News @ M-Media

Blog

  • စိတ်ခံစားမှုများကို အစ္စလာမ့်နည်းကျ ဖော်ပြနိုင်မည့် Muslim Emoji ဆော့ဖ်ဝဲ ထွက်ရှိ

    စိတ်ခံစားမှုများကို အစ္စလာမ့်နည်းကျ ဖော်ပြနိုင်မည့် Muslim Emoji ဆော့ဖ်ဝဲ ထွက်ရှိ

    မတ် ၁၅၊ ၂၀၁၆
    M-Media

    emotion

    – ဆိုရှယ်မီဒီယာတွေမှာ မိမိတို့ရဲ့ စိတ်ခံစားမှုကို အစ္စလာမ့်နည်းကျ ဖော်ပြနိုင်ဖို့အတွက် Muslim Emoji လို့ခေါ်တဲ့ ဖုန်းဆော့ဖ်ဝဲအသစ်တစ်ခုကို Android နဲ့ iOS တို့အတွက် ဖြန့်ချီလိုက်တယ်လို့ သိပါတယ်။

    အဲဒီဆော့ဖ်ဝဲဟာမှာ စိတ်ခံစားမှုကိုဖော်ပြတဲ့ icon ပေါင်း ၁၀၀ ကျော်ပါဝင်ပြီး Messenger၊ Whatsapp၊ Email နဲ့ အခြားဆော့ဖ်ဝဲအမျိုးမျိုးမှာ အသုံးပြုနိုင်မှာဖြစ်ကာ မွတ်စလင်တွေအတွက် ရည်ရွယ်ထုတ်လုပ်တာဖြစ်တယ်လို့ ဆော့ဖ်ဝဲ ထုတ်လုပ်သူတွေက ပြောကြားခဲ့ပါတယ်။

    ဟာလာ၊ ဟာရမ်နဲ့ပတ်သက်တဲ့ icon တွေ၊ ကုရ်အာန်ကျမ်းတော်မြတ်၊ ကအ်ဗာဝတ်ကျောင်းတော်ပုံတွေလည်း ပါရှိတဲ့အပြင် မုတ်ဆိတ်နဲ့ အမျိုးသားပုံ၊ ဟီဂျာဗ်ဝတ်ဆင်ထားတဲ့ အမျိုးသမီးပုံတို့ကိုလည်း ဒီဆော့ဖ်ဝဲမှာ တွေ့မြင်နိုင်မှာဖြစ်ပါတယ်။ Google Store နဲ့ IOS Store တို့ကနေ Donlowad ဆွဲယူ အသုံးပြုနိုင်မှာဖြစ်ပြီး အခမဲ့မဟုတ်ဘဲ ၁ ဒေါ်လာ ကျသင့်မှာဖြစ်ပါတယ်။

    ဒါဟာ ခံစားမှုသရုပ်ဖော်ပုံဆိုင်ရာ ပထမဆုံးဆော့ဖ်ဝဲ မဟုတ်ပေမယ့် မိမိတို့ရဲ့ခံစားမှုကို အစ္စလာမ့်နည်းကျ ဖော်ပြနိုင်မယ့် ပထမဆုံးဆော့ဖ်ဝဲ ဖြစ်ပါတယ်။ Apple အနေနဲ့ ၎င်းရဲ့ Store မှာ ဗလီ၊ ကအ်ဗာကျောင်း၊ မွတ်စလင်တို့၏ စိတ်ပုတီးနဲ့ပက်သက်တဲ့ Icon အသစ် ၁၅၀ လောက် မိတ်ဆက်ပြီးတဲ့နောက်ပိုင်း အခုအက်ပလီကေးရှင်း ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

    Ref: IINA

  • ဂျပန်အမျိုးသမီးတစ်ဦးကို အမေရိကန် ရေတပ်စစ်သားက အဓမ္မပြုကျင့်မှု  ဂျပန်က တရားဝင် ကန့်ကွက်

    ဂျပန်အမျိုးသမီးတစ်ဦးကို အမေရိကန် ရေတပ်စစ်သားက အဓမ္မပြုကျင့်မှု ဂျပန်က တရားဝင် ကန့်ကွက်

