News @ M-Media

Blog

  • “ငြိမ်းချမ်း၊ တည်ငြိမ်ရေးရအောင် လုပ်သွားချင်ပါတယ်” (ဒု-သမ္မတလောင်း ဦးဟင်နရီဗန်ထီးယူ အင်တာဗျူး)

    “ငြိမ်းချမ်း၊ တည်ငြိမ်ရေးရအောင် လုပ်သွားချင်ပါတယ်” (ဒု-သမ္မတလောင်း ဦးဟင်နရီဗန်ထီးယူ အင်တာဗျူး)

    Henry
    ဓါတ်ပုံ အညွှန်း-ကြာသပတေးနေ့က နေပြည်တော် စည်ပင်ရိပ်သာတွင် တွေ့ရသော ဦးဟင်နရီဗန်ထီးယူ (ဓာတ်ပုံ – ဆွေဝင်း/Myanmar Now)

    နေပြည်တော် (Myanmar Now) – ကြာသပတေးနေ့က အမျိုးသားလွှတ်တော်တွင် ဒုသမ္မတလောင်းတစ်ဦးအဖြစ် အမည်တင်သွင်းခြင်း ခံရသူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကိုယ်စားလှယ် ဦးဟင်နရီဗန်ထီးယူသည် တပ်မတော်တွင် နှစ်ပေါင်း ၂ဝ ကျော်  တာဝန်ထမ်းဆောင်ပြီးနောက် အရပ်ဘက် ဌာနဆိုင်ရာ အရာရှိတစ်ဦးဖြစ်လာသည်။

    မန္တလေးတက္ကသိုလ်၊ ရန်ကုန်တက္ကသိုလ်တို့တွင် ပညာသင်ယူခဲ့သူ  ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်ဇာတိ ဦးဟင်နရီဗန်ထီးယူသည် ၂ဝ၁၅ ရွေးကောက်ပွဲတွင် ချင်းပြည်နယ်  အမှတ် (၃) မဲဆန္ဒနယ်မှ ရွေးကောက်ခံရသူဖြစ်သည်။

    ဒုသမ္မတလောင်းအဖြစ် အဆိုပြုခံရပြီးနောက် ခရစ်ယာန်ဘာသာဝင်၊  ၅၇ နှစ်အရွယ်  ဦးဟင်နရီဗန်ထီးယူက သူတည်းခိုရာ နေပြည်တော်စည်ပင်ရိပ်သာတွင် Myanmar Now နှင့် အခြားသတင်းဌာနများမှ သတင်းထောက် များကို တွေ့ဆုံခဲ့သည်။ တွေ့ဆုံမေးမြန်းထားသည်များထဲမှ ကောက်နုတ်ဖော်ပြလိုက်ပါသည်။

    မေး – သမ္မတလောင်းအဖြစ် နာမည်တင်သွင်းခံရတော့  ပထမဆုံး ဘယ်လိုတုန့်ပြန်မိလဲ။

    ဖြေ – လွန်ခဲ့တဲ့ လေး၊ ငါးရက်လောက်တည်းက ဒေါ်အောင်ဆန်းစုကြည်က ကမ်းလှမ်းခဲ့တာပါ။ ကျွန်တော့်မှာ အဲဒီလောက်ထိ ရည်ရွယ်ထားတာတော့ မရှိပါဘူး။ ဒီလွှတ်တော်ကိုလာပြီး ကိုယ့်ဒေသအတွက် လိုအပ်ချက်တွေကို တင်ပြမယ်၊ သာမန် အနေထားလောက်နဲ့ပဲ လာခဲ့တာပါ။ အခုလို မထင်မှတ်ဘဲ ကမ်းလှမ်းခံရတဲ့အတွက် အရမ်းကို စိတ်လှုပ်ရှားခဲ့ပါတယ်။ မိသားစုကလည်း ကိုယ်စားလှယ် စဖြစ်တဲ့ အချိန်ကစပြီး အများကြီး ဂုဏ်ယူပြီး အားပေးခဲ့တာပါ၊ ကျွန်တော်တို့ ချင်းပြည်နယ်က တခြားပြည်နယ်ထက် ဖွံ့ဖြိုးတိုးတက်မှုအပိုင်းမှာ နောက်ကျပါတယ်၊ ချင်းပြည်နယ်အတွက် ကိုယ်တတ်စွမ်းသလောက် လုပ်ကိုင်နေတဲ့အတွက် မိသားစုကလည်း အားပေးပါတယ်။

    မေး – ဒုသမ္မတလောင်းတစ်ယောက်အနေနဲ့ ရုပ်ပြသက်သက်ထက်ပိုပြီး ဘယ်လောက် အလုပ်လုပ်နိုင်မယ်ထင်လဲ။

    ဖြေ – အန်တီစုက တိုင်းရင်းသားအားလုံးကို အလေးထားပြီး လက်တွဲခေါ်ဆောင်တယ်လို့ မြင်ပါတယ်။ တိုင်းရင်းသား တစ်ယောက်အနေနဲ့  တိုင်းရင်းသား ဒေသတိုင်းမှာ ငြိမ်းချမ်း၊ တည်ငြိမ်ရေးရအောင် လုပ်သွားချင်ပါတယ်။ ချင်းပြည်နယ်မှာ အဓိကလုပ်ဆောင်ရမှာက လမ်းပန်း ဆက်သွယ်ရေးပါပဲ၊ လမ်းတွေကို အဓိကထားလုပ်ရမှာပါ။ တကယ်လို့များ ဒုတိယ သမ္မတအဆင့်မှာ တကယ် တာဝန်ထမ်းဆောင်ရမယ်ဆိုရင် ဒါဟာ ချင်းတိုင်းရင်းသားတွေထဲမှာ ဘယ်သူမှ တာဝန်မထမ်းဆောင်ဖူးသေးပါဘူး၊ ဒါဟာပထမဆုံးပါပဲ၊ အခုက အတည်တော့ မပြုသေးပါဘူး။

    မေး – ကိုယ်က စစ်မှုထမ်းအတွေ့အကြုံရှိတော့ စစ်တပ်နဲ့ ဆွေးနွေးညှိနှိုင်းရေးတွေမှာ ထူးထူးခြားခြားအခန်းကဏ္ဍက ပါဝင်ဆောင်ရွက်နိုင်မယ်လို့ မျှော်လင့်ထားလား။

