News @ M-Media

Blog

  • အစ္စလာမ်မှာ အစွန်းရောက်မှုကို လက်မခံဟု နိုက်ဂျီးရီးယားသမ္မတ ပြော

    အစ္စလာမ်မှာ အစွန်းရောက်မှုကို လက်မခံဟု နိုက်ဂျီးရီးယားသမ္မတ ပြော

    မတ် ၁၈၊ ၂၀၁၆
    M-Media

    buhari

    – အစ္စလာမ်သာသနာမှာ မင်းမဲ့စရိုက်ဆန်ဆန် ပြုမူမှုကို တားမြစ်ထားပြီး သာမန် ၀တ်ပြုဆုတောင်းမှုမှာပင် အယူသီးမှုကို လက်မခံဟု နိုက်ဂျီးယားသမ္မတ မူဟာမာဒူ ဘူဟာရီက ပြောကြားလိုက်သည်။

    မြို့တော်အဘူဂျာတွင် ကြာသာပတေးနေ့က ပြုလုပ်ခဲ့သည့် ငြိမ်းချမ်းရေးနှင့် နိုင်ငံတည်ဆောက်ရေးဆိုင်ရာ အစ္စလာမ့်ညီလာခံ အဖွင့်မိန့်ခွန်းတွင် ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ပြီး၊ ထိုသွန်သင်ချက်နှင့် ဆန့်ကျင်ကာ ပြောဆိုသော မည်သည့်အဖွဲ့အစည်းမဆို အစ္စလာမ်နှင့် မညီညွတ်ဘဲ လက်မခံနိုင်စရာဖြစ်သည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    ထို့ပြင် သူပုန်များကို လှုံ့ဆော်ပေးနေသည့် ဆိုးရွားသော အတွေးအခေါ်များကို တန်ပြန်ချေမှုန်းနိုင်ရေးအတွက် အစ္စလာမ်ဘာသာရေးခေါင်းဆောင်များအနေဖြင့် အစ္စလာမ်၏ စစ်မှန်သော သင်ကြားမှုများကို ပိုမိုဖြန့်ဖြူးပေးရန်လည်း သမ္မတက တိုက်တွန်းခဲ့သည်။

    “ကမ္ဘာတစ်ဝှမ်း သူပုန်အဖွဲ့အမျိုးမျိုးကနေ ရက်စက်ကြမ်းကြုတ်မှုတွေ ကျူးလွန်နေဟာ မွတ်စလင်အမည်ခံတွေရဲ့လက်ချက်ပါ။ ဒါပေမယ့် သားကောင်ဖြစ်ရသူတွေ၊ သေကြေပျက်ဆီးရသူ အများစုကတော့ မွတ်စလင်တွေပါပဲ။ သူတို့ရဲ့ရက်စက်မှု၊ ဘုရားမဲ့မှုကို ထင်ရှားစေဖို့အတွက် သူတို့ဟာ ကလေးတွေ၊ အမျိုးသမီးတွေနဲ့ သက်ကြီးရွယ်အိုတွေလို လူ့အဖွဲ့အစည်းအတွင်းက အားနွဲ့သူအများစုကို ပစ်မှတ်ထားကြပါတယ်။ လူသားထုအပေါ်ကျူးလွန်တဲ့ ဒီလို စက်ဆုပ်ဖွယ်ရာ ရာဇ၀တ်မှုတွေကို ဘယ်ဘာသာတရားမှ ခွင့်မပြုပါဘူး။ နိုက်ဂျီးရီးယားပြည်သူအများစု ယုံကြည်ကြတဲ့ အစ္စလာမ်နဲ့ ခရစ်ယာန်ကလည်း ဒီလိုပါပဲ” ဟု ဘူဟာရီက ၎င်း၏မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

