News @ M-Media

Blog

  • ကမ္ဘာလုံးဆိုင်ရာ ကျောင်းဆရာဆုကို ပါလက်စတိုင်း ကျောင်းဆရာမ ဆွတ်ခူး

    ကမ္ဘာလုံးဆိုင်ရာ ကျောင်းဆရာဆုကို ပါလက်စတိုင်း ကျောင်းဆရာမ ဆွတ်ခူး

    မတ် ၁၄၊ ၂၀၁၆
    M-Media

    teacher

    – ဒုက္ခသည်ကလေးငယ်များကို ပညာသင်ကြားပေးနေသည့် ပါလက်စတိုင်း ကျောင်းဆရာမ ဟာနန် အလ် ဟာရွဘ်မှာ ကမ္ဘာလုံးဆိုင်ရာ ကျောင်းဆရာဆုကို ဆွတ်ခူးရရှိခဲ့သည်ဟု သိရသည်။

    အဆိုပါဆုမှာ ထိပ်တန်းပညာရေးဆုတစ်ခုဖြစ်ပြီး ဒူဘိုင်း၌ပြုလုပ်ခဲ့သည့် ဆုပေးပွဲအခမ်းအနားတွင် ပုပ်ရဟန်းမင်းကြီးဖရန်စစ်ကိုယ်တိုင် ဗီဒီယိုမှတစ်ဆင့် ဆုရရှိသူကို ကြေငြာပေးခဲ့ခြင်းဖြစ်သည်။

    အလ် ဟာရွဘ်မှာ ပါလက်စတိုင်းဒုက္ခသည်စခန်းတွင် ကြီးပြင်းခဲ့သူဖြစ်ပြီး ဒုက္ခသည်ကလေးများကို ပညာသင်ကြားနေကာ အကြမ်းဖက်မှုများကြောင့် စိတ်ထိခိုက်ခံစားနေရသူများကိုလည်း ကူညီအားပေးနေသည်။ ပုပ်ရဟန်းမင်းကြီးက ကျောင်းဆရာများမှာ ငြိမ်းချမ်းရေးနှင့် ညီညွတ်ရေးကို တည်ဆောက်သူများဖြစ်သည်ဟု ပြောကြားခဲ့ပြီး၊ ဗြိတိန် အိမ်ရှေ့မင်းသား ၀ီလီယံကလည်း ဗီဒီယိုမှတစ်ဆင့် အလ် ဟာရွဘ်အား ချီးကျူးစကား ပြောဆိုခဲ့သည်။

    ဟာနန် အလ် ဟာရွဘ်ကမူ ကျောင်းဆရာများမှာ ကမ္ဘာကြီးကို ပြောင်းလဲနိုင်မည်ဟု ပြောကြားခဲ့သည်။

    “ဒီစင်မြင့်ပေါ်မှာ ရပ်ရတဲ့ ပါလက်စတိုင်းကျောင်းဆရာမတစ်ဦး ဖြစ်ရတာကို ကျွန်မ ဂုဏ်ယူပါတယ်” ဟု ဆုချီးမြှင့်ပွဲအခမ်းအနားတွင် ပြောကြားခဲ့ပြီး ရရှိသည့် ဆုကြေးငွေ ကန်ဒေါ်လာ ၁ သန်းကို ကျောင်းသားများအတွက် အသုံးပြုသွားမည်ဟု ဆိုသည်။

    ကမ္ဘာလုံးဆိုင်ရာ ကျောင်းဆရာဆု၏ နောက်ဆုံး ဇကာတင်စာရင်းတွင် အိန္ဒိယ၊ ကင်ညာ၊ ဖင်လန်နှင့် အမေရိကန်တို့မှ ကျောင်းဆရာများ ပါဝင်ခဲ့သည်။ အဆိုပါဆုကို Varkey ဖောင်ဒေးရှင်းမှ ဖန်တီးချီးမြှင့်ခဲ့ခြင်းဖြစ်ပြီး ပညာသင်ကြားရေးကဏ္ဍ တိုးတက်ရေးအတွက် ရည်ရွယ်ခြင်းဖြစ်သည်။

