မတ် ၁၄၊ ၂၀၁၆
M-Media
– အီရန်မှာ တည်ဆောက်လျက်ရှိတဲ့ ကမ္ဘာ့အကြီးဆုံး ရေနံသန့်စင်စက်ရုံကို အခုနှစ်ဝက်မှာ စတင်လည်ပတ်နိုင်တော့မယ်လို့ အီရန် ရေနံဝန်ကြီး ဘီဂျန် ဇန်ဂျီနီက ပြောကြားလိုက်ပါတယ်။
ဘန်ဒါ အဘတ်စ်မှာ ဆောက်လုပ်ထားပြီး Persian Gulf Star လို့ အမည်ပေးထားတဲ့ အဲဒီ ရေနံသန့်စင်စက်ရုံကို ဇန်ဂျီနီနဲ့ အခြားသော အကြီးတန်းအရာရှိတွေက ယမန်နေ့မှာ သွားရောက်လည်ပတ်ခဲ့ပြီး၊ မီးရှူးမီးပန်း ပစ်ဖောက် ဖွင့်လှစ်ပေးခဲ့ပါတယ်။
ဒီစက်ရုံဟာ တစ်နေ့ကို ရေနံစည် သုံးသိန်းခြောက်သောင်းလောက် သန့်စင်ပေးနိုင်မှာဖြစ်ပြီး ကန်ဒေါ်လာ ၄.၇ ဘီလီယံလောက် အကုန်ကျခံ တည်ဆောက်ကာ အီရန်ကို အကြီးစားဓာတ်ဆီတင်ပို့သူနိုင်ငံအဖြစ် ပြောင်းလဲပေးမှာဖြစ်ပါတယ်။
တစ်နေ့ကို ထုတ်လုပ်ပေးနိုင်မယ့် ဓာတ်ဆီပမာဏက လီတာ ၃၆ သန်း ရှိမှာဖြစ်ပါတယ်။ ပထမအဆင့် လည်ပတ်မှုကို လာမယ့်လအနည်းငယ်အတွင်းမှာ ပြုလုပ်မှာဖြစ်ပြီး လီတာ ၁၂ သန်းလောက်ထုတ်လုပ်ကာ နိုင်ငံရဲ့ လောင်စာလိုအပ်ချက်ကို ကာမိစေဖို့အတွက် ထုတ်လုပ်ပေးမှာဖြစ်ပါတယ်။
ကျန်ရှိတဲ့ အဆင့်နှစ်ဆင့်ကိုတော့ ၂၀၁၇ အဆုံးပိုင်းလောက်မှာ စတင်လည်ပတ်ဖို့ စီစဉ်ထားပါတယ်။ ဒီရေနံသန့်စင် စက်ရုံဟာ အီရန်ရဲ့ အရေးပါဆုံး ရေနံ့သန့်စင်ရေး စီမံကိန်းလည်း ဖြစ်ပါတယ်။ အီရန်ဟာ အဓိက ဓာတ်ဆီထုတ်လုပ်သူနိုင်ငံဖြစ်သော်လည်း ပြည်တွင်းဝယ်လိုအားကို လုံလောက်အောင် မဖြည့်ဆည်းပေးနိုင်ပါဘူး။
“အီရန်ရဲ့ စာမျက်နှာသစ် ပထမပိုင်းမှာ Euro-4 ဓာတ်ဆီ လီတာပေါင်း ၁၂ သန်းလောက် ထုတ်နိုင်ဖို့ မျှော်မှန်းထားပြီး ဓာတ်ဆီတင်သွင်းနေရတဲ့ အခြေအနေကနေ ကင်းဝေးသွားမှာ ဖြစ်ပါတယ်” လို့ ဇန်ဂျီနီက ပြောကြားခဲ့ပါတယ်။
၂၀၁၄ အထိ အီရန်နိုင်ငံဟာ အမေရိကန်ရဲ့ အကြမ်းတမ်းဆုံး အရေးယူဒဏ်ခတ်မှုတွေ ခံစားလိုက်ရတဲ့အတွက် စက်ရုံပြီးစီးဖို့ အကြိမ်ပေါင်းများစွာ နောက်ဆုတ်ခဲ့ရပါတယ်။
Ref: Presstv