    ထို့ပြင် ကိုယ်ကျင့်တရားပျက်ပြားမှုများနှင့် မည်သည့်ရာဇ၀တ်မှုမျိုးကို မဆို နောက်လိုက်များက ရှောင်ကျဉ်ရေး ဘာသာရေး၊ လူ့အဖွဲ့အစည်းနှင့် နိုင်ငံရေးခေါင်းဆောင်များက လှုံ့ဆောင်ပေးရန်၊ ပြည်သူများအနေဖြင့်လည်း တစ်ဦးနှင့် တစ်ဦး သည်းခံခွင့်လွှတ်ကြရန်၊ တစ်ဦး၏အခွင့်အရေးကို တစ်ဦးက အသိအမှတ်ပြုကြရန်လည်း သမ္မတက တိုက်တွန်းပြောကြားခဲ့သည်။

    Ref: Allafrica.com

  • ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ပွဲစဉ်များကို မဲခွဲ

    ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ပွဲစဉ်များကို မဲခွဲ

    မတ် ၁၈၊ ၂၀၁၆
    M-Media

    champ

    – ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ပွဲစဉ်များကို ယနေ့ နေ့လည်ပိုင်းတွင် မဲခွဲခဲ့ပြီး ချန်ပီယံဖြစ်မည်ဟု ရေပန်းစားနေသည့် ဘာစီလိုနာမှာ ပြည်တွင်းပြိုင်ဘက် အက်သလက်တီကိုမက်ဒရစ်အသင်းနှင့် တွေ့ဆုံရမည်ဖြစ်သည်။

    ဂွါဒီယိုလာ၏ ဘိုင်ယန်မြူးနစ်မှာ ဘင်ဖီကာနှင့်တွေ့ခဲ့ပြီး နောက်တစ်ဆင့်တက်ရန် အခြေအနေကောင်းနေသည်။ ဘိုင်ယန်မှာ ဘင်ဖီကာနှင့် နောက်ဆုံးတွ့ဆုံခဲ့သည့် ၆ ကြိမ်တွင် ရှုံးပွဲမရှိဘဲ ၄ ပွဲနိုင်ထားကာ ၂ ပွဲသရေကျခဲ့သည်။

    ရီးယဲလ်မှာ တစ်ကြိမ်မှမတွေ့ဆုံဘူးသည့် ဂျာမန်ကလပ် ၀ုလ်ဖ်ဘာ့ဂ်နှင့် တွေ့ဆုံရမည်ဖြစ်သည်။ ချယ်ဆီးအား ဖြုတ်ချကာ ကွာတားဖိုင်နယ်သို့ တက်လာခဲ့သည့် ပီအက်စ်ဂျီမှာ မန်စီးတီးနှင့် တွေ့ဆုံရမည်ဖြစ်သည်။ ၎င်းတို့နှစ်သင်းမှာ ၂၀၀၈-၀၉ ယူအီးအက်ဖ်အေဖလား အုပ်စုအဆင့်တွင် တွေ့ဆုံခဲ့ပြီး မန်စီးတီးကွင်းတွင် ဂိုးမရှိသရေကျခဲ့သည်။

    ဘာစီလိုနာမှာ အက်သလက်တီကိုနှင့် ပြိုင်ပွဲအားလုံး နောက်ဆုံးတွေ့ဆုံမှု ၆ ကြိမ်တွင် ပွဲအားလုံးကို အနိုင်ကစားထားနိုင်သည်။ မက်ဆီမှာ အက်သလက်တီကိုနှင့် တွေ့ဆုံခဲ့သည့် ၂၇ ကြိမ်တွင် ဟက်ထရက် ၃ ကြိမ်အပါအ၀င် ၂၅ ဂိုး သွင်းယူပေးထားနိုင်သည်။