    Ref: BBC

  • လူမျိုးရေးခွဲခြားသူ ဒေါ်နယ်ထရမ့်အား ဆန့်ကျင်ဆန္ဒပြမှုများ အမေရိကန်တွင် မြင့်တက်လာ

    လူမျိုးရေးခွဲခြားသူ ဒေါ်နယ်ထရမ့်အား ဆန့်ကျင်ဆန္ဒပြမှုများ အမေရိကန်တွင် မြင့်တက်လာ

    မတ် ၁၃၊ ၂၀၁၆
    M-Media

    Trump

    – ယခုနှစ်နှောင်းပိုင်းတွင် ကျင်းပပြုလုပ်မည့် အမေရိကန်သမ္မတ ရွေးကောက်ပွဲအတွက် ပါတီများ၏ သမ္မတလောင်းများ ရွေးချယ်ပွဲတွင် ရီပက်ဘလစ်ကန်ပါတီ၏ သမ္မတလောင်းအဖြစ် ရွေးချယ်ခံရမည်ဟု တစ်ပြေးနေသည့် ဒေါ်နယ်ထရမ့်အပေါ် ပြည်သူများ၏ ဆန့်ကျင်မှုများမှာ မြင့်တက်လာခဲ့သည်ဟု သိရသည်။

    မစ်ဇူရီပြည်နယ် ကန်းဆက်စ်မြို့တွင် ယမန်နေ့က ပြုလုပ်သော ဒေါ်နယ်ထရမ့်၏ ချီတက်လမ်းလျှောက်မှုကို အမေရိကန်ပြည်သူများက ဆန္ဒပြခဲ့ကြပြီး ရဲတပ်ဖွဲ့က ငရုပ်ကောင်းစပရေးများ အသုံးပြု၍ လူစုခွဲခဲ့ရကာ ၂ ဦးကို ဖမ်းဆီးခဲ့သည်။

    လူမည်းများ၊ မက္ကဆီကန်များ၊ မသန်စွမ်းသူများနှင့် မွတ်စလင်များကို လူမျိုးရေးခွဲခြားကာ နှိမ့်ချစော်ကာမှုများ ပြုလုပ်ခဲ့သည့် ထရမ့်ကို အမေရိကန်တစ်ဝှမ်းတွင် ဆန့်ကျင်မှုများ မြင့်တက်လာခဲ့ပြီး စနေနေ့က အိုဟိုင်းယိုးပြည်နယ် ဒေတန်မြို့တွင် ပြုလုပ်ခဲ့သည့် ထရမ့်၏ ဟောပြောပွဲတွင်လည်း လူတစ်ဦးမှာ ၎င်းဟောပြောမည့် စင်ပေါ်သို့တက်ကာ ထရမ့်အား ဝေဖန်ပြောကြားခဲ့သည်။

    သောကြာနေ့ညပိုင်းက ချီကာဂို၌ ပြုလုပ်ရန်ရှိနေသည့် ထရမ့်၏ ဟောပြောပွဲတွင်မူ ၎င်းအားထောက်ခံသူများနှင့် ဆန့်ကျင်သူများအကြား တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သောကြောင့် ဟောပြောပွဲအား ရပ်တန့်ခဲ့ရသည်။

    ထိုနေ့မနက်ပိုင်းက မစ်ဇူရီပြည်နယ် စိန့်လူးဝစ်မြို့တွင် ပြုလုပ်သည့် ထရမ့်၏ ချီတက်လမ်းလျှောက်မှုတွင်လည်း ၎င်းအား ဆန့်ကျင်သူများက အကြိမ်ပေါင်းများစွာ ကြားဖြတ်ဆန္ဒပြခဲ့ပြီး အနည်းဆုံး လူ ၁ ဦး ဒဏ်ရာရခဲ့ကာ ၃၂ ဦး ဖမ်းဆီးခံခဲ့ရသည်။