    ဖြေ –  NLD ပါတီက လက်ရှိတိုင်းပြည်အနေအထားထက် ပိုဖွံ့ဖြိုးအောင် အန်တီ ဦးဆောင်တဲ့ NLD ပါတီက စွမ်းဆောင်နိုင်လိမ့်မယ် ထင်လို့  ဒီပါတီကနေ ရွေးချယ်ခံခဲ့တာပါ။ နိုင်ငံတော်ကို ကမ္ဘာ့အဆင့်မှီဖြစ်အောင် တည်ဆောက်တဲ့အခါမှာ တပ်မတော်ရော၊ NLD ပါတီရော အများပြည်သူရဲ့ တိုင်းပြည်လိုအပ်ချက်ကို အောင်မြင်အောင် အကောင်အထည်ဖော်စေချင်တဲ့ ဆန္ဒရှိပါတယ်။     ။

    Myanmar Now မှာ ကူးယူဖော်ပြသည်။

  • တိုင်းပြည်ကို မောင်းနှင်မယ့် ဒရိုင်ဘာ

    တိုင်းပြည်ကို မောင်းနှင်မယ့် ဒရိုင်ဘာ

    မတ် ၁၀ ၊ ၂၀၁၆

    ဒန်ငြာရှိန်းရေးသည်။

    ပြည်ပမီဒီယာတွေက အဲန်အဲလ်ဒီရဲ့ သမ္မတလောင်း ဦးထင်ကျော်ကို ဒရိုင်ဘာ လို့ ခေါင်းစဉ်တပ်ပါတယ်။ အေအက်ဖ်ပီသတင်းဌာနက “Ex-driver gears up for Myanmar rule but Suu Kyi still at wheel” လို့ ခေါင်းစဉ်တပ်တာက အစောဆုံးဖြစ်လိမ့်မယ် ထင်ပါတယ်။ အဲဒီနောက် ဘန်ကောက်ပို့စ် ၊ စီအင်အေ၊ လန်ဒန် နာမည်ကြီး တယ်လီဂရပ်၊ အိန္ဒိယတိုင်းမ်စ်စတဲ့ သတင်းဌာနတွေ ကလည်း ဒရိုင်ဘာလို့ ခေါင်းစဉ်တပ်ခဲ့ကြပါတယ်။

    ဒါကို မြန်မာလူထုက နှိမ်ချစော်ကားတဲ့ အရေးအသားဖြစ်တယ်ဆိုပြီး မကျေနပ်ကြပါ။

    ဦးထင်ကျော်၏ ကိုယ်ရေးရာဇ၀င်
    =====================
    မြန်မာလူထု အပျော်လုံးစို့ပြီး ဦးထင်ကျော်နာမည်ကို ရေးကြ၊ ပြောကြဆိုကြ ဖြစ်နေတဲ့ အချိန်မှာ နိုင်ငံတကာသတင်းဌာနတွေက ဦးထင်ကျော်ရဲ့ ကိုယ်ရေးရာဇ၀င်ကို အသည်းအသန် လိုက်ရှာနေကြတာကို ဒရိုင်ဘာစကားလုံးမကြိုက်တဲ့ အများပရိသတ် သတိထားခဲ့မိဟန် မတူပါ။

    ဘီဘီစီရဲ့ ဂျိုနာဖစ်ရှာ(@JonahFisherBBC) က “NLD lack of info has not made this easy!” ၊ အဲန်အဲလ်ဒီရဲ့ သတင်းအချက်အလက်ထုတ်မပေးနိုင်မှုက ကျနော်တို့ကို အခက်အခဲထဲ တွန်းပို့သလိုပါပဲ ဆိုပြီး ဦးထင်ကျော်ရဲ့ ကိုယ်ရေးအချက်အလက်ကို အတည်မပြုနိုင်ဖြစ်နေခဲ့တဲ့ နာရီပိုင်းအချိန်တွေအတွက် တွီတာမှာ ညည်းတွားခဲ့ပါတယ်။

    AFP ရဲ့ ဂျေရုမ်တေလာ (@JeromeTaylor) က ဦးထင်ကျော်ဟာ အောက်စဖို့ဒ်ဘွဲ့ရမဟုတ်ပါဆိုပြီး တွီတာမှာ ပထမဆုံးရေးသားခဲ့တဲ့ နိုင်ငံတကာ သတင်းထောက်ဖြစ်ပါတယ်။ အဲဒီလို သူရေးနေတဲ့အချိန် ကမ္ဘာကျော် မြန်မာ့သမိုင်း ပညာရှင်ကြီး ဒေါက်တာသန်းမြင့်ဦးကတော့ ဦးထင်ကျော်သည် အောက်စဖို့ဒ်ဆင်း တစ်ယောက်ဖြစ်တယ်ဆိုပြီး တွီတာမှာပဲ ရေးကောင်းနေတုန်းပါပဲ။

    JeromeTaylor Than Myint U
    စာရှုသူမိတ်ဆွေရော၊ ဦးထင်ကျော်နာမည်ကို လွှတ်တော်မှာ သမ္မတလောင်းအမည်တင်သွင်း လိုက်တယ်ဆိုတဲ့ သတင်းကြားရလျှင် ကြားရချင်း ဦးထင်ကျော်ကတော့ ဘယ်လို လူစားမျိုးလဲဆိုတာ သိပြီးပြီလား၊ မသိသေးဘူးလား မိမိဖာသာ မေးကြည့်ပါ။