    ကွာတားဖိုင်နယ်ပွဲစဉ်များကို ဧပြီလ ၅၊ ၆၊ ၁၂၊ ၁၃ ရက်များတွင် ကစားသွားမည်ဖြစ်သည်။

    Ref: UEFA.com

  • ယူရိုပါလိဂ်အရှုံးကို စပါးနည်းပြ အကောင်းမြင်နေ

    ယူရိုပါလိဂ်အရှုံးကို စပါးနည်းပြ အကောင်းမြင်နေ

    မတ် ၁၈၊ ၂၀၁၆
    M-Media

    spur

    – ယူရိုပါလိဂ်တွင် ဒေါ့မွန်အသင်းအား ရှုံးနိမ့်ကာ ထွက်ခွာခဲ့ရခြင်းမှာ အသင်းအတွက် အပေါင်းလက္ခဏာဖြစ်သည်ဟု စပါးနည်းပြ ပိုချက်တီနိုက ပြောကြားလိုက်သည်။

    ၁၆ သင်းအဆင့် ရှုံးထွက် ပထမအကျော့တွင် ၃ ဂိုးပြတ်ဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက် စပါးမှာ ယမန်နေ့က ကစားခဲ့သည့် ဒုတိယအကျော့တွင်လည်း ၂ ဂိုး ၁ ဂိုးဖြင့် ထပ်မံရှုံးနိမ့်ခဲ့ပြီး ပြိုင်ပွဲမှ ထွက်ခဲ့ရသည်။ ပရီးမီးယားလိဂ်တွင်မူ စပါးမှာ ဒုတိယနေရာတွင်ရှိနေပြီး ပိုချက်တီနိုက ယူရိုပါလိဂ်မှ ထွက်ရခြင်းက ပြည်တွင်းတွင် ပိုမို အာရုံစိုက်နိုင်သည်ဟု ဆိုသည်။

    “ယူရိုပါလိဂ်ကထွက်ရတာကို ကျွန်တော် စိတ်ပျက်ပါတယ်။ ဒါပေမယ့် ချန်ပီယံလိဂ်အဆင့်မှာကစားခဲ့တဲ့ အသင်းကောင်းတစ်သင်းကို ကျွန်တော်တို့ ရှုံးနိမ့်ခဲ့တယ်ဆိုတာကိုတော့ လက်ခံရမှာပါ။ ဒေါ့မွန်ဟာ ဥရောပ အသင်းကောင်းတွေထဲက တစ်သင်းပါ။ ကျွန်တော်တို့ တိုးတက်လာတယ်လို့ ထင်ပါတယ်။ ပြီးခဲ့တဲ့တစ်ပတ်က ဂျာမနီမှာ ရှုံးနိမ့်ခဲ့တာကနေ ကျွန်တော်တို့ သင်ယူနိုင်ခဲ့တယ်။ ကျွန်တော်တို့ အာလုံး ထောင့်စေ့ခဲ့ပြီး အပြုသဘောယူဆဖို့ လိုအပ်ပါတယ်” ဟု ပိုချက်တီနိုက ပြောကြားခဲ့သည်။

    Ref : Goal

  • မိမိ ပါတီသမ္မတလောင်း မဖြစ်ပါက အဓိကရုဏ်းဖြစ်မည်ဟု ထရမ့်ခြိမ်းခြောက်

    မိမိ ပါတီသမ္မတလောင်း မဖြစ်ပါက အဓိကရုဏ်းဖြစ်မည်ဟု ထရမ့်ခြိမ်းခြောက်

    မတ် ၁၈၊ ၂၀၁၆
    M-Media

    trump

    – မိမိအား ရီပက်ဘလစ်ကန်ပါတီက ပါတီကိုယ်စားပြု သမ္မတလောင်းအဖြစ် မရွေးချယ်ပါလျှင် မိမိကိုထောက်ခံသူများက အဓိကရုဏ်း ဖန်တီးနိုင်သည်ဟု ဒေါ်နယ်ထရမ့်က ပြောကြားလိုက်သည်။

    ဗုဒ္ဓဟူးနေ့က CNN သတင်းဌာနနှင့် အင်တာဗျူးတွင် ထိုကဲ့သို့ ပြောကြားခဲ့ဖြစ်သည်။ ဒေါ်နယ်ထရမ့်မှာ လက်ရှိပြုလုပ်နေသည့် ပါတီတွင်း သမ္မတလောင်းရွေးကောက်ပွဲ မဲဆွယ်မှုများတွင် ဆက်တိုက် အနိုင်ရလျက်ရှိသော်လည်း သတ်မှတ်ထားသည့် မဲအရေအတွက် မပြည့်သည့်အခြေအနေမျိုးလည်း ဖြစ်သွားနိုင်သည်။