    Ref: Press TV

  • ပြင်သစ်အစိုးရ၏ အရေးပေါ်အခြေအနေ ကြေငြာထားမှုကို ပြည်သူများ ရှုတ်ချ

    ပြင်သစ်အစိုးရ၏ အရေးပေါ်အခြေအနေ ကြေငြာထားမှုကို ပြည်သူများ ရှုတ်ချ

    မတ် ၁၃၊ ၂၀၁၆
    M-Media

    france

    – နိုင်ငံအတွင်း အရေးပေါ်ဥပဒေများ ဆက်လက်ပြဌာန်း အကောင်အထည်ဖော်မှုကို ဆန့်ကျင်သည့်အနေဖြင့် ပြင်သစ်ပြည်သူများမှာ ပဲရစ်မြို့၌ ယမန်နေ့က ဆန္ဒပြခဲ့ကြပြီး ထိုဥပဒေများမှာ အာဏာသိမ်းခြင်းသာ ဖြစ်သည်ဟု ပြောကြားခဲ့သည်။

    IS အကြမ်းဖက်အဖွဲ့က ပြုလုပ်ပြီး လူပေါင်း ၁၃၀ သေဆုံးခဲ့သည့် နိုဝင်ဘာ ၁၃ ပဲရစ် အကြမ်းဖက်တိုက်ခိုက်မှုပြီးနောက် ပြင်သစ်သမ္မတ ဖရန်ကိုအစ် ဟော်လန်ဒေးမှာ အရေးပေါ်အခြေအနေ ကြေငြာခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များကို လုပ်ပိုင်ခွင့် ပိုမိုပေးအပ်ခဲ့သည်။

    ထို့နောက် နိုင်ငံအတွင်းရှိ ဗလီဝတ်ကျောင်းတော်များ၊ နေအိမ်များနှင့် စီးပွားရေးလုပ်ငန်း ၃၄၀၀ ခန့်မှာ ၀င်ရောက်စီးနင်းခံခဲ့ရပြီး လူပေါင်း ၃၀၀ ကျော်မှာ နေအိမ်အကျယ်ချုပ် ချမှတ်ခံခဲ့ရသည်။ ထို့နောက် ဖေဖော်ဝါရီလတွင် ပြင်သစ်အစိုးရမှာ အဆိုပါ အရေးပေါ်အခြေအနေကို သက်တမ်းထပ်တိုးခဲ့ပြီး အကြမ်းဖက်တိုက်ခိုက်မှုအန္တရာယ်မှာ အမြင့်ဆုံးအဆင့်အထိ ဆက်လက် ရှိနေဆဲဟု ပြောကြားခဲ့သည်။

    ယမန်နေ့က ပြုလုပ်ခဲ့သည့် ဆန္ဒပြမှုတွင် ပြည်သူများက အစိုးရမှာ အရေးပေါ်အခြေအနေအောက်တွင် မွတ်စလင်များကို မတရားသဖြင့် ပစ်မှတ်ထားနေပြီး၊ အစိုးရအတိုက်အခံများကို နှိပ်ကွပ်ရန်လည်း အသုံးချနေသည်ဟု ပြောကြားခဲ့သည်။

    လက်ဝဲပါတီမှ အဲရစ် ကွန်ကွာရဲလ်ကမူ အဆိုပါ အရေးပေါ်အခြေအနေ ကြေငြာထားခြင်းကို ရှုတ်ချခဲ့ပြီး အကြမ်းဖက်ဝါဒအပေါ် မည်သည့်သက်ရောက်မှုမှ မရှိဘဲ၊ ပြည်သူများ၏ လွတ်လပ်ခွင့်ကို ခြိမ်းခြောက်ခြင်းသာဖြစ်သည်ဟု ပြောကြားခဲ့သည်။

    ထိုကဲ့သို့ အရေးပေါ်အခြေအနေ ကြေငြာပြီးနောက် အစိုးရ၏လုပ်ရပ်များအတွက် မွတ်စလင်အဖွဲ့များက ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ပြီး လူတစ်စု၏ လုပ်ရပ်အတွက် မွတ်စလင်လူ့အဖွဲ့အစည်းတစ်ခုလုံး တာဝန်ယူရမည့်ပုံစံမျိုး လုပ်ဆောင်နေခြင်းသာဖြစ်သည်ဟု ဝေဖန်ခဲ့သည်။

    Ref: Aljazeera

  • ရှမ်းပြည်နယ်တိုက်ပွဲများကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူ ၈၀၀၀ ခန့်ရှိလာ