    မြန်မာ့သမ္မတလောင်း၏ ကိုယ်ရေး ရာဇ၀င်ကို နိုင်ငံတကာက ရှာဖွေနေစဉ် မြန်မာပြည်တွင်း အခြေစိုက် မီဒီယာတွေ ဘာလုပ်နေသလဲ
    ===================================
    သမ္မတလောင်းဖြစ်မယ့် လူစာရင်းဟာ လွှတ်တော်မှာ အဆိုမတင်မီကတည်းက ပြည်သူလူထုအကြား ခန့်မှန်းချက် အသွင်နဲ့ ပျံ့နှံ့ရောက်ရှိပြီးပါပြီ။ အဲဒီအထဲမှာ ဦးထင်ကျော်နာမည်ပါပါတယ်။ အလဲဗင်း၊ သည်ဗွိုက်စ် စတဲ့ ပြည်တွင်းခေါင်းဆောင်မီဒီယာတွေက ဦးထင်ကျော်သာ အမှန်တကယ် အဆိုတင်သွင်းခံခဲ့ရရင် လူထုသိနိုင်ဖို့အတွက် သူ့ကိုယ်ရေးရာဇ၀င်ကို ကြိုတင်စုံစမ်းပြီး မှတ်တမ်းတင်ချပြဖို့ ပြင်ဆင်ထားတာမျိုး မလုပ်ထားတာကို တွေ့ရပါတယ်။ တဘက်က ဒရိုင်ဘာလို့ ခေါင်းစဉ် တပ်တော့ လူထုရဲ့ တုန့်ပြန်မှုအပေါ် အခွင့်ကောင်းယူပြီး မိမိတို့ မီဒီယာနာမည်ရရေး အတွက် အေအက်ဖ်ပီ ၊ စီအင်အေ၊ စီအင်အင်ရှုံ့ချရေးအတွက် ဖိုတိုဓါတ်ပုံတွေနဲ့ လှုံဆော်ရေးဆန်တဲ့ အရေးအသားတွေရေးပြီး မြန်မာ့ သမ္မတလောင်းကြီးကိုဖြင့် ဒရိုင်ဘာလို့သူတို့ ပြောကြလေခြင်း ဆိုပြီး ဆွပေးကြပါတော့တယ်။

    သည်ဗွိုက်စ်ရဲ့ အယ်ဒီတာချုပ် ဦးကျော်မင်းဆွေက “သမ္မတဖြစ်လာတော့မယ့် ဦးထင်ကျော်ကို မနာလိုစိတ်၊ ပုဂ္ဂိုလ်ရေး လုပ်ကြံချင်စိတ်အားကြီးပြီး ဒီလို မက်ဆေ့မျိုး ပြည်ပသတင်း မီဒီယာတွေကို ပေးလိုက်တာလား၊ ပါတီနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို သိက္ခာချချင်တာလား၊ ဒါမှမဟုတ် ပြည်ပမီဒီယာတွေကိုယ်တိုင် သမ္မတအဖြစ် အဆိုပြုခံရသူကို အထင်သေးတာလား ဆိုတဲ့ မေးခွန်းတွေ ပေါ်လာတယ်။” ဆိုပြီး ဖေ့စ်ဘွတ်ခ်မှာ ရေးသားထားပါတယ်။

    ရွေးကောက်ပွဲမတိုင်ခင် အနောက်တိုင်း မီဒီယာကြီးတွေက အဲန်အဲလ်ဒီကို တစုံတရာ တိုက်ခိုက်တာမျိုး မလုပ်ခဲ့ပါဘူး။ ယခုကိစ္စက ပုဂ္ဂိုလ်ရေး လုပ်ကြံချင်စိတ်အားကြီးတယ်၊ မနာလိုတယ်ဆိုတဲ့ စကားလုံးမျိုးတွေ သုံးရအောင် ကြီးကျယ်တဲ့ ကိစ္စတစ်ရပ်လည်းမဟုတ်ပါ။ တကယ်လို့သာ နိုင်ငံတကာက အဲန်အဲလ်ဒီ၊ ဒေါ်စုနဲ့ ဦးထင်ကျော်ကို သိက္ခာချချင်ရင် အခုမှ ထလုပ်တာမျိုး မဟုတ်ဘဲ ရွေးကောက်ပွဲ မတိုင်ခင်ကတည်းက လုပ်နေခဲ့ကြမှာ အသေအချာပါပဲ။

    ဦးကျော်မင်းဆွေရဲ့ သည်ဗွိုက်စ် မီဒီယာက အစ္စလာမ်မစ် အစွန်းရောက်တွေ လူသတ်ကြပြီဆိုရင် သတင်းအရင်းအမြစ်တွေ ကိုးကားပြီး အချိန်နဲ့ တပြေးညီတင်ပေးပေမယ့် ဦးထင်ကျော်ရဲ့ ကိုယ်ရေး ရာဇ၀င်ကိုတော့ ပြည်သူ အာရုံစိုက်လာမယ့်အချိန်မှာ အချိန်နဲ့ တပြေးညီ မတင်ပေးနိုင်ခဲ့ပါ။ ဒါကြောင့်သာ ပြည်သူက ပြည်ပမီဒီယာကို အာရုံထား အားကိုးခဲ့ကြတာဖြစ်ပါတယ်။ သည်ဗွိုက်စ်ဖြစ်စေ၊ အလဲဗင်းဖြစ်စေ မြန်မာ့ခေါင်းဆောင် ဘယ်မီဒီယာကမှ ဦးထင်ကျော်ဟာ အောက်စဖို့ဒ်ဆင်းမဟုတ်ဘူးဆိုပြီး အချိန်မီ သတင်းမထုတ်ပြန်ခဲ့သလို ဦးထင်ကျော်ဟာ ဒေါ်စုရဲ့ ပင်တိုင်ကားမောင်းသမား လည်း မဟုတ်ဘူးလို့ အချိန်ကိုက် တင်ပြခဲ့တာမျိုး မရှိခဲ့ပါ။

    ဦးကျော်မင်းဆွေရဲ့ သည်ဗွိုက်စ်မီဒီယာဟာ ရွေးကောက်ပွဲမတိုင်ခင် အဲန်အဲလ်ဒီအတွက် မားမားမတ်မတ်ရပ်ပေးခဲ့တဲ့ မီဒီယာတွေထဲက တစ်ခုမဟုတ်ပါ။ အခုမှ ဦးကျော်မင်းဆွေက ဒေါ်စုနဲ့အဲန်အဲလ်ဒီအတွက် ၀င်နာပေးတာက မီဒီယာသမားတစ်ယောက်ရဲ့ စိတ်ဝင်စားစရာ လုပ်ကွက်လို့ သုံးသပ်ရပါမယ်။