    မတ် ၁၅၊ ၂၀၁၆
    M-Media

    japan

    – အိုကီနာဝါကျွန်းမှာ ဂျပန်ကမ္ဘာ့လှည့်ခရီးသွား တစ်ဦးကို အဓမ္မပြုကျင့်တယ်ဆိုတဲ့ သံသယနဲ့ အမေရိကန်ရေတပ်သားတစ်ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီးနောက် ဂျပန်က ထိုအဖြစ်အပျက်အတွက် ဒေါသထွက်ကြောင်း တရားဝင် ပြောကြားခဲ့ပြီး၊ အိုကီနာဝါကျွန်းမှာ အငြင်းပွားဖွယ်ဖြစ်နေတဲ့ အမေရိကန် လေတပ်အခြေစိုက်စခန်း တည်ဆောက်ဖို့ အစီအစဉ်ကိုလည်း ရိုက်ခတ်မှုတွေ ရှိနိုင်ပါတယ်။

    အမေရိကန်ရေတပ်စခန်း Schwab မှာ လုပ်ကိုင်သူ ဂျပ်စတင် ကက်စတီလာနို့စ်က အသက် ၃၀ ကျော် အရွယ်ခန့်ရှိတဲ့ အမျိုးသမီးတစ်ဦးကို အိုကီနာဝါကျွန်းတောင်ပိုင်းမှာရှိတဲ့ နာဟာမြို့က ဟိုတယ်တစ်ခုမှာ အဓမ္မပြုကျင့်ခဲ့တာဖြစ်တယ်လို့ စွပ်စွဲခံထားရတာပါ။

    “အခုလိုဖြစ်ပျက်ခဲ့တဲ့အတွက် အင်မတန် ၀မ်းနည်းကြေကွဲရပါတယ်” လို့ ကက်ဘိနက်အတွင်းရေးမှူး ယိုရှီဟိုက်ဒီ ဆူဂါက သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ ဂျပန်အစိုးရကလည်း ဒီလိုအဖြစ်အပျက်မျိုးနောက်ထပ်မဖြစ်စေဖို့ အတွက် စည်းကမ်းတင်းကြပ်ဖို့ အမေရိကန်ကို တောင်းဆိုခဲ့ပါတယ်။

    အခု အဓမ္မပြုကျင့်တယ်ဆိုတဲ့ကိစ္စကို အမေရိကန်အာဏာပိုင်တွေက စုံစမ်းနေပြီး၊ အသက် ၂၄ နှစ်အရွယ် ကက်စတီလာနို့စ်ဟာ အပြစ်ရှိကြောင်း တွေ့ရတယ်ဆိုရင်တော့ အင်မတန်ဝမ်းနည်းရပါလိမ့်မယ်လို့ ပြောဆိုထားကြောင်း ဆူဂါက ထည့်သွင်းပြောကြားခဲ့ပါတယ်။

    ကာယကံရှင်ကတော့ စွပ်စွဲခံရမှုနဲ့ပက်သက်လို့ ငြင်းဆိုထားပြီး ၎င်းအနေနဲ့ အမျိုးသမီးကို ကော်ရစ်ဒါမှာ အိပ်ပျော်နေတာ တွေ့လိုက်ရတဲ့အတွက် အခန်းထဲသို့ ပို့ပေးခဲ့တာလို့ ပြောထားပါတယ်။ အိုကီနာဝါအုပ်ချုပ်ရေးမျူး တာကီရှီ အိုနာဂါက အဓမ္မပြုကျင့်မှု တကယ်ပဲဖြစ်ခဲ့တယ်လို့ ပြောဆိုထားပါတယ်။

    “ဒါဟာ အမျိုးသမီးတွေရဲ့ လူ့အခွင့်အရေးကို ချိုးဖောက်တဲ့ ရာဇ၀တ်မှုကြီးတစ်ခု ဖြစ်ပါတယ်။ ဒါကို ဘယ်လိုမှ သည်းခံနိုင်မှာ မဟုတ်ပါဘူး” လို့ အိုနာဂါက ဆိုပြီး၊ ဒီကိစ္စဟာ ကျွန်းရဲ့ အဓိကလုပ်ငန်းဖြစ်တဲ့ ကမ္ဘာလှည့်ခရီးသွား လုပ်ငန်းကိုလည်း ထိခိုက်မှုရှိနိုင်တယ်လို့ ထည့်သွင်းပြောကြားခဲ့ပါတယ်။