    ရှမ်းပြည်နယ်တိုက်ပွဲများကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူ ၈၀၀၀ ခန့်ရှိလာ

    မတ် ၁၃၊ ၂၀၁၆
    M-Media

    TNLA

    – ရှမ်းပြည်နယ်တွင်း တိုင်းရင်းသားလက်နက်ကိုင်များနှင့် မြန်မာစစ်တပ်တို့အကြား တိုက်ပွဲများကြောင့် ထောင်နှင့်ချီသော ဒေသခံပြည်သူများမှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသည်ဟု သိရသည်။

    တအန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့် စစ်တပ်တို့အကြား ဖြစ်ပွားခြင်ဖြစ်ပြီး တိုက်ပွဲများမှာ နေ့စဉ်လိုလို ဖြစ်နေသည်ဟု ဆိုသည်။

    “တိုက်ပွဲက တစ်နေ့ကို လေးကြိမ်လောက် ဖြစ်နေတာပါ။ ပြည်သူ ၈၀၀၀ လောက်ဟာ ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေရပါတယ်” ဟု အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသူများကို ကူညီနေသည့် တအန်းကျောင်းသားအဖွဲ့မှ အဖွဲ့ဝင်တစ်ဦးဖြစ်သူ မိုင်းမျိုးအောင်က ပြောကြားခဲ့သည်။

    TNLA မှာ မြန်အစိုးရနှင့် အပစ်ရပ်ရေး လက်မှတ်မထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်များမှ တစ်ဖွဲ့လည်းဖြစ်သည်။ ဒေသခံများကမူ ၎င်းတို့၏ ဒုက္ခသုက္ခများအကြောင်းကို ပြောပြခဲ့သည်။

    “မြန်မာစစ်တပ်က ရွာထဲဝင်လာပြီး လက်နက်ကြီးတွေနဲ့ ပစ်တာကြောင့် ကျွန်တော်တို့ ထွက်ပြေးခဲ့ရပါတယ်။ တစ်ချို့ကျတော့ အနားက တောထဲကို ထွက်ပြေးရပါတယ်။ အခုအချိန်အထိ သူတို့ အဲဒီမှာ နေရတုန်းပါ” ဟု ကွတ်ခိုင်မြို့နယ်ရှိ ဘုန်းကြီးကျောင်းတစ်ခုတွင် ခိုလှုံနေရသူ အသက် ၃၅ နှစ်အရွယ် အာရ်လှက ပြောကြားခဲ့သည်။ အဆိုပါ ဘုန်းကြီးကျောင်းတွင် စစ်ရှောင်ပြည်သူပေါင်း ၁၅၀ ခန့် ရှိနေသည်။

    TNLA မှ ပြောရေးဆိုခွင့် ရှိသူတစ်ဦးဖြစ်သူ မိုင်းအိုက်ကျော်က တိုက်ပွဲများမှာ ပြီးခဲ့သည့် နှစ်ပတ်အတွင်း မြင့်တက်လာခဲ့ပြီး စစ်တပ်မှာ တိုက်လေယာဉ်များ၊ ရဟတ်ယာဉ်များပင် အသုံးပြုခဲ့သည်ဟု ပြောကြားခဲ့သည်။

    “ဒီလအတွင်းမှာ မြန်မာစစ်တပ်နဲ့ ၂၅ ကြိမ်လောက် ထိတွေ့တိုက်ပွဲ ဖြစ်ခဲ့ပါတယ်။ ဒီလတိုက်ပွဲတွေဟာ ဒီနှစ်အတွင်းမှာ အဆိုးရွားဆုံးတွေ ဖြစ်ပါတယ်။ ကျွန်တော်တို့ကြားထဲမှာ အခြေအနေတာ တော်တော်လေး တင်းမာနေပါတယ်” ဟု ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    Ref: Rappler