    ဦးထင်ကျော်သည် ဒေါ်အောင်ဆန်းစုကြည်၏ ကားမောင်းခဲ့ဖူးပါသည်။
    ====================================

    JeromeTaylor2
    ဦးထင်ကျော်ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျောင်းနေဖက် သူငယ်ချင်းအရင်းဖြစ်ပါတယ်။ သူ့ကားကို မောင်းပေးခဲ့ဖူးပါတယ်။ ဒါဟာ အချက်အလက်ပါ။ ဦးထင်ကျော်ရဲ့ ရာဇ၀င်မှာ အမြဲတမ်း ပါဝင်ပတ်သတ်နေမယ့် အချက်အလက်ပါ။ အများပရိသတ် လက်မခံချင်ဘူးဆိုလည်း ဦးထင်ကျော်ရဲ့ သမိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကားကို သူငယ်ချင်း ကဏ္ဍအနေနဲ့ဖြစ်ဖြစ် မောင်းပေး ခဲ့ဖူးတယ်ဆိုတဲ့ အချက်ကို ဖျောက်ဖျက်နိုင်မှာ မဟုတ်ပါ။ ဒါကို အေအက်ဖ်ပီရဲ့ ဂျေရုမ်တေလာက “None of the Myanmar copy I’ve read today suggests Htin Kyaw was just a driver. He’s much more than that. But it’s also something he did” (ကျနော်ဒီနေ့ဖတ်ရတဲ့ မြန်မာသတင်းတွေအားလုံး ဦးထင်ကျော်က ကားဒရိုင်ဘာသက်သက်ပါလို့ ရေးထားတာ မတွေ့ပါဖူး။ ဦးထင်ကျော်က အဲဒီအဆင့်ထက် အဆပေါင်းများစွာပိုပါတယ်။ ဒါပေမယ့် ကားမောင်းတဲ့အလုပ်ကလည်း သူလုပ်ခဲ့တဲ့ အလုပ်တစ်ခုပဲလေ။) ဆိုပြီး ရေးထားပါတယ်။

    အေအက်ဖ်ပီရဲ့ ခေါင်းစဉ် ဘာမှားသလဲ
    ======================
    အထက်မှာ ရေးခဲ့တဲ့ အေအက်ဖ်ပီ သတင်းခေါင်းစဉ် “Ex-driver gears up for Myanmar rule but Suu Kyi still at wheel” က ဘာအမှားပါပါသလဲ။ (ဒေါ်စုရဲ့) ဒရိုင်ဘာဟောင်းကြီးက မြန်မာပြည်ကိုဦးဆောင်မောင်းနှင်ဖို့ ဂီယာတင်ပြီး၊ ဒေါ်စုကတော့ steering wheel ခေါ် စတီယာဘီးကို ကိုင်ပြီးမောင်းနှင်မယ့်သဘော အနေအထားအဖြစ် ရှိနေဆဲဆိုပြီး မြန်မာလိုယေဘုယျ ဘာသာပြန်ဆိုနိုင်ပါတယ်။ ဘာများမှားပါသတုန်း။

    ကျနော်စာရေးသူ အေအက်ဖ်ပီကို ရှေ့နေလိုက်ပေးတာ မဟုတ်ပါ။ ဒါပေမယ့် သူတို့တပ်ထားတဲ့ ခေါင်းစဉ်က အဆီအလျော်တည့်ပြီး အဓိပ္ဗါယ်လည်း ပါတဲ့အတွက် တစ်စုံတစ်ရာမှားယွင်းတယ်လို့ မမြင်မိပါ။

    ဒါနဲ့ပတ်သတ်ပြီး အေအက်ဖ်ပီရဲ့ ဂျေရုမ်တေလာက “The driver line is a nice way to illustrate how Suu Kyi has chosen an inner circle, close confidante to be her proxy. It’s not an insult” (ဒရိုင်ဘာဆိုပြီး သုံးလိုက်တော့ ဒေါ်စုက သူနဲ့ အနီးကပ်အဆက်အဆံရှိပြီး ယုံကြည်စိတ်ချရတဲ့သူကို ရွေးလိုက်တယ်ဆိုတာ ပိုပြီး ပေါ်လွင်လာတာပေါ့။ ဒါဟာ စော်ကားတိုက်ခိုက်တဲ့ စကားလုံး မဟုတ်ပါဘူး။) ဆိုပြီး တွီတာမှာ ချေပ ရှင်းလင်းထားပါတယ်။

    တခါ ဂျေရုမ်တေလာက “Our profile of Myanmar’s Htin Kyaw makes clear he’s much more than headline grabbing driver” ၊ မြန်မာသမ္မတလောင်း ဦးထင်ကျော်နဲ့ ပတ်သတ်ပြီး ကျနော်တို့ ရေးထားတဲ့ ကိုယ်ရေးရာဇ၀င်မှာ သူဟာ ဒရိုင်ဘာတစ်ယောက်ထက် အဆပေါင်းများစွာသာတယ်ဆိုတဲ့ အချက်တွေ ရှင်းရှင်းလင်းလင်းပါနေပါတယ်။ သတင်းခေါင်းစဉ်ဆိုတာက ဆွဲဆောင်မှုရှိရတယ်လေ။

    ဂျေရုမ်တေလာက သွယ်ဝိုက်စွာနဲ့ မီဒီယာကတော့ စကားလုံးရွေးမှာပဲလို့ ဆိုလိုက်တာပါ။ မီဒီယာက တပ်တဲ့ သတင်းခေါင်းစဉ်နောက်ကို လိုက်မှာလား။ ဒါဆိုရင်တော့ ကျနော်တို့တွေ out of context ဆိုတဲ့ လိုချင်တာလေးတွေကိုသာ ဆွဲယူပြီး စာတစ်ပိုဒ်လုံးကို ဖတ်လေ့ဖတ်ထမရှိတဲ့ အချောင်ခို စိတ်ပိုင်ရှင်တွေ ဖြစ်တော့မပေါ့။

    ခါးသီးသော အမှန်တရား၊ အေအက်ဖ်ပီသည် ဦးထင်ကျော်၏ ကိုယ်ရေးအကျဉ်းကို အတိကျဆုံး တင်ပြသည့် ပထမဆုံး မီဒီယာဖြစ်သည်။
    ============================================