    အိုကီနာဝါဟာ ဂျပန်လူဦးရေရဲ့ တစ်ရာခိုင်နှုန်းခန့် နေထိုင်ရာနေရာဖြစ်ပြီး ဂျပန်မှာ အခြေစိုက်တဲ့ အမေရိကန်တပ်သား ၄၇၀၀၀ ရဲ့ထက်ဝက်နီးပါးကို လက်ခံထားရတာဖြစ်ပါတယ်။

    Ref: RT

  • ကမ္ဘာ့အကြီးဆုံး အမိုးရှင် မက္ကာတွင်တပ်ဆင်

    ကမ္ဘာ့အကြီးဆုံး အမိုးရှင် မက္ကာတွင်တပ်ဆင်

    မတ် ၁၅၊ ၂၀၁၆
    M-Media

    meccan

    – ဆော်ဒီအာရေဗျနိုင်ငံ မက္ကာမြို့ရှိ မတ်စ်ဂျစ်ဟရမ် ဗလီဝတ်ကျောင်းတော်ရဲ့ မြောက်ဖက်ရင်ပြင်မှာ ခေါက်သိမ်းလို့ရတဲ့ ကမ္ဘာ့အကြီးဆုံးအမိုးရှင် တပ်ဆင်ရေးလုပ်ငန်းကို ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

    အဲဒီအမိုးရှင်ဟာ နည်းပညာမြင့် အကြီးစားအမိုးရှင် ၈ ခုအနက် ပထမဆုံးတစ်ခုဖြစ်ပြီး၊ အငယ်စား ၅၄ ခုကိုတော့ လာမယ့်ခြောက်လအတွင်း တပ်ဆင်သွားဖို့ ရှိပါတယ်။ ဂျာမနီက ထုတ်လုပ်တဲ့ အမိုးရှင်ရဲ့ မျက်နှာကျက်မှာ အလွန်ကြီးမားတဲ့ နာရီတစ်လုံး၊ ၀တ်ပြုသူတွေအတွက် လမ်းညွှန်စခရင်တွေ၊ လေအေးပေးစက်တွေနဲ့ လုံခြုံရေးကင်မရာတွေ ပါရှိမှာဖြစ်ပါတယ်။

    အမိုးရှင်တစ်ခုဟာ အမြင့် ၄၅ မီတာ၊ အလေးချိန် ၁၆ တန် ရှိပြီး၊ ဖွင့်လိုက်ရင်တော့ ဧရိယာ ၂၄၀၀ စတုရန်းမီတာကို အရိပ်ပေးနိုင်မှာဖြစ်ပါတယ်။ ဂျာမနီက နည်းပညာကျွမ်းကျင်ပညာရှင်နဲ့ လုံခြုံရေးပညာရှင် အင်ဂျင်နီယာ ၂၅ ယောက်လောက်က တပ်ဆင်မှုနဲ့ အီလက်ထရောနစ်ဆိုင်ရာ လုပ်ငန်းစဉ်တွေကို ကြီးကြပ်သွားမှာ ဖြစ်ပါတယ်။

    ဧရိယာစုစုပေါင်း စတုရန်းမီတာ ၁၉၂၀၀ လောက် လွှမ်းခြုံနိုင်မယ့် နောက်ထပ် အသေးစား အမိုးရှင် ၅၄ လက်ကိုလည်း တပ်ဆင်သွားဖို့ ရှိနေပြီး၊ စီမံကိန်းရဲ့ အစိတ်အပိုင်းတစ်ရပ်အနေနဲ့ ၀တ်ပြုသူတွေအနားယူဖို့ ခုံတန်းရှည် ၁၂၂ ခုနဲ့ ၀န်ဆောင်မှုဆိုင်ရာ အဆောက်အအုံများကိုလည်း ဆောက်လုပ်သွားမှာ ဖြစ်ပါတယ်။ အမိုးရှင်တပ်ဆင်ရေးအတွက် အခြေခံလုပ်ငန်းတွေကို လုပ်ဆောင်နေပြီဖြစ်ပါတယ်။

    ယခုစီမံကိန်း ပြီးစီးသွားတဲ့အခါ မတ်စ်ဂျစ်ဒ်ဟရမ် ဗလီဝတ်ကျောင်းတော် ပရဝုဏ်အတွင်းက ဘုရင် ဖာ့ဒ် အဆောက်အအုံကနေ ဘုရင်အဗ္ဗဒူလာ အဆောက်အအုံထိ မြောက်ပိုင်းရင်ပြင် တစ်ခုလုံးမှာ အမိုးအကာတွေ ရှိမှာဖြစ်ပြီ ၀တ်ပြုသူ ၄ သိန်းလောက်ဟာ မိုးလုံလေလုံ ၀တ်ပြုနိုင်မှာ ဖြစ်ပါတယ်။