  • မွတ်စလင်များ၏ အထွတ်အမြတ်ထားရာ နေရာများကို ကာကွယ်သွားမည်ဟု အီရန်ဆို

    မွတ်စလင်များ၏ အထွတ်အမြတ်ထားရာ နေရာများကို ကာကွယ်သွားမည်ဟု အီရန်ဆို

    မတ် ၁၃၊ ၂၀၁၆
    M-Media

    iran 11

    – အီရတ်နဲ့ ဆီးရီးယားတို့မှာရှိနေတဲ့ ရှီယိုက်ဘာသာရေးခေါင်းဆောင်ကြီးတွေရဲ့ ဂူသင်္ချိုင်းတွေအပေါ် အကြမ်းဖက်တိုက်ခိုက်မှုမျိုးကို မိမိတို့က လုံးဝ သည်းခံမှာမဟုတ်ဘူးလို့ အီရန် သမ္မတ ဟာဆန်ရူဟာနီက ပြောကြားလိုက်ပါတယ်။

    ဒါဟာ IS အကြမ်းဖက်အဖွဲ့က မွတ်စလင်သူတော်စင်ကြီးတွေရဲ့ လဲလျောင်းရာနေရာတွေ၊ အစ္စလာမ့်သမိုင်းဝင်နေရာတွေကို ဖျက်ဆီးဖယ်ရှားမှုနဲ့ ပတ်သက်လို့ အီရန်သမ္မတက ရည်ညွှန်းပြောကြားတာလည်း ဖြစ်ပါတယ်။

    “ဒီကိစ္စဟာ အီရတ်၊ ဆီးရီးယား ဒါမှမဟုတ် ဘယ်နိုင်ငံမှာပဲရှိရှိပါ။ တမန်တော် မုဟမ္မဒ်သခင်ရဲ့ အိမ်တော်သူ၊ အိမ်တော်သားတွေရဲ့ ဂူဗိမာန်တွေကို တိုက်ခိုက်ဖို့ အကြမ်းဖက်သမားတွေရဲ့ ဘယ်လိုကြိုးစားမှုကိုမှ ကျွန်တော်တို့ သည်းခံနေမှာ မဟုတ်ပါဘူး။ ဒီဝတ္တကနယ်မြေတွေဟာ ကျွန်တော်တိုရဲ့ အထိမခံတဲ့အရာတွေဖြစ်တယ်လို့ ထပ်တလဲလဲ ပြောပြီးသားဖြစ်ပါတယ်” လို့ ယမန်နေ့က မြို့တော်တီဟီရန်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ အာဇာနည်နေ့ မိန့်ခွန်းမှာ ရူဟာနီက ထည့်သွင်းပြောကြားခဲ့တာပါ။

    နောက်ပြီး အာဇာနည်တွေဟာ အိမ်နီးချင်းမွတ်စလင်တွေနဲ့ အထွဋ်အမြတ်ထားရာနေရာတွေကို အန္တရာယ်ကျရောက်လာတဲ့အခါမှာ တားဆီးကာကွယ်ဖို့ သွန်သင်ပေးခဲ့တယ်လို့လည်း သမ္မတက ဆိုပါတယ်။

    “ခင်ဗျားတို့ရဲ့ သားသမီးတွေဟာ သူတို့ ဘယ်နေရာမှာပဲရှိနေနေ အီရန်၊ မွတ်စလင်တွေရဲ့ နယ်မြေနဲ့ အိမ်တော်သူ အိမ်တော်သားတွေရဲ့ ဂူဗိမာန်တွေကို ကာကွယ်သွားမယ်ဆိုတာ ပြသခဲ့တာပါပဲ” လို့ အခမ်းအနာကို တက်ရောက်လာကြတဲ့ အာဇာနည်တွေရဲ့ မိသားစုတွေကို ရည်ညွှန်းပြီး ပြောကြားခဲ့ပါတယ်။

    အီရန်ဟာ ဆီးရီးယားနဲ့ အီရတ်က အစ္စလာမ့်သမိုင်းဝင် အဆောက်အအုံတွေအပေါ် တိုက်ခိုက်မှုတွေကို ပြန်လည်တွန်းလှန်ရာမှာ အကူအညီပေးဖို့ စစ်ရေးအကြံပေးတွေ စေလွှတ်ခဲ့ပြီး၊ တစ်ချို့ကတော့ IS စစ်သွေးကြွတွေရဲ့ လက်ချက်နဲ့ အသက်ဆုံးရှုံးခဲ့ကြရပါတယ်။

    Ref: Press TV