    အေအက်ဖ်ပီက တင်ဆက်တဲ့ ဦးထင်ကျော်ကိုယ်ရေးအကျဉ်းထဲက ကောက်နုတ်ချက်မှာ ဦးထင်ကျော်ဟာ ထင်ရှားတဲ့ ကဗျာဆရာကြီး မင်းသုဝဏ်ရဲ့ သားဖြစ်တဲ့အကြောင်း၊ စကားပြောညင်သာပျော့ပြောင်းပြီး စီးပွားရေးဘွဲ့ရတစ်ဦးဖြစ်တဲ့အကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ဒီမိုကရေစီအရေး ကြိုးပမ်းမှုမှာ ဒွန်တွဲပါဝင်ခဲ့သူဖြစ်ကြောင်း စသဖြင့် ရေးသားထားပါတယ်။

    ဒါနဲ့ပတ်သတ်ပြီး ဂျေရုမ်တေလာရဲ့ တွီတာမှာ တင်ထားတဲ့ ဦးထင်ကျော်ကိုယ်ရေး အကျဉ်းကို မူရင်းအတိုင်း ထပ်ပြီး တင်ပြပေးချင်ပါတယ်။

    UHK Bio

    ဦးထင်ကျော်ဟာ ဒေါ်စုရဲ့ အတွင်းစည်းဝင်အဖြစ် နှစ်များစွာ ကျင်လည်ခဲ့ဖူးသလို လွှတ်တော် အမတ်ဖြစ်တဲ့ သူ့ဇနီး ဒေါ်စုစုလွင်ရဲ့ ဖခင်ဟာလည်း အဲန်အဲလ်ဒီရဲ့ပြောခွင့်ပုဂ္ဂိုလ် တစ်ဦး ဖြစ်ခဲ့ဖူးပါတယ်။ ၁၉ ၇၀ပြည့်လွန်နှစ်တွေနဲ့ ၁၉ ၈၀ ပြည့်လွန်နှစ်တွေမှာ ဦးထင်ကျော်ဟာ တက္ကသိုလ်ကျောင်းဆရာ၊ စက်မှုနဲ့ နိုင်ငံခြားရေးဌာနတွေမှာ အမှုထမ်းခဲ့ကြောင်းလည်း တင်ပြထားပါတယ်။

    ဒီလိုတင်ပြချက်မျိုးကို ဦးကျော်မင်းဆွေက မနာလိုစွာနဲ့ပုဂ္ဂိုလ်ရေးစော်ကားတိုက်ခိုက်မှု ဆိုပြီး ကင်ပွန်း တပ်ချင်တာလား မေးခွန်း ထုတ်ရမလို ဖြစ်နေပါပြီ။ သည်ဗွိုက်စ်ဂျာနယ် ပြည်သူ့အာရုံကို ဖမ်းစားနိုင်လောက်တဲ့ အထိ ဦးထင်ကျော်ကိုယ်ရေးရာဇ၀င်ကို မတင်ပြနိုင်မီ အေအက်ဖ်ပီက အထက်ပါအတိုင်း တင်ပြနေခဲ့တာပါ။

    ပြည်တွင်းမီဒီယာတွေက သမ္မတဖြစ်လာမယ့်သူရဲ့ ကိုယ်ရေးရာဇ၀င်ကိုတောင် အသေအချာစိစစ်ပြီး ချက်ချင်း ရေးမတင်နိုင်ပေမယ့် ဒရိုင်ဘာ ကိစ္စကျတော့ incitement ဆန်ဆန်အရေးအသားတွေနဲ့ ချက်ချင်းကြီးကို ဖွကြတော့တာကို တွေရပါတယ်။ like တွေ share တွေနဲ့အတူ အဘိဇ္ဈာများမယ့် စကားလုံးတွေ ကို ဆိုရှယ်မီဒီယာပေါ်မှာ များများစားစားတွေ့မြင်ဖတ်ရှုရအောင် လုပ်လိုက်တာနဲ့ တူပါတယ်။

    နိုင်ငံတကာသတင်းဌာန (အရှေ့တောင်အာရှမပါ) တွေ တော်တော်များများက အဲန်အဲလ်ဒီကို သိက္ခာချခဲ့တာမျိုး မရှိပါ။ သိက္ခာချစရာလည်း ဘာအကြောင်းရင်းခံမှ မရှိပါ။ ဦးထင်ကျော်ရဲ့ ကိုယ်ရေးရာဇ၀င်ကို နိုင်ငံတကာက မလိုလားအပ်တဲ့ အသုံးအနှုံးနဲ့ ရေးသားနေခဲ့တယ်ထင်ရင်တောင် အဲဒီအချိန်မှာပဲ ချင်ချင်းပြန်လည်ချေပပြီး ဦးထင်ကျော်ရဲ့ ရာဇ၀င်အမှန်ကို တင်ပြသင့်ပါတယ်။

    တဘက်ကလည်း မီဒီယာသမားတွေထုံးစံအတိုင်း စကားလုံးရွေးပြီး စာဖတ်ပရိသတ်ကို မြူတဲ့အချိန် ကိုယ်တွေကတော့ တဘက်ကို အလျင်အမှားခံ၊ ပြီးမှ အဆုံးစွန်ထိလိုက်ဖွပြီး အများပရိသတ်ကို ထပ်ပြီး မြူဆွယ်ဖို့ ကြိုးစားမယ်၊ မီဒီယာပရိယာယ်ကို မီဒီယာပရိယာယ်နဲ့ပဲ ချေပပြီး ကိုယ့်မီဒီယာ လူသိများ လူကြိုက်များရေးကို ရှေ့တန်းတင်တယ်ဆိုရင်…..၊ တဘက်က အနေသာကြီးပါ။ ပြည်တွင်းမီဒီယာက အခြေအနေမှန်ကို သုံးသပ်ပြပြီး ထိန်းသိမ်းပေးမယ်၊ ပညာပေးမယ်ဆိုရင် မြန်မာ လူထုလည်း နိုင်ငံတကာမှာ ဟန်တင့်လာမှာ အသေအချာပဲဖြစ်ပါတော့တယ်။