    ဒါ့အပြင် အဲဒီအမိုးရှင်တွေဟာ နေ့ဘက်မှာ နေရာင်ခြည်က ဆိုးကျိုးဖြစ်စေတဲ့ ဓာတ်ရောင်ခြည်တွေကို ကာကွယ်ပေးမှာဖြစ်ပြီး၊ ကျောက်ပြားအခင်းတွေနဲ့ နံရံတွေက စုပ်ယူထားတဲ့ အပူတွေ ညဘက် လေထဲကို ပြန်လည်ထုတ်ပေးရာမှာလည်း အကူအညီ ဖြစ်စေမှာဖြစ်ပါတယ်။ ဆောင်းရာသီမှာတော့ ဒီလုပ်ငန်းစဉ်ရဲ့ ပြောင်းပြန်ကို လုပ်ဆောင်ပေးမှာ ဖြစ်ပါတယ်။

    မဒီနာမြို့က တမန်တော်မြတ်ကြီးရဲ့ ဗလီဝတ်ကျောင်းတော်တစ်ဝိုက်က ရင်ပြင်တွေမှာ အလားတူ အမိုးရှင်ပေါင်း ၂၅၀ နီးပါးလောက်ကို မကြာသေးမီက တပ်ဆင်ခဲ့ပါတယ်။

    Ref: IINA

  • ချန်ပီယံဆုအတွက် အခြားအသင်းများတွင်လည်း အခွင့်အရေးရှိနေသည်ဟု လက်စတာနည်းပြပြော

    ချန်ပီယံဆုအတွက် အခြားအသင်းများတွင်လည်း အခွင့်အရေးရှိနေသည်ဟု လက်စတာနည်းပြပြော

    မတ် ၁၅၊ ၂၀၁၆
    M-Media

    Leicester 2

    – မိမိတို့အသင်းအနေဖြင့် ထိပ်ဆုံးတွင် ၅ မှတ်ဖြတ်၍ ဦးဆောင်ထားနိုင်သော်လည်း ပရီးမီးယားလိဂ် ဆုဖလားကို အခြားသောအသင်းများ ရနိုင်သည့် အခွင့်အလမ်း ကျယ်ကျယ်ပြန့်ပြန့် ရှိနေသေးသည်ဟု လက်စတာနည်းပြ ရာနီယေးရီက ပြောကြားလိုက်သည်။

    ယမန်နေ့က နယူးကာဆယ်နှင့် ကစားခဲ့သည်ပွဲတွင် တိုက်စစ်မှူး ရှင်ဂျီ အိုကာဇာကီ၏ တစ်လုံးတည်းသောဂိုးဖြင့် လက်စတာက အနိုင်ရရှိခဲ့ပြီး ဒုတိယနေရာမှ စပါးအား ၅ မှတ် ဖြတ်ထားနိုင်ခဲ့ခြင်း ဖြစ်သည်။ ရာသီပြီးဆုံးရန် ၈ ပွဲသာလို တော့သည့်အချိန်တွင် ထိုအနေအထားက ချန်ပီယံဆုကို မျှော်မှန်းနိုင်မည့်အခြေအနေ ဖြစ်သော်လည်း ရာနီယေးရီကမူ ထိုသို့ မယူဆပေ။

    ဆုဖလားအတွက် စပါးနှင့် လက်စတာတို့ နှစ်ကောင်တည်းပြေးသောမြင်း ဖြစ်နေပြီလားဟု မေးမြန်းရာ ၎င်းက “မဟုတ်ပါဘူး။ အခြားအသင်းတွေလည်း လိုက်နိုင်ပါသေးတယ်။ ကျွန်တော်တို့က ဥရောပ၀င်ခွင့်အတွက် တိုက်ပွဲဝင်နေတာပါ။ ၄၊ ၅ ပွဲလောက် ကျန်တဲ့အချိန်ကျရင်တော့ ကျွန်တော်တို့ဟာ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ ကြိုးစားတာ ဖြစ်မှာပါ။ ကျွန်တော်တို့ အခု တော်တော်လေးတောင့်တင်းတယ်လို့ ခံစားရပါတယ်။ ဒါပေမယ့် တစ်ချိန်တည်းမှာ တစ်ပွဲအတွက်ပဲ စဉ်းစားတာပါ။ တစ်လှမ်းခြင်းဆီပေါ့ဗျာ။ ဒါက ကျွန်တော်တို့ရဲ့ ဒဿနပါ။ ပွဲတိုင်းကို ကျွန်တော်တို့ တိုက်ပွဲဝင်သွားမှာပါ” ဟု ပြန်လည် ဖြေကြားခဲ့သည်။