    ထို့ကြောင့် ယခုနှစ် သမ္မတရွေးကောက်ပွဲအတွက် သမ္မတလောင်းအဖြစ် ရွေးချယ်ရန် လာမည့်ဇူလိုင်လတွင် ကလိဗ်လန်း၌ ပြုလုပ်မည့် ရီပက်ဘလစ်ကန် ပါတီညီလာခံတွင် ထရမ့်အားကျော်၍ အခြားတစ်ဦးကို ရွေးချယ်နိုင်ဖွယ်ရှိနေသည်။

    “အေးအေးဆေးဆေး ဖြစ်သွားမယ်လို့ ကျွန်တော် မထင်ပါဘူး။ အဓိကရုဏ်းတွေ ဖြစ်မှာပါ။ အဲဒီလိုဖြစ်မယ်လို့ ကျွန်တော် ထင်ပါတယ်။ ကျွန်တော်က လူသန်းပေါင်းများစွာကို ကိုယ်စားပြုသူပါ။ တကယ်လို့ ဒီလူတွေကို ခင်ဗျားက အလေးမထားဘူးဆိုရင် ဘယ်တုန်းကမှ မမြင်ဘူးတဲ့ ပြဿနာမျိုတွေကို သူတို့က ပြုလုပ်ပါလိမ့်မယ်” ဟု ထရမ့်က ပြောကြားခဲ့သည်။

    ဗြိတိန် သုတေသန အဖွဲ့တစ်ခုဖြစ်သော Economist Intelligence Unit ကမူ ထရမ့်မှာ အမေရိကန်သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံရပါက အမေရိကန်နိုင်ငံ၏ စီးပွားရေး၊ ကုန်သွယ်ရေးတို့ ထိခိုက်မည်ဖြစ်ကာ အကြမ်းဖက် တိုက်ခိုက်မှုများကိုလည်း မီးလောင်ရာ လေပင့်ပေးသကဲ့သို့ ဖြစ်မည်ဟု သတိပေးခဲ့သည်။

    Ref: Aljazeera

  • ပြုပြင် ပြောင်းလဲရေးမှာ အရင်ဆုံး လုပ်ရမယ့် အလုပ် (သူ့တို့ပြောစကား)

    ပြုပြင် ပြောင်းလဲရေးမှာ အရင်ဆုံး လုပ်ရမယ့် အလုပ် (သူ့တို့ပြောစကား)

    Atta Kyaw
    ကျောင်းဝင်ပုံစံ၊ အလုပ် လျှောက်လွှာ အပါအ၀င် ဘာပုံစံမှာဖြစ်ဖြစ် လူမျိုး၊ ကိုးကွယ်ရာ ဘာသာတွေ လုံးဝ မထည့်ဘဲ နိုင်ငံသားဆိုတာပဲ ထည့်တဲ့ စနစ်ကို တပြည်လုံး ပြောင်းလဲ သုံးစွဲဖို့ လုပ်ကြရပါလိမ့်မယ်။
    .
    စာရေးဆရာ အတ္တကျော်(ခ) ဆူဒိုနင်

    https://www.facebook.com/writer.atta.kyaw/posts/10207741530629280
    ————————————
    သူတို့ပြောစကား ကဏ္ဍ အတွက် နယ်ပယ်အသီးသီးမှ လူပုဂ္ဂိုလ်များ ပြောကြားချက်များ တွင် စာဖတ်ပရိတ်သတ် အတွက် အကျိုးဖြစ်ထွန်းစေမည့် အကြောင်းအရာများ ကို ကောက်နှုတ်ဖော်ပြပေးခြင်းဖြစ်ပါသည်။