  • ယနေ့မနက်တွင် မြောက်ကိုရီးယားက ဒုံးကျည်နှစ်စင်း ပစ်လွှတ်

    ယနေ့မနက်တွင် မြောက်ကိုရီးယားက ဒုံးကျည်နှစ်စင်း ပစ်လွှတ်

    မတ် ၁၀၊ ၂၀၁၆
    M-Media

    north 4

    – အမေရိကန်နှင့် တောင်ကိုရီးယားတို့၏ သမိုင်းတစ်လျှောက် အကြီးဆုံး စစ်ရေးလေ့ကျင့်မှု ပြုလုပ်နေသည့်အချိန်တွင် မြောက်ကိုရီးယားက တိုက်ချင်းပစ်ဒုံးကျည်နှစ်စင်းကို ပင်လယ်ထဲသို့ ပစ်လွှတ်ခဲ့သည်ဟု တောင်ကိုရီးယား စစ်တပ်က ပြောကြားလိုက်သည်။

    ယနေ့မနက် ဒေသစံတော်ချိန် ၅ နာရီ မိနစ် ၂၀ က မြောက်ကိုရီးယားရှိ ဟွမ်ဟေးပြည်နယ်မှ ပစ်လွှတ်ခဲ့ခြင်းဖြစ်ပြီး ကီလိုမီ ၅၀၀ ခန့် ပျံသန်းသွားပြီးနောက် တောင်ကိုရီးယား ၀ွန်ဆန်မြို့၏ အရှေ့မြောက်ဖက် အရှေ့ပင်လယ် (ဂျပန်ပင်လယ်)အတွင်းသို့ ကျသွားခဲ့သည်ဟု ဆိုသည်။

    တောင်ကိုရီးယား စစ်ဦးစီးအရာရှိချုပ်ကမူ မိမိတို့အနေဖြင့် အခြေအနေအရပ်ရပ်ကို စောင့်ကြည့်နေပြီး မြောက်ကိုရီးယား၏ မည်သည့်ရန်စမှုမျိုးကိုမဆို တုံ့ပြန်သွားရန် စီစဉ်ထားကြောင်း ပြောကြားခဲ့သည်။

    အမေရိကန်နှင့် တောင်ကိုရီးယားတို့၏ စစ်ရေးလေ့ကျင့်မှုကို မြောက်ကိုရီးယားက ၎င်းတို့၏ အချုပ်အခြာအာဏာကို ထိပါးသည်ဟု ယူဆထားပြီး၊ နျူလက်နက်ဖြင့် တုံ့ပြန်သွားမည်ဟု ပြီးခဲ့သည့်ရက်ပိုင်းက ခြိမ်းခြောက်ပြောဆိုထားသည်။

    Ref: RT

  • မန်ယူ၏လွှမ်းမိုးမှုမှာ အတိတ်တွင် ကျန်ရစ်ခဲ့ပြီဟု ဗန်ဂါးလ်ပြော

    မန်ယူ၏လွှမ်းမိုးမှုမှာ အတိတ်တွင် ကျန်ရစ်ခဲ့ပြီဟု ဗန်ဂါးလ်ပြော

    မတ် ၁၀၊ ၂၀၁၆
    M-Media

    mu

    – ပရီးမီးယားလိဂ်တွင် မန်ယူအသင်း၏ လွှမ်းမိုးမှုမှာ အတိတ်တွင် ကျန်ရစ်ခဲ့ပြီဟု နည်းပြ လူးဝစ်ဗန်ဂါးလ်က ပြောကြားလိုက်သည်။

    မန်ယူမှာ ယနေ့ညတွင် ယူရိုပါလိဂ် ၁၆ သင်းအဆင့်အဖြစ် ပြည်တွင်းပြိုင်ဘက် လီဗာပူးလ်အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ ဗန်ဂါးလ်ကမူ ပရီးမီးယားလိဂ်အခြေအနေနှင့်ပတ်သက်၍ ပြောကြားရာတွင် ပရီးမီးယားလိဂ်မှာ နေရာကောင်းတစ်ခု ဖြစ်နေဆဲဟု ဆိုသည်။

    “မန်ယူနဲ့ လီဗာပူးလ်အကြောင်း ပြောမယ်ဆိုရင် ကျွန်တော်တို့ဟာ ယူရိုပါလိဂ်မှာ ကစားရတာ ပျော်ရွှင်ပါတယ်။ မန်စီးတီး၊ အာဆင်နယ်၊ ချယ်ဆီး (ပီအက်စ်ဂျီကိုရှုံး၍ ထွက်ခဲ့ရ) တို့ကလည်း ချန်ပီယံလိဂ်မှာ ကစားနေကြပါတယ်။ (ယူရိုပါလိဂ်မှာ ကစားနေသည့် စပါး အပါအ၀င်) ပရီးမီးယားလိဂ်က ၆ သင်းဟာ ဥရောပမှာ ကစားနေကြပါတယ်။ ဒီအတွက် ဂုဏ်ယူရပါမယ်။ ဒါပေမယ့် ဘောလုံးမှာ ဒါက ပုံမှန်ပါပဲ။ အသင်းတစ်သင်းက နှစ် ၂၀ လောက် ဗိုလ်စွဲနေတာက သာမန်မဟုတ်ပါဘူး။ (မန်ယူမှာ ဖာဂူဆန် နှစ် ၂၀ လောက် လွှမ်းမိုးခဲ့တာက) အတိတ်မှာ ကျန်ခဲ့ပါပြီ။ လက်ရှိမှာ ပစ္စုပ္ပန်ကိုပဲ စဉ်းစားသင့်တယ်လို့ ကျွန်တော်ထင်ပါတယ်” ဟု ဗန်ဂါးလ်က ပြောကြားခဲ့သည်။

    Ref: Goal

  • ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ အရပ်သား သမ္မတ

    ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ အရပ်သား သမ္မတ

    12795539_1340358919314634_7839940133976402721_n
    ဆွေဝင်း၊ အိချယ်ရီ/ Myanmar Now

