲ့သည်။
    .
    ထို့ပြင် မြန်မာအစိုးရက အမျိုးဘာသာကာကွယ်ရေးဥပဒေများကို ပြင်ဆင်ရန်၊ သို့မဟုတ်ဖျက်သိမ်းရန် အကြံပြုထောက်ပြမှု ၁၀ ခုကိုလည်း လက်မခံဘဲငြင်းပယ်ခဲ့သည်။
    .
    မူစလင်ရိုဟင်ဂျာများနှင့်ပတ်သတ်၍ ရည်ရွယ်အကြံပြုထောက်ပြချက် ၂၇ ချက်ကိုလည်း မြန်မာအစိုးရက ငြင်းပယ်ခဲ့ကာ လူနည်းစု တိုင်းရင်းသားများ နိုင်ငံသားဖြစ်ခွင့်နှင့်ပတ်သတ်ပြီးတိုက်တွန်းထားသည့် အကြံပြုချက် ၁၆ ချက်ကိုလည်း ပယ်ချခဲ့သည်။
    .
    မြန်မာအစိုးရသည် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခွင့်ဥပဒေ ကိုပြင်ဆင်ရန် တိုက်တွန်းထားသည့်အကြံပြုချက်များကိုလည်း ငြင်းပယ်ခဲ့ကာ ထိုဥပဒေဖြင့် တက်ကြွလှုပ်ရှားသများ၊ကျောင်းသားများကို ဆက်လက် ဖမ်းဆီး အရေးယူနေကြောင်းလည်း FIDH ၏ ကြေညာချက်ထဲတွင် ဖော်ပြထားသည်။
    .
    မြန်မာအစိုးရကလက်ခံခဲ့သော အကြံပြုတိုက်တွန်းချက် အများစုမှာ နိုင်ငံတကာ လူ့အခွင့်အရေးစံနှုန်းများနှင့် ဆက်နွယ်နေသည့် အချက်များဖြစ်ပြီး အမျိုးသမီးများကိုအကြမ်းဖက်ခြင်းနှင့်စပ်လျဉ်း၍ လုပ်ဆောင်ရန် အကြံပြုတိုက်တွန်းချက် ၅ ချက်ကိုလည်း လက်ခံခဲ့သည်ကိုတွေ့ရသည်။
    .
    မဇ္ဈိမ မှ ကူးယူဖော်ပြပါသည်။
     
    http://mizzimaburmese.com/article/12442
  • အာဆင်ဝင်းဂါး၏ ဇာတ်သိမ်းခန်း နီးလာပြီဟု အာဆင်နယ်တိုက်စစ်မှူးဟောင်း ပြော

    အာဆင်ဝင်းဂါး၏ ဇာတ်သိမ်းခန်း နီးလာပြီဟု အာဆင်နယ်တိုက်စစ်မှူးဟောင်း ပြော

    မတ် ၁၇၊ ၂၀၁၆
    M-Media

    winger 2

    – ချန်ပီယံလိဂ်မှ အာဆင်နယ်အသင်း ထွက်ခွာခဲ့ရပြီးနောက် အာဆင်ဝင်းဂါး၏ ဇာတ်သိမ်းခန်းမှာ နီးကပ်လာပြီဟု အာဆင်နယ်တိုက်စစ်မှူးဟောင်း အီယန် ရွိုက်က ပြောကြားလိုက်သည်။

    ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့ အိမ်ကွင်းတွင် ဘာစီလိုနာအား ၂ ဂိုးပြတ်ဖြင့် ရှုံးနိမ့်ခဲ့သည့် အာဆင်နယ်မှာ ယနေ့မနက်က ကစားခဲ့သည့် ဒုတိယအကျော့တွင်လည်း ၃ ဂိုး ၁ ဂိုးဖြင့် ထပ်ရှုံးခဲ့ပြီး FA ဖလားတွင် ၀က်ဖို့ဒ်အား ရှုံးနိမ့်ကာ ထွက်ခဲ့ရပြီးနောက်ပိုင်း တစ်ပတ်အတွင်း အဓိကပြိုင်ပွဲတစ်ခုမှ ထပ်မံ ထွက်ခွာခဲ့ရခြင်းလည်း ဖြစ်သည်။

    “တကယ်လို့များ အာဆင်နယ်ဟာ ပရီးမီးယားလိဂ်ကို မရဘူးဆိုရင် သူ (၀င်းဂါး) ဟာ နွေရာသီနောက်ပိုင်း အသင်းမှာ ဆက်ရှိနေမလားဆိုတာ ကျွန်တော် အသေအချာ မပြောနိုင်ပါဘူး။ အဆင့် ၃၊ အဆင့် ၄ နေရာနဲ့ ဆက်ပြီး ရာသီသိမ်းမယ်ဆိုရင် ဘာဖြစ်မလဲဆိုတာကို ကျွန်တော် မပြောတတ်ပါဘူး။ အထူးသဖြင့် လက်စတာနဲ့ စပါးတို့က အပေါ်ရောက်နေပြီး အာဆင်နယ်က ချန်ပီယံလိဂ်နဲ့ FA က ထွက်ရတဲ့ ဒီလိုအခြေအနေမျိုးမှာပေါ့ဗျာ။ အခုအချိန်မှာ အခြေအနေက ပြောင်းသွားပါပြီ။ သူ့ကို ရှိနေစေချင်တဲ့သူထက် ထွက်သွားစေချင်တဲ့သူက ပိုများနေပါတယ်” ဟု ရွိုက်က ပြောကြားခဲ့သည်။

    သို့သော်လည်း အသင်း၏မအောင်မြင်မှုအတွက် ၀င်းဂါးတစ်ဦးတည်းကိုသာ အပြစ်တင်၍ မရကြောင်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    Ref : Goal