    Ref: Goal

  • ရုရှားတပ်များ ဆီးရီးယားမှ ဆုတ်ခွာမည်

    ရုရှားတပ်များ ဆီးရီးယားမှ ဆုတ်ခွာမည်

    မတ် ၁၅၊ ၂၀၁၆
    M-Media

    russia

    – မိမိတို့၏ ရည်မှန်းချက် အောင်မြင်ခဲ့ပြီဖြစ်သောကြောင့် ဆီးရီးယားတွင်ရှိနေသည့် တပ်များကို မတ်လ ၁၅ ရက်နေ့တွင် စတင်ဆုတ်ခွာရန် ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်က ကာကွယ်ရေးဝန်ကြီး ဆာဂျီ ရှီဂူအား အမိန့်ပေးခဲ့သည်ဟု သိရသည်။

    “ကာကွယ်ရေးဝန်ကြီးဌာနအတွက် သတ်မှတ်ထားတဲ့ ရည်မှန်းချက်တွေဟာ ယေဘူယျအားဖြင့် အောင်မြင်ပြီးဆုံးသွားပြီလို့ ကျွန်တော် ယူဆပါတယ်။ ဒါ့ကြောင့် ဆီးရီးယားပိုင်နက်ထဲက ကျွန်တော်တို့ရဲ့ အဓိကတပ်တွေကို မနက်ဖြန်မှာ စတင် ဆုတ်ခွာဖို့ အမိန့်ပေးခဲ့တာ ဖြစ်ပါတယ်” ဟု ပူတင်က ရှီဂူ၊ နိုင်ငံခြားရေးဝန်ကြီးတို့နှင့် ယမန်နေ့ အစည်းအဝေးအပြီးတွင် ပြောကြားခဲ့သည်။

    သို့သော်လည်း အပစ်ရပ်ရေး သဘောတူညီချက်များကို စောင့်ကြည့်လေ့လာရန်အတွက် တာတွစ်ဆိပ်ကမ်းနှင့် ခမေမင် လေတပ်အခြေစိုက်စခန်းတွင် စစ်သားအနည်းကို ဆက်လက်ထားရှိသွားမည် ဖြစ်သည်။

    ရုရှားမှာ ဆီးရီးယားအစိုးရ၏ မေတ္တာရပ်ခံမှုကြောင့် ဆီးရီးယားတွင် လေကြောင်းမှ ပါဝင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး၊ ရုရှားအစိုးရက မိမိတို့မှာ IS အကြမ်းဖက်သမားများကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ သို့သော်လည်း အမရိကန်နှင့် မဟာမိတ်များကမူ ရုရှားမှာ ၎င်းတို့ကျောထောက်နောက်ခံပြုထားသည့် သူပုန်များအား တိုက်ခိုက်ခဲ့သည်ဟု စွပ်စွဲခဲ့သည်။

    ပူတင်ကမူ မိမိတို့မှာ တပ်ဖွဲ့မှာ သေးငယ်သော်လည်း အချိန်ကာလအနည်းငယ်အတွင်း ထိထိရောက်ရောက် ဆောင်ရွက်နိုင်ခဲ့ပြီး ထိုဆောင်ရွက်မှုများကြောင့် ငြိမ်းချမ်းရေးလုပ်ငန်း စတင်ရန် ဖြစ်လာခဲ့ကြောင်း၊ မိမိတို့လေတပ်၏ အကူအညီဖြင့် ဆီးရီးယားအစိုးရမှာ နိုင်ငံတကာ အကြမ်းဖက်ဝါဒကို တိုက်ဖျက်ရေးနှင့် အပစ်ရပ်ရေးလုပ်ငန်းတို့တွင် အခြေအနေများကို ပြောင်းလဲနိုင်ခဲ့ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

    Ref: RT