    နေပြည်တော် (Myanmar Now) – လွှတ်တော်မှာ သမ္မတလောင်း ၄ ဦး အမည်ကို ကြာသပတေးနေ့မှာ တင်သွင်းလိုက်လိုက်ပါပြီ။ ဒါပေမယ့် ဒီလေးဦးထဲမှာ ဒေါ်အောင်ဆန်းစုကြည် မပါဝင်ပါဘူး။ ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ခင်ပွန်း/ဇနီး သို့မဟုတ် သားသမီးတွေဟာ နိုင်ငံခြားသား ဖြစ်နေရင် သမ္မတ တာဝန် ယူခွင့်မရှိဘူးဆိုပြီး ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြဋ္ဌာန်းထားချက်အရ သူ့အနေနဲ့ သမ္မတ မဖြစ်နိုင်သေးပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ကတော့ သူဟာ သမ္မတရဲ့ အထက်မှာ ရှိနေမယ်လို့ ပြောထားပြီးပါပြီ။

    ဒေါ်အောင်ဆန်းစုကြည် ဒီသမ္မတလောင်းစာရင်းထဲမှာ မပါပေမယ့် အခု သမ္မတ ရွေးချယ်မှုဟာ မြန်မာနိုင်ငံအတွက် သမိုင်းဝင် ဖြစ်ရပ်တစ်ခုပါ။ သူဦးဆောင်မယ့် အစိုးရဟာ အရပ်သား အစိုးရ စစ်စစ်ဖြစ်လာပြီး ၁၉၆၂ မှာ ပါလီမန်ဒီမိုကရေစီအစိုးရဆီကနေ စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ဒီမိုကရေစီနည်းလမ်းအရ ပေါ်လာမယ့် ပထမဆုံး အရပ်သားအစိုးရ ဖြစ်လာမှာပါ။

    ဒေါ်အောင်ဆန်းစုကြည်ဟာ လာမယ့်အစိုးရအဖွဲ့ရဲ့ နိုင်ငံခြားရေးဝန်ကြီးနေရာမှာ နေသွားမယ်လို့လည်း NLD အကြီးတန်း ခေါင်းဆောင်တစ်ဦးထံက သိရပါတယ်။ ဒီရာထူးကြောင့် ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံအတွက် အဓိကကျတဲ့ လုံခြုံရေးဆိုင်ရာ ဆုံးဖြတ်ချက်တွေကို ပြုလုပ်ရမယ့် အဖွဲ့ဝင် ၁၁ ဦးပါ အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီမှာ ပါဝင်ခွင့်ရပါမယ်။ ဝန်ကြီးအဖွဲ့ဝင်တစ်ဦး ဖြစ်သွားရင် လွှတ်တော်ကိုယ်စားလှယ်တာဝန် ယူခွင့် မရှိတော့တဲ့အတွက် သူ့ရဲ့ မဲဆန္ဒနယ်နေရာအတွက် ကြားဖြတ်ရွေးကောက်ပွဲကို ကျင်းပပေးရမှာပါ။

    ပြည်သူ့လွှတ်တော်မှာ NLD က ဦးထင်ကျော်၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ဒေါက်တာစိုင်းမောက်ခမ်း တို့ကို ဒုသမ္မတလောင်းအဖြစ် အမည်စာရင်း တင်သွင်းပါတယ်။ အမျိုးသားလွှတ်တော်မှာတော့ NLD က ချင်းတိုင်းရင်းသား ဦးဟင်နရီဗန်ထီးယူ၊ ပြည်ခိုင်ဖြိုးပါတီက ဦးခင်အောင်မြင့်တို့ကို အမည်စာရင်း တင်သွင်းပါတယ်။

    နေပြည်တော် လွှတ်တော်နှစ်ရပ်မှာ နေရာ ၂၅ ရာခိုင်နှုန်း အသင့်ယူထားပြီးဖြစ်တဲ့ တပ်မတော်သားကိုယ်စားလှယ်တွေကတော့ ဒုသမ္မတတစ်ဦး အမည်စာရင်း တင်သွင်းဖို့ သီးခြားနေရာတစ်ခုမှာ စုဝေးကြမှာဖြစ်တဲ့အတွက် ဒီကနေ့ လွှတ်တော်ထဲမှာ ရှိမနေကြပါဘူး။ လွှတ်တော်မှာ NLD ကိုယ်စားလှယ်တွေက နေရာအများစုရထားတာကြောင့် သမ္မတနေရာအတွက် ရွေးချယ် တင်မြှောက်နိုင်မှာပါ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အနီးကပ် အားကိုးရသူတွေထဲက တစ်ဦးဖြစ်တဲ့ ဦးထင်ကျော်ကတော့ သမ္မတဖြစ်လာလိမ့်မယ်လို့ ရေပန်းစားနေပြီး သူဟာ ဒေါ်အောင်ဆန်းစုကြည်ကိုယ်စား သမ္မတနေရာအတွက် ရွေးချယ်ခံရမှာပါ။

    ကိုယ်စားပြုသမ္မတ
    ——————–
    အောက်စ်ဖို့ဒ်တက္ကသိုလ်ကနေ ဘွဲ့ရခဲ့တဲ့ ဦးထင်ကျော်ဟာ နောက်ခံမျိုးရိုးကောင်းမွန်သူ တစ်ဦးဖြစ်ပါတယ်။ မြန်မာစာပေလောကမှာ ထင်ရှားခဲ့တဲ့ ကွယ်လွန်သူကဗျာဆရာကြီး မင်းသုဝဏ်ရဲ့ သားတစ်ဦးဖြစ်ပါတယ်။ ဦးထင်ကျော်ဟာ လွှတ်တော်ကိုယ်စားလှယ်တစ်ဦး မဟုတ်ပါဘူး။ သူ့ရဲ့ဇနီးဖြစ်သူကတော့ NLD ကို ထူထောင်ရာမှာ ပါဝင်တဲ့ ကွယ်လွန်သူ ဦးလွင်ရဲ့ သမီး၊ NLD ကနေ ရွေးကောက်ပွဲ နှစ်ကြိမ်ဆက်တိုက် ရွေးချယ်ခံခဲ့ရတဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်စုစုလွင် ဖြစ်ပါတယ်။

    NLD လွှတ်တော်ကိုယ်စားလှယ်တွေကတော့ ဒေါ်အောင်ဆန်းစုကြည် သမ္မတ မဖြစ်နိုင်တာနဲ့ ပတ်သက်လို့ တုန်လှုပ်မှု မရှိကြပါဘူး။

    အမျိုးသားလွှတ်တော် ကချင်ပြည်နယ် မဲဆန္ဒနယ် အမှတ် ၇ က NLD ကိုယ်စားလှယ် ဦးဝင်းဇော်ကလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့အကြား ဆွေးနွေးမှု မအောင်မြင်တဲ့နောက်မှာ အခြားရွေးချယ်စရာနည်းလမ်း မရှိတဲ့အတွက် ကိုယ်စားပြုသမ္မတတစ်ဦး ရွေးချယ်ခြင်းဟာ မှန်ကန်တဲ့အစီအစဉ်တစ်ခုဖြစ်တယ်လို့ ပြောပါတယ်။

    “အကုန်လုံးက သိတယ် သူသမ္မတဖြစ်သင့်တယ်ဆိုတာကို သူကလည်း ဖြစ်ချင်ပါတယ်။ ဒါပေမဲ့လည်း အားလုံးက လိုက်ပါပြီးပြောင်းလဲဖို့ ဆိုတာကတော့ ဖြစ်နိုင်မှာ မဟုတ်ဘူး။ ၂ဝဝ၈ ဖွဲ့ စည်းပုံကို ကိုင်ထားမှာပဲ။ ၅ နှစ်လုံးလုံး ကိုင်မလားဆိုတာကတော့ ပြောလို့ မရဘူး” လို့ ဦးဝင်းဇော်က ပြောပါတယ်။

    အမျိုးသားလွှတ်တော် ကချင်ပြည်နယ် မဲဆန္ဒနယ် အမှတ် ၁၁ က NLD ကိုယ်စားလှယ် ဒေါက်တာခွန်ဝင်းသောင်းကတော့ ခန့်မှန်းရ ခက်နေတဲ့ နိုင်ငံရေးအခြေအနေဟာ အင်မတန် သိမ်မွေ့နက်နဲတယ်လို့ သုံးသပ်ပါတယ်။

    “တစ်သက်လုံး မမျှော်လင့်ခဲ့တဲ့ အခြေအနေကိုရောက်နေပြီ။ ဘယ်လိုအသုံးချမလဲဆိုတာ အရေးကြီးပါတယ်။ ပြည်သူရော၊ အစိုးရအသစ်ရော၊ တာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်းတွေရော ဟန်ချက်ညီမှ ရမှာပါ” လို့ ပြောပါတယ်။

    အပြောင်းအလဲများ
    —————–
    စိတ်လှုပ်ရှားဖွယ်ရာ အကြောင်းအရာတွေနဲ့အတူ အစိုးရသစ်အတွက် စိန်ခေါ်မှုတွေကလည်း ရှိနေပါတယ်။ NLD အစိုးရ ဖြေရှင်းရမယ့် ပြဿနာတွေထဲမှာ တိုင်းရင်းသား လက်နက်ကိုင်တိုက်ပွဲတွေအပြင် အဓိကကျတဲ့ဝန်ကြီးဌာနသုံးခုဖြစ်တဲ့ ကာကွယ်ရေး၊ ပြည်ထဲရေး၊ နယ်စပ်ရေးရာတွေကို ထိန်းချုပ်ထားတဲ့ စစ်တပ်နဲ့ ယုံကြည်မှုတည်ဆောက်ဖို့ကလည်း လိုနေပါတယ်။

    “ကျွန်တော်တို့ရဲ့ တာဝန်က ယိုယွင်းပျက်စီးနေတဲ့ ဒီနိုင်ငံကြီးကို ပြန်လည်တည်ဆောက်ဖို့ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှုအောက်မှာ ကျွန်တော်တို့ ဒီတာဝန်ကို အောင်အောင်မြင်မြင် လုပ်နိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်” လို့ အမျိုးသားလွှတ်တော် ကချင်ပြည်နယ် မဲဆန္ဒနယ် အမှတ် ၉ က NLD ကိုယ်စားလှယ် ဦးခင်မောင်မြင့်က ပြောပါတယ်။

    “အဓိက အရေးကြီးဆုံးက ငြိမ်းချမ်းရေးရဖို့ပါ။ ငြိမ်းချမ်းရေးမရဘဲနဲ့ ဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော်လို့ မရပါဘူး” လို့ သူက ဆက်ပြောပါတယ်။

    လာမယ့် ရက်တွေထဲမှာတော့ လွှတ်တော်ကော်မတီက အမည်စာရင်းတင်ထားတဲ့ ဒုသမ္မတလောင်းတွေကို ယခင်စစ်အစိုးရစိတ်ကြိုက် ရေးဆွဲထားတဲ့ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနဲ့ ကိုက်ညီမှုရှိ၊ မရှိ စိစစ်သွားမှာဖြစ်ပါတယ်။ သမ္မတလောင်းတစ်ဦးဟာ စစ်ရေးအမြင်ရှိပြီး ပြည်ပအစိုးရတစ်ခုခုရဲ့ သြဇာခံမထားသူဖြစ်ရမယ်လို့ အခြေခံဥပဒေမှာ ဆိုထားပါတယ်။

    စီစဉ်ထားတဲ့အတိုင်းဆိုရင် သမ္မတရွေးချယ်တင်မြှောက်မှုကို မဲခွဲဆုံးဖြတ်ပြီးနောက်မှာ တရားဝင် တာဝန်လွှဲပြောင်းမှုကို မတ်လ ၃ဝ ရက်နေ့ ပြည်ထောင်စုလွှတ်တော်မှာ ကျင်းပမှာပါ။ လက်ရှိသမ္မတ ဦးသိန်းစိန်ကတော့ သမ္မတသစ် ကျမ်းသစ္စာကျိန်ဆိုပွဲကို မတက်ဖူးလို့ ဆိုထားပြီး သမ္မတအိမ်တော်မှာ ပြုလုပ်မယ့် ညစာစားပွဲကိုတော့ တက်ရောက်မယ်လို့ NLD ပါတီ တာဝန်ရှိသူတွေက ပြောထားပါတယ်။ ။

    http://www.myanmar-now.org/my/news/i/?id=9896adc9-1f01-4205-8c95-426c72b8cba6